Pages

Ads 468x60px

Labels

Jan 17, 2012

အာဂျန္တာနှင့်ဧလိုရာသို့ တမ်းခြင်း (၁)

အဲ.. အသေအချာ ပြောနိုင်တာကတော့- ဗုဒ္ဓဘာသာဝင်တွေအဖို့ သမိုင်းအဖြစ် တွင်ရစ်နေအောင် သွားသင့် လည်ပတ်သင့်သည့် နေရာဖြစ်သည်ကိုကား အမှန်ပါပေ။ သီဟိုဠ်၊ အိန္ဒိယဆိုတဲ့ဒေသတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် နေရာဖြစ်သလို၊ ဘယ်ဗုဒ္ဓစာပေ အရေးအသားကမှလည်း ဒီနိုင်ငံတွေရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ကင်းကွာလို့ မရပါ။

14/ 01/ 2012

ဒီကနေ့ ခရီးထွက်ဖြစ်ပြန်တယ်။ ဒီခရီးက တမင်ထွက်တဲ့ ခရီးမဟုတ်သလို၊ သက်သက် အလည်အပတ် သွားတဲ့ခရီးလည်း မဟုတ်ပါ။ ရောင်းရင်းဟောင်းတွေ ရောက်လာလို့ လိုက်ပို့ရတဲ့ခရီးပါ။ ပြီးခဲ့တဲ့ ဆယ်ရက် သာသာလောက်ကမှ အဖော်ကောင်း ရကာ ရတနာဂီရိဆီ ခရီးထွက်ခဲ့သေးတယ်။ အဲဒီ မီးအရှိန်က မမှိန်သေးလို့လား၊ ခရီးထွက်နေရမယ့် ဇာတာက တစ်ပတ်လည်လာလို့လား မပြောတတ်ပါ၊ ဒီသက္ကရာဇ် ၂၀၁၂ မှာ မိမိအတွက် ခရီးသွားနှစ် ဖြစ်နေတယ်။ အခုမှ ဇန်န၀ါရီလပဲ ရှိသေးတာ၊ ညဥ့်အိပ်ခရီးက နှစ်ခါတောင် ရှိသွားပါပြီ။

ခရီးထွက်တာ၊ အလည်အပတ် လျှောက်သွားတာ အထူးအဆန်းတော့ မဟုတ်ပေမယ့် ပြည်ပနိုင်ငံမှာ စာသင်နေတဲ့ သူတစ်ယောက်အဖို့တော့ “မယောင်ရာ ဆီလူး” ကျနေသလားလို့ပါ။ ဒါ့အပြင် ခရီးထွက်ရင် အာရုံတွေ ထွေပြားတယ်၊ စာဘက် စိတ်ဝင်စားမှု လျှော့သွားတတ်တယ်မို့လား။ စာကို ပိုလုပ်ဖို့ ဆိုပြီး ၂၀၁၀ နဲ့ ၂၀၁၁ မှာ မယ်မယ်ရရ ဘယ်မှ ခရီးမထွက်ဖြစ်ခဲ့ဘူး။ အဲ… အသိဧည့်သည် လုံးဝ ရောက်မလာလို့ ခရီးထွက် လိုက်ပို့ မဖြစ်တာ ပြောရင် ပိုမှန်နေမလားပဲ။ သားကောင်မရလို့ ကျားဥပုသ်စောင့်တာပဲ ပြောပြော၊ ထမင်းအိုးမှောက်လို့ ရွှေမုဋ္ဌောကိုပဲ လှူလိုက်ပြီ ဆိုဆို၊ ကျောင်းစာ တစ်ခုတည်းနဲ့ လုံးချာလပတ် လည်ခဲ့တဲ့နှစ်လို့ ပြောအားရှိတာတော့ အမှန်ပါ။

ဆိုရရင် သီရိလင်္ကာ (သီဟိုဠ်ကျွန်း) မှာ ကျောင်းစတက်တဲ့၂၀၀၆ ကနေ ၂၀၀၉ တောက်လျှောက် ထွက်လိုက်တဲ့ခရီးတွေ မိုင်ပေါင်းကုဋေ။ အဲ… ယောင်လို့။ အဲလို မဟုတ်တောင် ကီလိုမီတာပေါင်း ထောင်သောင်းချီ။ တမင်ခရီးထွက်ချင်စိတ် သိပ်မကြီးမားလှပေမယ့် အကြောင်းအရာတွေက ဖန်လာတော့ ထွက်ကို ထွက်လိုက်ရတယ်။ တစ်ပါးတည်းကော၊ အဖော်နဲ့ရော၊ ဂိုက်အဖြစ်နဲ့ပါ သွားလိုက်တဲ့ခရီးက အစုံပါပဲ။

ဒါပေမယ့် သွားခဲ့ဖူးတဲ့ခရီးတွေက အမေရိကားတို့ ဥရောပတို့ မဟုတ်ခဲ့ပါ။ ကြီးကျယ်ခမ်းနားလည်း မနေပါ။ ခေတ်အမြင်နဲ့ တိုင်းထွာမယ် ဆိုရင်ပေါ့။ ရောက်ခဲ့ဖူးတဲ့ နေရာတွေက အရှေ့တောင်နဲ့ တောင်အရှ နိုင်ငံတွေမျှသာ။ စွန့်စားတဲ့ခရီးလည်း မဟုတ်သလို၊ အံ့ချီးဘနန်း နိုင်ငံတွေလည်း ပါမနေပါ။ သာမန် လူသားတိုင်း သွားနိုင်တဲ့ ခရီးတွေမျှသာ။ အဲ.. အသေအချာ ပြောနိုင်တာကတော့- ဗုဒ္ဓဘာသာဝင်တွေအဖို့ သမိုင်းအဖြစ် တွင်ရစ်နေအောင် သွားသင့် လည်ပတ်သင့်သည့် နေရာဖြစ်သည်ကိုကား အမှန်ပါပေ။ သီဟိုဠ်၊ အိန္ဒိယဆိုတဲ့ဒေသတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် နေရာဖြစ်သလို၊ ဘယ်ဗုဒ္ဓစာပေ အရေးအသားကမှလည်း ဒီနိုင်ငံတွေရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ကင်းကွာလို့ မရပါ။ ဗုဒ္ဓဂယာ- ဘုရားပွင့်တော်မူရာ နေရာ၊ မဟာစေတီ - ဗုဒ္ဓဘာသာတွေရဲ့ စံနမူနာ စေတီတော်- ဒါတွေဟာ သွားလည်ပတ်သင့်ရုံသာမက သံဝေဂ ပွားများနိုင်အောင် စိတ်နှလုံး သွင်းထားရမယ့် နေရာတွေလည်း ဖြစ်တယ်။ အဲလို နှလုံးသွင်းမှုနဲ့ပဲ ဗုဒ္ဓဂယာကို ၃-ခေါက်ထက်မနည်း အရောက် သွားဖူးခဲ့တယ်။ ဗုဒ္ဓဂယာဆိုလို့ ဘုရားပွင့်တဲ့ နေရာ တစ်ခုတည်းတော့ မဟုတ်ပါ။ အများသူငါ သွားရောက်လည်ပတ်သလိုပါပဲ၊ အ၀ိဇဟိတ ၈-ဌာနတို့ သံဝေဇနိယ ၄-ဌာနတို့ ပါဝင်ပါတယ်။

ယင်းအပြင် အသောကဘုရင်ရဲ့ မူရင်းလက်ရာ ပိုဗာမြို့က ဗိသုကာပညာရပ်နဲ့ ကမ္ဘာကျော်နေတဲ့ ဆန်ချီစေတီတော်ကိုလည်း အပြေးအလွား သွားလိုက်တာပါပဲ။ အမြင်မတော် ဆင်ဖြူတော်နဲ့ ခလောက်လို့ပဲ ဆိုဆို၊ အမြင်မကောင်း ဘုန်းကြီးနဲ့ ဦးဆောင်းပဲ ပြောပြော၊ ကမ္ဘာကျော် အချစ်ဗိမာန် တည်ရှိရာ အဂ္ဂရာက တပ်ခ်ျမဟာကိုလည်း လက်မလွတ်ပဲ ဇွတ်လည်ပတ်ခဲ့ပါသေးတယ်။ ခုတစ်ခါ ခရီးထွက်ရပြန်တယ်။ ခုတစ်ခေါက် ခရီးက မထွက်မဖြစ် ထွက်ကိုထွက်ရမယ့် ခရီးဖြစ်နေတယ်။ ဧည့်သည်တွေကို လိုက်ပို့ရတဲ့ခရီး ဆိုပါတော့။ လိုက်ပို့လို့သာ ပြောရပေမယ့်လည်း ကိုယ်ကိုယ်တိုင် တစ်ခါမှ မတစ်ခါဖူးတဲ့ ခရီးအသစ် ဖြစ်နေတယ်။ သီဟိုဠ်မှာတုန်းက အတူနေ အတူစား၊ အတူသွား အတူလာ၊ အတန်းလည်း တူ၊ စိတ်ထားလည်း အတူဆိုတဲ့ ရောင်းရင်း စာသင်ဖက်တွေ ဆိုက်ရောက်လာတယ်။ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတယ်လို့ ပြောနိုင်ပေမယ့် သူတို့ကို ဖိတ်ခေါ်နေတာက ကြာလှပါပြီ။ ဂယာဆိုဒ် (ဗုဒ္ဓဂယာဝန်းကျင်) လောက်ပဲ ရောက်ဖူးတဲ့ ကိုယ့်ရောင်းရင်းတွေကို မဟာရဋ္ဌ (မြို့ကြီး) က ဘယ်လိုဆိုတာကို ကြွားချင်သကိုး။ မဟာရဋ္ဌကလည်း ပေါ့သေးသေးတော့ ဘယ်ဟုတ်မလဲ။ ဘုရားပွင့်တဲ့နေရာ မဟုတ်တာတောင် ဘုရင်အသောကရဲ့ ကိုးတိုင်းကိုးဌာန သာသနာပြု စေလွှတ်ခန်းထဲက တစ်ခန်းရပ် ပြဇာတ်လေ။ အဲ… ဟုတ်ပေါင်၊ တစ်ခေတ်ဆန်း သာသနာပြုခန်းပေါ့။ မြန်မာနိုင်ငံ သထုံမြို့ဆိုတဲ့ သုဝဏ္ဏဘူမိ၊ သီဟိုဠ်ဆိုတဲ့ တမ္ဗပဏ္ဏလို နေရာမျိုး တစ်ခုပါ။

မဟာရဋ္ဌရဲ့မြို့တော်က မွန်ဘိုင်းမြို့ပါ။ မွန်ဘိုင်းကို ရှေးက ဘုံဘေ-လို့ ခေါ်ဝေါ်ပြီး၊ ယခုအခါမတော့ မွန်ဘိုင်း-လို့ ပြောင်းလဲ ခေါ်ဝေါ်ကြတယ်။ မမ္မဒေ၀ီလို့ ခေါ်တဲ့ ဟိန္ဒူနတ်ဘုရားမကို အကြောင်းပြုလို့ပါ။ မွန်ဘိုင်းက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး အချက်အချာ မြို့တော်တစ်ခု ဖြစ်သလို အင်တာတိန်းမင်းန်လို့ ခေါ်တဲ့ ဖြေဖျော်ရေးလုပ်ငန်းမှာလည်း ထိပ်တန်းအဆင့် ရှိတယ်။ ဘောလီဝုဒ်ဆို အမေရိကန်က ဟောလီဝုဒ်နဲ့ နင်လားငါလား အပြိုင်ပဲပေါ့။

မွန်ဘိုင်းက အိုင်တီတွေနဲ့ ခေတ်မီနေသလောက် မဟာရဋ္ဌပြည်နယ်ရဲ့ မြို့နယ်လေးတွေကလည်း ဘယ်ခေမတုန်း။ ကမ္ဘာကျော် ပန်းချီ ပန်းပု ပန်းတော့ ပန်းတမော့တွေနှင့် အံ့ဖွယ် ဗိသုကာ ပညာရပ်ဆန်းတွေက လန်းမှလန်း။ အာဂျန္တာဆိုတာနဲ့ ကမ္ဘာကျော်တဲ့ ကျောက်ဂူကြီးဆိုတာ လူတိုင်းသိ။ ရတနာဂီရိ အသံကြားတာနဲ့ မြန်မာတိုင်းသိ။ ဧကပူရီဆိုတာနဲ့ ဆရာကြီးဂိုအင်ကာရဲ့ ကမ္ဘာကျော် ၀ိပဿနာစင်တာ တည်ရှိရာကို ညွှန်းတယ်ဆိုတာ လူတိုင်းသိပေါ့။ ဒါက ဗုဒ္ဓဘာသာဘက်ကနေ ကြွေးကြော်နေရုံသာ။ အခြားဘာသာဘက်က ကြည့်ရင်လည်း သမိုင်းခြေရာက နေရာအနှံ့ ပြန့်မှပြန့်။ ဟိန္ဒူတို့ရဲ့ ရှီဝဂျိ ပျော်စံရာ ဧလိုရာ လိုက်ဂူတော်၊ မမ္မဒေ၀ီရဲ့ ကျွန်းစု ၇-ခု။ မွတ်စလင် ဘာသာဝင်တို့ရဲ့ အော်ရန်းကဗတ်မြို့က ဘီဘီကာ မက္ကဘရာ-စတဲ့သမိုင်းအကြွင်းအကျန်တွေ တူးဖော်လို့ မကုန်ခမ်းနိုင်အောင် ရှေးဟောင်းအမွေအနှစ် ဖြစ်ထွန်းခဲ့တဲ့ မဟာရဋ္ဌတိုင်းကြီးပေါ့။

ဒီတစ်ခါ ခရီးက အရင်လို ညသန်းခေါင်အချိန်မှာ ထွက်တော်မူ နန်းတော်က ခွါတယ် မဟုတ်ပါ။ လင်းအားကြီးအချိန်လောက်ကျမှ ကျောင်းဆောင်ကနေ ထွက်ခဲ့ရတယ်။ ရတနာဂီရိ သွားတုန်းကလို အိစ်စ်ပရက် ရထားကြီးကို စီးပြီး ခရီးနှင်ခဲ့ခြင်းလည်း မဟုတ်ပြန်ပါ။ အင်နိုဗာကားလေးကို အပြတ်ဌားပြီး သွားရောက် လည်ပတ်ခဲ့တာပါ။ သီရိလင်္ကာမှာ စာသင်ကြားနေဆဲဖြစ်တဲ့ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်က ကိုယ်တော် ၃-ပါး၊ ဗုဒ္ဓဂယာ မာဂဓတက္ကသိုလ်က ကိုယ်တော် ၂-ပါး၊ ကာလိဒါသ ယူနီဗာစီတီမှာ ပီအိပ်ခ်ျဒီ လုပ်နေတဲ့ မြင်းမူက ကိုယ်တော်၊ စာရေးသူ။ အာလုံးပေါင်း ၇-ပါးပေါ့။ အာရုဏ်ကျင်းချိန်ဖြစ်တဲ့ မနက်ခင်း ၅-နာရီလောက်မှာ ကျောင်းဆောင်ကနေ စတင် ထွက်ခွါကြတယ်။ မွန်ဘိုင်း-နာဆစ် အဝေးပြေးကားလမ်းမကြီးကို ရွေးချယ်ပြီး ခရီးနှင်ခဲ့ကြတယ်။

ဧကပူရ်မှာ မနက်စာအဖြစ် လက်ဖက်ရည်နဲ့မုန့် သုံးဆောင်ကြပြီး ခရီးဆက်တယ်။ ကားဆရာက ငယ်ရွယ်သူပီပီ နွန်စတော့ကို အပြတ်မောင်းတော့တယ်။ ဂျီပီအက်စ် မြေပုံစနစ် အကူအညီနဲ့ သွားတာမို့လို့ လမ်းဆုံလမ်းခွ ရောက်တိုင်းကို သံသယ ကင်းကင်းနဲ့ မောင်းနှင်နိုင်ခဲ့တယ်။ အိုင်ပက်တူးကို အတင်းထည့်ပေးလာတဲ့ ကျိုက်ထိုက သူငယ်ချင်းကို ကျေးဇူး အခါခါ တင်နေမိတယ်။ နေ့ခင်း ၁၁-ကျော်ကျောလောက်မှာ ဧလိုရာရွာကို ရောက်လာခဲ့ပြီး အနားယူ နေ့လည်စာ သုံးဆောင်ကြတယ်။ မွန်းလွဲ ၁၂ နာရီလောက်မှာမှ ဧလိုရာလိုဏ်ဂူတော်ကြီးကို စတင် လှည့်ပတ်ကြည့်ရှုခဲ့ပါတယ်။ (ဧလိုရာ သမိုင်းကြောင်းကို သီးသန့် တင်ပြပါဦးမည်)။ ဧလိုရာလိုဏ်ဂူတော်ကြီးဟာ ကျောက်တောင်အမျိုးအစား ဖြစ်ပါတယ်။ အလျားလိုက် ရှည်မျှောမျှောဖြစ်နေတဲ့ ကျောက်တောင်ကြီးကို ရှေ့မျက်နှာစာ ဖြတ်တောက်ကာ ဆိုင်ရာယဉ်ကျေးမှု သမိုင်းကြောင်းများကို ကျောက်ထွင်း ထုဆစ်ထားသည့် လိုဏ်ဂူတော်ကြီး ဖြစ်တယ်။

ကျောက်တောင်တကြောလုံးကို လိုဏ်ဂူတော် ၃၄-ခု (အခန်း ၃၄-ခန်း) တို့နဲ့ အခန်းဖွဲ့ ထုဆစ်ထားခြင်း ဖြစ်ပါတယ်။ အခန်း ၁ ကနေ ၁၂ အထိကို ဗုဒ္ဓ၀င်ဆိုင်ရာ အချက်အလက်များနဲ့ ကျောက်ဆစ် ထွင်းထုထားပြီး၊ နောက်ထပ် ၁၆ ခန်း (၁၃ ကနေ ၂၈ အထိ) တို့ကို ဗြာဟ္မဏ၀ါဒဆိုင်ရာ အချက်အလက်များနဲ့ ပုံဖော်ထားသည်။ ကြွင်းကျန်သော အခန်းများကား ဂျိန်းဘာသာဝင်နဲ့ သက်ဆိုင်ပါသည်။

လိုဏ်ဂူ ၃၄ ခန်းအနက် အခန်းနံပါတ် ၁၆ လိုဏ်ဂူကတော့ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးပါ။ မိန်းလမ်းမကြီး အ၀င်ဝနဲ့ ဆက်သွယ်ထားသလို အခန်းတွင်းရှိ ဖွဲ့စည်းမှုကလည်း ထည်ဝါလှပါတယ်။ ကျောက်ဆစ်လက်ရာကို အနုစိတ်စွာ ပုံဖော်ထားသဖြင့် ကြည့်ရှုသူတိုင်းက အံ့သြချီးကျူးရပါတယ်။ ကနေ့တိုင်အောင် ဘုရားတန်ဆောင်း ကျောင်းတိုက်ကြီးတွေမှာ အသုံးပြုဆဲဖြစ်တဲ့ လင်းနို့တောင် ကနုတ်တွေ၊ ပွတ်လုံး တိုင်လုံးကြီးတွေဟာ ဧလိုရာကနေ သန္ဓေတည်ခဲ့မှန်း မျက်မြင်ကျမှ ရှင်းလင်းစွာ သိရှိခဲ့ရပါတယ်။ ဧလိုရာ လိုဏ်ဂူတော်ကြီးရဲ့ သမိုင်းကြောင်းကား မယုံနိုင်လောက်အောင် ရှည်လျားသလောက် ဖျောက်ဖျက်လို့မရလောက်အောင်ကို ခိုင်ခန့်တည်မြဲဆဲပါ။

အခန်းတွေ စုံလင်အောင် ကြည့်ရှုခြင်း၊ မှတ်တမ်းတင်ခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ခြင်းအမှု ပြုလုပ်ပြီးနောက် အပြင်သို့ထွက်ကာ အမောပြေ အအေးလေး သောက်ကြပါတယ်။ အချိန်ကုန်မှန်း မသိ၊ ညောင်းညာမှန်း မသိလောက်အောင် ဆွဲဆောင်အားကောင်းလှတဲ့ ဧလိုရာ လိုဏ်ဂူတော်ကြီးကနေ နှုတ်ဆက် ခွဲခွါခဲ့တဲ့ အချိန်သမယမှာ ညနေစောင်းလို့နေပါပြီ။ တည်းခို နားနေဖို့ရာ အော်ရန်းဂဗတ် မြို့တွင်းဘက်သို့ မောင်းထွက်လာခဲ့ကြတယ်။ ဘူတာကြီး အနီးအနားရှိ ဟော်တယ်တွေကို စုံစမ်းပြီး ပ၀ါရဏာ ဆိုတဲ့ ဟိုတယ်မှာ တစ်ညတာ အခြေချဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဧလိုရာလိုဏ်ဂူတော်ကြီးနဲ့ အော်ရန်းဂဗတ်မြို့ရဲ့ အကွာအဝေးကတော့ ကီလိုမီတာ ၂၀ ၀န်းကျင်မျှသာ။ မိန်းလမ်းမကြီးရဲ့ အဆုံး ဘူတာလမ်းဆုံ အကွေ့လေးမှာ တည်ရှိနေတဲ့ ပ၀ါရဏာ ဟိုတယ်ကား သိပ်ပြီး ကြီးကျယ်ခမ်းနား မနေပေမယ့် သန့်ပြန့်နေတဲ့ ဟိုတယ်တစ်ခုပါ။ အဲယားကွန် တပ်ဆင်ထားပေမယ့် သုံးစရာ မလိုလောက်အောင် အော်ရန်းဂဗတ်ရဲ့ ဆောင်းချမ်းကြီးက လွှမ်းခြုံထားလို့နေပါပြီ။ အော်.. မနက်ဖန်ဆို ကမ္ဘာကျော် အာဂျန္တာ လိုဏ်ဂူတော်ကြီးကို ကြည့်ခွင့်ရအုံးမှာမို့ စောစောလေး အိပ်ရာဝင်ရမှာပါလေ။ အိပ်ပျော်ဖို့ ကြိုးစားရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ စာရေးဆရာ ချစ်ဦးညိုရဲ့ “အဆိပ်နှင့် ကမ္ဘာတစ်သိန်း” ၀တ္ထုကို ပြန်ပြောင်း အတွေးရောက်နေမိတယ်။ ကျောက်ဂူကြီးကို ထွင်းဆစ်၊ နံရံ ပန်းချီးကားကို ဆွဲခြစ်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကို သနားနေမိပြန်တယ်။ သနားရင်း တွေးရင်း အိပ်မက်ကမ္ဘာသို့ ရောက်ခဲ့ရပြန်ပြီ။

0 comments:

Post a Comment