Pages

Ads 468x60px

Labels

Jan 19, 2012

အာဂျန္တာနှင့်ဧလိုရာသို့ တမ်းခြင်း (၂)

မြန်မာပြည်က ကျိုက်ထီးရိုးဘုရားနဲ့ ဆင်တူတဲ့ ဟန်ပန်ကတော့ အထမ်းသမားများ ဖြစ်တယ်။ တောင်ထိပ်သို့ မတက်နိုင်တဲ့ သက်ကြီး ရွယ်အိုသမားများကို သစ်သားခုံနဲ့ ထမ်းပေးခြင်း ဖြစ်တယ်။ ကုလားထိုင်ခြေ လေးဘက်လေးတန်ကို အနေတော် ၀ါးလုံးကြီး ၂-လုံးနဲ့ ကြိုးသိုင်း ချည်နှောင်ထားတယ်

15/ 01/ 2012

ညတုန်းက အတွေးနယ်လွန်လို့ လွယ်လွယ်နဲ့ အိပ်မပျော်ခဲ့လို့လား။ ဒါမှမဟုတ် ခရီးပန်းထားတဲ့အရှိန်ကြောင့် ကုလားသေ ကုလားမော အိပ်ပျော်ခဲ့လို့လား၊ သိပ်တော့ မသေချာ။ နိုးတစ်ဝက် အိပ်မက်နဲ့လား၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့သည်လား၊ သိပ်တော့ မရေရာ။ ဖုန်းမြည်သံ ကြားလိုက်ရမှ အိပ်ရာက ထဖြစ်တော့တယ်။ ဖုန်းကို ထကိုင်လိုက်တော့ မွန်ဘိုင်းမှာ ရှိတဲ့ ဒကာတစ်ဦးက အာဂျန္တာကို ခပ်စောစော သွားဖို့သင့်တဲ့ အကြောင်း လှမ်းပြီး အကြံပေးတာပါ။ တော်သေးတယ်၊ သူက လှမ်းနှိုးလိုက်သလို ဖြစ်လို့။ နာရီကို လှမ်းကြည့်လိုက်တော့ ၇-နာရီတောင်ခွဲနေပါပြီ။ ဘေးနှစ်ဘက်နှစ်ချက်မှာ ရှိတဲ့အခန်းတွေကို သွားဖွင့်ကြည့်တော့ လော့ဂ်ချထားတုန်း ရှိတယ်။ အိပ်ပျော်နေဆဲ သဘောပါပဲ။ မျက်နှာအရင်သစ်၊ သွား အရင်တိုက်ပြီးမှ ဘေးခန်းက တံခါးတွေကို လှမ်းခေါက်လိုက်တယ်။ အားလုံး ကမန်းကတန်း ထလိုက်ကြတယ်။ ၈-နာရီအတိ ဒီက ထွက်မယ်လို့ တပ်လှန့်လိုက်တယ်။ မနက်စောစော ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ဟာ မျက်နှာသစ်သံ၊ ရေချိုးသံ၊ သန့်စင်သံတွေနဲ့ ဆူညံအသက်ဝင်လာတယ်။

အာဂျန္တာကို ရောက်ဖို့ရာ အော်ရန်းဂဗတ်မြို့ကနေ ၂-နာရီနီးပါး ကား မောင်းရဦးမယ်။ မနက် ၉-နာရီတိတိမှာ အာဂျန္တာ လိုဏ်ဂူတော်ကြီးကို စဖွင့်မယ်ဆိုတော့ ဒီကနေ ၇-နာရီအချိန်လောက် ထွက်မှ တော်ကာကျမယ်လေ။ သို့ပေမယ့် အိပ်ရာထ နောက်ကျလို့ ခရီးက ဖင့်သွားရပေပြီ။ ကားဆရာကတော့ ၁-နာရီခွဲနဲ့အရောက် မောင်းပေးမယ်လို့ ကတိပေးလေရဲ့။ နံနက်စာတောင် စားဖို့ အချိန်မပေးနိုင်တော့ဘဲ ကားပေါ် ကတိုက်ကရိုက် တက်၊ တည်းခိုရာ ဟိုတယ်ကနေ တန်းထွက်ကြရတယ်။ ကားဆရာဘက်က တာဝန် ကြေရှာပါတယ်။ သူ ပေးထားတဲ့ ကတိအတိုင်းပါပဲ အာဂျန္တာဂိတ်ဝကို ၉း၃၀ နာရီတိတိ ရောက်ရှိသွားတယ်။ ဂိတ်ဝနားက ဆိုင်တစ်ဆိုင်မှာ မနက်စာ သုံးဆောင်ကြတယ်။ သုံးဆောင်တယ်ဆိုပေမယ့် ဇိမ်ကျကျမဟုတ်ဘဲ စွန်ငှက်သုတ်သလို ခပ်သွက်သွက်နဲ့ စားသောက်လိုက်တာပါ။ တောင်ခြေကနေ အာဂျန္တာလိုဏ်ဂူသို့ ရောက်ဖို့ရာ ၁၅ မိနစ် လောက် နောက်ထပ် ခရီးဆက်ရဦးမယ်။ ကျိုက်ထီးရိုးစေတီတော်လို တောင်ခြေ အတက်လမ်းတွေ မတ်စောက်မနေပေမယ့် ဘုရားဖူး ကားကြီးငယ်များကို တက်ခွင့်မပေးပါ။ အာဂျန္တာ ဂေါပကမှနေ စီစဉ်ပေးတဲ့ ဘတ်(စ်)ကားကြီးများနဲ့သာ လက်မှတ်ဖြတ် စီးနင်းလိုက်ပါခွင့် ရကြပါတယ်။ လိုဏ်ဂူတော်ရဲ့ အတက်လမ်းဝ ရောက်ရှိတဲ့အချိန်ကား မနက် ၁၀ နာရီ ထိုးလုနေပါပြီ။ မနက်ခင်းမှာ အအေးဓာတ်တွေ သင်းနေပေမယ့် အခုလို နေမြင့်လာတဲ့ အချိန်မှာတော့ လေနဲ့အတူ အပူဓာတ်တွေက ကပ်ပါလာပြီ။ ပူပေမယ့် မမှုအား၊ လိုဏ်ဂူတော်သို့ ရောက်ဖို့သာ ဇောအားက ထက်သန်နေကြတယ်မို့လား။

အာဂျန္တာ-ဟာ ချောက်ကမ်းပါးကို ပိုင်းဖြတ်ပြီး ထုဆစ်ထားသည့် ဂူအမျိုးအစားမို့လို့ လိုဏ်ဂူတော် ၀င်ပေါက်ဟာ တောင်ထိပ်မှာ တည်ရှိနေတယ်။ တောင်ထိပ်ပေါ် ရောက်အောင် အရင် လျှောက်တက်ရသေးတယ်။ တောင်ထိပ် တက်လမ်းကို ကျောက်လှေခါးထစ်များနဲ့ တစ်ထစ်ချင်းစီ ပုံဖော် ထုဆစ်ထားသည်။ ဘေးနှစ်ဘက်နှစ်ချက်ကို လက်ရန်းအဖြစ် ကျန်ရစ်နေအောင် အလယ်က ကျောက်ဆောင်ကြီးကိုပဲ လှေကားထစ် ပုံဖော်ထားခြင်း ဖြစ်တယ်။ ဘေးနှစ်ဘက်ကို မူလအတိုင်း ချန်ထားခဲ့သည်။ မြေသားလမ်း မဟုတ်သဖြင့် မြေပြိုမှာကို မကြောက်ရသလို အင်္ဂတေလမ်း မဟုတ်ပြန်သဖြင့် ခြေချော်မှာကိုလည်း မကြောက်ရပေ။ မြန်မာပြည်က ကျိုက်ထီးရိုးဘုရားနဲ့ ဆင်တူတဲ့ ဟန်ပန်ကတော့ အထမ်းသမားများ ဖြစ်တယ်။ တောင်ထိပ်သို့ မတက်နိုင်တဲ့ သက်ကြီး ရွယ်အိုသမားများကို သစ်သားခုံနဲ့ ထမ်းပေးခြင်း ဖြစ်တယ်။ ကုလားထိုင်ခြေ လေးဘက်လေးတန်ကို အနေတော် ၀ါးလုံးကြီး ၂-လုံးနဲ့ ကြိုးသိုင်း ချည်နှောင်ထားတယ်။ ၀ါးလုံးရဲ့ အစွန်လေးဘက်မှာ အထမ်းသမား လေးယောက်က ၀င်ထမ်းတယ်။ အခမဲ့တော့ မဟုတ်ပါ။ အထမ်းခ ပေးရတယ်။ တစ်ယောက်ကို (အထမ်းသမား လေးယောက် ထမ်းတင်ရသဖြင့်) ၆၀၀-ရူပီး ယူသည်ဟု သိရှိရသည်။

အာဂျန္တာလိုဏ်ဂူတော်ကြီးရဲ့ တည်ရှိပုံကတော့ ထူးဆန်းတယ်။ အမြင်လည်း ဆန်းနေတယ်။ ဘယ်နေရာမှာမှ မမြင်ဘူး မတွေ့ဘူးခဲ့ပါ။ ပစောက်ပုံသဏ္ဌာန်လို (လေးကိုင်းသဏ္ဌာန်လည်း ပြောလို့ရတဲ့) ဝေ့၀ိုက်နေတဲ့ ကျောက်သားအတိ ချောက်ကမ်းပါးကို ဖြတ်ချကာ ဂူအဖြစ် တီထွင်ဖန်တီးထားခြင်း ဖြစ်သည်။ ဂူရဲ့ပုံစံကတော့ အခေါင်းမဟုတ်ဘဲ အပိတ်ပဲ ဖြစ်ပါတယ်။ ချောက်ကမ်းပါးရဲ့ ထိပ်နားလေး (လေးချိုးသုံးချိုးလောက်) မှာ ကျောက်ဆောင်ကို ထွင်းဖြတ်ကာ လျှောက်လမ်းအဖြစ် ဖန်တီးထားပြီး လျှောက်လမ်းရဲ့ အတွင်းပိုင်းကို ဘုရားကျောင်းဆောင်၊ ဘုန်းတော်ကြီးကျောင်းဆောင်တွေအဖြစ် ဖောက်ထွင်း ထုဆစ်ထားခြင်းပါ။ မျက်နှာချင်းဆိုင်ရှိ ဟိုဘက်ကျောက်တောင်ကား ၀လုံးကို အလယ်ဖြတ်ထားသလို အာဂျန္တာရဲ့ လိုဏ်ဂူတော်ကြီးကို ဝေ့၀ိုက် ပတ်ထားပြန်တယ်။ သို့မို့လို့ ကျောက်တောင် နှစ်ခုကြားရှိ ချောက်ကမ်းပါး အပေါ်ပိုင်း ပတ်ပတ်လည်တွင် လိုဏ်ဂူတော်ကြီး တည်ရှိပြီး အောက်ခြေ ပတ်ပတ်လည်တွင် စမ်းချောင်းကလေး သွယ်ဝိုက် စီးဆင်းနေတယ်။ လျှောက်လမ်း (သို့မဟုတ်) ၀ရံတာကနေ အောက်ခြေရှိ စမ်းချောင်းလေးကို ငုံ့ကြည့်ပါက အသည်းတယားယားနဲ့ ဘယာနက ရသကို ပေါ်လွင်စေတယ်။

လျှောက်လမ်းတစ်လျှောက်တွင် လိုဏ်ဂူတော်ပေါင်း ၃၀ ရှိတယ်။ သို့ပေမယ့် တစ်ခုကား အပြီးသတ် မတည်ဆောက်နိုင်ခဲ့သဖြင့် ကြည့်ရှု လှည့်လည်နိုင်တဲ့ ဂူပေါင်းကတော့ ၂၉ တိတိပါ။ ၂၉-ဂူထဲတွင် ၁၆ ဂူကတော့ ဂူရဲ့နံရံနဲ့ မျက်နှာကြက်မှာ ရှေးခေတ်ကတည်းက ရေးဆွဲချယ်သခဲ့တဲ့ ပန်းချီးကားများ ကြွင်းကျန်ဆဲဖြစ်ပြီး ၁၃-ဂူကတော့ ပြောင်တလင်းခါ သွားပါပြီ။ ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးသွားတယ်လို့ ယဉ်ကျေးမှုဌာနက ဆိုတယ်။ လက်ရာအမြောက်ဆုံးဖြစ်တဲ့ လိုဏ်ဂူတော် ၅-ခုကိုကား မပျက်စီးအောင် ထိမ်းသိမ်းထားဆဲပါ။ ယင်းတို့မှာ နံပါတ် ၁၊ ၂၊ ၁၆၊ ၁၇ နှင့် ၂၉ တို့ဖြစ်တယ်။ ဒီလိုဏ်ဂူတော် ၅-ဂူကို အမှောင်ချထားပြီး၊ မီးရောင် မစူးရှတဲ့၊ အလင်းလည်း မပြန်နိုင်တဲ့ လျှပ်စစ်မီးနဲ့ ထွန်းထားတယ်။ အချို့နေရာကား မှိန်ပျပျသာ မြင်ရပြီး အချို့နေရာကား လုံးဝ မှောင်နေတယ်။ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် အများစုကို ဓာတ်မီးဖြင့်သာ ထိုးကြည့်ကာ ဖူးမျှော်ရရှာတယ်။ ဓာတ်မီးဖြင့် ကြည့်ရှုခွင့်ပေးသော်လည်း ဖလက်မီးဖြင့် ဓာတ်ပုံ ရိုက်ခွင့်မရှိပါ။ အစောင့်အကြပ် ထူထပ်စွာ ချထားသည်။ အကောင်းတကာ့ အကောင်းဆုံး လက်ရာဖြစ်တဲ့ ဂူနံပါတ် ၁-ကိုတော့ ၀င်ကြည့်ခွင့်ရဖို့ လက်မှတ်အပါအ၀င် အထောက်အထားများ ပြရတယ်။ နိုင်ငံခြားသားများ ဖြစ်ပါက ပတ်စ်ပို့ပါ ပြရပါတယ်။

လိုဏ်ဂူတော်များကို စုံအောင် ကြည့်ရှုပါက အနည်းဆုံး ၂-နာရီလောက် အချိန်ပေးရပါမည်။ စေ့စေ့စပ်စပ် ကြည့်မယ်၊ မှတ်တမ်းဓာတ်ပုံပါ ရိုက်မယ်ဆိုရင် ၃-နာရီကျော် ကြာနိုင်ပါတယ်။ ဂိုက် (ဧည့်လမ်းညွှန်) နဲ့ ရှင်းပြခိုင်းပြီး သမိုင်းအနေနဲ့ လေ့လာပါက တစ်နပ်စာအပြည့် အချိန်ပေးရမှာပါ။ တို့အဖွဲ့ကတော့ ရှေးဟောင်းသုတေသနလို ဃနသေချာစွာ မလေ့လာတော့ဘဲ လက်ရာနဲ့ ပုံသဏ္ဌာန်လောက်ကိုသာ ကြည့်ရှုသဖြင့် အချိန် ၂ နာရီခွဲလောက်သာ သုံးလိုက်တယ်။ မသွားခင်ကတည်းက သမိုင်းကြောင်း အနည်းအကျဉ်းကို တီးမိခေါက်မိနေသဖြင့် အဓိကကျတဲ့ ဂူတော်ကို အသေအချာကြည့်၊ မှတ်တမ်းတင်ပြီး၊ ကျန်သာမန်ဂူများ (ကျောင်းဆောင်လောက်သာ ရှိတဲ့ ဂူတွေ) ကို ခပ်သွက်သွက် ကြည့်လိုက်တယ်။ အပြန်လမ်းမှာမှ လိုဏ်ဂူတော် တောင်ခြေရှိ ဟိုတယ်တစ်ခုတွင် နေ့လည်စာ စားသုံးလိုက်ကြတယ်။ တောင်ခြေမှ အထွက်ကားကို တက်စီးပြီး ဘုရားဖူးကားများ ရပ်တဲ့နေရာကို ပြန်လာကြတယ်။ အမှတ်တရ ၀ယ်ခြမ်းစရာ ရှိသည်များကို နာရီဝက်လောက် အချိန်ဖြုန်းပြီး မွန်းလွဲ ၂-နာရီလောက်တွင် အာဂျန္တာကို နှုတ်ဆက် ခွဲခွါခဲ့ကြပါတယ်။

ကျောက်တောင်ကို ကျောင်းဆောင်အဖြစ် အခန်းဖွဲ့၊ အခန်းကွက်လပ်ကို ဗုဒ္ဓရုပ်ပွားတော်အဖြစ် ထုဆစ်၊ အခန်းထောက် တိုင်လုံးတွေကို လင်းနို့တောင် ဆွဲချ၊ ယက်မတွေကို ကနုတ်ပန်း ထွင်း၊ နံရံနဲ့ အတွင်းပိုင်းကို ဆေးသား ဖျော်၊ ယင်းအပေါ် ဇာတ်နိပါတ်တော်နဲ့ သရုပ်ဖော်... ဒီလို ဘက်စုံ တော်ခဲ့ကြတဲ့ ပန်းတော့၊ ပန်းတမော့၊ ပန်းပု၊ ပန်းချီ ဆရာကြီးများ၊ ရှေးခေတ်က အမွေအနှစ်ပေး အနုပညာသမားတွေကို အံ့သြချီးမွမ်းရင်း အပြန်လမ်းကို တတမ်းတမ်း တမ်းတရင်း အာဂျန္တာနှင့်ဧလိုရာ တမ်းခြင်း ကို နိဂုံးကမ္ပတ် အဆုံးသတ်ပါရစေ…..။

Jan 17, 2012

အာဂျန္တာနှင့်ဧလိုရာသို့ တမ်းခြင်း (၁)

အဲ.. အသေအချာ ပြောနိုင်တာကတော့- ဗုဒ္ဓဘာသာဝင်တွေအဖို့ သမိုင်းအဖြစ် တွင်ရစ်နေအောင် သွားသင့် လည်ပတ်သင့်သည့် နေရာဖြစ်သည်ကိုကား အမှန်ပါပေ။ သီဟိုဠ်၊ အိန္ဒိယဆိုတဲ့ဒေသတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် နေရာဖြစ်သလို၊ ဘယ်ဗုဒ္ဓစာပေ အရေးအသားကမှလည်း ဒီနိုင်ငံတွေရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ကင်းကွာလို့ မရပါ။

14/ 01/ 2012

ဒီကနေ့ ခရီးထွက်ဖြစ်ပြန်တယ်။ ဒီခရီးက တမင်ထွက်တဲ့ ခရီးမဟုတ်သလို၊ သက်သက် အလည်အပတ် သွားတဲ့ခရီးလည်း မဟုတ်ပါ။ ရောင်းရင်းဟောင်းတွေ ရောက်လာလို့ လိုက်ပို့ရတဲ့ခရီးပါ။ ပြီးခဲ့တဲ့ ဆယ်ရက် သာသာလောက်ကမှ အဖော်ကောင်း ရကာ ရတနာဂီရိဆီ ခရီးထွက်ခဲ့သေးတယ်။ အဲဒီ မီးအရှိန်က မမှိန်သေးလို့လား၊ ခရီးထွက်နေရမယ့် ဇာတာက တစ်ပတ်လည်လာလို့လား မပြောတတ်ပါ၊ ဒီသက္ကရာဇ် ၂၀၁၂ မှာ မိမိအတွက် ခရီးသွားနှစ် ဖြစ်နေတယ်။ အခုမှ ဇန်န၀ါရီလပဲ ရှိသေးတာ၊ ညဥ့်အိပ်ခရီးက နှစ်ခါတောင် ရှိသွားပါပြီ။

ခရီးထွက်တာ၊ အလည်အပတ် လျှောက်သွားတာ အထူးအဆန်းတော့ မဟုတ်ပေမယ့် ပြည်ပနိုင်ငံမှာ စာသင်နေတဲ့ သူတစ်ယောက်အဖို့တော့ “မယောင်ရာ ဆီလူး” ကျနေသလားလို့ပါ။ ဒါ့အပြင် ခရီးထွက်ရင် အာရုံတွေ ထွေပြားတယ်၊ စာဘက် စိတ်ဝင်စားမှု လျှော့သွားတတ်တယ်မို့လား။ စာကို ပိုလုပ်ဖို့ ဆိုပြီး ၂၀၁၀ နဲ့ ၂၀၁၁ မှာ မယ်မယ်ရရ ဘယ်မှ ခရီးမထွက်ဖြစ်ခဲ့ဘူး။ အဲ… အသိဧည့်သည် လုံးဝ ရောက်မလာလို့ ခရီးထွက် လိုက်ပို့ မဖြစ်တာ ပြောရင် ပိုမှန်နေမလားပဲ။ သားကောင်မရလို့ ကျားဥပုသ်စောင့်တာပဲ ပြောပြော၊ ထမင်းအိုးမှောက်လို့ ရွှေမုဋ္ဌောကိုပဲ လှူလိုက်ပြီ ဆိုဆို၊ ကျောင်းစာ တစ်ခုတည်းနဲ့ လုံးချာလပတ် လည်ခဲ့တဲ့နှစ်လို့ ပြောအားရှိတာတော့ အမှန်ပါ။

ဆိုရရင် သီရိလင်္ကာ (သီဟိုဠ်ကျွန်း) မှာ ကျောင်းစတက်တဲ့၂၀၀၆ ကနေ ၂၀၀၉ တောက်လျှောက် ထွက်လိုက်တဲ့ခရီးတွေ မိုင်ပေါင်းကုဋေ။ အဲ… ယောင်လို့။ အဲလို မဟုတ်တောင် ကီလိုမီတာပေါင်း ထောင်သောင်းချီ။ တမင်ခရီးထွက်ချင်စိတ် သိပ်မကြီးမားလှပေမယ့် အကြောင်းအရာတွေက ဖန်လာတော့ ထွက်ကို ထွက်လိုက်ရတယ်။ တစ်ပါးတည်းကော၊ အဖော်နဲ့ရော၊ ဂိုက်အဖြစ်နဲ့ပါ သွားလိုက်တဲ့ခရီးက အစုံပါပဲ။

ဒါပေမယ့် သွားခဲ့ဖူးတဲ့ခရီးတွေက အမေရိကားတို့ ဥရောပတို့ မဟုတ်ခဲ့ပါ။ ကြီးကျယ်ခမ်းနားလည်း မနေပါ။ ခေတ်အမြင်နဲ့ တိုင်းထွာမယ် ဆိုရင်ပေါ့။ ရောက်ခဲ့ဖူးတဲ့ နေရာတွေက အရှေ့တောင်နဲ့ တောင်အရှ နိုင်ငံတွေမျှသာ။ စွန့်စားတဲ့ခရီးလည်း မဟုတ်သလို၊ အံ့ချီးဘနန်း နိုင်ငံတွေလည်း ပါမနေပါ။ သာမန် လူသားတိုင်း သွားနိုင်တဲ့ ခရီးတွေမျှသာ။ အဲ.. အသေအချာ ပြောနိုင်တာကတော့- ဗုဒ္ဓဘာသာဝင်တွေအဖို့ သမိုင်းအဖြစ် တွင်ရစ်နေအောင် သွားသင့် လည်ပတ်သင့်သည့် နေရာဖြစ်သည်ကိုကား အမှန်ပါပေ။ သီဟိုဠ်၊ အိန္ဒိယဆိုတဲ့ဒေသတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် နေရာဖြစ်သလို၊ ဘယ်ဗုဒ္ဓစာပေ အရေးအသားကမှလည်း ဒီနိုင်ငံတွေရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ကင်းကွာလို့ မရပါ။ ဗုဒ္ဓဂယာ- ဘုရားပွင့်တော်မူရာ နေရာ၊ မဟာစေတီ - ဗုဒ္ဓဘာသာတွေရဲ့ စံနမူနာ စေတီတော်- ဒါတွေဟာ သွားလည်ပတ်သင့်ရုံသာမက သံဝေဂ ပွားများနိုင်အောင် စိတ်နှလုံး သွင်းထားရမယ့် နေရာတွေလည်း ဖြစ်တယ်။ အဲလို နှလုံးသွင်းမှုနဲ့ပဲ ဗုဒ္ဓဂယာကို ၃-ခေါက်ထက်မနည်း အရောက် သွားဖူးခဲ့တယ်။ ဗုဒ္ဓဂယာဆိုလို့ ဘုရားပွင့်တဲ့ နေရာ တစ်ခုတည်းတော့ မဟုတ်ပါ။ အများသူငါ သွားရောက်လည်ပတ်သလိုပါပဲ၊ အ၀ိဇဟိတ ၈-ဌာနတို့ သံဝေဇနိယ ၄-ဌာနတို့ ပါဝင်ပါတယ်။

ယင်းအပြင် အသောကဘုရင်ရဲ့ မူရင်းလက်ရာ ပိုဗာမြို့က ဗိသုကာပညာရပ်နဲ့ ကမ္ဘာကျော်နေတဲ့ ဆန်ချီစေတီတော်ကိုလည်း အပြေးအလွား သွားလိုက်တာပါပဲ။ အမြင်မတော် ဆင်ဖြူတော်နဲ့ ခလောက်လို့ပဲ ဆိုဆို၊ အမြင်မကောင်း ဘုန်းကြီးနဲ့ ဦးဆောင်းပဲ ပြောပြော၊ ကမ္ဘာကျော် အချစ်ဗိမာန် တည်ရှိရာ အဂ္ဂရာက တပ်ခ်ျမဟာကိုလည်း လက်မလွတ်ပဲ ဇွတ်လည်ပတ်ခဲ့ပါသေးတယ်။ ခုတစ်ခါ ခရီးထွက်ရပြန်တယ်။ ခုတစ်ခေါက် ခရီးက မထွက်မဖြစ် ထွက်ကိုထွက်ရမယ့် ခရီးဖြစ်နေတယ်။ ဧည့်သည်တွေကို လိုက်ပို့ရတဲ့ခရီး ဆိုပါတော့။ လိုက်ပို့လို့သာ ပြောရပေမယ့်လည်း ကိုယ်ကိုယ်တိုင် တစ်ခါမှ မတစ်ခါဖူးတဲ့ ခရီးအသစ် ဖြစ်နေတယ်။ သီဟိုဠ်မှာတုန်းက အတူနေ အတူစား၊ အတူသွား အတူလာ၊ အတန်းလည်း တူ၊ စိတ်ထားလည်း အတူဆိုတဲ့ ရောင်းရင်း စာသင်ဖက်တွေ ဆိုက်ရောက်လာတယ်။ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတယ်လို့ ပြောနိုင်ပေမယ့် သူတို့ကို ဖိတ်ခေါ်နေတာက ကြာလှပါပြီ။ ဂယာဆိုဒ် (ဗုဒ္ဓဂယာဝန်းကျင်) လောက်ပဲ ရောက်ဖူးတဲ့ ကိုယ့်ရောင်းရင်းတွေကို မဟာရဋ္ဌ (မြို့ကြီး) က ဘယ်လိုဆိုတာကို ကြွားချင်သကိုး။ မဟာရဋ္ဌကလည်း ပေါ့သေးသေးတော့ ဘယ်ဟုတ်မလဲ။ ဘုရားပွင့်တဲ့နေရာ မဟုတ်တာတောင် ဘုရင်အသောကရဲ့ ကိုးတိုင်းကိုးဌာန သာသနာပြု စေလွှတ်ခန်းထဲက တစ်ခန်းရပ် ပြဇာတ်လေ။ အဲ… ဟုတ်ပေါင်၊ တစ်ခေတ်ဆန်း သာသနာပြုခန်းပေါ့။ မြန်မာနိုင်ငံ သထုံမြို့ဆိုတဲ့ သုဝဏ္ဏဘူမိ၊ သီဟိုဠ်ဆိုတဲ့ တမ္ဗပဏ္ဏလို နေရာမျိုး တစ်ခုပါ။

မဟာရဋ္ဌရဲ့မြို့တော်က မွန်ဘိုင်းမြို့ပါ။ မွန်ဘိုင်းကို ရှေးက ဘုံဘေ-လို့ ခေါ်ဝေါ်ပြီး၊ ယခုအခါမတော့ မွန်ဘိုင်း-လို့ ပြောင်းလဲ ခေါ်ဝေါ်ကြတယ်။ မမ္မဒေ၀ီလို့ ခေါ်တဲ့ ဟိန္ဒူနတ်ဘုရားမကို အကြောင်းပြုလို့ပါ။ မွန်ဘိုင်းက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး အချက်အချာ မြို့တော်တစ်ခု ဖြစ်သလို အင်တာတိန်းမင်းန်လို့ ခေါ်တဲ့ ဖြေဖျော်ရေးလုပ်ငန်းမှာလည်း ထိပ်တန်းအဆင့် ရှိတယ်။ ဘောလီဝုဒ်ဆို အမေရိကန်က ဟောလီဝုဒ်နဲ့ နင်လားငါလား အပြိုင်ပဲပေါ့။

မွန်ဘိုင်းက အိုင်တီတွေနဲ့ ခေတ်မီနေသလောက် မဟာရဋ္ဌပြည်နယ်ရဲ့ မြို့နယ်လေးတွေကလည်း ဘယ်ခေမတုန်း။ ကမ္ဘာကျော် ပန်းချီ ပန်းပု ပန်းတော့ ပန်းတမော့တွေနှင့် အံ့ဖွယ် ဗိသုကာ ပညာရပ်ဆန်းတွေက လန်းမှလန်း။ အာဂျန္တာဆိုတာနဲ့ ကမ္ဘာကျော်တဲ့ ကျောက်ဂူကြီးဆိုတာ လူတိုင်းသိ။ ရတနာဂီရိ အသံကြားတာနဲ့ မြန်မာတိုင်းသိ။ ဧကပူရီဆိုတာနဲ့ ဆရာကြီးဂိုအင်ကာရဲ့ ကမ္ဘာကျော် ၀ိပဿနာစင်တာ တည်ရှိရာကို ညွှန်းတယ်ဆိုတာ လူတိုင်းသိပေါ့။ ဒါက ဗုဒ္ဓဘာသာဘက်ကနေ ကြွေးကြော်နေရုံသာ။ အခြားဘာသာဘက်က ကြည့်ရင်လည်း သမိုင်းခြေရာက နေရာအနှံ့ ပြန့်မှပြန့်။ ဟိန္ဒူတို့ရဲ့ ရှီဝဂျိ ပျော်စံရာ ဧလိုရာ လိုက်ဂူတော်၊ မမ္မဒေ၀ီရဲ့ ကျွန်းစု ၇-ခု။ မွတ်စလင် ဘာသာဝင်တို့ရဲ့ အော်ရန်းကဗတ်မြို့က ဘီဘီကာ မက္ကဘရာ-စတဲ့သမိုင်းအကြွင်းအကျန်တွေ တူးဖော်လို့ မကုန်ခမ်းနိုင်အောင် ရှေးဟောင်းအမွေအနှစ် ဖြစ်ထွန်းခဲ့တဲ့ မဟာရဋ္ဌတိုင်းကြီးပေါ့။

ဒီတစ်ခါ ခရီးက အရင်လို ညသန်းခေါင်အချိန်မှာ ထွက်တော်မူ နန်းတော်က ခွါတယ် မဟုတ်ပါ။ လင်းအားကြီးအချိန်လောက်ကျမှ ကျောင်းဆောင်ကနေ ထွက်ခဲ့ရတယ်။ ရတနာဂီရိ သွားတုန်းကလို အိစ်စ်ပရက် ရထားကြီးကို စီးပြီး ခရီးနှင်ခဲ့ခြင်းလည်း မဟုတ်ပြန်ပါ။ အင်နိုဗာကားလေးကို အပြတ်ဌားပြီး သွားရောက် လည်ပတ်ခဲ့တာပါ။ သီရိလင်္ကာမှာ စာသင်ကြားနေဆဲဖြစ်တဲ့ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်က ကိုယ်တော် ၃-ပါး၊ ဗုဒ္ဓဂယာ မာဂဓတက္ကသိုလ်က ကိုယ်တော် ၂-ပါး၊ ကာလိဒါသ ယူနီဗာစီတီမှာ ပီအိပ်ခ်ျဒီ လုပ်နေတဲ့ မြင်းမူက ကိုယ်တော်၊ စာရေးသူ။ အာလုံးပေါင်း ၇-ပါးပေါ့။ အာရုဏ်ကျင်းချိန်ဖြစ်တဲ့ မနက်ခင်း ၅-နာရီလောက်မှာ ကျောင်းဆောင်ကနေ စတင် ထွက်ခွါကြတယ်။ မွန်ဘိုင်း-နာဆစ် အဝေးပြေးကားလမ်းမကြီးကို ရွေးချယ်ပြီး ခရီးနှင်ခဲ့ကြတယ်။

ဧကပူရ်မှာ မနက်စာအဖြစ် လက်ဖက်ရည်နဲ့မုန့် သုံးဆောင်ကြပြီး ခရီးဆက်တယ်။ ကားဆရာက ငယ်ရွယ်သူပီပီ နွန်စတော့ကို အပြတ်မောင်းတော့တယ်။ ဂျီပီအက်စ် မြေပုံစနစ် အကူအညီနဲ့ သွားတာမို့လို့ လမ်းဆုံလမ်းခွ ရောက်တိုင်းကို သံသယ ကင်းကင်းနဲ့ မောင်းနှင်နိုင်ခဲ့တယ်။ အိုင်ပက်တူးကို အတင်းထည့်ပေးလာတဲ့ ကျိုက်ထိုက သူငယ်ချင်းကို ကျေးဇူး အခါခါ တင်နေမိတယ်။ နေ့ခင်း ၁၁-ကျော်ကျောလောက်မှာ ဧလိုရာရွာကို ရောက်လာခဲ့ပြီး အနားယူ နေ့လည်စာ သုံးဆောင်ကြတယ်။ မွန်းလွဲ ၁၂ နာရီလောက်မှာမှ ဧလိုရာလိုဏ်ဂူတော်ကြီးကို စတင် လှည့်ပတ်ကြည့်ရှုခဲ့ပါတယ်။ (ဧလိုရာ သမိုင်းကြောင်းကို သီးသန့် တင်ပြပါဦးမည်)။ ဧလိုရာလိုဏ်ဂူတော်ကြီးဟာ ကျောက်တောင်အမျိုးအစား ဖြစ်ပါတယ်။ အလျားလိုက် ရှည်မျှောမျှောဖြစ်နေတဲ့ ကျောက်တောင်ကြီးကို ရှေ့မျက်နှာစာ ဖြတ်တောက်ကာ ဆိုင်ရာယဉ်ကျေးမှု သမိုင်းကြောင်းများကို ကျောက်ထွင်း ထုဆစ်ထားသည့် လိုဏ်ဂူတော်ကြီး ဖြစ်တယ်။

ကျောက်တောင်တကြောလုံးကို လိုဏ်ဂူတော် ၃၄-ခု (အခန်း ၃၄-ခန်း) တို့နဲ့ အခန်းဖွဲ့ ထုဆစ်ထားခြင်း ဖြစ်ပါတယ်။ အခန်း ၁ ကနေ ၁၂ အထိကို ဗုဒ္ဓ၀င်ဆိုင်ရာ အချက်အလက်များနဲ့ ကျောက်ဆစ် ထွင်းထုထားပြီး၊ နောက်ထပ် ၁၆ ခန်း (၁၃ ကနေ ၂၈ အထိ) တို့ကို ဗြာဟ္မဏ၀ါဒဆိုင်ရာ အချက်အလက်များနဲ့ ပုံဖော်ထားသည်။ ကြွင်းကျန်သော အခန်းများကား ဂျိန်းဘာသာဝင်နဲ့ သက်ဆိုင်ပါသည်။

လိုဏ်ဂူ ၃၄ ခန်းအနက် အခန်းနံပါတ် ၁၆ လိုဏ်ဂူကတော့ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးပါ။ မိန်းလမ်းမကြီး အ၀င်ဝနဲ့ ဆက်သွယ်ထားသလို အခန်းတွင်းရှိ ဖွဲ့စည်းမှုကလည်း ထည်ဝါလှပါတယ်။ ကျောက်ဆစ်လက်ရာကို အနုစိတ်စွာ ပုံဖော်ထားသဖြင့် ကြည့်ရှုသူတိုင်းက အံ့သြချီးကျူးရပါတယ်။ ကနေ့တိုင်အောင် ဘုရားတန်ဆောင်း ကျောင်းတိုက်ကြီးတွေမှာ အသုံးပြုဆဲဖြစ်တဲ့ လင်းနို့တောင် ကနုတ်တွေ၊ ပွတ်လုံး တိုင်လုံးကြီးတွေဟာ ဧလိုရာကနေ သန္ဓေတည်ခဲ့မှန်း မျက်မြင်ကျမှ ရှင်းလင်းစွာ သိရှိခဲ့ရပါတယ်။ ဧလိုရာ လိုဏ်ဂူတော်ကြီးရဲ့ သမိုင်းကြောင်းကား မယုံနိုင်လောက်အောင် ရှည်လျားသလောက် ဖျောက်ဖျက်လို့မရလောက်အောင်ကို ခိုင်ခန့်တည်မြဲဆဲပါ။

အခန်းတွေ စုံလင်အောင် ကြည့်ရှုခြင်း၊ မှတ်တမ်းတင်ခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ခြင်းအမှု ပြုလုပ်ပြီးနောက် အပြင်သို့ထွက်ကာ အမောပြေ အအေးလေး သောက်ကြပါတယ်။ အချိန်ကုန်မှန်း မသိ၊ ညောင်းညာမှန်း မသိလောက်အောင် ဆွဲဆောင်အားကောင်းလှတဲ့ ဧလိုရာ လိုဏ်ဂူတော်ကြီးကနေ နှုတ်ဆက် ခွဲခွါခဲ့တဲ့ အချိန်သမယမှာ ညနေစောင်းလို့နေပါပြီ။ တည်းခို နားနေဖို့ရာ အော်ရန်းဂဗတ် မြို့တွင်းဘက်သို့ မောင်းထွက်လာခဲ့ကြတယ်။ ဘူတာကြီး အနီးအနားရှိ ဟော်တယ်တွေကို စုံစမ်းပြီး ပ၀ါရဏာ ဆိုတဲ့ ဟိုတယ်မှာ တစ်ညတာ အခြေချဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဧလိုရာလိုဏ်ဂူတော်ကြီးနဲ့ အော်ရန်းဂဗတ်မြို့ရဲ့ အကွာအဝေးကတော့ ကီလိုမီတာ ၂၀ ၀န်းကျင်မျှသာ။ မိန်းလမ်းမကြီးရဲ့ အဆုံး ဘူတာလမ်းဆုံ အကွေ့လေးမှာ တည်ရှိနေတဲ့ ပ၀ါရဏာ ဟိုတယ်ကား သိပ်ပြီး ကြီးကျယ်ခမ်းနား မနေပေမယ့် သန့်ပြန့်နေတဲ့ ဟိုတယ်တစ်ခုပါ။ အဲယားကွန် တပ်ဆင်ထားပေမယ့် သုံးစရာ မလိုလောက်အောင် အော်ရန်းဂဗတ်ရဲ့ ဆောင်းချမ်းကြီးက လွှမ်းခြုံထားလို့နေပါပြီ။ အော်.. မနက်ဖန်ဆို ကမ္ဘာကျော် အာဂျန္တာ လိုဏ်ဂူတော်ကြီးကို ကြည့်ခွင့်ရအုံးမှာမို့ စောစောလေး အိပ်ရာဝင်ရမှာပါလေ။ အိပ်ပျော်ဖို့ ကြိုးစားရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ စာရေးဆရာ ချစ်ဦးညိုရဲ့ “အဆိပ်နှင့် ကမ္ဘာတစ်သိန်း” ၀တ္ထုကို ပြန်ပြောင်း အတွေးရောက်နေမိတယ်။ ကျောက်ဂူကြီးကို ထွင်းဆစ်၊ နံရံ ပန်းချီးကားကို ဆွဲခြစ်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကို သနားနေမိပြန်တယ်။ သနားရင်း တွေးရင်း အိပ်မက်ကမ္ဘာသို့ ရောက်ခဲ့ရပြန်ပြီ။

Jan 4, 2012

လွတ်လွပ်ရေးယနံ့ သင်းပျံ့မနေတဲ့ အတိတ်က အပိုင်းအစ

ရတနာဂီရိ-အသံကို ကြားတာနဲ့ အသည်းနင့်အောင် ခံစားရတဲ့ အမည်နာမ တစ်ခုပေါ့။ ဒီနာမည်ကို ဘယ်မြန်မာ အမျိုးသားကမှ မေ့ပျောက်လို့ ရကောင်းတဲ့ အမည်နာမမှ မဟုတ်တာ။ သမိုင်းတည်သရွှေ့ ဖျောက်ဖျက်လို့ မရတဲ့ အမည်နာမ မဟုတ်လား

အဖော်ကောင်းသဖြင့် ကနေ့ ခရီးထွက်ဖြစ်တယ်။ ခရီးဆိုပေမယ့် အပျော်ခရီးရယ်တော့ မဟုတ်ပါ။ လေ့လာရေးခရီးပဲ နာမည်တပ်လိုက်ရမလား၊ တမင်ကလာခရီးလို့ပဲ အမည်ထွင်ချင်တာလားရယ်တော့ သိပ်မသဲကွဲလှပါ။ ငယ်ငယ်ကတည်းက စာတွေ့ရူး ရူးခဲ့တဲ့နေရာ တစ်နေရာကို ကနေ့ လက်တွေ့ ရောက်ဖြစ်သွားတယ်။ ဆိုတော့ကာ ဆန္ဒပြင်းပြစွာ ရောက်ချင်သည့် နေရာတစ်နေရာကို တကယ် ရောက်ရှိတဲ့အခါ အတိုင်းအဆမရှိ ပီတိတို့ ဖြာနေရမှာ အမှန်ပေါ့။ လူ့လောက ရှု့ထောင့်ကနေပဲ ကြည့်ကြည့်၊ အနုပညာရသကနေပဲ ခံစားခံစား ကြည်နူးစိတ်တို့က တားမရ ဆီးမရ စီးဝင်နေရမှာပဲပေါ့။

အခုတော့ကာ တခြားဆီပါပဲလား။ ရောက်သွားဆိုရုံလေးထက် သိပ်တော့ မပိုလှဟု ခံစားမှုက ဖော်ပြနေသလိုလို။ အကြောင်းတရားက ဘာလဲဆိုတာ ဝေခွဲမရ။ ငယ်ငယ်က အိပ်မက်ဟာ အချိန်အတန်နှောင်းမှ အကောင်အထည် ဖော်နိုင်ခဲ့လို့ပဲလား။ ဒီနေရာအရင် အခြားကြေကွဲဖွယ် နေရာများစွာကို ရောက်ခဲ့ဘူးလို့ ခံစားမှုတို့က အတွေ့အကြုံကို မလွှမ်းခြုံနိုင်လို့လား။ သီပေါမင်းရဲ့ နန်းတော်ကုတ်က ၀မ်းနည်းမှုသရုပ်ကို အဟုတ် မဖော်ထုတ်နိုင်လို့လား။ နန်းကျဘုရင်တစ်ပါးရဲ့ သရုပ်သကန်က အမှန်မပီပြင်ခဲ့လို့လား။ တိုင်းတစ်ပါးသားတို့ရဲ့ ဗိသုကာပညာရပ်ကို မခံစားတတ်လို့လား။ ပဒေသရာဇ်တို့ရဲ့ လက်သုံးစကား “ရှင်လျှင်ရွှေထီး၊ သေလျှင် မြေကြီး”ဆိုတဲ့ ဗျူဟာကြီးကို မုန်းတီးတဲ့ အသိတရားတွေကြောင့်လား . . . စသည်ဖြင့် လားပေါင်းများစွာနဲ့ ဘာကိုမှ မသဲကွဲ၊ ဝေး၀ါးဆဲပါ။

ဘ၀ရှင် မင်းတရားကြီးတစ်ပါး ဘုန်းကံ ထွန်းတောက်ခဲ့စဉ်က ဘ၀။ မိဖုရား၊ မောင်းမမိဿံ၊ ကိုယ်တော်လုပ်တို့နှင့် ပြောသမျှအဟုတ် အလုပ်ဖြစ်ခဲ့စဉ်က အခြေအနေ- ယင်းအရာအားလုံးတို့သည့် ယခု မျက်မြင်တွေ့ခဲ့ရသည့် အကျဉ်းစံ မင်းတစ်ပါးအတွက် ဖြစ်ရုံလေး တည်ဆောက်ပေးခဲ့တဲ့ စံအိမ်တော်ကား အကွာအခြားကြီး ကွာခြားနေမည် အမှန်။ ထိုသရုပ်သကန်ကို ကြည့်ပြီး အဖော်ပါ မကွေးက မိတ်ဆွေကို ဘယ်လိုခံစားရပါလိမ့် မေးကြည့်မိတယ်။ သူ့ရဲ့ခံစားချက်က ကိုယ့်ထက် ဆိုးဝါးနေပါလား။ မလွမ်းလောက်ပါဘူးတဲ့။ “တော်” ရင် “စံ”၊ “အ” ရင် “ခံ” ပေါ့။ မိတ်ဆွေရဲ့သဘောထားက အားမတန်လို့ မာန်လျှော့ခဲ့ရတာထက် မတော်လို့ လျှော်ကျလာတဲ့သဘောကို ညွှန်းလိုမှန်း နားလည်ပါတယ်။ သို့သော် အားမတန်လို့ မာန်လျှော့ရခြင်း၊ မတော်လို့ လျှော်ကျခြင်းတို့၏ နောက်ကွယ်ဖြစ်ရပ်မှန်ကား သမိုင်းသက်သေက ပြပေးနေမည်သာ။

ဘုံဘေ ခေါ်ခေါ် မွမ်းဘိုင် ပြောပြော မဟာရဋ္ဌပြည်နယ်ရဲ့ မြို့တော်ကနေ ညသန်းခေါင်အချိန်မှာ ထွက်တော်မူ နန်းတော်က ခွါခဲ့ပါတယ်။ သစ္စာလေးပါး အမှန်တရား ရှာဖို့ရာ ဗုဒ္ဓဘုရားလို တောထွက်ခြင်းမျိုးတော့ မဟုတ်ပါ။ တစ်ခါတုန်းက နန်းကျဘုရင် သီပေါမင်းရဲ့ စံအိမ်ကို သွားရောက်လေ့လာခြင်းပါ။ ဗုဒ္ဓအလောင်းတော်လို ကဏ္ဍက-မြင်းကြီး စီးပြီး အနော်မာမြစ်ကို ခုန်ကူးခြင်းလည်း မဟုတ်ပါ။ အိစ်စ်ပရက် ရထားကြီးကို စီးပြီး ဥမင်ဂူပေါင်း မြောက်မြားစွာကို ဖြတ်သန်းပြီး ခရီးနှင်လာခဲ့ခြင်းပါ။ အတွဲ ၂၁ တွဲပါတဲ့ ရထားကြီးက ညသန်းကောင်ကြီးမှာ တဟီးဟီးနဲ့ အသံပေးပြီး ခုတ်မောင်းလာလိုက်တာ ကြောက်စရာအတိပေါ့။ မင်္ဂလောမှာ လေယာဉ် ဘီးချော်ခဲ့ဘူးတဲ့ကိစ္စ၊ အန္ဓရပရဒေ့ခ်ျမှာ ရထား လမ်းချော်ခဲ့တဲ့ဖြစ်ရပ်တို့က မြင်ယောင်လာလို့ ကြောချ အိပ်စက်လို့မရ။ ရတနာဂီရိသည် မွမ်းဘိုင်-မင်္ဂလော ဟိုက်ဝေးလမ်းမကြီးပေါ်က လမ်းကြားမြို့ဆိုတော့ ဒီဟိုက်ဝေးရထားကို ရှောင်လွှဲလို့မရ။ နိုးတ၀က် အိပ်မက်များစွာနဲ့ မနက် ၉-နာရီကျော်ကျော်လောက်တွင် ရတနာဂီရိ ဘူတာကြီးကို ဆိုက်ရောက်လာတယ်။

ရတနာဂီရိ

ရတနာဂီရိ-အသံကို ကြားတာနဲ့ အသည်းနင့်အောင် ခံစားရတဲ့ အမည်နာမ တစ်ခုပေါ့။ ဒီနာမည်ကို ဘယ်မြန်မာ အမျိုးသားကမှ မေ့ပျောက်လို့ ရကောင်းတဲ့ အမည်နာမမှ မဟုတ်တာ။ သမိုင်းတည်သရွှေ့ ဖျောက်ဖျက်လို့ မရတဲ့ အမည်နာမ မဟုတ်လား။ ကျောက်တင်အက္ခရာကို နှစ်တွေဟောင်းလာတော့ ဖျောက်ဖျက်ကောင်း ဖျောက်ဖျက်နိုင်တယ်။ သို့တိုင် သမိုင်းတင် အမည်နာမကိုတော့ နှစ်ပရိစ္ဆေဒ ဘယ်မျှကြာနေကာမူ ပျောက်ပျက် မသွားပါ။ သို့ဖြင့် ရတနာဂီရိ ပထ၀ီဝင်ကို သင်ယူတာနဲ့ သီပေါမင်းကို ချန်လှပ်ထားလို့ မရသလို၊ သီပေါမင်း သမိုင်းကြောင်းကို လေ့လာပါကလည်း ရတနာဂီရိကို မချွင်းချန်စကောင်း။ ရတနာဂီရိ+သီပေါ၊ သီပေါ+ရတနာဂီရိ ဒွိစုံနဲ့ ဒွန်တွဲနေရတဲ့ အမည်နာမလေးတွေပေါ့။

မှတ်မှတ်ရရ။ ဒီကနေ့ (ဇန်န၀ါရီ ၄-ရက်နေ့) ဟာ မြန်မာပြည် အချုပ်အခြာ ရရှိတဲ့နေ့၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ စံမြန်းနိုင်တဲ့နေ့၊ ကျွန်သပေါက်ဘ၀ကနေ လွတ်မြောက်လို့ လွတ်လပ်ခြင်း ရသကို ရရှိတဲ့နေ့၊ လွတ်လပ်ရေးနေ့ပေါ့။ လွတ်လပ်ရေးနေ့မှာ လွတ်လပ်ခြင်း အနုပညာကိုလည်း ဖန်တီးနေရမယ်။ လွတ်လပ်မှုရသကို မျှဝေခံစားနေရမယ်လေ၊ လွပ်လပ်ခွင့်ရကြတဲ့ လူတွေကိုယ်စီပေါ့။ ဒါပေမယ့် ဒီအစား လွတ်လပ်ရေးနေ့မှာ ဒီရတနာဂီရိ အမည်နာမကြောင့် မလွတ်လပ်မှုက ရင်ကို ချည်နှောင်ထားသလိုပါပဲလား။

အတွေးတွေကို ခေါက်ထားဦး။ ရတနာဂီရိ အကြောင်းကို ငဲ့စောင်း ကြည့်ကြရအောင်။ ရတနာဂီရိဟာ ဆိပ်ကမ်းမြို့တစ်ခု ဖြစ်ပြီး အာရေဗီယံ ပင်လယ်ကမ်းခြေကို အခြေစိုက်ထားတယ်။ အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌပြည်နယ်အတွင်းက မြို့လေး တစ်မြို့ပါ။ မြို့တော်ဖြစ်တဲ့ မွမ်းဘိုင်ကနေ ကီလိုမီတာ ၃၆၀ ဝေးကွာပြီး အနောက်တောင်အရပ်တွင် တည်ရှိတယ်။ အရှေ့တကြောမှာ စာဟျဒ်ဒရီ တောင်တော်ကြီးက ကာဆီးထားတယ်။ ပင်လယ်ကမ်းခြေ ဒေသများအနက် မိုးရေမှတ် အများဆုံး ရွာသွန်းတဲ့ ဒေသအဖြစ် မှတ်တမ်းဝင်ထားတဲ့မြို့ ဖြစ်သည့်တိုင် အချို့ချိုင့်ဝှမ်းဒေသမှာတော့ ဆန်စပါး၊ အုန်းသီး၊ သီဟိုဠ်သရက်နှင့် သစ်သီးဝလံ စိုက်ပျိုးဖြစ်ထွန်းတဲ့ ဒေသဖြစ်တယ်။ တံငါလုပ်ငန်းကတော့ အဓိက အလုပ်အကိုင်ပေါ့။

ရတနာဂီရိကား အိန္ဒိယရဲ့ ထင်ရှားကျော်ကြားတဲ့ အထင်ကရ ပုဂ္ဂိုလ်များရဲ့ မွေးရပ်မြေလည်း ဖြစ်တယ်။ ဗြိတိသျှ လက်အောက်ကနေ လွတ်လပ်ရေးကြိုးပမ်းရာမှာ တော်လှန်ရေးခေါင်းဆောင်ဖြစ်တဲ့ လောကမယဘွဲ့ရ ဗာလ်ဂင်္ဂဓာရ် တိလက်၊ လူမှုတော်လှန်ရေးနှင့် ခေတ်ပညာရေးကို အသက်သွင်းခဲ့ကြတဲ့ ဘာရတ် ရတန၊ ဒွန်ဒို ကေသျှဝ ကရဗေ - အစရှိတဲ့ ပုဂ္ဂိုလ်များဟာ ရတနဂီရိက မွေးပြီး ရတနာဂီရိက ကျွေးတဲ့ သွေးသောက်တွေပေါ့။ မှန်နန်းရာဇာဝင်၊ အမိတဗ်ဃောသျှ ၀တ္ထုတွေမှာ ဖော်ပြခံရတဲ့ သမိုင်းဝင် နေရာတစ်ခု ဖြစ်သလို၊ ဂျိုင်းတပူရ် နျူကလီယားဓာတ်ပေါင်းဖို စီမံကိန်းရှိတဲ့ မဟာအင်အားကြီး မြို့လည်း ဖြစ်တယ်။

ရတနာဂီရိရဲ့ သမိုင်းကြောင်းကတော့ အိန္ဒိယနိုင်ငံလို ကြီးကျယ်ပြီး၊ မြန်မာပြည်လို ရှည်လျားလှပါတယ်။ ခရစ်နှစ် ၁၇၃၁ ခုမှာ ရတနာဂီရိဟာ သတ္ထာရဘုရင်ရဲ့ လက်အောက်ကို ကျရောက်ခဲ့ပြီး၊ မဟာရဋ္ဌပြည်နယ်ရဲ့ မြို့တော် ဖြစ်ခဲ့ဘူးတယ်။ ၁၉၁၈ ခုနှစ်မှာမှ ဗြိတိသျှလက်အောက် ကျရောက်ခဲ့တာပါ။ ရှေးတုန်းက ပိုတုချင်နာရဒ်ဒီလို့ အမည်ရတဲ့ ဗီဇပူရ်မင်းဆက်က ဆိပ်ကမ်းကို တည်ဆောက်ခဲ့ပြီး မာရဋ္ဌီဘုရင်ဖြစ်တဲ့ ရှီဝဂျိ ကတော့ ၁၆၇၀ မှာ ဆိပ်ကမ်းကို ထပ်တိုးချဲ့ခဲ့တယ်လို့ ဆိုပါတယ်။

ရတနာဂီရိဟာ မြန်မာတို့ရဲ့ နေ၀င်ဘုရင်ကြီး သီပေါမင်း အကျဉ်းစံ နန်းတော် တည်ရှိရာ အိမ့်နိမ့်စံ နေရာဖြစ်သလို၊ ဗြိတိသျှကို အာခံတဲ့ တော်လှန်ရေးသမား ဗီဒီဆာဝါကာ အုပ်စိုးခဲ့တဲ့ နေရာအမှန်လည်း ဖြစ်တယ်။ ယင်းအပြင် မဟာဘာရတရဲ့ ဒဏ္ဍာရီအလိုအရ ဗန္ဓုဘုရင်ကြီးရဲ့ သားတော်ဖြစ်တဲ့ ပဏ္ဍ၀က တစ်ဆယ့်နှစ်နှစ်တိုင်အောင် အခြေချခဲ့တဲ့ ဘူမိနက်သန်လည်း ဖြစ်နေပြန်တယ်။

ဗြိတိသျှ ကိုလိုနီခေတ်တွင် ရတနာဂီရိသည် လူသူမနီး တောကြီးမျက်မည်း အတိဖြစ်နေတဲ့ နေရာဒေသပါ။ ဒါကြောင့်လည်း နန်းကျဘုရင် သီပေါမင်းကို မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ သဘောင်္နဲ့ သယ်ဆောင်လာပြီး ဒီနေရာကို ရွှေးချယ် အကျဉ်းချခဲ့ခြင်း ဖြစ်ဟန်တူတယ်။ သို့သော် ကနေ့ခေတ် ရတနာဂီရိကား ပညာရေးဇုန်၊ စက်မှုဇုန်၊ အဏ္ဏ၀ါသုတေသန စင်တာတွေနဲ့ အလွန်စည်ပင်နေတဲ့ မြို့တစ်မြို့ ဖြစ်နေပါပြီလေ။ မွမ်းဘိုင်မြို့တော်နဲ့ မင်္ဂလောမြို့ကို သွယ်တန်းထားတဲ့ ဟိုက်ဝေး ရထားလမ်းကြား ရတနာဂီရိကား တစ်ထောက်နားခရီး ဖြစ်လို့နေပါပြီ။ ကမ္ဘာကျော် ဂိုအာကမ်းခြေသို့ အလည် ထွက်ကြသူတိုင်း ရတနာဂီရိကို မရောက်မဖြစ် ဖြတ်သန်းသွားလာရတဲ့ ဇုန်ရပ် ဖြစ်လို့နေပါပြီ။

သီပေါမင်း

သီပေါမင်းရဲ့ သမိုင်း၊ သီပေါမင်းရဲ့ အကြောင်းအရာက ပေတစ်ချပ် စာတစ်ရွက် ထပ်မဖွဲ့ရလောက်အောင်ကို များမြောင်စွာ စာပေမျိုးစုံ ထွက်ရှိခဲ့ ထွက်ရှိနေဆဲမို့ ဒီသမိုင်း ဒီအကြောင်းအရာကို ချန်လှပ်ထားပါရစေ။ သီပေါမင်းရဲ့ ဖြစ်စဉ် အကျဉ်းမျှကိုသာ ဖော်ပြပါမယ်-

သီပေါမင်းရဲ့ ဘ၀ဖြစ်စဉ် အကျဉ်း
  • ငယ်နာမည် =မောင်ပု (အချို့ကား- မောင်ရေစက်)
  • မွေးသက္ကရာဇ်= ဇန်န၀ါရီလ ၁-ရက်၊ ၁၈၅၉-ခု
  • မွေးရပ်= မန္တလေးမြို့၊ နန်းတော်တွင်း
  • မင်းဆက်= ကုန်းဘောင်မင်းဆက် (၁၁) ဆက်မြောက်
  • ခမည်းတော် =မင်းတုန်းမင်း
  • မယ်တော် =လောင်းရှည်မိဘုရား
  • နန်းတက်နှစ်= နိုဝင်ဘာလ ၆-ရက်၊ ၁၈၇၈-ခုနှစ်
  • ဘွဲ့တော် =သီရိပ၀ရ ၀ိဇယာနန္တ ယသ တိလောကာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ
  • မိဘုရား =စုဘုရားလတ်
  • ၀န်ကြီး =ကင်းဝန်မင်းကြီး ဦးကောင်း
  • နန်းစိုက် =ရနာပုံနေပြည်တော်၊ မန္တလေး
  • နန်းစံသက် =၇-နှစ်နှင့် ၂-လ
  • နန်းကျနှစ် =နိုဝင်ဘာလ ၂၉-ရက်၊ ၁၈၈၅ ခုနှစ်
  • ပါတော်မူနှစ်= ဇန်န၀ါရီ ၁-ရက်၊ ၁၈၈၆-ခုနှစ်
  • နတ်ရွာစံနှစ်= ဒီဇင်ဘာ ၁၉-ရက်၊ ၁၉၁၆ ခုနှစ်
  • နတ်ရွာစံအရပ်= ရတနာဂီရိ၊ အိန္ဒိယနိုင်ငံ။
ကျမ်းညွှန်း-
  • မောင်ဖေငယ်၏ “ရတနာဂီရိရောက် သီပေါမင်း”
  • မောင်သန်းဆွေ(ထားဝယ်)၏ “ကုန်းဘောင်ရှင်းတမ်း”
  • ချစ်ဦးညို၏ ရတနာဂီရိအကျဉ်းသား
  • ၀ီကီပီဒိယ၊ ၀ီကီမြန်မာ/သီပေါမင်း
  • http://en.wikipedia.org/wiki/Ratnagiri
  • http://en.wikipedia.org/wiki/Thibaw_Min
မှတ်တမ်း ရတနာဂီရိ၊ မန္တလေးနန်းတွင်း၊ သီပေါမင်းနှင့် စုဖုရားလတ်တို့၏ အကြောင်းအရာများကို စုံလင်စွာ ဖတ်ရှုလေ့လာလိုပါက အောက်ဖော်ပြပါလင့်များကို နှိပ်၍ ၀ပ်ဆိုက် (သို့မဟုတ်) ဘလော့ဂ် တစ်ခုချင်းဆီသို့ ရောက်ရှိပါမည်-

Nov 17, 2011

မြတ်ဗုဒ္ဓတရားသည် တိုးတက်ခြင်းကို ပိတ်ဆို့ပါသလား

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် “ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက် စားလို့မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး” ဟု စသဖြင့် လောဘ နည်းသလိုလို၊ ရောင့်ရဲ သလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆံပင်ကောင်းခြင်းပင်တည်း။

မိမိစိတ်ထဲမှာ ဘယ်လိုမှ မေ့လို့မရသော စကားတစ်ခွန်း ရှိ၏။ “အရှင်ဘုရား မြန်မာ လူမျိုးများဟာ ဆင်းရဲတာဟာ တိုးတက်ကြီးပွား လိုတဲ့ဆန္ဒ နည်းလို့ပါဘုရား၊ ဘာကြောင့် အဲဒီလို ဖြစ်ရသလဲလို့ စဉ်းစားလိုက်တော့ ပစ္စည်းဥစ္စာဆိုတာ သေရင် ကိုယ့်နောက် မပါဘူး၊ ကိုယ့်နောက်ပါမှာက တရားပဲ၊ ဘ၀ဆိုတာ အနှစ်ရှာလို့ မရဘူး၊ အကာ သက်သက်ပါ၊ ဘယ်ဟာမှ အမြဲမရှိ၊ ချမ်းသာတဲ့လူလဲ သေရမှာပဲ၊ ပညာတတ် ပုဂ္ဂိုလ်ကြီးလဲ သေရမှာပဲ -စတဲ့ တရားတွေကြောင့်ပါ၊ ဒီတရားတွေကို နာနေရတော့ လူတွေဟာ စိတ်ဓာတ် တက်ကြွမလာပဲ တိုးတက်ကြီးပွားလိုတဲ့ဆန္ဒ နည်းသွားကြတယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲကြတာဘုရား” ဟူသော စကားပင်တည်း။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တစ်ယောက်က လျှောက်သောစကား ဖြစ်၏။ မိမိစိတ်ထဲမှာ တုန်လှုပ် ခြောက်ခြားသွားပါတော့၏။ ”ဟာ ဒုက္ခပဲ၊ ဘုရားရှင်ရဲ့ တရားကြောင့် မြန်မာလူမျိုးတွေဟာ ဆင်းရဲနေတယ် ဆိုပါလား၊ ဘုရားမြတ်စွာရဲ့ တရားဟာ လူတွေကို စိတ်ဓာတ်ကျအောင် လုပ်နေသလို ဖြစ်နေသတဲ့၊ ဘုရား ဘုရား” ဟု ငြီးတွားမိတော့သည်။ ထိုသူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သူ တစ်ယောက် ဖြစ်၏။ ယင်းကဲ့သို့ ပြောခြင်းသည် ဘုရားမြတ်စွာကို မကြည်ညို သောကြောင့် မဟုတ်ပေ။ ဘုရားမြတ်စွာ အကြောင်းကို ခရေစေ့ တွင်းကျ မသိရှိသောကြောင့်တည်း။

“၀ီရိယ၀တော ကိံ နာမ ကမ္မံ နသိဇ္ဈတိ- ၀ီရိယရှိလျှင် မည်သူ့အဘိဓာန်မှာဖြစ်ဖြစ် မဖြစ်နိုင်ဆိုသော ဝေါဟာရမရှိ။ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသူတို့သည် ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ပေ၏” စသည်အားဖြင့် ဟောထားသော မြတ်ဗုဒ္ဓ၏ တရားများ ရှိပေသည်သာ။ ထို့ကြောင့် ဘုရား မြတ်စွာ၏ တရားတော်သည် လောကီဘက်မှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာဘက်မှာပဲ ဖြစ်ဖြစ် ကြီးပွားတိုးတက်ဖို့အတွက် အားပေးသော တရားများ ဖြစ်ပါသည်။

သူဋ္ဌေးသား သိင်္ဂါလကို ဆုံးမထားသည့် မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်-စသော ဘုရားမြတ်စွာ၏ အဆုံးအမများကိုသာ တစ်ကမ္ဘာလုံး လိုက်နာကြမည်ဆိုလျှင် ယနေ့ နိုင်ငံတကာ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်းပေးနေရသော “ကမ္ဘာ့ကုလသမဂ္ဂဋ္ဌာနချုပ်” တောင် လိုမည် မဟုတ်တော့ပေ။ အမှန်က ဗုဒ္ဓဘာသာဝင်များ ကြီးပွားတိုးတက်မှု နည်းခြင်းသည် အမြင်မကျယ် ခြင်း၊ ကိုယ့်အချင်းချင်း ကူညီရိုင်းပင်းမှု နည်းခြင်း၊ အေးတိအေးစက် နေတတ်ခြင်း၊ လူမျိုးခြား ဘာသာခြားတို့၏ ညီညွတ်မှုကို အတုမယူခြင်း- စသည်တို့ကြောင့် ဖြစ်ပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ယောက်က “တပည့်တော်တို့ မြန်မာလူမျိုးတွေက အလုပ်တူရင် ငြူဆူတယ်ဘုရား။ မနာလို ၀န်တိုဖြစ်တယ်။ အဆင်ပြေတာကို ၀မ်းမသာနိုင်ဘူး။ အချင်းချင်း ရာထူး ဂုဏ်ယှဉ်ချင်ကြတယ်။ ပြီးတော့ အောင်မြင်နေတဲ့သူကလည်း ကိုယ့်အချင်းချင်း နှိမ်ချင်တယ်။ ဒီလိုစိတ်ဓာတ်တွေက တပည့်တော်တို့ မြန်မာလူမျိုးတွေရဲ့ နှလုံးသားကို လှိုက်စားနေပါတယ်၊ ဗုဒ္ဓဘာသာဝင် ဖြစ်နေပြီး ဘာ့ကြောင့် ဒီလိုအောက်တန်းကျတဲ့ စိတ်တွေ ဖြစ်နေတာလဲ မသိပါဘူးဘုရား” ဟု မြန်မာလူမျိုးများကို အားမလိုအားမရ ဖြစ်ရကြောင်း လျှောက်ထားဖူး၏။ ယင်းသို့ ကူညီမှု ရိုင်းပင်းမှု စည်းလုံးမှု ညီညွတ်မှု မရှိသောကြောင့် မြန်မာ့စီးပွားရေး ဈေးကွက်များကို ဗုဒ္ဓဘာသာဝင်တို့က ဦးမဆောင်နိုင် ကြတော့ပေ။ မြို့ကြီးပြကြီးတို့၏ အချက်အခြာကျသည့် နေရာများများ၌ ဗုဒ္ဓဘာသာဝင်တို့ ပိုင်ဆိုင်သော စားသောက်ဆိုင်ကြီးများ၊ ကုန်တိုက်ကြီးများ၊ အဆောက်အဦးများကို တွေ့ဖို့ ခဲယဉ်းလှပေသည်။

ဖြစ်သင့်တဲ့လောဘ

ကြီးပွားတိုးတက်ချင်သော ဆန္ဒဖြင့် စီးပွားရေးလုပ်ခြင်းကြောင့် လောဘ ဖြစ်သည်မှာ မှန်ပေ၏။ သို့သော် လောဘဖြစ်တိုင်း ဒုစရိုက်ဟု ပြောလို့မရပေ။ လောဘသည် ၂-မျိုး ရှိပေသည်။ တရားသော လောဘနှင့် မတရားသော လောဘတို့တည်း။ အများအတွက် (မိသားစု၊ ရပ်ရွာ၊ အမျိုး၊ ဘာသာ၊ သာသနာ အတွက်) ရည်ရွယ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်လျှင် “တရားသောလောဘ” ဖြစ်၏။ (သေ၀ိတဗ္ဗတဏှာ-ဟု ခေါ်၏)။ ဆိုလိုသည်ကား ယင်းတရားသော လောဘကြောင့် ကုသိုလ်ကောင်းမှုများ တပွေ့တပိုက်ကြီး ရနိုင်ခြင်းပင်။ ထို့ကြောင့် တရားသောလောဘသည် ဖြစ်သင့်သော လောဘတည်း။ မိမိမှာ ပစ္စည်းဥစ္စာ များများရှိလျှင် စာသင်ကျောင်းပဲ ဆောက်ဆောက်၊ ရေတွင်းရေကန်ပဲ တူးတူး၊ မိဘဆွေမျိုးတွေကိုပဲ ထောက်ပံ့ထောက်ပံ့၊ ဆေးရုံကိုပဲ လှူလှူ မိမိကြိုက်သည့်ကုသိုလ်ကို လုပ်နိုင်ပေသည်။ မိမိလုပ်ချင်သည့် ဘာသာရေး လူမှုရေးလုပ်ငန်း မှန်သမျှကိုလည်း လုပ်နိုင်၏။ အူမတောင့်မှ သီလ စောင့်နိုင်သည် မဟုတ်ပါလော။

ကျောင်းဒကာကြီး အနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့ ကျောင်းတိုက်ကြီး ဆောက်လုပ်ပြီး သာသနာပြုနိုင်ခြင်းသည် ဓနဥစ္စာကြွယ်ဝသောကြောင့်ပင်တည်း။ ဘုရင်မင်းမြတ် အနော်ရထာသည်သည် နိုင်ငံတော်ကြီးကို ပြုပြင်ပြောင်းလဲခဲ့၏။ ဘုရားပုထိုးများ တည်ခဲ့၏။ ဆည်မြောင်း တာတမံများကို ဆောက်လုပ်၏။ ရှေး အခေါ် ပိဋကတ်တိုက်၊ ယခုခေတ်အခေါ် စာကြည့်တိုက်များကိုလည်း တည်ဆောက်ခဲ့၏။ ထို့ကြောင့် “စာကြည့်တိုက်အစ ပိဋကတ်တိုက်က” ဟုပင် ပြောနိုင်ပါ၏။ ယင်းသို့ တိုင်းကျိုးပြည်ပြု အလုပ်များကို လုပ်နိုင်ခြင်းသည် တန်ခိုးသြဇာ ကြီးမားသောကြောင့်ပင်တည်း။

ယင်းတန်ခိုးသြဇာ၊ ဓနဥစ္စာတို့သည်ကား တန်ဖိုးရှိရှိ အသုံးချတတ်လျှင် နိဗ္ဗာန် ဆိပ်ကူးတံတားပင်တည်း။ ဦးအနာထပိဏ်၊ ဒေါ်ဝိသာခါ၊ ဘုရင်အနော်ရထာ တို့ကား တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ဖြင့် နတ်ရွာနိဗ္ဗာန်သို့ တက်လှမ်းသွားကြကုန်ပြီ။ ထို့ကြောင့် တန်ခိုးသြဇာ၊ ဓနဥစ္စာတို့ကို ရရှိအောင် ကြိုးစားသင့်လှပါသည်။ တတ်နိုင်သူများအနေဖြင့် တိုက် ၁-လုံးကနေ တိုက် ၁၀-လုံး ၁၅-လုံးဖြစ်အောင်၊ ကား ၁-စီးကနေ ကား ၁၀-စီး ၁၅-စီးပိုင်အောင် စီးပွားရေး လုပ်ကြစမ်းပါ။ မိမိတို့ ဗုဒ္ဓဘာသာဝင်တစ်ယောက် သန်းပေါင်းများစွာ ချမ်းသာသော သူဋ္ဌေးသူကြွယ် ဖြစ်နေလျှင် မြန်မာလူမျိုးတို့အနေဖြင့် အင်မတန် ဂုဏ်ယူသင့်ပေသည်။ မြွေပွေး၏ ပါးစပ်ထဲသို့ ရောက်သွားသည့် မိုးရေစက်သည် အဆိပ် ဖြစ်သွားသော်လည်း မုတ်ကောင်၏ ပါးစပ်ထဲသို့ ရောက်သွားသော မိုးရေစက်သည်ကား ပုလဲ ဖြစ်သွားပေသည်။ မိုးရေစက်ခြင်း တူသော်လည်း တန်ဖိုးခြင်း မတူတော့။

လာကကြီးသည် ခြွေမှ ရံ၏။ မခြွေလျှင် မရံပေ။ မှန်၏။ တချို့ဆင်းရဲသော ဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားတို့က ဓနဥစ္စာများဖြင့် ထောက်ပံ့ ကြသောကြောင့် ဗုဒ္ဓဘာသာကို ကျောခိုင်းသွားတော့သည်။ အဘယ်သို့ ကာကွယ်မည်နည်း။ တန်ခိုးသြဇာ၊ ဓနဥစ္စာတို့သာ ရှိလျှင် ယင်းမိသားစုများကို စားနပ်ရိက္ခာတို့ဖြင့် ထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်ထဲသို့ ရောက်အောင် ပြန်ပြီး စည်းရုံးနိုင်ပေမည်။ ထို့ကြောင့် အရင်းအနှီး တောင့်တင်းသော ဗုဒ္ဓဘာသာဝင် တို့သည် စက်ရုံအလုပ်ရုံ၊ ကုန်တိုက်စသည်များကို တည်ထောင်နိုင်အောင် ကြိုးစားသင့်လှပေသည်။ ဓနဥစ္စာတို့ ရှိမှသာလျှင် ကိုယ့်လူမျိုးများကို ထောက်ပံ့နိုင်မည် မဟုတ်ပါလော။

တစ်ကျပ်နှင့်တစ်ရာ ဘယ်ဟာကို ယူမှာလဲ?

မြတ်စွာဘုရားရှင်သည် အလောင်းတော်ဘ၀မှ စ၍ ဘုရားဖြစ်သည့်တိုင်အောင် ကိုယ့်အမျိုး၏ အကျိုးစီးပွားကို လုပ်ခဲ့ပါသည်။ အလောင်းတော်ဘ၀က ကိုယ့်အမျိုးကို ပျက်စီးအောင် လုပ်သူများအား ကာကွယ်သောအားဖြင့် တိုက်ခိုက် ချေမှုန်းခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ကိုယ့်အမျိုးကို စော်ကားသူများကို မိမိနှင့် မဆိုင်ပါဘူး-ဟူသော စိတ်ဖြင့် ဦးခေါင်းငုံ့ မခံခဲ့ပေ။ တစုံတစ်ယောက်ကြောင့် လူသူလေးပါး ဒုက္ခရောက်နေလျှင် ထိုတစုံတစ်ယောက်ကို နောက်နောင် ရှောင်ကြဉ်အောင် တရားသောနည်းဖြင့် တုန့်ပြန်ခဲ့ပေသည်သာ။ “ခန္တီ-သည်းခံရမည်” ဟု ဆိုသော်လည်း သူ့နေရာနှင့်သူ ကျင့်သုံးတတ်ဖို့ လိုအပ်လှ၏။ တိုင်းတစ်ပါးသား လူမျိုးခြား တစ်ယောက်က မြန်မာ့တိုင်းရင်းသား မိန်းကလေးများကို မတရားသဖြင့် နှောက်ယှက်နေလျှင် လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။ နောက်နောင် မနှောက်ယှက်အောင် ရှေးဦးစွာ ပြေပြေလည်လည် ပြောဆိုရပေမည်။ အကယ်၍ မရခဲ့လျှင် ဖိုးသူတော် မေတ္တာပို့နည်းဖြင့် ပို့သင့်က ပို့ရပေမည်။

တခါက ဘုန်းတော်ကြီးတစ်ပါး ဖိုးသူတော်နှင့် ခရီးသွားရာဝယ် လမ်းခုလတ်၌ ကျွဲရိုင်းကြီး တစ်ကောင်နှင့် ပက်ပင်းတိုးမိ၏။ ကျွဲရိုင်းကြီးက ခတ်မည့် အမူအရာဖြင့် ပြေးလာရာ ဘုန်းကြီးက “ချမ်းသာပါစေ” ဟု မေတ္တာပို့လေ၏။ သို့သော် ကျွဲရိုင်းကြီးက နောက်မဆုတ်ပဲ ပြေးမြဲပြေးလာသဖြင့် ဖိုးသူတော်က အုတ်ခဲကျိုးဖြင့် ၂-ချက်လောက် ထုလိုက်ရာ ကျွဲရိုင်းကြီး ထွက်ပြေးရှာ လေတော့သည်။ ထိုအခါ ဆရာဖြစ်သူ ဘုန်းတော်ကြီးက “သူတော်ရေ မင်းမေတ္တာက ငါ့မေတ္တာထက် ပိုစွမ်းတယ်ကွ” ဟု ၀မ်းပန်းတသာ မိန့်တော်မူ လေသတတ်။ ဤကား ဖိုးသူတော် မေတ္တာပို့နည်းတည်း။ ဖိုးသူတော်က ကျွဲရိုင်းကြီးကို အုတ်ခဲကျိုးဖြင့် ဆုံးမလိုက်ရခြင်းသည် ကျွဲရိုင်းကြီးကို ဒုက္ခရောက်စေလိုသောကြောင့် မဟုတ်၊ ဆရာဘုန်းကြီးကို ကြည်ညိုလေးစား သောကြောင့်တည်း။ မည်သည့်အရာမဆို တစ်ခုခုကို ရွေးချယ်ရတော့မည်ဆိုလျှင် တန်ဖိုးရှိသည့်အရာကိုသာ ရွေးချယ်ရသည်မှာ သဘာဝတည်း။ ယင်းသဘာဝ တရားကိုပင် “ဓမ္မ” ဟုခေါ်သည် မဟုတ်ပါလော။

မတရားလောဘဆိုတာ

မတရားလောဘဆိုသည်မှာ အတင်းအဓမ္မ လိုချင်သောစိတ်၊ သူများဆီက ငွေကို အချောင် လိုချင်သောစိတ်၊ လုယက်တိုက်ခိုက်ပြီး လိုချင်သောစိတ်များပင်တည်း။ ကမ္ဘာမှာ အစဆုံးဖြစ်သော မကောင်းမှုဒုစရိုက်မှာ အဒိန္နာဒါန (ခိုးယူခြင်း) ပင် ဖြစ်၏။ မတရားလောဘကို အခြေခံ၍ ဖြစ်သောဒုစရိုက်တည်း။ ကမ္ဘာဦး လူများသည် စားနပ်ရိက္ခာအတွက် ကိုယ့်လယ်နှင့်ကိုယ် အသီးသီး စပါးစိုက်ပျိုးကြ၏။ အစပိုင်းမှာ မည်သည့်ပြဿနာမှ မဖြစ်။ နောက်ပိုင်း ရောက်လာသည့်အခါ အချောင်သမားများက စပါးများကို ခိုးကြတော့၏။ ယင်းလောဘကား မတရားလောဘတည်း။ သို့နှင့် လူအများသည် သမာသမတ် ကျသော လူတစ်ယောက်ကို ခေါင်းဆောင်ခန့်ပြီး “မင်း” ဟု သမုတ်ကာ ရပ်ရွာနယ်ပယ်ကို ငြိမ်းချမ်းဖို့အတွက် အုပ်ချုပ်ခိုင်း၏။ သူခိုးဓားပြများကို တိုက်ခိုက် ချေမှုန်းဖို့အတွက် (သို့မဟုတ်) မတရားလောဘသမားများကို ထိန်းချုပ် ပေးဖို့အတွက် မင်းဆိုသည်မှာ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

တလွဲဆံပင်ကောင်း

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် “ဒီလောက်ရှိရင် တော်ပါပြီ၊ ကိုယ့်မိသားစု တစ်သက် စားလို့မကုန်ဘူး၊ ဒီထက်ပိုပြီးတော့ ချမ်းသာတော့ကော ဘာလုပ်မှာလဲ၊ သေရင် ကိုယ့်နောက်မပါဘူး” ဟု စသဖြင့် လောဘ နည်းသလိုလို၊ ရောင့်ရဲ သလိုလိုနဲ့ ပြောတတ်ကြ၏။ တလွဲဆံပင်ကောင်းခြင်းပင်တည်း။ အမှန်ကား ဤကဲ့သို့ ပြောခြင်းသည် လောဘနည်းခြင်းကြောင့် မဟုတ်၊ အမျိုး ဘာသာကို အားမပေးလိုခြင်း၊ ဇွဲမရှိခြင်းတို့ကြောင့် ဖြစ်ပေသည်။ ကိုယ့်မိသားစု တစ်သက် စားမကုန်လောက်အောင် ချမ်းသာနေလျှင် ကိုယ့်ဆွေမျိုး သားချင်းများကို ပေးကမ်းနိုင်သည် မဟုတ်ပါလော။ ထိုထက်မက ချမ်းသာနေလျှင် တိုင်းပြည်နှင့် လူမျိုးကို ထောက်ပံနိုင်သည် မဟုတ်ပါလော။ ဘုရားမြတ်စွာက “ရောင့်ရဲရမည်၊ တင်းတိမ်ရမည်” ဟု ဟောခြင်းသည် ပစ္စည်း ဥစ္စာများကို မရှာရဟု ပြောလိုသည် မဟုတ်ပေ။

တခါတရံ မတရားလောဘ ကြီးသည့်အခါ “တုတ်နှင့်ပစ်လို့ ရရ၊ ခဲနှင့်ပစ်လို့ ရရ၊ ရဖို့သာ အဓိက” ဟု ဆိုပြီး ဒုစရိုက်မျိုးစုံ လုပ်တော့၏။ လုယက်ခြင်း၊ ခိုးဝှက်ခြင်း၊ ချောက်တွန်းခြင်း၊ တစ်ပတ် ရိုက်ခြင်း- စသည်တို့ကား မတရား လောဘကြောင့် ဖြစ်၏။ ယင်းကဲ့သို့သော မတရားလောဘများကို ထိန်းပေးဖို့အတွက် ဘုရားမြတ်စွာက “ရှိတာလေးနှင့် ကျေနပ်ရမယ်၊ ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံး ဥစ္စာပါပဲ” ဟု ဟောတော်မူခြင်း ဖြစ်ပေသည်။ စီးပွားရေး လုပ်ငန်းများကို မလုပ်ဖို့အတွက် ဟောတော်မူခြင်းမဟုတ်။

တချို့လူပုဂ္ဂိုလ်များကား လူ့ဘ၀ကြီးကို ငြီးငွေ့သည့်အတွက် စီးပွားရေး လုပ်ငန်းတွေကို မလုပ်ချင် သယောင်ယောင်၊ ၃၁-ဘုံလုံးသည် ဒုက္ခသစ္စာ ဖြစ်သည့်အတွက် နိဗ္ဗာန်တစ်ဘက်ကမ်းကိုပဲ အခုချက်ချင်း ကူးတော့မည့် ယောင်ယောင် သံဝေဂတရား ရနေသည့် ယောဂီသူတော်စင်ကဲ့သို့ ပြောတတ် ကြသေး၏။ ထိုပုဂ္ဂိုလ်များ တရားရိပ်သာကို သွားပြီး တရားအားထုတ်သောအခါ ၂-ရက်လောက် အားထုတ်ပြီး အိမ်ပြန်လာတော့၏။ အိမ်ပြန်ရောက်သောအခါ “ကျန်းမာရေးကလည်း မကောင်းဘူး၊ ဒီတော့ စိတ်သွားတိုင်း ကိုယ်မပါတော့ ဘယ် အားထုတ်လို့ ကောင်းတော့မှာလဲ၊ တရားပြဆရာကလဲ အတွေ့အကြုံနုသေးတော့ တရားနာရတာက အားမရပါဘူးပေါ့ကွာ” ဟု စသဖြင့် ဆင်ခြေအမျိုးမျိုး ပေးပြီး ကိုယ့်အပြစ်ကို သူများပေါ် ပုံချလေတော့သတည်း။

အမှန်ကား အပေါ်ယံ အသိလေးကို တကယ့် “သံဝေဂတရား” ဟု ထင်နေခြင်း ပင်တည်း။ ယင်းသို့ ထင်ခြင်းသည်လည်း ကိုယ့်ကိုယ်ကို လိမ်နေခြင်းပင် ဖြစ်၏။ သူများအလိမ်မခံရဖို့ထက် ကိုယ့်ကိုယ်ကို အလိမ်မခံရအောင် သတိပြုသင့်၏။ ကျောင်းဒကာကြီး အနာထပိဏ်၊ ကျောင်းအမကြီး ၀ိသာခါတို့သည် သောတာပန် အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ရှိကြပေသည်သာ။ ထို့ကြောင့် လောကီလူသားမှန်သမျှ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ ပြုလုပ်သင့်ပေသည်။

အောက်ကလိအာ မဖြစ်အောင် သတိပြု

ဘက်ပေါင်းစုံကနေ မကြည့်ဘဲ တစ်ဖက်သတ် ကြည့်နေရင်တော့ အမြင်မှန်ကို ရနိုင်မည် မဟုတ်ပေ။ အမြင်မှန်ကို မရလျှင် လူ့ဘ၀ကြီးကို ငြီးငွေ့သလိုလို၊ စိပ်ပုတီးနှင့် ရိပ်ကြီးခိုတော့မှာလိုလိုနှင့် စီးပွားရေးလုပ်ငန်းများကို မလုပ်ဘဲနေလျှင် လောကီအကျိုးလည်း မရ၊ လောကုတ္တရာအကျိုးလည်း မရဘဲ ကီမဟုတ် ကုတ်မဟုတ်၊ မိနောက်မကျ ဖနောက်မမီ၊ “အောက်ကလိအာ” ဖြစ်သွားမှာ စိုးရပေသည်။ (ကြက်တွန်သံလည်း မဟုတ်၊ ကျီးတွန်သံလည်း မဟုတ်သည်ကို အောက်ကလိအာ-ဟု ခေါ်၏။) လူမှန်လျှင် လူ့အလုပ်ကို လုပ်ရမည်။ ဘုန်းကြီးမှန်လျှင်လည်း ဘုန်းကြီအလုပ်ကို လုပ်ရမည်။ လူဖြစ်ပါလျက် ဘုန်းကြီးတစ်ပါးကဲ့သို့ စီးပွားရေးအလုပ်များကို မလုပ်ဘဲ ပစ်ထားလျှင် (သို့မဟုတ်) စီးပွားရေး လုပ်ငန်းများကို လုပ်သော်လည်း စိတ်ပါဝင်စားမှု မရှိလျှင် လူ့တာဝန် ပျက်ကွက်ခြင်းပင်တည်း။ ယင်းသို့ ပျက်ကွက် လျှင် သူ့ မိသားစု နစ်နာပါတော့သည်။

“အလုပ်လုပ်ရင် လုပ်၊ အလုပ်မလုပ်ရင် သေတာက ကောင်းတယ်” ဟူသော စကားပုံတစ်ခု ရှိ၏။ အသက်ရှင်သန်နေတုန်းမှာ ငွေများများ ရရှိအောင် အလုပ်လုပ်ရမည်ဟု ဆိုလိုခြင်းပင်တည်း။ ထို့ကြောင့် ပြောကြသည်ထင်၏။ “ငွေသည် ဒုတိယဘုရား” ဟူသတတ်။ ထို့ကြောင့် ဘုရားမြတ်စွာက ပစ္စုပ္ပန် ချမ်းသာရေးကို အလိုရှိသူများအတွက် “ဥဋ္ဌာန- မည်သည့် အလုပ်ကိုပဲ လုပ်လုပ် ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုတဲ့ နောက်မဆုတ်တမ်း စိတ်ဓာတ် ရှိရမည်၊ အာရက္ခ- ကြွက်သေတစ်ခု အရင်းပြုဆိုသကဲ့သို့ အလေအလွင့် မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်၊ ကလျာဏမိတ္တ- ဈေးကွက်ချဲ့နိုင်ဖို့အတွက် တစ်ရွာတစ်ကျီ ဆောက်ရမည်၊ သမဇီဝိတ- စီမံခန့်ခွဲမှု စာရင်းအင်းပညာကို ကျွမ်းကျင်ရမည်” ဟု သမ္ပဒါတရား ၄-ပါးကို မိန့်တော်မူခြင်း ဖြစ်ပေသည်။ ဤကဲ့သို့ ကြီးပွားရေး တရားများကို သတိမထားမိကြသူများက “ဘုရားမြတ်စွာ၏ တရားသည် ကြီးပွား တိုးတက်ဖို့အတွက် ပိတ်ဆို့သည့် တရား” ဟု ထင်မြင် ကုန်တော့သည်။

ဤအချက်ကို မိမိတို့ သံဃာတော် အရှင်မြတ်များ သိရှိနားလည်ထားဖို့ လိုအပ်လှ၏။ သို့မှသာလျှင် “ဘယ်လိုနေရာမျိုးမှာ ဘယ်လိုတရားမျိုးကို ဟောသင့်တယ်” ဆိုသည်ကို နားလည်မည် ဖြစ်ပေသည်။ သူ့နေရာနှင့်သူ သိရှိနားလည်ဖို့ အရေးကြီးလှ၏။ မင်္ဂလာဦး ဆွမ်းကျွေးမှာ ညီတော်မင်းနန် ချွတ်ခန်းကို ဟောလို့ မဖြစ်။ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ် တရားမျိုးကို ဟောရပေမည်။ လောကီ ကြီးပွားရေး တရားများကိုလည်း သူ့နေရာနှင့်သူ ဟောဖို့၊ ပြောဖို့၊ ရေးဖို့ လိုအပ်ပေသည်။ တချို့ဆရာတော်များသည် “တရား အားထုတ်ချင်သလား၊ ဘုန်းကြီးဝတ်မှ ကောင်းမှာပေါ့၊ ဘုန်းကြီး မ၀တ်နိုင်ဘူးလား၊ မိသားစု သံယောဇဉ်တွေကို ဖြတ်လိုက်စမ်းပါ၊ ဒါဆိုရင် ၀တ်နိုင်ပါတယ်” ဟု စသဖြင့် မိန့်တော်မူကြ၏။ တချို့သော လူများမှာ ရှောင်လွှဲ၍ မရနိုင်သော တာဝန်များ ရှိနေကြရကား တရား အားထုတ်ချင်သည့် လူတိုင်းကို ဘုန်းကြီးဝတ်ခိုင်းလို့ မဖြစ်ပေ။ လူပုဂ္ဂိုလ် တစ်ယောက်အဖြစ်နှင့် တရားအားထုတ်လျှင်လည်း တရားထူးများ ရနိုင် ပေသည်သာ။ သာဝတ္ထိမြို့ကြီး၌ လူဦးရေ သန်း ၇၀-ရှိရာ သန်း ၅၀-မှာ အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအရေအတွက်ကို ကြည့်လျှင်ပင် လူပုဂ္ဂိုလ် အများအပြား ``တရားထူးများ´´ ရကြသည် ဆိုသည်မှာ ပြောဘွယ်မရှိတော့ပေ။ ကျန်သည့် သန်း ၂၀-ကလည်း သူတို့၏ နှလုံးသားထဲ၌ ဗုဒ္ဓတရားများ ထည့်ထားကြသည့် ပုဂ္ဂိုလ်များပင်တည်း။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အရိပ်အောက်မှာ ရှိသည့် သာဝတ္ထိမြို့ကြီးသည် မည်မျှလောက် တည်ငြိမ်အေးချမ်းမှု သာယာဖွံ့ဖြိုးမှု ရှိမည်ဆိုသည်ကို မှန်းဆ၍ ကြည့်နိုင်ပါသည်။ တွေးကြည့်လျှင် လွမ်းမောဘွယ် ကောင်းလေစွာ့တကား။

စိတ်သာရှင်စော ဘုရားဟော

လူတစ်ယောက်သည် “ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံး ရရင်တော်ပါပြီ” ဟူသော စိတ်ဖြင့် ဘုရားတည်နေ၏။ အခြားလူတစ်ယောက်ကား “သားလေး ရှင်ပြုဖို့၊ လှူနိုင် တန်းနိုင်ဖို့” ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစား လုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သော သူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသော သူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။

တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက် ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက် စားရသောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင် သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။ ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာ ရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာ ရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ “အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ” ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌ နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။ ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံး ကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ “အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ” ဟု တွေးပြီး လောဘနှင့်သောက ဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။

စိတ်ထား ဖြူစင်အောင် နေထိုင်ခြင်းကို “ဥပုသ်စောင့်သည်” ဟု ခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါသည်။ “စိတ်သာရှင်စော ဘုရားဟော” ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့်တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်းလည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။

တစ်ယောက်အားထက် ဆယ်ယောက်အားက ပိုထိရောက်

စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သည့် အခါမှာလည်း ကိုယ့်ဗုဒ္ဓဘာသာဝင်များကို ကူညီစောင့်ရှောက်ဖို့ အထူးလိုအပ်လှ၏။ ဘာသာခြား များသည် သူတို့ဘာသာဝင်တို့ကိုသာလျှင် အထူး ဦးစားပေးကြ၏။ ထမင်းဆိုင်ခြင်းအတူတူ သူတို့ဘာသာဝင်တို့၏ ထမင်းဆိုင်ကိုသာ အားပေးကြ၏။ လုပ်ပိုင်ခွင့် ရှိ၏။ အပြစ် မဆိုသာပေ။ မိမိတို့ ဗုဒ္ဓဘာသာဝင်များ အတုယူရမည် ဆိုသည်ကို သိရှိနားလည်ဖို့ ပြောရခြင်း ဖြစ်သည်။

တိပိဋက မင်းကွန်းဆရာတော်ကြီးသည်ပင်လျှင် ကိုယ့်အချင်းချင်း အားပေးကြဖို့ ကူညီကြဖို့ မိန့်မှာတော်မူခဲ့ဖူးပါသည်။ ”သမဂ္ဂါနံ တပေါ သုခေါ- ကိုယ့်အချင်းချင်း စည်းလုံးမှ အခက်အခဲ မှန်သမျှ ကျော်လွှားနိုင်မည်” ဟူသော ဘုရားမြတ်စွာ၏ အဆိုအမိန့်ကို လိုက်နာကြမည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များသည် အထက်တန်း ကျကျ မျက်နှာပန်း လှလှဖြင့် နေနိုင်သည် ဆိုသည်ကို မည်သည့်ဗေဒင်ဆရာကိုမျှ မေးစရာ မလိုပေ။ မည်သည့်အလုပ်ကိုပဲ လုပ်လုပ် “တစ်ယောက်အား”နှင့် လုပ်ကိုင် ဆောင်ရွက် ခြင်းထက် “ဆယ်ယောက်အား” နှင့် လုပ်ကိုင် ဆောင်ရွက်ခြင်းက ပို၍ ထိရောက်၏။ ယနေ့ခေတ်၌ နိုင်ငံရပ်ခြား တိုင်းပြည်များသို့ သွားရောက်ပြီး အလုပ်လုပ်နေကြသည့် မြန်မာပြည်သား တိုင်းရင်းသားများကို မြောက်မြားစွာ တွေ့ရှိရပေသည်။ စည်းလုံးမှု ညီညွတ်မှုသည် ယင်းကဲ့သို့ တိုင်းတစ်ပါးမှာ နေကြသည့်သူများမှာ ပို၍ အရေးကြီး၏။ တိုင်းတစ်ပါးတို့၌ “အလုပ်အကိုင်၊ နေရာတိုက်ခန်း၊ အစိုးရရုံး” စသည်တို့နှင့် ပတ်သက်ပြီး အခက်အခဲပေါင်းများစွာကို တွေ့ရှိနိုင်ပေသည်။ ယင်းအခက်အခက်များကို စုပေါင်းပြီး ဖြေရှင်းမှ ပို၍ အဆင်ပြေနိုင်ပါ၏။

လူတစ်ရာ အတူနေသော်လည်း “သူတစ်လူ ငါတစ်မင်း” ဖြစ်နေကြလျှင် “တစ်ရာအား” မရှိတော့။ တချို့ရွာ၊ ရပ်ကွက်တို့၌ ဘာသာခြား လူဦးရေထက် ဗုဒ္ဓဘာသာဝင် လူဦးရေက အဆမတန် ပို၍များ၏။ သို့သော် ဘာသာခြားတို့ကား စည်းလုံးမှု ရှိရကား စီးပွားရေး၊ လူမှုရေး- စသည်တို့၌ ဘာသာခြားတို့ကပဲ ရှေ့က ဦးဆောင်နေပါတော့သည်။ မနာလို၍ ပြောခြင်း မဟုတ်ပါ။ အတုယူ လိုသောကြောင့် ပြောရခြင်းဖြစ်၏။ ထိုအကြောင်းများကြောင့် “အများအတွက်” ဆိုသည့် ရည်ရွယ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့ပြီး ညီညီညွတ်ညွတ်နှင့် လုပ်ကိုင် ဆောင်ရွက်ကြဖို့ အထူးလိုအပ်နေပါပြီ။ အမျိုး ဘာသာ သာသနာအတွက် တက်ကုန်ရွက်ကုန် လွှင့်ပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နိုင်ကြလျှင် မြန်မာ့တိုင်းရင်းသားများ မကြီးပွားစရာ အကြောင်းမရှိပေ။ ထိုကဲ့သို့ လုပ်ကိုင်ဆောင်ရွက်ခြင်းသည် သမ္မာသမ္ဗုဒ္ဓခေါ်တွင် မြတ်ဘုရားရှင်၏ အလိုဆန္ဒနှင့် ကိုက်ညီပါကြောင်း တင်ပြလိုက်ရပါသည်။

သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ

ဝန်ခံချက်- ဤဆောင်းပါးကို http://kyawkyawthet.blogspot.com/ မှ ကူးယူး ဖော်ပြခြင်း ဖြစ်သည်။ တစ်လုံးတစ်ပါဒမှ ပြင်ဆင်မှု မပြုပဲ မူရင်းအတိုင်းသာ ဖော်ပြထားပါသည်။