Pages

Ads 468x60px

Labels

Showing posts with label Tablet. Show all posts
Showing posts with label Tablet. Show all posts

Aug 19, 2012

ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁

ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ 
မ၀ယ်မီ သိသင့်တဲ့ အချက်အလက်များ 
ဆမ်ဆောင်းကုမ္ပဏီက ဂလက်ဇီနုတ် ၁၀.၁ (Samsung Galaxy Note 10.1) ကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ နိုင်ငံကြီးတွေရဲ့ လက်လီအရောင်းဆိုင်တိုင်းမှာ ၀ယ်ယူရရှိနိုင်ပါပြီ။ အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ပါ။ အသစ်ထွက်လာတဲ့ ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ သင်ပုန်းဟာ ဟင်းပေါင်းအိုး ဖြစ်နေတယ်။ ဒါကြောင့်လည်း ဝေဖန်မှု များစွာ ထွက်လာတယ်။ ပီစီဝါးလ်ရဲ့ မေလစ်စာကတော့ ဒီသင်ပုန်းကို “ဗျက်ကျယ်တဲ့ ဆွဲဆောင်မှုနဲ့ ကျစ်လစ်တဲ့ ဖြေဖျော်မှု”လို့ အမည်တပ်တယ်။ ဒါပေမယ့် တစ်ချို့ဝေဖန်ရေးသမားတွေကတော့ “ကြိုက်စရာ မကောင်းတဲ့ သင်ပုန်းကြီး”၊ “လုပ်ကွက်များနဲ့ အလေး သင်ပုန်းကြီး”လို့ သမုတ်ကြတယ်။

အကယ်၍သာ သင်ပုန်း တစ်ချပ်ချပ်ကို ၀ယ်သုံးဖို့ ဆုံးဖြတ်မယ်ဆိုရင် ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ ဟာ သင့်အတွက် ရွေးဝယ်စရာ သင်ပုန်း (Tablet) ပါ။ ဒါပေမယ့် အိုင်ပက် (iPad) မဟုတ်ဘူးဆိုတာကိုတော့ သိထားနှင့်ပါ။ အဲ… သင်ပုန်းအရောင်းဆိုင်ကို အပြေးကလေး မသွားမီ၊ အမေဇုန် (Amazon) စတဲ့ အွန်းလိုင်းအရောင်းဆိုင်ထဲ လော့ဂ်အင်း မလုပ်ခင် ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ ရဲ့ ကောင်းကွက် ဆိုးကွက်ကို ကြိုတင်လေ့လာထားသင့်တယ်။ နည်းနည်းလေးဖြစ်ဖြစ်ပေါ့။

အခု ရေးတင်လိုက်တဲ့ အချက်အလက်ဟာ သိသင့်သိထိုက်တဲ့ ဂလက်ဇီနုတ် ၁၀.၁ ရဲ့ အချက်အလက်ထဲက တစ်ချို့တစ်ဝက်ပါ-

ပုံစံဟန်ပန် 
ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ ရဲ့ ရုပ်ပြ အရည်အသွေးဟာ ၁၂၈၀ x ၈၀၀ ရီဆိုလူးရှင်းနဲ့ပါ။ ပရိုဆက်ဆာကိုတော့ ကွာဇ်ကိုး (Quad-Core 1.4) နဲ့ သုံးထားပြီး၊ မန်မိုရီကို ၂-ဂျီဘီ သုံးထားတယ်။ စက်ပါ-သိုလှောင်မှု ပမာဏကို ၁၆-ဂျီဘီနဲ့ ၃၂-ဂျီဘီ ဆိုပြီး ၂-မျိုး ခွဲထုတ်ထားတယ်။ အပြင်မန်မိုရီ (Micro SD) ကဒ်နဲ့ ထည့်သုံးချင်ရင် ၃၂-ဂျီဘီအထိ စိုက်ထည့်လို့ရတယ်။ ဓာတ်ပုံရိုက် ကင်မရာကို ၅-မီဂါပစ်ဇယ်လ်နဲ့ သုံးထားပြီး ၀က်ကမ် (မျက်နှာပြ) ကင်မရာကိုကား ၁.၉ မီဂါပစ်ဇယ်လ်နဲ့ အသုံးပြုထားတယ်။ သင်ပုန်းမှာ မရှိမဖြစ်တဲ့ ၀ိုင်ဖိုင် (Wi-Fi)၊ ဘလူးတု (Bluetooth 4.0) ပါမယ်၊ ယူအက်ဘီ (USB 2.0) အပေါက် ပါမယ်။ အပြင်က တီဗီနဲ့ ချိတ်ဆက်မယ့် အင်ဖရာကြိုး (IR) ပါမယ်။ စက်လည်ပတ်မှုစနစ်ကိုတော့ အန်ဒရွိုက် ၄.၀ လို့ခေါ်တဲ့ အိုက်စကရင်းဆန်းဒ၀စ်နဲ့ မောင်းထားတယ်။ (အခုသုံးနေတဲ့ အန်ဒရွိုက် ၄.၁ ခေါ် ဂျယ်လီဘင်း (Jelly Bean) အထိ မြှင့်တင်လို့ ရတယ်လို့ ကြေငြာထားတယ်။) ပေါ်ပင်နဲ့ နှိပ်ပြီး သုံးရတဲ့ သင်ပုန်း အမျိုးအစားပါ၊ ဒါကို S Pen Stylus လို့ ခေါ်တယ်။

အသုံးချဆော့ပ်ဝဲလ် 
ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ မှာ အသုံးချဆော့ပ်ဝဲလ်လို့ ခေါ်နေကြတဲ့ အပ်ပ် (Apps) တွေ အများအပြား ထည့်ပေးထားတယ်။ ဒီထဲ အဖိုးတန်ဆုံးက ဖိုတိုရှော့-တပ်ခ်ျ (Adobe Photoshop Touch) ကို ထည့်ပေးထားခြင်းပဲ ဖြစ်တယ်။ ဂူးဂဲလ်ပလေး (Google Play) စတိုးမှာ ဖိုတိုရှော့-တပ်ခ်ျကို အမေရိကန်ဒေါ်လာ ၁၀ နဲ့ ၀ယ်သုံးရတယ်လေ။ ဒါပေမယ့် ဂလက်ဇီနုတ် ၁၀.၁ မှာတော့ အခမဲ့ တင်ပေးထားတယ်။ သိမ်းထားချင်တဲ့ ဖိုင်တွေကို Drop Box မှာ 50 GB အထိ သိမ်းထားနိုင်တယ်။ အခမဲ့ပဲ။ ဒါပေမယ့် ၂-နှစ်အတွင်းသာ ခွင့်ပြုထားတယ်။ စာစီစာရိုက်အတွက် ပိုလာရစ် အော့ပ်ဖစ် (Polaris Office) အပြင် အခြား အသုံးများနေတဲ့ အပ်ပ်(Apps) ပေါင်းများစွာကိုလည်း ထည့်သွင်းပေးထားတယ်။

ရနိုင်မယ့်နေရာ 
စဖြန့်တုန်းက အွန်းလိုင်းစတိုးဆိုင်တွေဖြစ်တဲ့ Amazon, Best Buy, BrandSmart, CDW, Conn’s, Fry’s, HH Gregg, and Tiger Direct တို့မှာသာ မှာယူလို့ ရပါတယ်။ အခုတော့ လက်လီအရောင်းဆိုင် တော်တော်များမှာ တင်ရောင်းနေကြပါပြီ။ 16GB ဂလက်ဇီနုတ်ကိုတော့ အမေရိကန်ဒေါ်လာ ၅၀၀၊ 32GB ကို အမေရိကန်ဒေါ်လာ ၅၅၀ နဲ့ တိုက်ရိုက် ၀ယ်ယူသုံးစွဲနိုင်ပါတယ်။

S Pen နဲ့လည်း သုံးလို့ ရတဲ့ ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ 

 S Pen (ပေါ်ပင်) 
အပ်ပယ်လ်ကုမ္ပဏီက ပေါ်ပင်နဲ့ တို့ထိရတဲ့ မျက်နှာပြင်ခေတ်ကို ပြန်သွားကောင်း သွားပေမယ့် ဆမ်ဆောင်းကတော့ တဖြေးဖြေးချင်း သွားနေပါပြီ။ တို့ထိမျက်နှာပြင် အမျိုးအစားဖြစ်တဲ့ စမတ်ဖုန်းနဲ့ သင်ပုန်းမှာ တကယ့်တကယ်တော့ ပေါ်ပင်ဆိုတာ အပိုအလုပ်ပါ။ မလိုအပ်ပါဘူး။ အဲ.. သေးသေးမွှားမွှား အရုပ်လေးတွေ ရေးဆွဲတာက လွဲရင်ပေါ့။ ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ မှာ ပေါ်ပင်နဲ့ အသုံးဝင်တဲ့ နေရာကတော့ အက်စ်နုတ် (S Note) နဲ့ ဖိုတိုရှော့-တပ်ခ်ျ (Photoshop Touch) လုပ်ဆောင်တဲ့ ၂-နေရာမှာသာ။ ပေါ်ပင် ပါလာတာကို မကြိုက်တဲ့သူတွေကတော့ အလုပ်ရှုပ်တယ်။ ပေါ်ပင် မပျောက်အောင် တာဝန် ယူရတာကိုက အလုပ်တစ်ခုလို့ မြင်တယ်။ ဆမ်ဆောင်းကတော့ ၅-လက်မအရွယ်ရှိတဲ့ ဂလက်ဇီနုတ် (ဖုန်း+သင်ပုန်း ၂-မျိုးသုံး) မှာကတည်းက ပေါ်ပင်နဲ့ မျက်နှာပြင်ကို တို့ရတဲ့ အလေ့အထကို အစပျိုးခဲ့တယ်။ ဝေဖန်သံတွေ ဘယ်လိုပဲ ဆူညံထွက်လာပါစေ၊ အခု ၁၀-လက်မကျော်ရှိတဲ့ ဂလက်ဇီနုတ် အကြီးမှာလည်း ပေါ်ပင်ကို ထပ်ပြီး သုံးခိုင်းဆဲပါပဲ။

မျက်နှာပြင်စုံ လုပ်ဆောင်ချက် 
ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ မှာ ဘယ်အပ်ပ် (App) တစ်ခုမှ ထပ်ထည့်စရာ မလိုလောက်အောင် အစုံ မောင်းထည့်ပေးထားတယ်။ (အသင့်သွင်းထားတယ်။) မျက်နှာပြင်စုံ လုပ်ဆောင်ချက်လို့ခေါ်တဲ့ ၀င်ဒိုးစနပ်လို လုပ်ဆောင်ချက်မျိုးကို အသုံးပြုထားတယ်။ အပ်ပ် ၂-ခုကို တပြိုင်တည်း ဖွင့်လို့ရတယ်။ ဟိုဘက် ဒီဘက် ပေါ်ပေးလိမ့်မယ်။ ဒါပေမယ့် အပ်ပ် (App) တိုင်းကိုတော့ ခွင့်မပြုပါ။ Web browser, S Note, Video Player, e-mail, Gallery, and Polaris Office စတဲ့ အပ်ပ် (အသုံးချ) အမျိုးအစားတွေကိုသာ တစ်ပြိုင်တည်း ၂-ခု ဖွင့်လို့ရမယ်။ ဥပမာ- ဒီဘက်ခြမ်းကို Web browser ကို ဖွင့်ထားမယ်။ ဟိုဘက်ခြမ်းကိုတော့ S Note ကို ဖွင့်ထားတယ်။ Web browser ထဲက လိုချင်တဲ့ စာ၊ အချက်လက်တွေကို အင်တာနက်မှာ ရှာမယ်။ စိတ်ကြိုက်တွေ့တာနဲ့ Select မှတ်ပြီး Copy ကူးယူမယ်။ ကူးထားတဲ့ ကော်ပီကို တစ်ဘက်ခြမ်းမှာ ပြိုင်တူ ဖွင့်ထားတဲ့ S Note ထဲသို့ paste ထည့်လိုက်မယ်။ (အရင်ထုတ်ခဲ့တဲ့ သင်ပုန်းတွေတုန်းကလို တစ်ခုဖွင့်၊ တစ်ခုပိတ်စရာ မလိုပဲ Apps ၂-ခုကို ပြိုင်တူ အလုပ် လုပ်နိုင်တာပါ။) ပြီးတော့ ဂလက်ဇီနုတ် ၁၀.၁ ရဲ့ video player ကို ဖွင့်လိုက်တိုင်း လုပ်ဆောင်ချက်တွေက ထိပ်ပိုင်းမှာ ပေါ်ပေးတယ်။ ဒီ video player နဲ့ ပြိုင်တူ ဖွင့်ထားတဲ့ App တစ်ခုခုပေါ်သို့ ဆွဲပြီး သွားတင်ထားလို့ ရတယ်။ (ဖွင့်ထားတဲ့ အပ်ပ်တစ်ခုပေါ်မှာ ထပ်လိုက်တဲ့သဘောပါ။)

ဖေဖော်ဝါရီလတုန်းက ထုတ်ရောင်းခဲ့တဲ့ ဆမ်ဆောင်း ဂလက်ဇီနုတ် 

ဘက္ထရီ သက်တမ်း 
အလင်းတောက်ပအား ၂၀၀ နဲ့ ချိန်ပြီး ဗီဒီယို ကလစ်တစ်ခုကို ဖွင့်ပြီး စမ်းသပ်ရာမှာ ၈-နာရီနဲ့ ၂၄ မိနစ် ဘက္ထရီ သက်တမ်း ခံပါတယ်။

ဟာ့ဒ်ဝဲလ် 
ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ ရဲ့ ကိုယ်ထည်ပိုင်းကတော့ ပေါ့ပြီး ပါးလွှားတယ်လို့ ဆိုရမှာပါ။ တကယ်လို့ အိုင်ပက်နဲ့ ယှဉ်ကြည့်ရင်ပေါ့။ ၁. ၃၂ ပေါင်သာ အလေးချိန် ရှိတာမို့ ပေါ့တယ်။ ၀.၃၅ လက်မ (လက်မ၀က်တောင် မပြည့်) အထူသာ ရှိတာမို့ ပါးလွှားတယ်။ အပ်ပယ်လ်ရဲ့ နယူးအိုင်ပက်ကား အထူ ၀.၃၇ ရှိပြီး အလေးချိန်က ၁.၄၄ ပေါင် (၁-ပေါင်ခွဲနီးပါး) ရှိတယ်။ ဒါပေမယ့် ပါးတယ်၊ ထူတယ်၊ ပေါ့တယ်၊ လေးတယ်ဆိုတာက ဈေးနှုန်းနဲ့လည်း အများကြီး ဆက်စပ်တယ်လို့ ပီစီဝါးလ်က သုံးသပ်ထားတယ်။ ဂလက်ဇီနုတ် ၁၀.၁ ရဲ့ ကိုယ်ထည်ပိုင်းဟာ ပလပ်စတစ်နဲ့သာ အုပ်ထားတယ်။ ဒါကြောင့် ဈေးချိုမယ်၊ ပေါ့ပါးသွားမယ်ပေါ့။ Verge နဲ့ The New York Times နှစ်ခုစလုံးက နောက်ဖုံးပလပ်စတစ်က ပျက်စီးလွယ်မယ်လို့ မှတ်ချက်ချထားလေရဲ့။ The New York Times က ဒေးဗစ်ပိုဂူ အကြံပြုထားတာက ဂလက်ဇီနုတ် ၁၀.၁ ကို မ၀ယ်ခင် စမ်းသပ် ကိုင်တွယ်ကြည့်သင့်တယ်လို့။ ဘာလို့လဲဆိုတော့ နောက်ဖုံးကို ကိုင်လိုက်တဲ့အချိန်မှာ အတွင်းက ဆားကစ်ပြားတွေနဲ့ ထိတွေ့ရသလို ခံစားနေရလို့ပါတဲ့။

ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ ရဲ့ ထွက်ပေါ်လာတဲ့ သုံးသပ်ချက် အသံတွေကို နားထောင်ရင်တော့ သိပ်အားရစရာ မရှိဘူးပေါ့။ ဒါပေမယ့် ဘာပဲပြောပြော အားလုံးကို ခြုံငုံပြီး သပ်သပ်ရရင် ၀ယ်သင့်တဲ့ သင်ပုန်း (Tablet) တစ်ချပ်ပါပဲ။ တကယ်လို့များ အကြောင်းအမျိုးမျိုးကြောင့် အိုင်ပက် (iPad) ကို ၀ယ်မသုံးချင် / ၀ယ်မသုံးနိုင်သူများအတွက်ပေါ့။

မှီငြမ်း- 
လန်ပေါလ် (Lan Paul) ရဲ့ ပီစီဝါးလ် (PC World) မဂ္ဂဇင်း သြဂုတ်လ ၁၆၊ ၂၀၁၂

Aug 12, 2012

အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၂)

ကနေ့ ရေးသား တင်ပြမှာကတော့ အိုင်ပက် (iPad) ရဲ့ အပ်ပ် (App) အကြောင်းတွေပါ။ အပ်ပ်ဆိုတာ Application ရဲ့ ရှေ့ဆုံး စာလုံး ၃-လုံးဖြစ်တဲ့ App ကို ယူသုံးထားတာ ဖြစ်ပြီး၊ အသုံးချ ဆော့ပ်ဝဲလ် အမျိုးအစား ဖြစ်တယ်။ Apps (S-ပါတဲ့ ဗဟူဝုစ်) ကို သုံးထားရင် အသုံးချ ဆော့ပ်ဝဲလ် အများကြီးကို ဆိုလိုတာပါ။ ကွန်ပျူတာ ဝေါဟာရနဲ့ နှိုင်းရင် အိုင်ကွန် (icon) နဲ့ ခပ်ဆင်ဆင်ပါပဲ။ ကွန်ပျူတာမှာ Office ရဲ့ icon ကို ကလစ်နှိပ်လိုက်ရင် စာစီစာရိုက် လုပ်ငန်း လုပ်နိုင်မယ်။ Window Media Player ရဲ့ icon ကို ကလစ်နှိပ်လိုက်ရင် သီးချင်း နားထောင်နိုင်မယ်၊ ဗီဒီယို ကြည့်နိုင်မယ်ပေါ့။ ဒီလိုပါပဲ၊ အိုင်ပက်မှာလည်း Safari ဆိုတဲ့ App ကို ကလစ်နှိပ်လိုက်ရင် အင်တာနက် အဖွင့်မျက်နှာ ရောက်သွားပြီး ကြိုက်ရာ ၀က်ဆိုက်ကို ဖွင့်ကြည့်နိုင်တယ်။ You Tube App ကို ကလစ်နှိပ်လိုက်ရင် အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ဗီဒီယို၊ သီးချင်း သိန်းသန်းချီကို ကြည့်ရှုနိုင်မှာ ဖြစ်တယ်။ App ကို “အသုံးချ”လို့ ဘာသာပြန်ကြပေမယ့် အရပ်သုံး စကားလုံးနဲ့ဆို ကိရိယာ၊ တန်ဆာပလာ-လို့ ခေါ်ရမယ် ထင်တယ်။ လက်သမားဆရာ တစ်ယောက်မှာ ကိရိယာလို့ ခေါ်တဲ့ ဆောက်၊ တူ၊ ပေါက်ဆိန်တို့ မရှိရင် အလုပ် မလုပ်နိုင်သလို သင်ပုန်း (Tablet) လောကမှာလည်း App ဟာ မရှိမဖြစ် ကိရိယာတွေပါ။  

အိုင်ပက် (iPad) အတွက် အပ်ပယ်လ်ရဲ့ App Store မှာ တင်ထားတဲ့ App အမျိုးအစားပေါင်း သိန်းချီ ရှိပါတယ်။ App တစ်ခုချင်းစီမှာ သီးသန့် လုပ်ဆောင်ချက် ရှိကြတယ်။ ကိုယ်စီ လက္ခဏာရပ်တွေနဲ့ပေါ့။ စာဖတ်တဲ့ App၊ အဘိဓာန် App၊ သီးချင်းနာထောင်တဲ့ App၊ ဗီဒီယို App၊ မြေပုံကြည့်တဲ့ App၊ မှတ်စုသိမ်းတဲ့ App စတာတွေပေါ့။ App ကို အခမဲ့ ပေးတာ ရှိသလို ပိုက်ဆံပေး ၀ယ်ရတာလည်း အများကြီးပါ။ အခမဲ့ ရရှိတဲ့ App အများစုကိုတော့ အပြည့်အစုံ မပါတတ်ပါ။ သုံးရရုံလေးသာ အခမဲ့ ပေးထားတာပါ။ ၀ယ်သုံးရတဲ့ App တွေကလည်း ဈေးကြီးရင် ကြီးသလောက် ပိုပိုပြီး ပြည့်စုံတယ်။ ဥပမာအနေနဲ့ အဘိဓာန် အပ်ပ် (Dictionary App) ဆိုပါစို့- ပေးထားတဲ့ ဖရီးဗားရှင်း(အခမဲ့မူ) ဆိုရင် မီနင်း (အဓိပ္ပါယ်) တစ်ခုလောက်ပဲ ဖွင့်ပေးထားတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာ ၁၀ လောက် ပေးဝယ်ရတဲ့ အောက်စဖို့ အဘိဓာန် အပ်ပ် (Oxford Dictionary App) ဆိုရင် အပြင်မှာ ထုတ်ရောင်းနေတဲ့ စာအုပ်အတိုင်း တအားကို ပြည့်စုံတယ်။ 

အပ်ပ် (App) သိန်းချီ ရှိတဲ့ကြားက အိုင်ပက် (iPad) ၀ယ်ကတည်းက အလိုလို ပါလာပြီးသား အပ်ပ် (App) အကြောင်းတွေနဲ့ စလိုက်ကြရအောင်…။ အိုင်ပက် (iPad) မှာ အော်တိုမတစ် ပါလာတတ်တဲ့ အပ်ပ် (App) ဟာ အမျိုးအစား ၁၇-မျိုးလောက် ရှိတယ်။ အပ်ပ် (App) တွေရဲ့ ပုံပန်း၊ အသုံးပြုနိုင်စွမ်းနဲ့ လုပ်ဆောင်ချက်တွေကို တစ်ခုချင်းစီ ရှင်းပြသွားမှာပါ- 
1. Safari 
2. Mail 
3. Photos 
4. iPod 
5. Calendar 
6. Contacts 
7. Notes 
8. Maps 
9. Videos 
10. You Tube 
11. iTunes 
12. App Store 
13. Game Center 
14. FaceTime 
15. Camera 
16. Photo Booth 
17. Settings
1. Safari (ဆာဖာရီ- အင်တာနက် ဘရောက်ဆာ) 
 အိုင်ပက်နဲ့ အင်တာနက်ကို ချိတ်ဆက်ထားပြီး သုံးတော့မယ်ဆိုရင် အမြဲတန်း ကလစ်နှိပ် ဖွင့်ရတဲ့ အပ်ပ် (App) တစ်ခုပါ။ အိုင်ပက်ကို အလျားလိုက် လှဲထားတာပဲ ဖြစ်ဖြစ်၊ ဒေါင်လိုက် ထောင်ထားတာပဲ ဖြစ်ဖြစ် ဆာဖာရီ (Safari) ကို ဖွင့်လိုက်ရင် မျက်နှာပြင် အပြည့် အလိုလို ပေါ်ပေးတယ်။ ဘယ်လောက်ပဲ ကြီးတဲ့ ၀က်ဆိုက်ဖြစ်ဖြစ်၊ ဘယ်လိုပဲ သေးငယ်တဲ့ ၀က်ဆိုက်ဖြစ်ဖြစ် အပြည့် ပေါ်နေမှာပဲ။ အလျားလိုက်ကို လန်းစကိတ် (Landscape) လို့ သုံးနှုန်းပြီး ဒေါင်လိုက်ကို ပေါ့ထရိတ် (Portrait) လို့ သုံးပါတယ်။ (အဲ… ၀က်ဆိုက်တစ်ခုခုရဲ့ လိပ်စာ မပါရင် အဖြူထည်ကြီးပဲ ပေါ်နေမှာနော့်။) 

ဆာဖာရီကို ဖွင့်လိုက်တာနဲ့ အင်တာနက် စာမျက်နှာ ပွင့်လာမှာပါ။ အင်တာနက် စာမျက်နှာရဲ့ ထိပ်ဆုံးမှာ အလွတ်ကွက် ၂-ခုနဲ့ ဘားတန်းရယ်၊ အပေါင်းလက္ခဏာ (+) ပါတဲ့ ဘားတန်းရယ် ဆိုပြီး ဘားတန်း ၂-ခု ပေါ်လာမယ်။ ထိပ်ဆုံး ဘားတန်းထဲက အလွတ်ကွက် ၂-ကွက်မှာ ရှည်တဲ့ (ဘယ်ဘက်) အကွက်ဟာ ၀ပ်ဆိုက် တစ်ခုခုရဲ့ လိပ်စာ အပြည့်အစုံကို ဖော်ပြပေးတဲ့ အကွက်ဖြစ်ပြီး၊ တိုနေတဲ့ အကွက် (ညာဘက်) ကိုတော့ မသိသေးတဲ့ ၀က်ဆိုက်တစ်ခုခုကို ရှာဖွေရာမှာ အသုံးပြုတဲ့ အကွက် ဖြစ်တယ်။ 

အဲဒီ အလွတ်ကွက် ၂-ကွက်အပြင် ညာဘက်ဒေါင့်နားမှာ အခြား လုပ်ဆောင်ချက်များလည်း ရှိသေးတယ်။ အဲဒါတွေကတော့ နောက်သို့ / ရှေ့သို့ကို ညွှန်ပြတဲ့ မျှား ၂-ခုရယ်၊ ဖွင့်ထားတဲ့ စာအုပ်ပုံစံရယ်၊ စာအုပ်အလယ်ကနေ ဖောက်ထွက်လာတဲ့ မျှားရယ် ဆိုပြီး နောက်ထပ် အပိုဆောင်း လုပ်ဆောင်ချက် ၃-ခု ပါသေးတယ်။ အင်တာနက် စာမျက်နှာ တစ်ခုအတွင်းမှာ ဟိုဟာကြည့်လိုက်၊ ဒီဟာဖတ်လိုက် ထပ်ခါထပ်ခါ နှိပ်ရှာတဲ့အခါမှာ (စာအုပ်ကို လှန်လှောသလို) ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်နေမယ်။ အဲဒီအခါ ရှေ့ကို ဆက်သွားချင်ရင် ရှေ့ဘက်ကို ညွှန်ပြထားတဲ့ မျှားကို နှိပ်၊ နောက်ကို ပြန်ဆုတ်ချင်သပဆိုရင် နောက်ဘက်ကို ညွှန်ထားတဲ့ မျှားကို နှိပ်လိုက်ရုံပါ။ ဒီမျှားတွေကို ကက်ဆက်၊ အောက်စက်တွေမှာ သုံးတဲ့ Previous နဲ့ Next တို့ရဲ့ ပုံစံနဲ့ တစ်ထေရာတည်းပါ။ အလယ်မှာရှိတဲ့ စာအုပ်ဖွင့်ထားတဲ့ ပုံစံက ဘွတ်မာ့က် (Bookmarks) ပါ။ ကြိုက်တဲ့ ၀က်ဆိုက်တွေကို မှတ်ထားတဲ့ လင့် (Link) စာရင်းလို့ ပြောရင် ရမလားပဲ။

 နောက်ဆုံးတစ်ခု ဖြစ်တဲ့ စာအုပ်အလယ်ကနေ မျှားဖောက်ထွက်သွားတဲ့ ပုံစံဟာ ကြိုက်တဲ့ ၀က်ဆိုက်ကို မှတ်ထားဖို့ရယ်။ ဟုမ်း (Home) ဆိုတဲ့ မူလမျက်နှာမှာ အပ်ပ် (App) တစ်ခုအနေနဲ့ သိမ်းထားဖို့ရယ်။ အီမေးလ်ကနေတစ်ဆင့် အများကို မျှဝေ ပို့ပေးဖို့အတွက်ရယ်ပါ။ အောက်ဘားတန်းမှာကျတော့ လက်ရှိ ဖွင့်ထားတဲ့ စာမျက်နှာရယ် ဘေးမှာ အပေါင်းလက္ခဏာ (+) ရယ် ရှိတယ်။ အပေါင်းလက္ခဏာ (+) ကို နှိပ်လိုက်ရင် နောက်ထပ် အလွတ် စာမျက်နှာတစ်ခု ပေါ်လာမယ်။ နောက်ထပ် ၀က်ဆိုက်တစ်ခုကို ထပ်ရှာလို့ ရတယ်ပေါ့။ အပေါင်းလက္ခဏာကို နှိပ်တိုင်း နှိပ်တိုင်း နောက်ထပ် နောက်ထပ် စာမျက်နှာ အလွတ် အများကြီး ပေါ်လာမှာပါ။ ကွန်ပျူတာမှာလိုပဲ အိုင်ပက်မှာလည်း အင်တာနက် စာမျက်နှာ (Web Pages) မြောက်များစွာ တပြိုင်တည်း ဖွင့်ထားနိုင်ပါတယ်။ ကြည့်ချင်တဲ့ မျက်နှာကို ကလစ်ထပ်နှိပ်လိုက်ရုံပဲ။ Active (နည်းနည်းလင်း) နေတဲ့မျက်နှာဟာ ဖွင့်ထားတဲ့ မျက်နှာပေါ့။ 

မသိသေးတဲ့ ၀က်ဆိုက်တစ်ခုခုကို ရှာချင်တော့မယ်ဆိုရင်- 
(၁) ဘားတန်း ၂-ခုထဲက အပေါ်ကို ရွေး၊ အလွတ်ကွက် ၂-ကွက်ထဲက ညာဘက်ဒေါင့်ကွက်ကို ရွေးပါ။ 
(၂) ညာဘက် အလွတ်ကွက်မှာ ကလစ် ၁-ချက်နှိပ်လိုက်ပါ။ အောက်ကနေ လက်ကွက် (ကီးဘုတ်) အလိုလိုပေါ်လာမယ်။ 
(၃) ကြိုက်တဲ့ စာလုံးပေါင်းတစ်ခုခုကို ရိုက်လိုက်ပါ။ (ဥပမာ book ရိုက်လိုက်တယ် ဆိုပါစို့၊ book နဲ့စတဲ့ စာလုံးတွေ တသီတတန်းကြီး ပေါ်လာမယ်။ အဲဒီထဲမှာမှ ကြိုက်တဲ့တစ်ခုကို ဖွင့်လိုက်ပေါ့။) 

အဲ.. တစ်ခုတော့ သတိထားရမှာက ဇော်ဂျီဖောင့်နဲ့ ရေးတင်ထားတဲ့ မြန်မာဘလော့ဂ် (BlogSpot) တွေကိုတော့ ဖတ်လို့ရမှာ မဟုတ်ဘူး။ ဖွင့်လိုက်ရင် လေးကွက် အလုံးတွေပဲ ပေါ်လာမယ်။ မြန်မာဘလော့ဂ်တွေကို ဖတ်ချင်ရင် မိုးကုတ် (Mogok) လို့ခေါ်တဲ့ ၀က်ဘရောက်ဆာကို ဒေါင်းလုတ်ထားရပါမယ်။ 

Tab (အင်တာနက် မျက်နှာ) အများကြီး ဖွင့်ထားတဲ့ အိုင်ပက်ပုံစံ 

ဆက်စပ်လို့ မိုးကုတ် (Mogok) ဒေါင်းလုတ် လုပ်ပုံကို တစ်ခါတည်း တင်ပြသွားပါ့မယ်။ အင်္ဂလိပ် “A” အက္ခရာလို အပြာရောင်နဲ့ App Store ဆိုတဲ့ အပ်ပ်ကို မူလမျက်နှာမှာ ရှာပါ။ 
(၁) App Store (ဒီစာရင်းထဲမှာ နံပါတ် ၁၂ ခုမြောက်) ကို တွေ့တာနဲ့ ၁-ချက် ကလစ်လိုက်ပါ။ (၂) ပေါ်လာတဲ့ မျက်နှာရဲ့ ညာဘက် (အလွတ်) အကွက်မှာ ၁-ချက် နှိပ်ပါ။ (အောက်ဘက်မှာ ကီးဘုတ် ပေါ်လာမယ်) 
(၃) Mogok လို့ ရိုက်ထည့်လိုက်ပါ။ (Mogok web browser စာတန်းပေါ်လာမယ်။ ရွေးပြီး နှိပ်လိုက်ပါ) 
(၄) အင်္ဂလိပ်လို “M” အကြီးနဲ့ အနီရောင် အကွက် တစ်ကွက်ပေါ်လာမယ်။ 
(၅) (ဘေးနားမှာရှိတဲ့) FREE ကို ၁-ခါနှိပ်၊ ပြီးရင် INSTALL APP ကို ထပ်နှိပ်။ 
(၆) (Apple ID အကောင့် ရှိသူများအတွက်) ပတ်စဝေါ့ (Password) တောင်းလိမ့်မယ်။ ပတ်စဝေါ့ ရိုက်ဖြည့်လိုက်ပါ။ ခဏလေးစောင့် ဒေါင်းလုတ် လုပ်ပေးပါလိမ့်မယ်။ 

ပြီးသွားရင် အဲဒါကို နှိပ်ပြီး ဖွင့်။ ဒါဆိုရင် ဘယ်မြန်မာဝက်ဆိုက်ကို မဆို မြန်မာလို ဖတ်လို့ ရပါပြီ။ (မှတ်ချက်။ ID အကောင့် ရှိသူများအတွက်သာ ဒေါင်းလုတ်လုပ်လို့ ရမယ်။ မရှိသူများအတွက် ထည့်ထားပြီးသား အပ်ပ်တွေကိုသာ သုံးလို့ ရမယ်။ ID အကောင့် ဖွင့်ပုံကို သီးခြား ထပ်ဖော်ပြပါမယ်။)

2. Mail (အီမေးလ်)  
ဘယ်အီမေးလ် အကောင့်ကနေမဆို အီမေးလ် လက်ခံရယူခြင်း၊ ဖတ်ခြင်း၊ ပေးပို့ခြင်းတို့ကို လုပ်ဆောင်နိုင်တဲ့ အပ်ပ် (App) တစ်ခုပါ။ ဓာတ်ပုံ၊ PDF ဖိုင်တွေကိုလည်း တွဲပို့နိုင်တယ်။ ပေးပို့လာတဲ့ ဓာတ်ပုံ၊ PDF ဖိုင်တွေကိုလည်း ပရင်တာ တစ်ခုခုကို ထည့်ထားပါက ပရင့်လည်း ထုတ်နိုင်သေးတယ်။ PDF Creator ထည့်ထားရင် PDF ဖိုင်ပါ လုပ်လို့ရသေးတယ်။ မေးလ်လုပ်ဆောင်ချက်ဖြစ်တဲ့ မိုဘိုင်းမီ၊ မိုက်ခရိုဆော့အိတ်စ်ချိန်းကနေ တစ်ဆင့် အသုံးများနေတဲ့ ရာဟူမေးလ် (Yahoo)၊ ဂူးဂဲလ်မေး (Google)၊ အေအိုအယ်လ် (AOL) မေးလ်၊ ဟော့မေးလ် (Hotmail) တွေကို သုံးနိုင်ပါတယ်။

 
Mail (အီမေးလ်) အကောင့်တစ်ခုခုကို ၀င်ထားတဲ့ အိုင်ပက်ပုံစံ 

 မေးလ်ကို ဖွင့်နိုင်ဖို့ လုပ်ဆောင်ရမယ့် အဆင့်အဆင့်- 
(၁) ဟုမ်း (Home) မှာ ရှိနေတဲ့ (ခွေးစိတ်သွား) Setting ကို နှိပ်ပါ 
(၂) ဘယ်ဘက်ကော်လံမှာ ရှိနေတဲ့ Mail, Contacts, Calendars ကို နှိပ်ပါ။ 
(၃) ညာဘက်ကော်လံမှာ ရှိနေတဲ့ Add Account ကို နှိပ်ပါ။ 
(၄) ညာဘက်ကော်လံမှာ ပြထားတဲ့ မေးလ်အများစုထဲက မိမိသုံးမယ့် Yahoo, Google, Hotmail တစ်ခုခုကို နှိပ်ပါ။ (ဘောက်တစ်ခု ပေါ်လာလိမ့်မယ်။) 
(၅) Name = ……………………, မိမိနာမည် 
Email = ……………………, လက်ရှိသုံးနေတဲ့ အီမေးလ် 
Password = ……………………, လျို့ဝှက်စာဂဏန်း 
Description = ……………………, Yahoo, Google တစ်ခုခုကို ရွေးပါ။ 
(၆) ညာဘက်အပေါ်ထောင့်မှာ ရှိတဲ့ Next ကို ဆက်နှိပ်ပါ။ 
(၇) Save လိုက်ပါ။ ရွေးချယ်ထားတဲ့ မေးလ် အော်တို ၀င်သွားပါပြီ။ 

ဘယ်အချိန်ဖြစ်ဖြစ် မေးလ်ကို သုံးချင်ရင် Mail ဆိုတဲ့ App ကိုသာ နှိပ်လိုက်ပါ။ အလိုလို မေးလ်ထဲ ရောက်သွားလိမ့်မယ်။ ဘယ်ဘက်ကော်လံမှာ ရှိတဲ့ ဇယားတွေက ကွန်ပျူတာမှာ သုံးနေတဲ့ အီမေးလ်အတိုင်းပါပဲ။ (မှတ်ချက်= ဖွင့်ထားတဲ့ မေးလ်အကောင့် အမြဲတန်းလိုလို အော်တို ၀င်နေမှာနော့်။ အိုင်ပက် ပါဝါ မပိတ်မချင်း သူများတွေရဲ့ မေးလ်ထဲမှာ မိမိရဲ့ အီမေးလ်အကောင့် Always ဖြစ်နေမယ်။ စိမ်းနေမယ်။) 

3. Photos (ဓာတ်ပုံ)  

နေကြာပန်းပုံနဲ့ လုပ်ထားတဲ့ အပ်ပ် (App) ကို Photos (ဓာတ်ပုံ) လို့ ခေါ်တယ်။ ဒီ Photos (ဓာတ်ပုံ) ကို နှိပ်ပြီး ဖွင့်လိုက်တာနဲ့ ခေါင်းစီး ၃-ခုရှိတဲ့ စာမျက်နှာ တစ်ခု ပေါ်လာလိမ့်မယ်။ ခေါင်းစီး ၃-ခုကတော့- Photos, Albums နဲ့ Place ပါ။ 

Photos ခေါင်းစီးအောက်ကနေ အိုင်ပက်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ၊ အင်တာနက်ကနေ သိမ်းထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရှုနိုင်တယ်။ Albums ခေါင်းစီးအောက်ကနေ အယ်လ်ဘမ်တစ်ခုအနေနဲ့ သိမ်းထားပေးတယ်။ Place ခေါင်းစီးအောက်ကနေ ရောက်ရှိတဲ့ နေရာကို ပြပေးတဲ့ မြေပုံလည်း ရှိတယ်။ မိမိရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ ဘယ်နေရာလဲရှိတာကို ပြသပေးတဲ့ သဘောပါ။


ဓာတ်ပုံတွေကို Slideshow လုပ်ထားတဲ့ နမူနာပုံစံ

 ပြီးတော့ ဒီခေါင်းစီး ၃-ခုဘေးနားမှာ ရှိနေတဲ့ နောက်ထပ် ရှိပါသေးတယ်။ Slideshow နဲ့ မျှားခေါင်းလေးပါ။ Slideshow ဟာ ဓာတ်ပုံတွေကို စလိုက်ရှိုးအနေနဲ့ ကြည့်နိုင်ဖို့ လုပ်ဆောင်ချက်တွေ ထည့်ပေးထားတယ်။ စလိုက်ရှိုးအတွက် ဓာတ်ပုံ တစ်ပုံနဲ့တစ်ပုံ အကူးအပြောင်း လုပ်ပေးတဲ့ ထရန်စီရှင်း (Transition) နဲ့ ထည့်သွင်းရမယ့် နောက်ခံသီချင်း (Music) လည်း ပါဝင်သေးတယ်။ 

Slideshow ရဲ့ ဘေးနားမှာ ရှိနေတဲ့ မျှားခေါင်းကို နှိပ်ပါက ဓာတ်ပုံကို Share လုပ်ဖို့ (အများဆီကို မေးလ်ကနေတစ်ဆင့် ပို့ပေးဖို့) လုပ်ဆောင်ချက်ရယ်၊ ကော်ပီ (Copy) ရယ်၊ ဖျက်ဖို့ (Delete) ရယ်ဆိုပြီး နောက်ထပ် ၃-ခု ရှိပါသေးတယ်။ အဲ…ထူးဆန်းတာ တစ်ခုက အခုနောက်ပိုင်း (iOS.5.1.1 စက်လည်ပတ်မှုစနစ် မြှင့်တင်ပြီး နောက်ပိုင်း) အိုင်ပက် လော့ဂ်ကျနေသည့်တိုင် (အိုင်ပက်ကိုဖွင့်တဲ့ မျှားခေါင်းဘေးမှာ ရှိနေတဲ့) နေကြာပန်းပုံကို နှိပ်ပါက ဓာတ်ပုံကို ကြည့်ရှုနိုင်ပါသေးတယ်။ 

4. iPod (အိုင်ပေါ့)  
iTunes ကနေတစ်ဆင့် ကိုယ်ပိုင် ထည့်သွင်းထားတဲ့ သီးချင်း၊ အင်တာနက်ကနေ ဒေါင်းလုတ်ထားတဲ့ သီချင်း၊ ရီကော့ လုပ်ထားတဲ့ အသံတွေကို စုစည်းပေးထားတဲ့နေရာကို iPod (အိုင်ပေါ့) လို့ ခေါ်ပါတယ်။ iPod (အိုင်ပေါ့) ကို အသံပိုင်းဆိုင်ရာ ဖွင့်တဲ့ ပလေယာ တစ်ခုအနေနဲ့ သုံးပါတယ်။ စမတ်ဖုန်းမှာ ပါတတ်တဲ့ MP3 ပလေယာပါပဲ။ (အရုပ်မပါ၊ သီချင်း အသံသက်သက် ဖွင့်တဲ့ ကိရိယာပေါ့။) iPod (အိုင်ပေါ့) ကို ဖွင့်ပြီး နားထောင်မယ်ဆိုရင် အောက်ပါ ပေးထားတဲ့ နည်းလမ်း ၂-မျိုးထဲက တစ်မျိုးမျိုးနဲ့ သီးချင်း၊ အသံတွေကို အရင်ထည့်သွင်းထားရပါမယ်။ 

နည်း (၁)
-အိုင်ပက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။ 
-iTunes ဆိုတဲ့ ဆော့ပ်ဝဲလ်ကို ဖွင့်လိုက်ပါ။ (ကွန်ပျူတာမှာ iTunes အင်စတောလ် ထားပြီးသား ဖြစ်နေရပါမယ်။) 
- (iTunes ပွင့်လာရင်) File > Add file to Library ကို ရွေးနှိပ်ပါ။ (Add file to Library ဆိုတဲ့ ဘောက်တစ်ခု ထပ်ပေါ်လာမယ်။) 
- (ကွန်ပျူတာမှာ သိမ်းဆည်းထားတဲ့) သီးချင်းရှိတဲ့ ဖိုင်ကို ရှာရွေးပါ။ တွေ့ရင် ကလစ် ၂-ချက် အမြန်နှိပ်ပါ (သို့မဟုတ်) ကလစ် ၁-ချက်နှိပ်ပြီး ဘောက်ထဲက Open ကို ထပ်ဖွင့်ပါ။ ဒါဆိုရင် မိမိရွေးထားတဲ့ သီချင်း၊ အသံက iTunes ထဲ ရောက်လာပြီ။ 
- iTunes ရဲ့ ညာဘက်အောက်ဆုံးဒေါင့်မှာ ရှိနေတဲ့ Sync ကို နှိပ်လိုက်ပါ။ (အိုင်ပက်ထဲ သီချင်း၊ အသံ ၀င်သွားနေတာကို တွေ့ရမှာပါ။ ကြိုက်သလောင် သွင်းပြီးရင် အိုင်ပက်ကို ကြိုးဖြုတ်၊ အိုင်ပက်ထဲက iPod (အိုင်ပေါ့) ကို ဖွင့်လို့ ရပါပြီ။ 

နည်း (၂) 
-အိုင်ပက်ထဲက ဟုမ်း (မူလမျက်နှာ) မှာ ရှိတဲ့ iTunes ကို ဖွင့်ပါ။ (Apple ရဲ့ iTunes Store ရောက်သွားမယ်။) - iTunes Store ရဲ့ စာမျက်နှာ အောက်ခြေမှာ Podcasts, iTunes U, Dowloads ဆိုပြီး စာတန်း သုံးမျိုး ရှိနေမယ်။ အဲဒီသုံးခုထဲက ပထမ ၂-ခုအနက် တစ်ခုခုကို ရွေးပြီး သက်ဆိုင်ရာ အသံဖိုင်၊ သီးချင်းတွေ ရလာလိမ့်မယ်။ ဒေါင်းလုတ် လုပ်ချင်ရင်တော့ နောက်ဆုံးဖြစ်တဲ့ Dowloads ကို ရွေးပေါ့။ iPod (အိုင်ပေါ့) နဲ့ သီးချင်း၊ အသံတွေကို ဖွင့်မယ်၊ ပိတ်မယ်၊ ကျော်မယ်၊ ပြန်ရစ်မယ်ဆိုရင် MP3 Player မှာ လုပ်နေတဲ့ လုပ်ပုံလုပ်နည်းအတိုင်းသာ လုပ်လိုက်ပါ။
5. Calendar (ပြက္ကဒိန်) 
စာရင်းဇယားနဲ့ အစီအစဉ်တွေကို ချမှတ်ဖို့အတွက် အိုင်ပက်မှာ ပြက္ကဒိန်ကို ထည့်ပေးထားတယ်။ နေ့၊ လနဲ့ နှစ်အလိုက် ပြက္ကဒိန်ကို ထည့်ပေးထားသဖြင့် နှစ်ပေါင်းများစွာကို ကြိုတင် ကြည့်နိုင်သလို တရက်တည်းမှာပင် ဖြစ်စဉ် တစ်ခုချင်းစီကိုလည်း ပြည်လည် ကြည့်ရှုနိုင်ပါသေးတယ်။ ဥပမာ- လာမယ့် အောက်တိုဘာလ ၃၁-ရက်နေ့မှာ သီတင်းကျွတ် မီးထွန်းပွဲတော် နွှဲမယ် ဆိုပါစို့။

ဒီဖြစ်စဉ်ကို ပြက္ကဒိန်မှာ မှတ်တမ်းတင် ထည့်သွင်းထားလိုပါက- 
(၁) ပြက္ကဒိန်ရဲ့ ထိပ်ပိုင်းမှာ ရှိနေတဲ့ Day, Week, Month, Year, List မီနူထဲက Month ကို ရွေးနှိပ်ပါ။ (၂) အောက်တိုဘာလ ၃၁ ကို ရွေးပါ။ 
(၃) ပြက္ကဒိန်ရဲ့ အောက်ခြေမှာ ရှိနေတဲ့ အပေါင်းလက္ခဏာ (+) ကို နှိပ်ပါ။ (ဇယားတစ်ခု ကျလာလိမ့်မယ်။) (၄) Title နေရာမှာ ပါဝင်ဆင်နွှဲမယ့် အဖြစ်အပျက်ကို နာမည်ပေး ရိုက်ထည့်ပါ။ (ဥပမာ Lighting Festival) -Location နေရာမှာ ပါဝင်ဆင်နွှဲမယ့် နေရာကို နာမည်ပေး ရိုက်ထည့်ပါ။ (ဥပမာ-Shwedagon) -Start, Ends, Time Zone ကို ထပ်နှိပ်ပါ။ (နေ့၊ အချိန်၊ နာရီ ပြောင်းရန်) 
-ဇယားအောက်တွဲမှာ ထပ်ပေါ်လာတဲ့ နေ့ရက်၊ နာရီ၊ အချိန် (မနက် / ညနေ) တွေကို ထပ်ရွေးပါ။ (ဥပမာ Web, 7 PM – 9 PM) ရွေးပြီးပြီဆိုရင်- 
-(ဇယားထိပ်ဆုံးမှာ ရှိနေတဲ့) Done ကို နှိပ်လိုက်ပါ။ 

ဒါဆိုရင် ပါဝင်ဆင်နွှဲမယ့် သီတင်းကျွတ် မီးထွန်းပွဲတော် အကြောင်းကို ဦးဏှောက်နဲ့၊ မှတ်စုစာအုပ်နဲ့ မှတ်သားစရာ မလိုတော့ဘဲ၊ ပြက္ကဒိန်ကို ကောက်ကြည့်လိုက်တာနဲ့ ပွဲတော်ကို ဆင်နွှဲရမယ့်အချိန်ကို တန်းသိမှာပါ။ ဆိုလိုတာက ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ ၃၁ (သီတင်းကျွတ်လပြည့်) နေ့၊ ညပိုင်း ၇-နာရီကနေ ၉-နာရီအထိကို အိုင်ပက်ရဲ့ ပြက္ကဒိန်ဇယားကွက်ထဲမှာ ထည့်သွင်းလိုက်တာပါ။ 

-အပိုင်း-၃ ကို ဆက်လက်ဖော်ပြပါမယ်-

Aug 6, 2012

အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၁)


အခုတစ်ခါ အိုင်ပက် (iPad) အသုံးပြုတဲ့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။ အိုင်ပက် (iPad) အသုံးပြုပုံကို ဖော်ပြချင်တာ ကြာလှပါပြီ။ သို့သော် စိတ်ကူးရုံ သက်သက်လေး။ စိတ်ကူးကို အကောင်အထည် မဖော်နိုင်သေး။ မဖော်နိုင်တဲ့ အကြောင်းကလည်း အများကြီးလေ။ အိုင်ပက် (iPad) ကို သုံးတဲ့လူ နည်းနေတာကြောင့်ရယ်။ သုံးနေကြတဲ့ အနည်းငယ်သော သူတွေကလည်း အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ လမ်းညွှန်းကို ဖတ်ပြီး သုံးနိုင်ကြတာရယ်ကြောင့်ပါ။

အဲလို ခပ်ဆိတ်မ နေလာခဲ့တာ…။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ မိတ်ဆွေတစ်ဦးက နယူးအိုင်ပက် (The New iPad) ကို ၀ယ်သုံးတယ်။ သင်ပုန်း (Tablet) တစ်မျိုးမျိုးကို ၀ယ်သုံးဖို့ သူ စိတ်ကူးနေတာ ကြာလှပြီ။ ဒါပေမယ့် ဘာဝယ်ရမှန်း မသိဘူး။ အိုင်ပက်က ကောင်းနိုးနိုး၊ ဆမ်ဆောင်းကပဲ ဟိုလိုလိုနဲ့ပေါ့။ နောက်ဆုံးတော့ အိုင်ပက် ကောင်းတယ်လို့ ဘယ်သူကများ ညွှန်းသလဲတော့ မသိပါ။ စာရေးသူရဲ့ ဘလော့ထဲက အိုင်ပက်အကြောင်းကို သူ ဖတ်ဖြစ်ချင်လည်း ဖြစ်မှာပါ။ နောက်ဆုံးမှာတော့ ၀ယ်လိုက်ပါပြီ။ မျောက် အုန်းသီး ရသလို ဟိုပြေးဒီလွှား နေရသလားတော့ မပြောတတ်ပါ။ အိုင်ပက် ရရချင်း စာရေးသူဆီ လှမ်းဆက်သွယ်လာတယ်။ အိုင်ပက်အကြောင်းနဲ့ ပတ်သက်ပြီး မေးလိုက်တာများ တပုံတစ်ခါကြီး။ စာရေးသူကလည်း တတ်သမျှ မှတ်မိသလောက် ဖောက်သည်ချပေးပါတယ်။

အဲ…အဲမိတ်ဆွေက အင်္ဂလိပ်စာကို တီးမိခေါက်မိရုံလေးပါ။ သူ့လိုပဲ အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်တဲ့ အိုင်ပက်သုံးသမား မြန်မာပြည်မှာ အများကြီး ရှိတယ်တဲ့။ သူ သိတဲ့ အိုင်ပက်သုံး လူတွေလည်း တပုံကြီး၊ ဆယ်ဂဏန်းချီ ရှိတယ်လို့ ပြောတယ်။ လမ်းညွှန်းကို မဖတ်တတ် ဖတ်တတ်နဲ့ လမ်းညွှန်းချက်အတိုင်း လိုက်လုပ်တာ တလွဲချည်းပဲတဲ့။ အမြဲတန်းလိုလို အိုင်ပက် အရောင်းဆိုင်တွေနဲ့ နှစ်ပါးသွားနေရသတဲ့။ စာရေးသူကိုလည်း အွန်လိုင်းမှာ ဆုံဖြစ်မှ မေးရမြန်းရတယ်ဆိုတော့ မဆုံဖြစ်တဲ့အခါ အဆင်မပြေဘူး။ ဒါကြောင့် အိုင်ပက် သုံးပုံ သုံးနည်း မြန်မာလို ရေးထားတဲ့ ၀က်ဆိုက်တွေ ရှိရင် ညွှန်းစမ်းပါဦး၊ စာရေးသူကိုလည်း သူ့ကို ရှင်းပြသလို အခြားသူတွေကို ထပ်ရှင်းစရာ မလိုအောင် အိုင်ပက်အကြောင်း ရေးတင်ပါဦးလို့ တောင်းဆိုတယ်။ ဒီလို အကြောင်းလေးတွေကြောင့် ကောက်ကာငင်ကာ အိုင်ပက် အသုံးပြုနည်းကို တင်လိုက်ပါတယ်။

အိုင်ပက် အသုံးပြုနည်း (အပိုင်း-၁) မှာ အိုင်ပက်ရဲ့ မူလမျက်နှာ (စကရင်း) ထိပ်ဆုံးပိုင်း ဘားတန်း တစ်လျှောက်မှာ ရှိနေတဲ့ လုပ်ဆောင်ချက် (Functions) များကိုပဲ ဦးစွာ တင်ပြပါမယ်။ နောက်ကျမှ အခွင့်သင့် အခါသင့် အပိုင်း-၂၊ အပိုင်း-၃ တို့ကို ဆက်လက်ပြီး ဖော်ပြပါမယ်။
(အမှာ= အိုင်ပက်အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြထားပေမယ့် အိုင်ဖုန်း (iPhone) အိုင်ပေါ့တ် တပ်ဂ်ျ (iPod Toch) တို့မှာလည်း အသုံးပြုလို့ ရပါတယ်။ အသုံးပြုနိုင်ခြင်း အကြောင်းရင်းက iPad, iPhone, iPod Touch သုံးခုလုံးဟာ စက်လည်ပတ်မှုစနစ် တစ်မျိုးထဲ တစ်ပုံစံထဲကြောင့်ပါ။)


အိုင်ပက်ရဲ့ မူလမျက်နှာလို့ခေါ်တဲ့ ဟုမ်း-စကရင်းပေါ်က အခေါ်အဝေါ်နဲ့ လုပ်ဆောင်ချက်များ

1. Home (ဟုမ်း-ခလုတ်)
Home (ဟုမ်း-ခလုတ်) ကို မူလစာမျက်နှာလို့ ပြောရင် ပိုသင့်တော်မယ် ထင်တယ်။ ဘာဖြစ်လဲဆိုတော့ ဘယ်မျက်နှာကိုပဲ ဖွင့်ထားဖွင့်ထား ပြန်ဖျောက်ချင်လို့ပဲ ဖြစ်ဖြစ်၊ ပြန်ပိတ်ချင်လို့ပဲ ဖြစ်ဖြစ် ဒီ Home (ဟုမ်း-ခလုတ်) ကိုသာ နှိပ်လိုက်ပါ။ အဲဒီအခါကျရင် မူလစာမျက်နှာကိုပဲ ပြန်ရောက်သွားမှာမို့လို့ပါ။
Home (ဟုမ်း-ခလုတ်) ကို သွားပြီးနှိပ်စရာ မလိုဘဲနဲ့ မူလမျက်နှာကို ပြန်ရောက်သွားတဲ့ နည်းလမ်းကလည်း ရှိသေးတယ်။ အဲဒါက- လက်ရှိ ဖွင့်ထားတဲ့ မျက်နှာ (Tab) ပေါ်ကို လက်ငါးချောင်းလုံးကို စကရင်းပေါ် ဖြန့်တင်လိုက်ပါ။ ပြီးရင် လက်ငါးချောင်းလုံးကို အတွင်းဘက်သို့ ဆွဲစိ (ဆွဲစု) လိုက်ပါ။ ဒါဆိုရင် လက်ရှိ ဖွင့်ထားတဲ့ မျက်နှာ (Tab) က ပျောက်သွားပြီး မူလမျက်နှာ အဖွင့်-စကရင်းသို့ ပြန်ရောက်သွားမယ်။ ဒီနည်းက Home (ဟုမ်း-ခလုတ်) ကို ချွေတာတဲ့ သုံးနည်းလည်း ခေါ်တယ်။ Home (ဟုမ်း-ခလုတ်) ကို အမြဲတန်း နှိပ်နေရင် ခလုတ် ပျက်သွားမှာကို ကြောက်တဲ့သူတွေအတွက် ဒီနောက်နည်းကို သုံးပါ။

2. Airplane mode (လေယာဉ်-စနစ်)
Airplane mode (လေယာဉ်-စနစ်) ဆိုတာ လေယာဉ်ပျံ ပုံစံဖော်ထားတဲ့ စကရင်းအတွင်းက အွန်/အော့ပ် (On/ Off) ခလုတ်ပါ။ ဒီခလုတ်ကို အွန်-ထားရင် (ဖွင့်ထားရင်) ချိတ်ဆက်ထားတဲ့ အင်တာနက် ကွန်နက်ရှင်းတို့၊ ဘလူးတု(တ်) စနစ်တို့ အလုပ် မလုပ်တော့ပါ။ ၀ိုင်ဖိုင် (Wi-Fi) နဲ့ ပတ်သက်တဲ့ ကွန်ယက်အားလုံးကို ပြတ်တောက်လိုက်တာပါ။ ကွန်ပျူတာမှာ တို့တစ်တွေ သုံးနေကျ Stand by, Sleep စနစ်တို့နဲ့ ချွတ်စွတ်ပဲ။
လေယာဉ်နဲ့ ခရီးသွားရတဲ့အခါ လေယာဉ်ပေါ် ဖုန်း/သင်ပုန်းတွေကို အသုံးပြုခွင့် မပေးပါ။ ထိုအခါ ဖုန်း/သင်ပုန်းကို ပါဝါ-ပိတ်နေရရင် ကြန့်ကြာတတ်တယ်။ လေယာဉ်ပေါ်က အဆင်း ဖုန်း/သင်ပုန်းကို ပြန်ဖွင့်တဲ့အခါမှာလည်း ပြန်ပွင့်လာဖို့ စောင့်ရတာလည်း နည်းနည်းတော့ ကြာတယ်မဟုတ်လား။ ဒါကြေည့်လည်း ပါဝါကို ဖွင့် / ပိတ် လုပ်နေရမယ့်အစား Airplane mode (လေယာဉ်-စနစ်) ကိုသာ ရွေးနှိပ်လိုက်ပါ။ ဒါဆိုရင် ပါဝါအဖွင့် / အပိတ်အတွက် အချိန်ကုန် သက်သာတယ်။
ကားနဲ့ ခရီးဝေး သွားရမယ့် အချိန်မှာလည်း Airplane mode (လေယာဉ်-စနစ်) ကို အွန်-ထားရင် ဘက္ထရီ အားကုန် သက်သာတယ်။ ဖြတ်သန်းသွားလာတဲ့ လမ်းတစ်လျှောက်က တာဝါတိုင်တွေရဲ့ ဆွဲအားနဲ့ အိုင်ပက်ထဲက ဆက်သွယ်ရေးစနစ်တို့က အော်တိုမတစ် ချိတ်ဆက်နေကြတယ်။ ဒီ Airplane mode နဲ့သာ ပိတ်မထားရင် ဘက္ထရီအား ဆွဲစားသွားမယ်။ ဘက္ထရီအား ချွေတာလိုတဲ့အခါ ဒီမုဒ်ကိုသာ ဖွင့် (On) လိုက်ပါ။

အိုင်ပက်ရဲ့ နောက်ကျောနဲ့ ဘေးနှစ်ဘက်ရှိ အခေါ်အဝေါ်နဲ့ လုပ်ဆောင်ချက်များ

Airplane mode (လေယာဉ်-စနစ်) ကို အွန်-ထားရင် အောက်ပါ အချက်အလက်များ အသုံးပြုလို့ မရပါ-
၁။ အီးမေးလ် ပေးပို့ခြင်း၊ လက်ခံခြင်း။
၂။ အင်တာနက် ဘရောက်ဆာကို ဖွင့်ခြင်း။
၃။ ဖုန်းနံပါတ်၊ အီးမေးလ် အကောင့်၊ ပြက္ကဒိန်တွေကို စင်းခရိုနိုက် (သိမ်းဆည်း) ခြင်း။
၎။ ယူတျုစ် (Youtube) ကနေ ဗီဒီယို တင်ခြင်း၊ ဖွင့်ကြည့်ခြင်း။
၅။ ရာသီဥတု သတင်းအချက်အလက်။
၆။ မြေပုံစနစ်။
၇။ အပ်ပ်စတိုး (Apps Store) ကို ဖွင့်ခြင်း။
၈။ အင်တာနက်ကနေ ပေးထားတဲ့ ဂိမ်းတွေကို ဆော့ကစားခြင်း-တို့ ဖြစ်တယ်။

3. 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီစနစ်)
အိုင်ပက်ရဲ့ စကရင်း ထိပ်ဆုံးပိုင်းမှာ ပြသပေးနေတဲ့ 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) သင်္ကေတဟာ တို့တစ်တွေ အသုံးပြုနေတဲ့ ဖုန်းဆင်းကဒ်ရဲ့ လုပ်ဆောင်မှုစနစ်ကို ပြသပေးတယ်။ ၀ိုင်ဖိုင် (Wi-Fi) သက်သက် သရီး-ဂျီ (3G) ဖိုး-ဂျီစနစ် (4G) မပါတဲ့ အိုင်ပက်မှာတော့ ဒီစနစ် ပါဝင်မှာ မဟုတ်ပါ။
ထပ်ရှင်းရရင်- အိုင်ပက် (iPad) တိုင်းမှာ အမျိုးအစား ၂-မျိုး ကွဲပြားတယ်။
၁။ ၀ိုင်ဖိုင် (Wi-Fi) သက်သက်ရယ်၊
၂။ ၀ိုင်ဖိုင်+သရီး-ဂျီ (အိုင်ပက်တူး အတွက်) ၀ိုင်ဖိုင်+ဖိုး-ဂျီ (အိုင်ပက်-သရီး အတွက်) ဆိုပြီး ခွဲထားတယ်။
အဲဒီ ၂-မျိုးကိုသာ သိုလှောင်နိုင်တဲ့ ပမာဏ ၁၆-ဂျီဘီ၊ ၃၂-ဂျီဘီနှင့် ၆၄-ဂျီဘီ ဆိုပြီး ၃-မျိုးစီ ပြန်ကွာဟသွားတယ်။ (အိုင်ပက် အမျိုးအစားပေါင်း ၆-မျိုး ကွဲသွားတာပေါ့)

အခုဖော်ပြတဲ့ 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီစနစ်) ကိုတော့ ဒုတိယအမျိုးအစားဖြစ်တဲ့ WiFi+3G (4G) အိုင်ပက် အမျိုးအစားကိုသာ ရည်ရွယ်တာပါ။ ပထမအမျိုးအစားဖြစ်တဲ့ ၀ိုင်ဖိုင် (Wi-Fi) သက်သက် အိုင်ပက်နဲ့ မဆိုင်ပါ။ (ရေးတင်ထားပြီး ဖြစ်သည့် “အိန္ဒိယအတွက် အိုင်ပက်-သရီး” သတင်းကို ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်- http://ayechanmon.blogspot.in/2012/04/ipad3_17.html)

အိုင်ပက်ရဲ့ ထိပ်ပိုင်း ဘားတန်းပေါ်က လုပ်ဆောင်ချက်များ

ဝိုင်ဖိုင် (Wi-Fi) သက်သက် ပါတဲ့ အိုင်ပက်ကို ၀ိုင်ဖိုင် မိတဲ့နေရာလောက်သာ အသုံးပြုလို့ ရတယ်။ ၀ိုင်ဖိုင် လွင့်ထားတဲ့ နေရာ (ဥပမာ-အိမ်၊ ရုံးခန်း၊ ပလာဇာ၊ လေဆိပ်) လောက်မှာသာ အင်တာနက်ကို အသုံးပြုနိုင်တယ်။ (ဒါတောင် အခမဲ့ ပေးထားဦးမှ။ အများစုက ပတ်စဝေါ့ (Password) နဲ့ ၀င်သုံးရတဲ့ ၀ိုင်ဖိုင်သာ များတယ်။) ဒါပေမယ့် ၀ိုင်ဖိုင်+သရီး-ဂျီ (ဒါမှမဟုတ်) ၀ိုင်ဖိုင်+ဖိုး-ဂျီ အိုင်ပက်ဟာ ၀ိုင်ဖိုင် မိတဲ့ နေရာတိုင်း အသုံးပြု ရရုံသာမက ဆင်းကဒ် (SIM) သီးသန့် ပါတဲ့အတွက် ဆင်းကဒ်ကနေတစ်ဆင့် ချိတ်ဆက်ထားတဲ့ အင်တာနက် ကွန်ယက်တွေ အားလုံး အသုံးပြုလို့ ရတယ်။ ဆိုလိုတာက ဖုန်းလိုင်း ၀င်တဲ့နေရာတိုင်းမှာ ဖုန်းလိုင်းကနေတစ်ဆင့် အင်တာနက်ကို အသုံးပြုလို့ ရတယ်။ အဲလို ကွန်ရက်ကို အသုံးပြုတဲ့နေရာမှာ ဆင်းကဒ်ကုမ္ပဏီကနေတစ်ဆင့် မိမိယူထားတဲ့ သရီး-ဂျီ/ ဖိုး-ဂျီရဲ့ ပက်ကေ့ (Package) အလိုက် အသုံးပြုလို့ ရပါတယ်။
ဒီသရီး-ဂျီစနစ်ကိုတော့ မြန်မာပြည်ကလွဲရင် နိုင်ငံတိုင်းလိုလိုက ချိတ်ဆက် အသုံးပြုနေကြပါပြီ။ သို့သော် ဖိုး-ဂျီစနစ်ကိုတော့ စက်မှုထွန်းကားတဲ့ အရှေ့အာရှ၊ ဥရောပနဲ့ အမေရိကလောက်သာ အသုံးပြုလို့ အဆင်ပြေသေးတယ်။ (ဒီနေရာမှာ သတိထားရမှာက နယူးအိုင်ပက်လို့ ခေါ်တဲ့ အိုင်ပက်-သရီး (The New iPad) ကို ၀ယ်သုံးတဲ့အခါမှာ နံပါတ် ၂ အမျိုးအစားဖြစ်တဲ့ ၀ိုင်ဖိုင်+ဖိုး-ဂျီ ၀ယ်ထားပေမယ့် မိမိနိုင်ငံမှာ သုံးလို့ မရသေးရင် ဒီဖိုး-ဂျီအတွက် ငွေပိုကုန်တာပဲ အဖတ်တင်မယ်။ တိုးတက်ပါတယ်ဆိုတဲ့ သြစတေးလျနိုင်ငံမှာတောင် ဖိုး-ဂျီ အသုံးပြုလို့ မရဘူး ဆိုပြီး အိုင်ပက်-သရီး အများကြီးကို အပ်ပယ်လ်ကုမ္ပဏီဆီ ပြန်အမ်းလိုက်သေးတယ်လေ။)

4. EDGE (အက်ဂ်ျ)
စကရင်း ထိပ်ဆုံးပိုင်းမှာ ပြသပေးနေတဲ့ 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) စနစ်ရဲ့ နေရာမှာပဲ ဒီ EDGE (အက်ဂ်ျ) စနစ်ကို ဖော်ပြပေးတယ်။ ၀ိုင်ဖိုင် (Wi-Fi) + သရီး-ဂျီ (3G) / ဖိုး-ဂျီစနစ် (4G) ပါတဲ့ အိုင်ပက်မှာသာ ဒီစနစ်ကို သုံးနိုင်မှာပါ။ အင်တာနက်ရဲ့ ကွန်ယက်စနစ် ဖြန့်ကျက်တဲ့ နိုင်ငံပေါ်မှာ မူတည်ပြီး 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) စနစ်နဲ့ EDGE (အက်ဂ်ျ) စနစ် ကွာခြားသွားတာပါ။ ခုလောလောဆယ်ဆယ် မြန်မာပြည်က ဒီ EDGE (အက်ဂ်ျ) စနစ်ကို ကျင့်သုံးနေတယ်။ သရီးဂျီ/ ဖိုးဂျီ မရသေးတဲ့အတွက် EDGE (အက်ဂ်ျ) စနစ်ကို သုံးရတယ်လို့ ခန့်မှန်းရတယ်။ အင်တာနက်ကို သုံးစွဲတဲ့အခါမှာ 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) စနစ်က EDGE (အက်ဂ်ျ) စနစ်ထက် အများကြီး သာတယ်။ မြန်နှုန်း မြင့်တယ်။ အိန္ဒိယမှာတောင် တစ်ချို့ပြည်နယ်တွေက 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) စနစ် မရသေးပဲ၊ EDGE (အက်ဂ်ျ) စနစ်နဲ့သာ စခန်းသွားနေရတယ်။ ဗုဒ္ဓဂယာ ဘုရားဖူးထွက်တဲ့အခါ ပိုသိသာတယ်။ နယူးဒေလီ၊ မွန်ဘိုင်းတို့က 3G ရနေပေမယ့် ဗိဟာရ်၊ ယူပီ-ပြည်နယ်တွေမှာ EDGE သာ လိုင်းဝင်တယ်။ သုံးနေတဲ့ အိုင်ပက်မှာ ဒီ EDGE (အက်ဂ်ျ) စနစ် ၀င်လာရင် အပေါ်ပိုင်း ဘားတန်းပေါ်မှာ E အတိုကောက် စာလုံးနဲ့ ပေါ်နေတတ်တယ်။ ဖုန်းလိုင်းကို ပြသပေးတဲ့ လိုင်းတန်းရဲ့ ဘေးနားမှာဖြစ်ဖြစ်၊ ဘက္ထရီ သက်တမ်းကို ဖော်ပြပေးတဲ့ လိုင်းတန်းနားမှာ ဖြစ်ဖြစ် E စာလုံး ပေါ်နေရင် EDGE (အက်ဂ်ျ) ကွန်နက်ရှင်းလို့သာ မှတ်ထားလိုက်ပါ။

5. GPRS (ကွန်ယက်)
GPRS ဆိုတာလည်း ချိတ်ဆက်မှု ကွန်ယက်တစ်ခုပါပဲ။ GPRS ရဲ့ အရှည်စာလုံးကိုတော့ General Packet Radio Service ဖြစ်ပြီး ၀-လုံးပုံသဏ္ဌာန်နဲ့ စကရင်းရဲ့ထိပ်ပိုင်းမှာ ပေါ်နေတတ်တယ်။ 3-G စနစ်မပေါ်ခင်က သုံးစွဲခဲ့တဲ့ 2.5-G စနစ် တစ်ခုပါ။ GSM စနစ်သုံး ဖုန်းကွန်ယက်ကနေတစ်ဆင့် သတင်းအချက်အလက်တွေ လက်ခံ / ပေးပို့တဲ့ စနစ်ဆိုလည်း ပြောလို့ရတယ်။ EDGE (အက်ဂ်ျ) လိုပဲ ၀ိုင်ဖိုင် (Wi-Fi) + သရီး-ဂျီ (3G) / ဖိုး-ဂျီစနစ် (4G) ပါတဲ့ အိုင်ပက်မှာသာ ဒီစနစ်ကို သုံးနိုင်မှာပါ။

6. Wi-Fi (၀ိုင်ဖိုင်)
Wi-Fi (၀ိုင်ဖိုင်) ကတော့ ရှင်းပါတယ်။ ဘယ်အိုင်ပက် အမျိုးအစားမှာမဆို မပါမဖြစ် ပါဝင်ရတဲ့ စနစ်တစ်ခုပါ။ အင်တာနက် ချိတ်ဆက်ဖို့ရာ သုံးရတဲ့ လုပ်ဆောင်ချက် တစ်ခုပါပဲ။ ကွန်ပျူတာ အများစုမှာ ကြိုးသုံးပြီး အင်တာနက် ချိတ်ဆက်ရပေမယ့် သင်ပုန်း (Tablet) တိုင်းမှာတော့ ကြိုးမလိုပဲ ကြိုးမဲ့နဲ့ အင်တာနက် ချိတ်ဆက်မြဲ ဖြစ်တယ်။ ဒါကို ၀ိုင်ယာလက် (ကြိုးမဲ့) ဆက်သွယ်မှုလို့ ခေါ်တယ်။ မိမိတို့ရဲ့ အိမ်၊ ရုံခန်းမှာ ဒါမှမဟုတ် အများနဲ့ သက်ဆိုင်တဲ့ ဈေးဆိုင်၊ ဟိုတယ်၊ လေဆိပ်တွေမှာ ၀ါယာလက် ကွန်နက်ရှင်း လွင့်ထားရင် ဒီဝိုင်ဖိုင်ကို ဖွင့်ပြီး အင်တာနက် သုံးနိုင်ပါတယ်။ အခမဲ့ ပေးထားတဲ့ နေရာတိုင်းမှာတော့ ၀ိုင်ဖိုင်ကို ဖွင့်ရုံလေး အင်တာနက် တန်းဝင်လာမှာ ဖြစ်ပေမယ့် ကန့်သတ်ထားရင်တော့ ပတ်စဝေါ့ (Password) နဲ့ ၀င်ရတယ်။ ၀ိုင်ဖိုင်ကို တခြမ်းပဲ့ လိုင်း ၄-ထပ် သင်္ကေတနဲ့ ပြသပေးလေ့ ရှိတယ်။ လိုင်းများလေ ကွန်နက်ရှင်း ပိုမိလေလေပဲ။

Wi-Fi (၀ိုင်ဖိုင်) ကို သုံးနိုင်အောင် အောက်ပါအတိုင်း လုပ်ဆောင်ပါ-
မူလမျက်နှာ (Home Screen) မှာ ရှိနေတဲ့ Setting (ခွေးသွားစိတ်နဲ့ ရုပ်ပုံ) ကို နှိပ်လိုက်ပါ။ နောက်မျက်နှာတစ်ခု ထပ်ပွင့်လာလိမ့်မယ်။ အဲဒီမှာ Setting နဲ့ General ဆိုပြီး ကော်လံ ၂-ခု ဖြစ်နေမယ်။ ဘယ်ဘက်မှာ ရှိတဲ့ ကော်လံထဲက Wi-Fi (တခြမ်းထဲ လိုင်း၎-ထပ်ရုပ်ပုံ) ကို ထပ်နှိပ်။ ပြီးရင် Wi-Fi ကို On လိုက်ပါ။ အောက်မှာ ရှိတဲ့ Choos A Network ကို နှိပ်ပါ။
တကယ်လို့များ ဖရီးပေးထားတဲ့ Wi-Fi (၀ိုင်ဖိုင်) ဖြစ်မယ်ဆိုရင် ပေါ်လာတဲ့ Network အမည်ထဲက တစ်ခုခုကို ကောက်ရွေးလိုက်ရုံနဲ့ အင်တာနက် ကွန်နက်ရှင်း ရပါပြီ။ ဒါပေမယ့် ထိန်းချုပ်ထားတဲ့ Network ဆိုရင် Password (ပစ်စဝေါ့) ကို ထပ်ရိုက်ထည့်ရဦးမှာပါ။

ဝိုင်ဖိုင် အသုံးပြုပုံ အဆင့်ဆင့်

7. Activity (လုပ်ဆောင်ချက်)
Activity (လုပ်ဆောင်ချက်) ဆိုတာ တစ်စုံတစ်ရာကို လုပ်ဆောင်နေဆဲ (လုပ်နေတုန်း) ကို ဆိုလိုတာပါ။ အင်တာနက် ကွန်ရက် ၀င်နေတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် သာဒ်ပါတီလို့ခေါ်တဲ့ အသုံးချဆော့ပ်ဝဲလ် (Apps) တစ်ခုခုကို ဒေါင်းလုတ်နေတာပဲ ဖြစ်ဖြစ် ဒီသင်္ကေတကို ပြလေ့ရှိပါတယ်။ မြန်မာပြည်မှာဆို ၀က်ဘရောက်ဆာ (အင်တာနက် စာမျက်နှာ) တစ်ခုခုကို ဖွင့်ရင်တောင် ဒီ Activity (လုပ်ဆောင်ချက်) က လည်ပြီးမှ ပွင့်လာတတ်တယ်။ သဘောက အင်တာနက် နှေးလေ သူ့လုပ်ဆောင်ချက်က များလေပဲ။ ဒီသင်္ကေတ လည်နေတဲ့အချိန်မှာ လုပ်ဆောင်ဆဲ ဖြစ်တဲ့အတွက် စောင့်ပေးရပါတယ်။ လုပ်ဆောင်ချက် ပြီးတာနဲ့ ချက်ချင်း ပျောက်သွားမယ့် သင်္ကေတပါ။

8. VPN (သီးခြားကွန်ယက်)
Virtual Private Network ရဲ့ စာလုံးကို အတိုကောက်ဖြင့် VPN (သီးခြားကွန်ယက်) လို့ ခေါ်တယ်။ “သီးခြားကွန်ယက် အတု” လို့ ဘာသာပြန်ရလေမလားပဲ။ အများသုံး ကွန်ရက်ကနေ တကိုယ်ရေ တစ်ကာယ သီးခြားကွန်ယက်အဖြစ် ဖန်တီးတာကို ဆိုလိုတာပါ။ ဥပမာ အင်ဖရာနက် (အင်တာနက် မဟုတ်ပါ) အဖြစ် သီးခြား ပံ့ပိုးပေးတဲ့ လုပ်ဆောင်ချက်၊ အင်ဖရာနက်အတွင်းမှာ အမျိုးအစားတူ သင်ပုန်း (Tablet) အချင်းချင်း၊ ဖုန်းအချင်းချင်း သတင်းအချက်အလက်များ ပေးပို့ / လက်ခံရယူနိုင်တဲ့ လုပ်ဆောင်ချက်တွေကို VPN (သီးခြားကွန်ယက်) လို့ ခေါ်တယ်။
အကြမ်းဖျဉ်း ပြောရရင် အင်တာနက် မရှိ၊ ပြင်ပ ကွန်နက်ရှင်းကို မသုံးဘဲ အိုင်ပက် ၂-လုံးကြား အချင်းအချင်း ဆက်သွယ်နိုင်ဖို့ ဖန်တီးပေးထားတဲ့ လုပ်ဆောင်ချက် တစ်ခုပဲ ဆိုပါစို့။

9. Lock (သော့)
အိုင်ပက် တစ်လုံးကို စတင်ပြီး အသုံးပြုတဲ့အခါတိုင်း ဒီ Lock (သော့) ကို အမြဲတန်း ဖွင့်ပေးရတယ်။ အသုံးပြုနေဆဲ ဖြစ်တာတောင် ခဏရပ်ထားရင် ပြန်ပြီး ဖွင့်ရပါတယ်။ ၂-မိနစ်အတွင်း အိုင်ပက်ကို အသုံးမပြုရင် အဲဒီ Lock (သော့) က အော်တို အလိုလို ကျသွားပြီး အိုင်ပက် ပိတ်သွားလိမ့်မယ်။ ပြန်သုံးချင်ရင် ပြန်ဖွင့်ရတယ်။ အဲဒီ Lock (သော့) ကို မိမိစိတ်ကြိုက် ၅-မိနစ်၊ ၁၀-မိနစ် စသည်ဖြင့် ပြန်ချိန်ယူလို့ ရတယ်။ အိုင်ပက်ကို မတို့မထိတဲ့ အချိန်မှာ အလိုလို ပိတ်သွားတာကို လော့ဂ်ချတယ်လို့ ပြောကြတယ် မဟုတ်လား။ ဘက္ထရီအားကို ချွေတာပေးတဲ့ သဘောပါ။

လော့ဂ် ၄-မျိုးကို တွေ့ရပုံ

Lock (သော့) တွင်- Auto Lock, Passcode Lock, iPad Cover Lock, Lock Rotation ဆိုပြီး ၄-မျိုး ရှိတယ်။ ယင်း Lock တို့ရဲ့ လုပ်ဆောင်ချက်များမှာ-
၁။ Auto Lock
အိုင်ပက်ကို အသုံးမပြုတော့တဲ့ အချိန်မှာ မီးအလိုလို ပိတ်သွားတတ်တယ်။
ပြန်ဖွင့်ချင်ရင် Home ခလုတ်ကို နှိပ်၊ လော့ဂ်ကို စလိုက်ခြစ် ခြစ်လိုက်ခြင်းဖြင့် ဖွင့်ပါ။ (ခေါင်းပါတဲ့ မျှား ပေါ်လာလိမ့်မယ်။ မျှားပြရာဘက်ကို လက်ညှိုးတင်ပြီး ဆွဲလိုက်ပါ။ အိုင်ပက် ပွင့်လာပါလိမ့်မယ်။

၂။ Passcode Lock
အိုင်ပက် လုံခြုံမှုအတွက် သော့ခတ်ရပါတယ်။ မိမိရဲ့ အိုင်ပက်ထဲမှာ သိမ်းဆည်းထားတဲ့ သတင်း အချက်အလက်၊ ဓာတ်ပုံ၊ အသံ၊ သီချင်း၊ ဗီဒီယိုဖိုင်တွေကို မိမိကလွဲရင် ကျန်သူများ ဖွင့်လို့ မရအောင် သော့ခတ်တာပါ။
လုပ်နည်းကတော့-
Setting (ပင်နီယံ- ခွေးသွားစိတ်လို ရုပ်ပုံ) ကို နှိပ်ပါ။
-ပွင့်လာတဲ့ နောက်တစ်မျက်နှာမှာ ဘယ်ဘက်အခြမ်းက General ကို ထပ်နှိပ်ပါ။
-ညာဘက်အခြမ်း လေးကွက်မြောက် Passcode Lock (Off) ကို နှိပ်လိုက်ပါ။
-အပေါ်ဆုံးစာသားဖြစ်တဲ့ Turn Passcode On ကို ထပ်နှိပ်ပါ။ (ဇယားကွက်တစ်ခု ပေါ်လာလိမ့်မယ်။)
-ဇယားကွက်ပေါ်မှာ စိတ်ကြိုက် ဂဏန်း ၄-လုံးကို ရိုက်ထည့်လိုက်ပါ။ ဒါဆို ရပါပြီ။
အဲ…အိုင်ပက် ဖွင့်တိုင်း ဒီဂဏန်း ၄-လုံးကို မှန်အောင် နှိပ်နိုင်မှ ပွင့်လာမယ်။

ပတ်စ်ကုဒ် လုပ်ရမယ့်ပုံစံ (ပုံ-၆)

၃။ iPad Cover Lock
အိုင်ပက် အဖုံးကို ၀ယ်သုံးတဲ့သူအတွက်သာ အသုံးဝင်တာပါ။ အိုင်ပက်ကို အသုံးပြုပြီးတိုင်း အဖုံးကို ပိတ်လိုက်တဲ့အခါမှာ အလိုလို မီးပိတ်သွားတာကို iPad Cover Lock လို့ ခေါ်တယ်။ 

ဒါကိုလည်း Setting > General > iPad Cover Lock / Unlock > On ကို ရွေးလိုက်ပါ။
 

၎။ Lock Rotation
Rotation ဆိုတာ အလိုလိုလှည့်ပေးတဲ့စနစ်ကို ဆိုလိုတာပါ။ ဥပမာ-ဗီဒီယိုကို အလျားလိုက် ကြည့်နိုင်အောင်၊ စာအုပ်တွေကို ဒေါင်လိုက် ဖတ်နိုင်အောင်ဆိုပြီး ဒီ Rotation စနစ်ကို ထည့်သွင်းပေးထားတယ်။ ဒီစနစ်ကို မလိုချင်တဲ့အခါ Lock Rotation ကို ရွေးထားရပါမယ်။
လုပ်ဆောင်ချက်ကတော့- ရုပ်ပုံ၊ စာ၊ ဗီဒီယို-စသည်တို့ ဒေါင်လိုက်၊ အလျားလိုက် ဟိုဘက်ဒီဘက် အလိုလို လှည့်သွားတာကို မလိုချင်တဲ့အခါ -
Setting > General > Lock Rotation > On ကို အရင်လုပ်ထားပါ။
ပြီးမှ အိုင်ပက်ကို ဒေါင်လိုက် ကြည့်ချင်တယ်ဆိုရင် ဒေါင်လိုက် ဖြစ်နေတဲ့အချိန်၊ အလျားလိုက် ကြည့်ချင်တယ်ဆိုရင် အလျားလိုက် ဖြစ်နေတဲ့အချိန်မှာ အိုင်ပက်ရဲ့ အပေါ်ပိုင်း ညာဘက်က Side Switch ဆိုတဲ့ အပေါ်ခလုတ် အသေးလေးကို အောက်ဘက်သို့ ဆွဲချလိုက်ပါ။
ဒါဆိုရင် မိမိ ရွေးချယ်ထားတဲ့ (ဒေါင်ဆို ဒေါင်လိုက်၊ အလျားဆို အလျားလိုက်ရဲ့) အနေအထားနဲ့ပဲ ငြိမ်နေလိမ့်မယ်။ ဘယ်လိုစောင်းစောင်း လှည့်လှည့် လိုက်မလည်တော့ပါ။ သူရဲ့ သင်္ကေတက အ၀ိုင်းမျှားရဲ့ အလည်တည့်တည့်မှာ သော့ခတ်ထားတဲ့ ပုံပါ။

10. Play (ဖွင့်ပြ)
iTune, Music အပ်ပ် (ရုပ်ပုံ) ကနေ သီးချင်း တစ်ပုဒ်၊ အသံဖိုင် တစ်ခု၊ အသံပါ-စာအုပ် တစ်အုပ် ဖွင့်ပြနေခြင်းကို ပြသပေးတဲ့ သင်္ကေတ ဖြစ်တယ်။ အသံ တစ်သံ ဖွင့်ဖွင့်ခြင်း ဒီသင်္ကေတ ဘားတန်း ထိပ်ပေါ်မှာ အမြဲတမ်း ပြသပေးတယ်။ အခြား အပ်ပ်တစ်ခုခုကို ပြန်ဖွင့်ပေမယ့် Stop နဲ့ Pause ကို မနှိပ်မချင်း အသံပျောက်သွားမှာ မဟုတ်ပါ။

11. Bluetooth
ဘလူးတု(တ်) ဆိုတာ အိုင်ပက် အချင်းချင်း၊ အမျိုးအစားတူတဲ့ iOS (စက်လည်ပတ်မှုစနစ်) အချင်းချင်း သတင်းအချက်အလက် စသည်များ ပေးပို့ရာမှာ အသုံးပြုတဲ့ ကိရိယာ တစ်ခုဖြစ်တယ်။ ဘလူးတု(တ်) ကို ဖွင့်ချင်ရင်-
Setting > General > Bluetoth > On ကို ရွေးလိုက်ပါ။ (အသုံးမလိုတဲ့အချိန်တော့ ပြန် Off ထားပေါ့။)

12. Battery
ပုံမှန်ဆိုရင် အိုင်ပက်ရဲ့ ဘတ္ထရီကို ဓာတ်ခဲပုံစံနဲ့သာ ပြသပေးတယ်။ ဘက္ထရီအား ဘယ်လောက်ရှိတယ် သိနိုင်ဖို့ ဓာတ်ခဲပုံစံထဲက လျှော့ကျသွားတဲ့ အဖြူလိုင်းကိုသာ မှန်းဆရတယ်။ အဖြူနည်း အမည်းကျန်များရင် ဓာတ်ခဲ အားနည်းနေပြီ။ ဓာတ်ခဲကို အနီရောင်နဲ့ ပြရင် ဆက်မသုံးနဲ့တော့။ အားသာ ပြန်သွင်းလိုက်ပေါ့။
ဒါပေမယ့် ဘက္ထရီရဲ့အားကို ရာခိုင်နှုန်းနဲ့ ဖော်ပြထားရင် အား ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ သိနိုင်တာပေါ့။ ဘက္ထရီအားကို ရာခိုင်နှုန်းနဲ့ ဖော်ပြလိုပါက-
Setting > General > Usage > Battery Percentage ကို ရွေးလိုက်ပါ။ ဒါဆိုရင် ဘက္ထရီရဲ့အားကို ဖော်ပြပေးတဲ့ ဓာတ်ခဲရုပ်ပုံနားမှာ ရာခိုင်နှုန်းကို ဖော်ပြပေးလိမ့်မယ်။

အိုင်ပက်ရဲ့ အသုံးဝင်တဲ့ အပ်ပ် (App) များကို အပိုင်း-၂ မှာ ဆက်လက် ဖော်ပြပါမယ်

Jul 11, 2012

တစစ နာမည်ရလာတဲ့ ကင်ဒယ်လ်


၂၀၁၂ ခုနှစ်ဟာ သင်ပုန်း (Tablet) ခေတ်လို့ သတ်မှတ်နိုင်လောက်အောင် သင်ပုန်းတွေကို တလဟော ထုတ်လုပ်ခဲ့ကြတယ်။ အိန္ဒိယနိုင်ငံထုတ် ဒေါ်လာ ၃၅ တန် အာကာရှ် (Aakash) မှသည် အပ်ပယ်လ်ကုမ္ပဏီထုတ် ဒေါ်လာ ၉၀၀ ကျော်တန် နယူးအိုင်ပက် (New iPad) သို့တိုင် သင်ပုန်းတွေက မြိုင်မှ မြိုင်သလို၊ ကိုင်တွယ်သုံးစွဲသူတွေကလည်း သူထက်ငါ သာအောင် အပြိုင်ကြဲနေကြတာပဲပေါ့။

အီလက်ထရွန်နစ် ကုမ္ပဏီပေါင်းစုံကနေ သင်ပုန်းကို အလုအယက် ထုတ်လုပ်ခဲ့ကြတယ်။ ထုတ်လုပ်နေဆဲ၊ နောက်ထပ်လည်း ထုတ်လုပ်ကြဦးမှာ မလွဲ။ ထွက်ပေါ်လာတဲ့ သင်ပုန်းရဲ့ အမျိုးအစားတွေကို လိုက်ကြည့်ရင် စုံသမှ စုံပါ့။ ကွန်ပျူတာနဲ့ မိုဘိုင်ဖုန်းတို့ကို ထုတ်လုပ်ခဲ့ဖူးသည့် ကုမ္ပဏီတိုင်းလိုလိုက သင်ပုန်းဘက်ကို ခြေဦးလှည့်ခဲ့ကြတာချည်း။ ဒီကြားထဲ ဆော့ဝဲလ် ကုမ္ပဏီတွေကော၊ အွန်းလိုင်းစတိုးနဲ့ နာမည်ကြီးနေတဲ့ အရောင်းဆိုင်တွေကပါ သင်ပုန်းလောကကို ကျောမခိုင်းရက်ပဲ အများနည်းတူ စိတ်ကူးကို အကောင်အထည်လာကြသေးတယ်။ လူမှုရေး ကွန်ရက်မှာ နာမည်ကောင်း ရနေတဲ့ ဖေ့စ်ဘွတ်ကတောင် အားကျမခံ သင်ပုန်းလောကကို အခြေချဖို့ တာစူနေပြီ ဆိုပဲ။

သို့ဖြင့် သင်ပုန်းကို စာအုပ်နဲ့မခြား ကိုင်တွယ် သုံးစွဲလိုသူတွေအဖို့ ရွေးဝယ်စရာ တစ်မျိုးဖြစ်တဲ့ ကင်ဒယ်လ် (Kindle) သင်ပုန်းကို ဒီကနေ့ မိတ်ဆက်လိုက်ကြရအောင်ပါ-
ကင်ဒယ်လ် (Kindle) ကို အမေဇုန်ဆိုတဲ့ အွန်းလိုင်းစတိုးက ထုတ်လုပ်တာပါ။ အီးဘွတ်ခေါ် အီလက်ထရွန်နစ်နဲ့ ပြုလုပ်ထားတဲ့စာအုပ်တွေကို ဖတ်ဖို့အတွက် အမေဇုန်က ကင်ဒယ်လ်ကို တီထွင်ခဲ့တယ်။ အမေဇုန်ရဲ့ အွန်းလိုင်းစတိုးမှာ တင်ထားတဲ့ အီးဘွတ်တွေကို ဒေါင်းလုတ်ယူပြီး ကင်ဒယ်လ်ဆိုတဲ့ ကိရိယာနဲ့ ဖတ်နိုင်ဖို့ရာ ရည်ရွယ်တာပါ။ ကင်ဒယ်လ်-ဆိုတဲ့ နာမည်ကို အမေဇုန်ကုမ္ပဏီမှာ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်း ၁၂၆ ယောက်ထဲက ကရင်းဟစ်မာဆိုတဲ့ လူက ရွေးချယ်ပေးထားတဲ့ နာမည်ပေါ့။ အဓိပ္ပါယ်ကတော့ “မီးစကို ထွန်းညှိပေးတဲ့အရာ”။ ကင်ဒယ်လ်ကို ၂၀၀၇ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တယ်။ ပထမဦးဆုံး ကင်ဒယ်လ်ကို အီးဘွတ်-ရိဒ်ဒါ (ဖတ်စာအုပ်) အဖြစ်နဲ့သာ ထုတ်လုပ်ခဲ့တယ်။


အမေဇုန်ရဲ့ မူလလက်ရာ ကင်ဒယ်လ် (Kindle, Kindle-2)

သုံးစွဲသူများရဲ့ တောင်းဆိုချက်အရကော၊ ဈေးကွယ်ဝယ်လိုအား အရပါ ကင်ဒယ်လ်ကို ဆက်လက်ပြီး ထုတ်လုပ်လာခဲ့တာ အခုဆို အမျိုးအစားပေါင်း ၆-ခု၊ မျိုးဆက်အားဖြင့် တတိယမျိုးဆက်ကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်တယ်။ လာမယ့် အောက်တိုဘာလမှာ ၇-ခုမြောက် ထုတ်ကုန်ဖြစ်တဲ့ ကင်ဒယ်လ် သင်ပုန်းတစ်မျိုးကို ထပ်ဖြန့်ချိဦးမယ်လို့ သတင်းထွက်နေတယ်။ ဒီသင်ပုန်းကိုတော့ ကိုင်ဒယ်လ်ဖိုင်းယား (Kindle Fire) ရဲ့ အဆက်ဖြစ်နေတော့ ကိုင်ဒယ်လ်ဖိုင်းယား-၂ (Kindle Fire-2) ဖြစ်လေမလား၊ တခြားနာမည်လား ဆိုတာကတော့ စောင့်ကြည့်ရုံပဲ ရှိပေမပေါ့။

ပထမဦးဆုံး ကင်ဒယ်လ်ကို ၂၀၀၇-ခုနှစ်၊ နိုဝင်ဘာလ ၁၉-ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပြီး ရောင်းဈေးကိုတော့ ၃၉၉ ဒေါ်လာ သတ်မှတ်ထားတယ်။ အရွယ်အစားကတော့ ၆-လက်မထဲပါ။ ရုပ်ထွက်အတွက် အဖြူအမည်း (8-Level Gray) အရောင်ကိုသာ ပြသပေးနိုင်တယ်။ စီပီယူကို PXA255- 400 Mhz နဲ့ သုံးထားတယ်။ သိုလှောင်နိုင်တဲ့ ပမာဏကို ၁၈၀ အမ်ဘီသာ ထည့်ထားပေမယ့် အရုပ်မပါ စာချည်းသက်သက်ဆို စာအုပ်ပေါင်း ၂၀၀ လောက်ကို သိုလှောင်နိုင်တယ်။ စက်လည်ပတ်မှု စနစ်ကိုတော့ အီးအင့်ပါရ် (E Ink Pearl) နဲ့ အလုပ်လုပ်စေတယ်။ ပထမဦးဆုံး လက်ရာကိုကား အမေရိကန် ပြည်တွင်းမှာသာ ရောင်းချခဲ့ပါတယ်။

၂၀၀၉-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀-ရက်နေ့မှာတော့ ကင်ဒယ်လ်-၂ ကို အမေဇုန်က ဆက်ထုတ်ခဲ့တယ်။ ကင်ဒယ်လ် -၂ ကို မူလကင်ဒယ်လ် အရွယ်အစားအတိုင်း မပြောင်းလဲပဲ ပရိုဆက်ဆာ LMX31 - 532 MHz နဲ့ အစားထိုးသလို သိုလှောင်တဲ့ပမာဏကိုလည်း ၂-ဂျီဘီအထိ တိုးမြှင့်ထားတယ်။ ဒါပေမယ့် ရောင်းဈေးကိုတော့ လျှော့ထားတယ်။ ၃၅၉ ဒေါ်လာထဲရယ်။

အမေဇုန်ရဲ့ ကင်ဒယ်လ်-ဒီအိစ် (Kindle DX)

တစ်ဖန် ကင်ဒယ်လ်-၃ ကို ဆက်လက် ထုတ်ဝေခဲ့ပြီး စီပီယူကို LMX35 - 532 MHz သို့ လည်းကောင်း၊ သိုလှောင်တဲ့ပမာဏကို ၃-ဂျီဘီသို့လည်းကောင်း မြှင့်တင်ခဲ့တယ်။ တကယ်တန်းကျတော့ ကင်ဒယ်လ်-၃ ဟာ အမည်ခံ သက်သက်ပါ။ ကင်ဒယ်လ်-၂ ကို ပြည်ပဈေးကွက်အတွက် အဆင့်မြှင့်ပြီး အပ်ဂရိတ်လုပ်လိုက်တာပါပဲ။ ထူးခြားတာက ထုတ်လုပ်ရောင်းချခဲ့သမျှ ကင်ဒယ်လ် စီးရီးတွေဖြစ်တဲ့ ကင်ဒယ်လ် ၁၊ ကင်ဒယ်လ် ၂ တို့ကို ပြည်တွင်းမှာသာ ရောင်းချခဲ့တယ်။ ကင်ဒယ်လ်-၃ ကျမှ ပြည်ပ ထွက်ရောင်းတယ်။ အဲဒီတော့ ပထမထုတ်လုပ်ခဲ့တဲ့ ကင်ဒယ်လ်တွေကို ပထမမျိုးဆက် (First Generation) သတ်မှတ်ခဲ့တယ်။

ဒါပေမယ့် ကင်ဒယ်လ်-၂ ကို နိုင်ငံတကာသုံး သင်ပုန်းအဖြစ် အဆင့်မြှင့်လိုက်တဲ့အခါ ကင်ဒယ်လ်-၃ လို့ ခေါ်ဝေါ်ကြသလို၊ ပြည်တွင်းဈေးကွက်ကနေ နိုင်ငံတကာဈေးကွက်ဆီ တိုးချဲ့ခဲ့တဲ့ မျိုးဆက်မို့လို့ ဒီသင်ပုန်းကို ဒုတိယမျိုးဆက် (Second Generation) လို့လည်း သတ်မှတ်ကြတယ်။ အချိန်ကာလကတော့ ၂၀၀၉-ခုနှစ်၊ အောက်တိုဘာလ ၇-ရက်နေ့ပေါ့။ ကင်ဒယ်လ်ရဲ့ ပထမဦးဆုံး ပြည်ပရောက် ဒုတိယမျိုးဆက်ကို နိုင်ငံပေါင်း ၁၀၀ ကျော်သို့ တင်ပို့ ရောင်းချခဲ့တယ်။ ချိတ်ဆက်ရမယ့် အင်တာနက် ကွန်နက်ရှင်းကို ပြည်တွင်းသုံးအဖြစ် ရောင်းချခဲ့တုန်းက CDMA 2000 စနစ်ကို သုံးခဲ့ပေမယ့် နိုင်ငံတကာသုံးအဖြစ် ရောင်းချတဲ့အခါမှာ GSM စနစ်ကို ပြောင်းလဲထုတ်လုပ်ခဲ့တယ်။

အမေဇုန်ရဲ့ ကင်ဒယ်လ်-ကီးဘုတ် (Kindle Keyboard)

၂၀၁၀-ခုနှစ်၊ ဇန်န၀ါရီလ ၁၉-ရက်နေ့မှာ ကင်ဒယ်လ် နံပါတ်စဉ် ၁၊ ၂၊ ၃ လမ်းကြောင်းကနေ လွှဲပြောင်းပြီး ကင်ဒယ်လ် ဒီအိစ် (Kindle DX) ကို ထုတ်လုပ်တယ်။ ဒီတစ်ခါ ကင်ဒယ်လ်ရဲ့ မူလ အရွယ်အစားထက် ထက်ဝက်နီးပါး ကြီးလိုက်တယ်။ ဆိုက်က ၉ ဒသမ ၇ (အိုင်ပက်-ဆိုဒ်) ပါ။ ပုံမှန်သုံးနေတဲ့ အဖြူအမည်း ရုပ်ပြကိုလည်း ဆေးရောင်စုံအဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်ခဲ့တယ်။ ဒါပေမယ့် စက်လက်ပတ်မှု စနစ်ကိုတော့ နဂိုအဟောင်းဖြစ်တဲ့ အီးအင့်ပါရ် (E Ink Pearl) ကိုပဲ မပြောင်းလဲသေးပါ။ အီးဘွတ်နစ်ကိုတော့ အသုံးများတဲ့ ပီဒီအက်ဖ် (PDF) ဖော်မက်နဲ့ ထည့်သွင်း အသုံးပြုတယ်။ ရောင်းဈေးကိုလည်း မြှင့်တင်ထားတယ်။ တစ်လုံးကို အမေရိကန်ဒေါ်လာ ၄၈၉ တောင်။ ဒါပေမယ့် အင်တာနက်ကွန်ယက်အတွက် 3-G စနစ်နဲ့ Wi-Fi တို့ကို တိုးချဲ့ ထည့်သွင်းပေးခဲ့တယ်။ [မှတ်ချက်= ကင်ဒယ်လ် ဒီအိစ်ကို ကင်ဒယ်လ် ဒီအိစ် (ရိုးရိုး)၊ ကင်ဒယ်လ် ဒီအိစ် (နိုင်ငံတကာ) နှင့် ကင်ဒယ်လ် ဒီအိစ် (ဂရပ်ဖိုက်) ဆိုပြီး ၃-မျိုးတောင် ထုတ်လုပ်ထားတယ်။]

နောက်ပြန်လှည့်တဲ့ သဘောလားတော့ မသိပါ။ ကင်ဒယ်လ် စီးရီး (နံပါတ်စဉ်) နဲ့ သင်ပုန်းကို ထပ်ထုတ်ပြန်တယ်။ ထုတ်လုပ်စဉ်အရ ၅-ခုမြောက် ဖြစ်ပေမယ့် နံပါတ်စဉ်အရ ၄ ဖြစ်တဲ့အတွက် ကင်ဒယ်လ်-၄ လို့ နာမည်တပ်ပြီး ထုတ်တယ်။ ကင်ဒယ်လ်-၄ မှာတော့ တော်တော် အဆင့်မြင့်လာပါပြီ။ ပရိုဆက်ဆာကို LMX50 - 800 MHz နဲ့ သုံးပြီး သိုလှောင်တဲ့ပမာဏကို ၂၅-ဂျီဘီအထိ မြှင့်ထားတယ်။ ရုပ်ပြကို အဖြူမည်းကိုသာ ပြန်လည် အသုံးပြုပေမယ့် ၁၆-လယ်ဗယ် မီးခိုးရောင် (16 Level Gray) နဲ့ သုံးထားတယ်။

အဲ… တစ်ခါ ကင်ဒယ်လ်ရဲ့ ၅-ခုမြောက် ထုတ်ကုန် သင်ပုန်းကို ကင်ဒယ်လ်-ကီးဘုတ် (Kindle Keyboard) လို့ နာမည်ပေးပြီး ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၀ ခုနှစ်မှာ ထပ်ဖြန့်ချိခဲ့ပြန်တယ်။ ဒီသင်ပုန်းကို တတိယမျိုးဆက် (Third Generation) လို့ ခေါ်တယ်။ ဒီ ကင်ဒယ်လ်-ကီးဘုတ်ကို အရောင် ၂-မျိုးနဲ့ ထုတ်လုပ်ထားတယ်၊ မူလအရောင်နဲ့ ခဲရောင်ပေါ့။ ကိုင်ဒယ်လ်ရဲ့ နောက်မှာ ကီးဘုတ်ဆိုတဲ့ နာမည် ထပ်ထည့်ထားရခြင်း အကြောင်းရင်းကား သင်ပုန်းဖရိန်မှာ ကီးဘုတ်လက်ကွက် ထည့်သွင်းပေးထားလို့ပါ။

အမေဇုန်ရဲ့ ကင်ဒယ်လ်-တပ်ခ်ျ (Kindle Touch)

ကင်ဒယ်လ်-ကီးဘုတ်ကို ထုတ်ပြီး မကြာဘူး၊ စတုတ္ထမျိုးဆက် (Fourth Generation) သင်ပုန်းကို အမေဇုန်က ထုတ်လုပ်ခဲ့ပြန်တယ်။ ဒီသင်ပုန်းကို ကင်ဒယ်လ်-တပ်ခ်ျ (Kindle Touch) လို့ နာမည်မှည့်ပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၈-ရက်နေ့မှာ အမေရိကန် ပြည်တွင်းမှာ ဖြန့်ချိရောင်းချခဲ့တယ်။ ဒါပေမယ့် ပြည်ပကိုတော့ ၂၀၁၂ ခုနှစ်၊ မတ်ခ်ျလကမှ စတင်ဖြန့်ခဲ့တာပါ။ ဒီသင်ပုန်းကိုတော့ တပ်ခ်ျစကရင်းလို့ ခေါ်တဲ့ တို့ထိမျက်နှာပြင် အပြည့်နဲ့ ဖန်တီးထားတယ်။

ခုလောလောဆယ်တော့ ၇-လက်မခွဲ အရွယ်အစားရှိတဲ့ ကင်ဒယ်လ်-ဖိုင်းယားကို ထုတ်လုပ် ဖြန့်ချိနေတယ်။ အသစ်ဗားရှင်း ဖြစ်တဲ့ ဒီ ကင်ဒယ်လ်-ဖိုင်းယားရဲ့ စက်လည်ပတ်မှု စနစ်ကိုတော့ ထူးခြားစွာ ပြောင်းလဲထားတယ်။ ဗိုက်ဘရင့်ကာလာ (Vibrant Color IPS) စနစ်ကို အသုံးပြုထားတယ်။ ပရိုဆက်ဆာကိုလည်း ကျူရယ်ကိုးလ် (Dual Core) သုံးထားတယ်။ အရွယ်အစားကတော့ အလျား ၇.၅ လက်မ (၇-လက်မခွဲ)၊ အနံ ၄.၇ လက်မ (၄-လက်မခွဲကျော်) နဲ့ အထူ ၀. ၄၅ (လက်မ၀က် မဖြစ်တဖြစ်) ပါ။ ဘက္ထရီ သက်တမ်းကို အရင်ကိုင်ဒယ်လ်တွေလို ၁-လ ခံတယ်၊ ၂-လ ခံတယ် မဟုတ်ပြန်တော့ဘူး။ လုပ်ဆောင်ချက်များလို့ ထင်ပါ့၊ ၈-နာရီလောက်သာ အသုံးခံတယ်လို့ အာမခံထားတယ်။ ဒီကိုင်ဒယ်ကို ခေတ်မီနည်းပညာနဲ့ သုံးထားတဲ့အတွက်ကြောင့် အမေဇုန်မှာ တင်ထားတဲ့ ရုပ်ရှင်ပေါင်း သန်း ၂၀-ကျော်နဲ့ တီဗီရှိုးတွေကို ကြည့်နိုင်တယ်။ ဂိမ်း ဆော့နိုင်တယ်။ သီချင်းနဲ့သတင်း နားထောင်နိုင်တယ်။ ယင်းအပြင် စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ သတင်းစာပေါင်း များစွာကိုလည်း ဖတ်ရှုနိုင်ပါသေးတယ်။ အဲ တစ်ခုတော့ သတိထားပါ။ အမေဇုန်ရဲ့ ဆစ်ကလောက် ဘရောက်စာ (Silk Cloud Browser) နဲ့ ဖွင့်ဖို့ကိုတော့ မမေ့ပါနဲ့။

အမေဇုန်ရဲ့ နောက်ဆုံးထုတ် ကင်ဒယ်လ်-ဖိုင်းယား (Kindle Fire)

များမကြာမီ ကင်ဒယ်လ်-ဖိုင်းယား -၂ ကို ဆက်လက်ထုတ်လုပ်ဦးမယ်ဆိုပဲ။ ထွက်မယ့်ရက်ကို ခန့်မှန်းထားတာက လာမယ့် အောက်တိုဘာလလောက်ပါ။ ကင်ဒယ်လ်ကို အစဉ်အဆက်မပြတ် ထုတ်လုပ်နေတဲ့ အမေဇုန်ရဲ့ စက်ရုံဟာ အမေရိကန်မှာ ရှိမနေပဲ တရုတ်ပြည်မှာ သွားတည်ထားတာကိုတော့ အံ့သြရပါတယ်။ ဒီထက် အံ့သြရတာက အပ်ပယ်လ်ရဲ့ ပစ္စည်းတွေကို ထုတ်လုပ်ပေးနေတဲ့ ဖောက်ကွန် (Fox Conn) စက်ရုံကနေပဲ ကင်ဒယ်လ်ကို ထုတ်လုပ်ပေးနေတာပါ။

အကြမ်းဖျဉ်းအားဖြင့် ကင်ဒယ်လ်ကို အမျိုးအစားအလိုက် ခွဲခြားလိုက်ရင်-
၁။ ကင်ဒယ်လ် (ရိုးရိုး) = Kindle
၂။ ကင်ဒယ်လ် တပ်ခ်ျ = Kindle Touch (3-G ပါ၊ မပါ)
၃။ ကင်ဒယ်လ် ကီးဘုတ် = Kindle Keyboard (3-G ပါ၊ မပါ)
၎။ ကင်ဒယ်လ် ဒီအိစ် = Kindle DX နှင့်
၅။ ကင်ဒယ်လ် ဖိုင်းယား = Kindle Fire ဆိုပြီး ၅-မျိုးနဲ့ သတ်မှတ်နိုင်ပါတယ်။

မှတ်ချက်= အမေရိကန်အသံအတိုင်းဆို “Kindle” ကို “ခင်းဒယ်လ်” လို့ သုံးနှုန်းပါတယ်။ သို့သော် မြန်မာအများစုက “K” ကို “က” အသံဖြင့်သာ ထွက်လေ့ရှိသဖြင့် ဒီဆောင်းပါးမှာ “ကင်ဒယ်လ်” လို့သာ သုံးနှုန်းထားပါတယ်။ “ကိုင်ဒယ်လ်” လို့ ခေါ်တဲ့သူလည်း ရှိပါသေးတယ်။

မှီငြမ်း -
-http://en.wikipedia.org/wiki/Amazon_Kindle#First_generation:_Kindle
-http://www.amazon.com/dp/B002Y27P3M/?tag=gocous-20&hvadid=8212081157&ref=pd_sl_992dhxljd6_e
-http://www.amazon.com/dp/B002Y27P3M/?tag=gocous-20&hvadid=8212081157&ref=pd_sl_992dhxljd6_b

May 22, 2012

အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ် (အပိုင်း ၅)


ဒီကနေ့ နောက်ဆုံးအနေနဲ့ တင်ပြမှာကတော့ အကောင်းဆုံး သင်ပုန်း (Talbet) ၅-ချပ်ထဲက နောက်ဆုံးဖြစ်တဲ့ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1) ကိုပါ။ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျကတော့ ကြော့မော့တယ်။ ပေါ့ပါးတယ်။ အိုင်ပက်ကို ကောင်းကောင်း ယှဉ်နိုင်တယ် ဆိုပဲ။ 

ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1)
အဆင့်= ကြယ် ၄-ပွင့်

ဈေးနှုန်း= အမေရိကန်ဒေါ်လာ ၄၃၁ နဲ့ ၄၉၉

အားသာချက်
“ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1)” ဟာ အိုင်ပက်-တူး လောက်ကို ပါးလွှာပြီး၊ အိုင်ပက်-တူးထက်တောင် ပေါ့ပါးတယ်။ ဟွန်းနီကုမ် (ပျားသလက် ကွန်ရက်) သုံး သင်ပုန်းထဲမှာ စွဲမက်ဖွယ်ရာ ပြည့်နှက်နေတဲ့ သင်ပုန်းလေး တစ်ချပ်ပေါ့။ ရှေ့မျက်နှာပြင်မှာ တပ်ထားတဲ့ ၃-မီဂါပစ်ဇယ် ကင်မရာနဲ့ နောက်ကျောမှာ ထည့်သွင်းထားတဲ့ ၂-မီဂါပစ်ဇယ် ကင်မရာရယ်၊ ဘယ်ညာနှစ်ခြမ်းစလုံး ဖြာထွက်နိုင်တဲ့ အသံစနစ်ရယ်ကြောင့် အကောင်းဆုံး သင်ပုန်းစာရင်းထဲမှာ ထည့်သွင်းရခြင်း အကြောင်းရင်းတွေပါ။

အားနည်းချက်
လူအကြိုက် နတ်မလိုက်နိုင်လို့ပဲ ဆိုဆို၊ သုံးစွဲသူအကြိုက် သင်ပုန်းမလိုက်နိုင်လို့ပဲ ပြောပြော၊ သေချာတာကတော့ ထွက်လာသမျှ သင်ပုန်းတွေကို ကြယ်-၅ ပွင့် အဆင့် မသတ်မှတ်နိုင်တာကို ကြည့်ရင် ဘယ်သင်ပုန်းကမှ ခြောက်ပြစ်ကင်း သဲလဲမစင်နိုင်ဘူးပေါ့။ ဒီတော့ကာ- “ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1)” မှာလည်း အားနည်းတဲ့အပိုင်း ရှိပါတယ်။ အပြင်သုံးကိရိယာ တစ်ခုခုနဲ့ ချိတ်ဆက်ဖို့ ကြိုးပေါက် မဲ့နေတာဟာ သုံးစွဲသူအတွက် အဓိကပြဿနာပါ။ နောက်ပြီး အနားသတ် ကွပ်ထားတဲ့ ပလပ်စတစ်က အိုင်ပက်လောက်ကို ခိုင်ခန့်မှု မရှိဘူး။ ဒါတွေဟာ အသုံးကြမ်းတဲ့သူအတွက် စဉ်းစားစရာ ဖြစ်နေတယ်။

ကောက်ချက်
ဘာပဲပြောပြော စွဲမက်စရာ အသွင်အပြင်စရိုက်ကတော့ အမိုက်စားပါ။ အိုင်အိုအက်စ် (iOS) ဆိုတဲ့ မက်စ် (Mac) ရဲ့ စက်လည်ပတ်မှုစနစ်နဲ့ မရင်းနှီးသူတွေအတွက်တော့ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1) ကို အားကိုးလောက်စရာ သင်ပုန်းပါ။ အကောင်းဆုံး သင်ပုန်းတွေထဲက အကောင်းဆုံးတစ်ခုကို ရွေးချယ်ပြီး ၀ယ်ယူမယ်ဆိုရင် အ၀ယ်မမှားတဲ့ သင်ပုန်း ဖြစ်လို့နေမှာပါ။

သုံးသပ်ချက်
ဒီဇိုင်းရဲ့ ရှုထောင့်ကနေ ဝေဖန်ရမယ်ဆိုရင် အန်ဒရိုက်စနစ် အသုံးပြုတဲ့ ဘယ်သင်ပုန်းကမှ အိုင်ပက်ကို မမီသေးတာ သေချာပါတယ်။ အိုင်ပက်ဟာ ချောမွေ့ပြောင်လက်နေတယ်။ စွဲမက်ဖွယ် အပြင်အဆင် ရှိတယ်။ ပါးလွှားတယ်။ ပေါ့တယ်။ ပုံသဏ္ဌာန်က ရိုးစင်းတယ်။ ဟွန်းနီကုမ် သင်ပုန်းတွေ ဒီဇိုင်းမျိုးစုံ ပုံစံအစုံနဲ့ ထွက်ခဲ့ပေမယ့် အိုင်ပက်ကို လိုက်မမီသေးဘဲ ရှိတုန်းပါ။ အဲ.. အခုထွက်ရှိလာတဲ့ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1) ကတော့ အိုင်ပက်ကို ယှဉ်နိုင်ရုံသာမက အိုင်ပက်ထက်တောင် ပါးလွှာနေလေရဲ့။

ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ (Samsung Galaxy Tap 10.1) ရဲ့ ဒီဇိုင်းဟန်ပန်ကို အမွှမ်းတင် ပြောရရင် တော့တော့ကို ပါးလွှာပါတယ်။ အိုင်ပက်နဲ့ လှဲပြီး ယှဉ်ကြည့်လိုက်ရင် သေချာပေါက် ပြောနိုင်တာကတော့ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ဟာ ပါးတယ် ဆိုပဲ။ အိုင်ပက်ရဲ့ အလေးချိန်က ၁.၃၂ ရှိနေတဲ့အချိန်မှာ သူ့ရဲ့အလေးချိန်က ၁.၂၄ ပေါင်ထဲ ရှိတာကိုး။
 

အောက်ပါအချက်အလက်များကို ကြည့်ပြီး ဘယ်သင်ပုန်းက ပါးလွှာတယ်၊ ပေါ့တယ်ဆိုတာ ဆုံးဖြတ်နိုင်မှာပါ-


Tablets Asus Eee Pad Transformer Acer Iconia Tab A500 Motorola Xoom Apple iPad 2 T-Mobile G-Slate Samsung Galaxy Tab 10.1
Weight in pounds 1.52 1.66 1.62 1.34 1.38 1.24
Width in inches (landscape) 10.7 10.2 9.8 9.5 9.6 10.1
Height in inches 6.9 6.9 6.6 7.3 5.8 6.9
Depth in inches 0.51 0.51 0.5 0.34 0.49 0.34

အိုင်ပက်ရဲ့ အချောအလှမွေး ကျောင်းတော်က လွဲရင် ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ရဲ့ အချောအလှက အရိုးစင်းဆုံး စာရင်းထဲ ၀င်မှာပါ။ ရှေ့မျက်နှာပြင် ၁၀.၁ လက်မ အတိုင်းအထွာရှိတဲ့ စကရင်းဟာ ၀.၈ လက်မ ဘေးပတ်ကြိုးအမည်းလေးနဲ့ ပြန်ကွပ်ထားတော့ ကြည့်ရတာ တအားကို မျက်စိပသာဒ ဖြစ်ရပါတယ်။ ပြီးတော့ ဒေါင့်ချိုးလေး တလျှောက်မှာ ငွေရောင်လေး အလူမီနီယံနဲ့ ထပ်ကွပ်ထားပြန်တော့ ရွှေပေါ်မြတင် မဟုတ်တာတောင်မှ မြပေါ်ငွေသန်း ဆမ်းထားသလိုပဲပေါ့။ စကရင်းနဲ့ ဒေါင့်ချိုးကြား လွတ်နေတဲ့ မျက်နှာပြင်ထိပ်ပိုင်း အလယ်တည့်တည့်မှာ ၂-မီဂါပစ်ဇယ် ကင်မရာကို မြှပ်ထားပြန်တော့ အနုပေါ် အရွဆင်သည့်နှယ် ၀င့်ထည်နေလေရဲ့။

ညာမှဘယ်သို့ ထိပ်ဆုံး ဒေါင့်ချိုးတစ်လျှောက်မှာ ပါဝါအဖွင့်/ အပိတ် ခလုတ်၊ အသံ အလျှော့/ အတင်း ခလုတ်၊ နားကြပ်ပေါက်များ တန်းစီ ထည့်ထားတယ်။ စပီကာရဲ့ အသံထွက်ပေါက်ကို ဘယ်နဲ့ညာ ဒေါင့်ချိုးလေးမှာ ထည့်ပေးထားပြီး၊ ယူနီဗာဆယ် ကွန်နက်ရှင်း အပေါက်ကိုတော့ အောက်ဘက် ဒေါင့်ချိုးမှာ တပ်ဆင်ထားတယ်။ ဒီအပေါက်ရဲ့ ဘေးနားလေးမှာ မိုက်ကရိုဖုန်း (မိုက်) ပေါက်ကို ဖောက်ပေးထားတယ်။

ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ဟာ USB အပေါက်ရော၊ HDMI အပေါက်ပါ ထည့်မထားဘူး။ ဒါတင်လား၊ မဟုတ်ဘူး၊ မိုဘိုင်းဖုန်း စင်းကဒ် ထည့်မယ့်အပေါက်ရယ်၊ SD Card လို့ခေါ်တဲ့ မမ်မိုရီကဒ်တွေကို ဖတ်ဖို့ အပေါက်ရယ်ကိုပါ ဘယ်မှာမှ ရှာမတွေ့ပါ။ နောက်ထပ် ထုတ်လုပ်မယ့် ဆမ်ဆောင်း သင်ပုန်းတွေ ဒီအပေါက်တွေ ရှိတန်ကောင်းပါရဲ့လို့ပဲ မျှော်လင့်ရမှာပါ။

ကျောဘက်မှာ ၃-မီဂါပစ်ဇယ် ကင်မရာ မြှပ်ပေးထားတဲ့ ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ဟာ သူ့ရဲ့ နောက်ကျော တစ်ပြင်လုံးကို အဖြူရောင် ပြောင်ပဲ သုံးထားတယ်။ ဒေါင့်ချိုးပတ်ပတ်လည်မှာ သုံးထားတဲ့ ပလပ်စတစ်ပတ်ကြိုးကိုတော့ ဒီဆမ်ဆောင်းဂလက်ဇီ တပ်ခ်ျ ၁၀.၁ မှာ ပြောစမှတ် အဖြစ်ဆုံးပဲ။ လက်ချောင်းတွေနဲ့ ကိုယ်တွယ်ရတာ ဘယ်လိုမှ အဆင်မပြေပါ။ မညက်ညောသလို ခံစားရတယ်။ အိုင်ပက်လို ကြံ့ခိုင်မှု မရှိသလိုပဲ။


ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ဟာ ဂူးဂဲလ်ရဲ့ အတွေ့အကြုံနဲ့ ထုတ်လုပ်ထားတဲ့ သင်ပုန်းပါ။ ဆိုလိုတာက ဟွန်းနီကုမ် ၃.၁ စက်လည်ပတ်မှုစနစ်ကိုပဲ အသုံးပြုထားလို့ ဒီစနစ်ထက် သာအောင် ဆမ်ဆောင်း သင်ပုန်းက မစွမ်းဆောင်နိုင်တာပါ။ ဒါပေမယ့် ဆမ်ဆောင်းရဲ့ ကိုယ်ပိုင် အပ်ပ် (Apps) တွေကိုတော့ တီထွင်ထားလေရဲ့။ သူ့ရဲ့စတိုးကနေ ကြိုက်သလောက် ဒေါင်းလုတ်ယူလို့ရပါတယ်။ (ဟွန်းနီကုမ် ၃.၁ ကို အခါအခွင့် သင့်ပါက ထပ်မံ ရှင်းပြပါဦးမယ်။)

ဆမ်ဆောင်း-ဂလက်ဇီတပ်ခ်ျ ၁၀.၁ ရဲ့ စကရင်း ရီဆိုလူရှင်းဟာ ၁၂၈၀ နဲ့ ၈၀၀ ပစ်ဇယ်လ် အထိ ရနိုင်ပါတယ်။ ဒါကြောင့်လည်း ရုပ်ပုံ ကြည်လင်ပြတ်သားမှုကတော့ အပျံစား ဖြစ်တယ်။ ပြီးတော့ ရုပ်ပုံတွေ ကြွရွှနေတယ်။ အင်တာနက်မှာ ရှာဖွေမွှေနှောက် ဖွင့်ကြည့်တဲ့အခါကျရင် မြင်ကွင်းကျယ်ကို သုံးပါ။ ဒါဆိုရင် ရုပ်ပုံတွေက အံ့သြဖွယ် ကောင်းလောက်အောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ အဲ တစ်ခုတော့ ရှိတာပေါ့၊ ဆိုင်ရာဆိုင်ရာ အပ်ပ် (Apps) တွေကို ဆမ်ဆောင်းရဲ့ အပ်ပ်စတိုးမှာ သွားပြီး ဒေါင်းလုတ်ထားဖို့ကိုတော့ မမေ့နဲ့ပေါ့။

အကိုးအကား-
- http://reviews.cnet.com/best-tablets/
- ဖုန်း၊ သင်ပုန်းဆိုင်ရာ အသုံးအနှုန်းများ

May 11, 2012

အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ် (အပိုင်း ၄)


ဒီကနေ့ ထပ်တင်ပြမှာကတော့ အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ်ထဲက စတုတ္ထမြောက် အကောင်းဆုံး သင်ပုန်း ဖြစ်တဲ့ ဆိုနီ သင်ပုန်း အက်စ် (Sony Tablet S) ပဲ ဖြစ်ပါတယ်။ ဆိုနီက သင်ပုန်းအက်စ် (Tablet S) ကို ထုတ်ဖို့ အချိန်ယူခဲ့ရတယ်။ အချိန်တန်တော့ ထုတ်ပြ ရောင်းချခဲ့တယ်။ သူ့ရဲ့ ထုတ်လုပ်မှုဒီဇိုင်းက စမတ်ကျတယ်။ ဆော့ပ်ဝဲလ်ရဲ့ လုပ်ဆောင်နိုင်မှု အပိုင်းမှာ လက်တွေ့အရကော တင်းကျပ်တဲ့ အနေအထားကော နှစ်မျိုးစလုံး ပါဝင်တယ်။  

အဆင့်= ကြယ် ၄-ပွင့်
ဈေးနှုန်း= အမေရိကန်ဒေါ်လာ ၄၄၈ နဲ့ ၅၉၅

အားသာချက်
“ဆိုနီသင်ပုန်း အက်စ် (Sony Tablet S)” ဟာ ပုံမှန်သုံးနေကျ ဟွန်းနီကုမ် (ပျားသလက် ကွန်ရက်) သင်ပုန်းစနစ် အတွေ့အကြုံကို ကျော်ပြီး အပ်ပ် (Apps)၊ လုပ်ငန်းခွင် မြှင့်တင်မှု ဒီဇိုင်း၊ ပလေစတေးရှင်း မိုဘိုင်းဂိမ်း အထောက်အကူအတွက်ပါ ပေးဆပ်လုပ်ဆောင်ထားတယ်။ ဒီအယ်လ်အင်န်အေ ဗီဒီယိုနဲ့ သီချင်း စီးကြောင်း၊ သီးခြားထိန်းကျောင်းမှုကနေ အထွေထွေသုံး ပေါင်းစပ်ရော အိုင်အာရ် (Investor Relation) သို့တိုင်အောင် တီထွင်နိုင်ခဲ့တဲ့အတွက် အားသာချက် ရှိတယ်။ ကောင်းတယ်လို့ ဆိုရပါမယ်။

အားနည်းချက်
“ဆိုနီသင်ပုန်း အက်စ် (Sony Tablet S)” ဟာ ဈေးနှုန်းအရ ဒီပြင့်သင်ပုန်းထက် ကြီးနေသလားရယ်။ အားသွင်းတဲ့ အဒပ်ပတာကို (ကွန်ပျူတာ အဒပ်ပတာလို) သီးခြား (အကြီးကြီး) ထွင်ထားတာရယ်က အဆင် သိပ်မချောဘူး။ ပြီးတော့ မျက်နှာပြင် အလင်းနှုန်းက သင်ပုန်းမှာ ရှိသင့်တာထက် ပိုတောက်ပနေတာရယ် ဒါတွေဟာ ဆိုနီသင်ပုန်းရဲ့ အားနည်းချက်ပါ။

ကောက်ချက်
ဆိုနီကုမ္ပဏီဟာ သင်ပုန်းအက်စ် (Tablet S) ကို အချိန်မီ ထုတ်လုပ်နိုင်ခဲ့တယ်။ သင်ပုန်းရဲ့ ဒီဇိုင်းက သပ်ရပ်လှပတယ်။ ဆော့ပ်ဝဲလ်ရဲ့ လုပ်ဆောင်နိုင်မှုလည်း ကောင်းပါတယ်။ ဒါကြောင့် ကြယ် ၄-ပွင့် အဆင့် ၀င်သင့်တယ်။

သုံးသပ်ချက်
ဆိုနီရဲ့ သင်ပုန်းအက်စ် (Tablet S) ကို ထုတ်လုပ်မှု ဒီဇိုင်းဘက်ရော၊ ဟာ့ဒ်ဝဲလ် (ကိုယ်ထည် အတွင်းအပြင်) ပုံပန်းဘက်ကော၊ ဂိမ်းနှင့် မီဒီယာ သုံးဖို့အတွက်ပါ ဟာကွက်မရှိ ထုတ်လုပ်ထားတဲ့ သင်ပုန်းတစ်ချပ် ဖြစ်တာကြောင့် အပ်ပယ်လ်ရဲ့ အိုင်ပက်ကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်မယ်လို့ ခန့်မှန်းကြတယ်။ အပ်ပယ်လ်ရဲ့ အိုင်ပက်သင်ပုန်း ထွက်ပြီး ၁-နှစ်ခွဲအကြာမှာပဲ ဆိုနီက အန်ဒရိုက် စက်လည်ပတ်မှုစနစ် ၃.၂ နဲ့ စတင်မိတ်ဆက်ပေးလိုက်တယ်။ ဒီတော့ သင်ပုန်း နှစ်ခြိုက်သူများရဲ့ စိတ်နှလုံးကို သိမ်းကြုံးနိုင်ခဲ့တယ်။

၁၆-ဂျီဘီအတွက် အမေရိကန်ဒေါ်လာ ၄၉၉ ရယ်၊ ၃၂-ဂျီဘီအတွက် အမေရိကန်ဒေါ်လာ ၅၉၉ ရယ်ကတော့ အပ်ပယ်လ်ရဲ့ အိုင်ပက်နဲ့စာရင် ဈေးနှုန်းကြီးတယ်လို့ မဆိုနိုင်ဘူး။ တစ်ခုတော့ ရှိတာပေါ့၊ အိုင်ပက်လို ဆယ်လူလာဒေတာ မပါပါဘူး။ ဆိုနီရဲ့ သင်ပုန်းအက်စ်ဟာ အန်ဒရိုက် စက်လည်ပတ်မှုစနစ်ကို မြှင့်တင်ခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးလည်း ပြောလို့ရတယ်။ ဒီဇိုင်းနဲ့ ပတ်သက်တဲ့အပိုင်းကိုလည်း သစ်လွင်စွာ အစစ်အမှန်လက္ခဏာကို ပြသပေးတဲ့ သင်ပုန်းလို့လည်း သတ်မှတ်ရာရောက်တယ်။

ဆိုနီသင်ပုန်းရဲ့ သွင်ပြင်ဒီဇိုင်းဟာ ထုတ်လုပ်မှုအပိုင်း ဘယ်အတိုင်းအတာထိ တော်တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးနေသလိုပဲ။ သူ့ရဲ့အချပ်အပြား အနေအထားဟာ ကျစ်လစ်နေတဲ့ ဟန်ပန် ပေါက်နေပြီး ကြည့်သူ၊ သုံးသူအတွက် ဘယ်သင်ပုန်းနှင့်မဆို ယှဉ်ပြိုင်နိုင်လေရဲ့။ စားပွဲပေါ် တင်ပြီး သုံးစွဲတဲ့အခါဆို ပိုတောင် ဇိမ်ကျသေးတယ်။ ဒါပေမယ့် အိုင်ပက်လိုတော့ ပါးမနေသေးဘူးပေါ့။ ဖိုင်တွဲလို ခေါက်ခွေထားတဲ့အပိုင်းက အနည်းငယ် ထူနေတယ်လေ။ ဒါကို အပြစ်လို့ မြင်လို့ မရပြန်ဘူး။ ဘာလို့လဲ ဆိုတော့ ဒီခေါက်ခွေလေး ပါနေတာကိုကပဲ ကွန်နက်ရှင်းအပေါက်တွေ အများကြီး ထည့်သုံးနိုင်တာကိုး။


ဆိုနီသင်ပုန်းရဲ့ ဘေးဘက် တစ်လျှောက်မှာ အတိုးအလျှော့ ဗိုလျုန်၊ စပီကာ၊ နားကြပ်ပေါက်၊ USB နှင့် SD-Card ထိုးပေါက်တို့ ထည့်သွင်းထားတယ်။ ဘစ်အင်းလို့ခေါ်တဲ့ အတွင်းမှာ ပါပြီးသား အပ်ပ် (App) ကနေတစ်ဆင့် အပြင်က ကဒ် (SD-Card) တွေနဲ့ ဖိုင်တွေ ဖိုလ်ဒါတွေ အပြောင်းအရွှေ့ လုပ်လို့ရတယ်။ ဒီဟာကတော့ ဟွန်းနီကုမ်လို့ခေါ်တဲ့ ပျားသလက် ကွန်ရက်စနစ်နဲ့ ကွာသွားတဲ့ အချက်ပါ။ ဒီမှာ ထည့်သုံးထားတဲ့ SD-Card ကို ဖတ်တဲ့ ရိဒ်ဒါ (Card-Reader) ကိုတော့ မီဒီယာကဏ္ဍ အကူးအပြောင်း လုပ်ဖို့အတွက်သာ ရည်ရွယ်ထားတာပါ၊ အတွင်းက ဟာ့ဒ်ဒစ် (HD) လို အလုပ် လုပ်နိုင်စွမ်း မရှိပါ။

ထွက်ခဲ့သမျှ အန်ဒရိုက်ရဲ့ ပျားသလက် ကွန်ယက်စနစ်သုံး သင်ပုန်းအများစု မျက်နှာပြင် ဗျက်ဆိုဒ်ကို ၁၀.၁ (တစ်ဆယ်လက်မ နည်းနည်းလေးပို) ထုတ်လုပ်ခဲ့ကြပေမယ့် ဆိုနီသင်ပုန်းကျတော့ ဗျက်ဆိုဒ် ၉.၄ (ကိုးလက်မခွဲနီးပါး) ကိုပဲ ရွေးချယ် ထုတ်လုပ်ခဲ့တယ်။ ပြီးတော့ စကရင်း အရောင်အသွေး စိုပြေတောက်ပဖို့ ရည်ရွယ်ပြီး ဆိုနီ ဘရာဗီယာ (Bravia) တီဗီစနစ်မှာ အသုံးပြုခဲ့တဲ့ ထရူးဘလက် နည်းပညာကို ဒီဆိုနီသင်ပုန်းမှာ ပြန်လည် အသုံးပြုခဲ့တယ်။ [ပုံမှန် ကာလာစနစ်ကတော့ (RGB-အနီ၊ အစိမ်း၊ နက်ပြာ) အရောင်ကိုပဲ သုံးကြတယ်။ ဒါပေမယ့် ထူးခြားစွာ ဆိုနီတီဗီမှာတော့ နက်ပြာအစား အနက်စစ်စစ်အရောင်ကို တီထွင်ခဲ့တယ်။] ဆိုနီသင်ပုန်းရဲ့ မျက်နှာသွင်ပြင်က အနည်းငယ် သေးနေပါတယ်၊ သူ့ရဲ့ညီအစ်ကိုတွေလို့ ပြောလို့ရတဲ့ အန်ဒရိုက်စနစ်သုံး သင်ပုန်းတွေရဲ့ မျက်နှာသွင်ပြင်တွေနဲ့ ထောက်ဆနှိုင်းကြည့်ရင်ပေါ့။

ဆိုနီသင်ပုန်းဟာ ဂူဂဲလ်ရဲ့ အန်ဒရိုက် ၃.၁ ထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ရင် ရလောက်တယ်။ ဂူဂဲလ် ဂျီ-မေးလ် မှနေ ဂူဂဲလ် ဂျီ-တော့အထိ အသုံးပြုလို့ ရတယ်။ ဗီဒီယိုချက်လည်း ချန်မထားဘဲ ထည့်သွင်းထားတယ်။ ပြီးတော့ ဆိုနီရဲ့ လီမစ်မဲ့ (အတိုင်းအဆမရှိ) ဗီဒီယိုကို ဖွင့်နိုင်တယ်၊ တစ်ချို့တလေကိုတောင် ဒေါင်းလုတ်ခွင့်ပြုထားတယ်။ ဒါပေမယ့် စတူဒီယို-၀ပ်ဆိုက် အာလုံးကိုတော့ မဟုတ်ဘူးနော်။ မန်ဘာအဖြစ် အကောင့်တစ်ခုဖွင့်ထားရင် ဆိုနီဆိုဒ်ကနေ ကြိုက်တဲ့ သီချင်းကို ၆-လတိုင်တိုင် ဖွင့်နားထောင်နိုင်တယ်။ စာဖတ်ချင်သပဆိုရင် ဆိုနီက တီထွင်ထားတဲ့ ဆိုနီရိဒ်ဒါကို အင်စတော မောင်းထည့်ပြီး ဂူဂဲလ်ဆိုက်ပေါ် တင်ထားသမျှ ဘယ်စာအုပ်မဆို ဖွင့်ဖတ်လို့ ရသေးတယ်။ ဂိမ်းနဲ့ ပတ်သက်ရင်လည်း ပလေစတေးရှင်းနဲ့ ဆော့လို့ရတဲ့ ဂိမ်းတွေကို ပီအက်စ်ဝမ်း နာမည်နဲ့ဖြစ်ဖြစ်၊ ပီအက်စ်ပီ နာမည်နဲ့ဖြစ်ဖြစ် ၀င်ပြီး ဆော့ကစားနိုင်ပါတယ်။

နောက်ထပ် စိတ်ဝင်းစားစရာ အများအပြားကိုလည်း ဆိုနီသင်ပုန်းနဲ့ ချိတ်ဆက်ပြီး ရွေးချယ်လို့ ရသေးတယ်။ ဒီအယ်လ်အင်န်အေ အိတ်ဆောင် စပီကာ၊ ပီစီလို့ခေါ်တဲ့ ဒက်စတော့ပ်ကွန်ပျူတာ၊ တီဗီ-စသည်တို့နဲ့ ချိတ်ဆက်ကာ အသုံးပြုလို့ ရတယ်။ သာဒ်ပါတီ (တတိယမြောက်အဖွဲ့) နည်းပညာနဲ့ မီဒီယာလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးထားတယ်။


ဆိုနီသင်ပုန်းအက်စ်ဟာ အိမ်တွင်းဖျော်ဖြေရေးကိုလည်း ဆောင်ရွက်ပေးထားတယ်။ အိုင်အာရ် (Infra Red) ပလပ်စတာရယ်၊ ယူနီဗာဆယ် အဝေးသုံးစနစ် အပ်ပ်ရယ်ကို ထည့်သွင်း ပေးထားတော့ အဲဒီကနေတစ်ဆင့် ဖျော်ဖြေရေးကို သာမက ထိန်းချုပ်ရေးကိုပါ လုပ်ဆောင်နိုင်တယ်။ ကုန်ကုန်ပြောရရင် ဆိုနီသင်ပုန်းဟာ ဟုမ်းရှယ်ယာကိုလည်း လုပ်ပေးတယ်။ အိမ်းတွင်းရှိ အခန်းတွေကို ထိန်းချုပ်ပေးနိုင်တယ်။ အမေရိကန်ဒေါ်လာ ၂၅၀ နဲ့ အာမခံကြေး ခံပြီး ယူနီဗာဆယ် ရီမုတ်ကို အသုံးပြုကာ ဘယ်ကိရိယာကိုပဲဖြစ်ဖြစ် ဆိုနီသင်ပုန်းနဲ့ အဖွင့်အပိတ်စနစ်နဲ့ ထိန်းချုပ်လို့ရတယ်။

ဆိုနီသင်ပုန်းမှာ ထည့်သွင်းထားတဲ့ ကင်မရာ နည်းပညာကိုတော့ ဆိုနီ ဒစ်ဂျစ်တယ်လ်ကင်မရာရဲ့ နည်းပညာကို ဌားရမ်း အသုံးပြုထားပုံရတယ်။ အိတ်(စ်)မောလို့ခေါ်တဲ့ အသေးစိတ် ပုံရိပ်ဖမ်း နည်းပညာကိုပဲ ဒီသင်ပုန်းအက်စ်မှာ ထပ်အသုံးပြုထားတော့ ထပ်ဆောင်းကုန်ကျစရာ ဘာမှတိုးမလာတော့ဘူးလေ။ အရည်ကျဲကျဲနဲ့ ချဲနိုင်တဲ့သဘောပေါ့။ တို့ထိမျက်နှာပြင်ရဲ့ မှန်ကူကွက်ကို ထရူးဘလက် (အနက်စစ်စစ်) နည်းပညာကို သုံးထားတယ်။ ဒီကာလာ နည်းပညာကလည်း ဆိုနီရဲ့ ဘရာဗီယာတီဗီမှာ အသုံးပြုခဲ့ဖူးပြီပဲ။ ဒီသင်ပုန်းမှာ ကောက်ထည့် အသုံးပြုရုံလေးပဲပေါ့။ ဒီတော့ ကာလာအရောင်က မတောက်ပြောင် မစိုပြေပဲ နေဦးမလား။

သင်ပုန်းအတွက် ကီးဘုတ် (သို့မဟုတ်) အထိုင်အိမ်နဲ့ ပတ်သက်လာလျှင် ဆိုနီကလည်း ကျောခိုင်း မသွားပါဘူး။ စာစီစာရိုက်လုပ်ငန်းအတွက် တီထွင်ထားရတာပဲ။ သူ့ရဲ့ ကီးဘုတ် (သို့မဟုတ်) အထိုင်အိမ်ကတော့ ဈေးသိပ်မကြီးပါဘူး။ အဆပ် ထရန်စဖောမာ၊ အပ်ပယ်လ် အိုင်ပက်တို့ရဲ့ ကီးဘုတ် (သို့မဟုတ်) အထိုင်အိမ်နဲ့ ဈေးတွက် တွက်ကြည့်ရင် ဈေးချိုပါသေးတယ်။ ဆိုနီသင်ပုန်းအက်စ်ရဲ့ ကီးဘုတ် (သို့မဟုတ်) အထိုင်အိမ်က အမေရိကန်ဒေါ်လာ ၃၉ ထဲရယ်။

ဆိုနီသင်ပုန်းအက်စ်မှာ ဘယ်လိုပဲ ကောင်းကွက်၊ ဆိုးကွက် ရှိနေပစေ ဆိုနီအသည်းစွဲသမားတွေကတော့ ဆိုနီသင်ပုန်းကို ကြိုက်ကြဦးမှာပါ။ ဆိုနီထုတ်ကုန်ရဲ့ ဆောင်ပုဒ်က “made. believe” တဲ့လေ။ “လုပ်ထားပြီ၊ ယုံကြည်ပါ” ပေါ့။ ဆိုနီကို ခရေဇီဖြစ်တဲ့ သူတွေ ပြောနေကျ စကားလေး တစ်ခွန်းလည်း ရှိလေရဲ့၊ ဘာတဲ့- “ဆိုနီသုံးမှ ရသမြောက်မယ်” ဆိုပဲ။
အပိုင်း (၅) ကို ဆက်ရန်

May 8, 2012

အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ် (အပိုင်း ၃)


အပိုင်း (၁) မှာ အပ်ပယ်လ်ကုမ္ပဏီထုတ် “နယူးအိုင်ပက်” (သို့မဟုတ်) “အိုင်ပက်သရီး” အကြောင်းနဲ့ အပိုင်း (၂) မှာ အဆပ်ကုမ္ပဏီထုတ် “အီးပက် ထရန်စဖောမာ ပရိုင်း” အကြောင်းတို့ကို CNet ရဲ့ ဆောင်းပါးရှင် အာဘော်အတိုင်း ရေးသားတင်ပြခဲ့ပြီ ဖြစ်တယ်။ အခုတစ်ခါ အကောင်းဆုံး သင်ပုန်း (Tablet) ထဲက တစ်ချပ်ဖြစ်တဲ့ “အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀ (Asus Transformer Pad TF300)” ကို အလှည့်ပေး ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။ 

“ဒီသင်ပုန်း (Tablet) ကိုလည်း အဆပ်ကုမ္ပဏီကနေပဲ ထုတ်လုပ် ဖြန့်ချီခဲ့တာပါ။ ဒီသင်ပုန်း (Tablet) ဟာ ဒီပြင့်သင်ပုန်းတွေထက် ပါးလွှာမှု၊ တောင့်တင်းခိုင်မာမှု မရှိပေမယ့် အပိုင်း (၂) မှာ ဖော်ပြခဲ့တဲ့ “အစပ် ထရန်စဖောမာ ပရိုင်း” လောက်နီးပါး ကောင်းတယ်လို့ ညွှန်းရမှာပါ။ ဘာဖြစ်လည်းဆိုတော့ ဈေးနှုန်းအရ ချိုနေလို့ပါပဲ။ ပေးရသလောက် အသုံးတည့်တယ်လို့လည်း ပြောနိုင်ပါတယ်။

အဆင့် = ကြယ် ၄-ပွင့်
ဈေးနှုန်း = အမေရိကန်ဒေါ်လာ ၃၉၄ နဲ့ ၄၄၈

အားသာချက်
“အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀” ဟာ တက်ဂရာသရီး (Tegra3) နဲ့ စက်ကို လည်ပတ်စေသဖြင့် “ထရန်စဖောမာပရိုင်း” လောက်ကို ကောင်းပါတယ်။ ပိုမိုကြည်လင်လာတဲ့ ကင်မရာ၊ မြန်နှုန်း သာလာတဲ့ ၀ိုင်ဖိုင်စနစ်၊ ပိုမိုကျစ်လစ်လာတဲ့ တို့ထိမျက်နှာပြင်၊ တရားဝင် ထည့်သွင်းထားတဲ့ ဂျီပီအက်စ်စနစ်တို့ကြောင့် ပိုကောင်းလာတယ်လို့တောင် ပြောနိုင်ပါသေးတယ်။ သင်ပုန်းရဲ့ ကိုယ်ထည်ပိုင်းမှာရော ကီးဘုတ် (သို့မဟုတ်) အထိုင်အိမ်မှာပါ အပြန်အလှန်အားဖြင့် ထည့်သွင်းထားတဲ့ SD-Card, HDMI တို့နဲ့ဆို ပိုတောင် စမတ်ကျသေးတယ်။ ကြမ်းခင်းဈေးနှုန်း အမေရိကန်ဒေါ်လာ ၃၈၀ မျှသာ သတ်မှတ်ထားတဲ့အတွက် ဒီ”တီအက်ဖ်-၃၀၀” သင်ပုန်းဟာ အန်ဒရိုက်နဲ့ လည်ပတ်စေတဲ့ သင်ပုန်းလောကထဲမှာ အသာဆုံးလို့ လောလောဆယ်ဆယ် သတ်မှတ်လို့ရနေပါပြီ။

အားနည်းချက်
“အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀” ရဲ့ သွင်ပြင်ပုံပန်းကို ကြည့်ရတာ ပါးလွှာမနေသလို၊ တောင့်တင်းခိုင်မာမှုလည်း မရှိသလိုပါပဲ။ ထရန်စဖောမာပရိုင်းလောက်ကို စွဲမက် နှစ်သက်စရာ မရှိဘူး။ ကီးဘုတ် (သို့မဟုတ်) အထိုင်အိမ်ကလည်း ဒုံးရင်းက ဒုံးရင်းပဲ၊ ဒေါ်လာ ၁၅၀ အောက်ကို မဆင်းသလို၊ ပရိုင်းနဲ့ ဘာမှလည်း ထူးခြားမလာဘူး။

ကောက်ချက်
“အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀” ဟာ မပါး၊ မခိုင်ခန့်သည့်တိုင် ဈေးနှုန်းက ချိုနေသဖြင့် ပရိုင်းနှင့်အပြိုင် ၀ယ်ယူသုံးစွဲသင့်ပါတယ်။

သုံးသပ်ချက်
အန်ဒရိုက် သင်ပုန်း(Tablet) ကြိုက်နှစ်သက်သူများအတွက်ကတော့ ဒီ“အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀” ကို ရွေးချယ် ၀ယ်ယူ သုံးစွဲသင့်ပါတယ်။ တကယ်လို့များ “ဟေး… ငါကတော့ ပေါ့ပေါ့ပါးပါး သင်ပုန်းကို ကောင်းကောင်း ၀ယ်သုံးနိုင်ပြီ” လို့ သင်ကိုယ့်သင် ဘ၀င်မြင့်ချင်တဲ့ စိတ် မရှိဘူးရှိရင်ပေါ့။ ဒီသင်ပုန်းဟာ အနည်းငယ် ထူတယ်၊ လေးတယ် ဆိုပေမယ့် အခြားသင်ပုန်းတွေ သုံးလို့ရသလောက်ကို နောက်ကောက်မကျဘဲ တန်းမီ သုံးစွဲနိုင်တဲ့ သဘောရှိပါတယ်။

ဒီသင်ပုန်းကို ၀ယ်သုံးရင် မစွမ်းတဲ့ အချို့စွမ်းဆောင်ရည်ကိုလည်း သင် နားလည်ခွင့်လွှတ်ပေးရမယ်။ ဥပမာ- ဂျီပီအက်စ်စနစ်၊ ၀ိုင်ဖိုင်စနစ်တွေ မျှော်မှန်းထားသလောက် အရာမရောက်ပဲ လေးလံနှေးကွေးနေတာကိုပေါ့။

၁၆-ဂျီဘီကို အမေရိကန်ဒေါ်လာ ၃၈၀ နဲ့ ရောင်းချတဲ့ ဒီ “ပက် တီးအက်ဖ်-၃၀၀” သင်ပုန်းကို ဈေးချိုတယ်လို့ ပြောလို့ ရ/ မရ ထပ်ပြီး တွက်ချက်သင့်တယ်။ အိုင်ပက်တူး ၁၆-ဂျီဘီတောင် (အခုလျှော့ဈေးနဲ့) အမေရိကန်ဒေါ်လာ ၃၉၉ ပဲ ရောင်းချတော့တာကို နှိုင်းကြည့်ရင် ဈေးချိုတယ်လို့ ပြောလို့ မရပြန်ဘူးနော်။ ဒေါ်လာ ၁၅၀ တန်ဖိုးရှိတဲ့ ဒီသင်ပုန်းရဲ့ ကီးဘုတ် (သို့မဟုတ်) အထိုင်အိမ်ကိုပါ ထည့်တွက်ရင် ဒေါ်လာ ၅၂၀ မြင့်တက်သွားမယ်။ ဒါက ၁၆ ဂျီဘီအတွက်ပဲ ရှိသေးတယ်။

တစ်ဖန် ထပ်မံစိစစ်ရမှာကတော့ ဒီဇိုင်းပုံစံပေါ့။ ပရိုင်း-သင်ပုန်းမှာတုန်းက သုံးခဲ့တဲ့ အလူမီနီယံ ဘောင်နေရာမှာ ပိုပြီးပေါ့ပါးအောင် ဆိုပြီး ဒီပက်တီအက်ဖ်မှာ ပလပ်စတစ်-သိုင်းကြိုးနဲ့ အစားထိုး ရစ်ပတ်ထားတယ်။ ဒါပေမယ့် သိုင်းကြိုးက အနည်းငယ်ကြီးနေသဖြင့် ပိုပြီး ထပ်လေး နေမလားလို့ပါ။ ဒါပေမယ့် ဒါတွေက မပြောပလောက်တဲ့ အပြင်ပန်း အခြေခံသက်သက်ပါ။

ဒီ“အဆပ် ထရန်စဖောမာ ပက် တီးအက်ဖ်-၃၀၀” ရဲ့အရွယ်အစား၊ အထူအပါးကို သူ့ရဲ့အစ်ကိုဖြစ်တဲ့ ထရန်စဖောမာပရိုင်းနဲ့ပဲ ဖြစ်ဖြစ်၊ စံနမူနာ ထားစရာဖြစ်တဲ့ အိုင်ပက်တူးနဲ့ပဲ ဖြစ်ဖြစ် နှိုင်းယှဉ်ကြည့်ရင် အောက်ပါအတိုင်း တွေ့မြင်ရမှာပါ-
 
အဆပ်ထရန်စမောမာ ပက်တီအက်ဖ်-၃၀၀ နဲ့အခြားသင်ပုန်း နှိုင်းယှဉ်ပြပုံ




အဆပ်ရဲ့ ပက်တီအက်ဖ်-၃၀၀ နဲ့ အခြားသင်ပုန်း နှိုင်းယှဉ်ပြဇယား


သင်ပုန်းအမျိုးအစား အဆပ်ရဲ့ တီအက်ဖ်-၃၀၀ အဆပ်ရဲ့ ပရိုင်း ဆမ်ဆောင်းရဲ့ ဂလက်ဇီတပ်ခ်ျ အပ်ပယ်လ်ရဲ့ နယူးအိုင်ပက်
အလေးချိန် (ပေါင်) ၁.၄ ၁.၃၂ ၁.၂၄ ၁.၃၄
အလျား (လက်မ) ၁၀.၄ ၁၀.၄ ၁၀.၁ ၉.၅
အနံ (လက်မ) ၇.၁ ၇.၁ ၉.၆ ၇.၃
ဇောက်/အထူ(လက်မ) ၀.၃၈ ၀.၃၂ ၀.၃၄ ၀.၃၄
မျက်နှာပြင် အသားကျန် ၀.၈ ၀.၈ ၀.၈ ၀.၈

ကျန်တဲ့ စက်ပိုင်းဆိုင်ရာ ဆော့ပ်ဝဲလ် အချက်အလက်၊ ဟာဒ်ဝဲလ် အချက်အလက်၊ စက်လည်မှုစနစ်တို့ကို အပိုင်း (၂) မှာ တင်ပြခဲ့ပြီးဖြစ်တဲ့ “အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း” အကြောင်းအရာနဲ့ ထပ်တူနီးပါးပါပဲ။ သို့ဖြင့် ဋီကာချဲ့ကာ စာမဖွဲ့လိုတော့ပါ။ သို့တိုင် ဒီသင်ပုန်းကိုမှ စိတ်ဝင်စားပြီး ရွေးချယ်သမှု ပြုလုပ်လိုပါက အပိုင်း (၂) ကိုပဲ လည်ပြန်ငဲ့ပြီး ဖတ်လှည့်ပါလို့ လက်တို့ပါရစေ..။
အပိုင်း (၄) ကို ဆက်ရန်

May 5, 2012

အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ် (အပိုင်း ၂)


အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ်နဲ့ ဆက်စပ်ပြီး ပြီးခဲ့တဲ့အပတ်က အပိုင်း (၁) ကို တင်ပြခဲ့ပြီး ဖြစ်တယ်။ အပိုင်း (၁) မှာ နယူးအိုင်ပက် (iPad3) အကြောင်း တစ်ခုကိုပဲ တင်ပြခဲ့ရပါသေးတယ်။ ကျန်တဲ့ အကောင်းဆုံး သင်ပုန်း (Tablet) ၄-ချပ် အကြောင်းကို လုံးဝ မဟရသေးပါ။ သို့မို့လည်း အခုတစ်ခါ ကျန်တဲ့ အကောင်းဆုံး သင်ပုန်း (Tablet) ၄-ချပ်ထဲကမှ ၁-ချပ် အကြောင်းကို ထပ်မံ တင်ပြပါမယ်။ တင်ပြတဲ့ နေရာမှာ ကြယ်ပွင့် ရရှိထားတဲ့ အနေအထားပေါ် မူတည်ပြီး “ကောင်းညံ့စဉ်” အလိုက် တင်ပြမှာပါ။

အမေရိကားနှင့် ဥရောပနိုင်ငံသား အများစုက အပ်ပယ်လ်ထုတ်ကုန် အိုင်ပက်ကို စတင် မိတ်ဆက်ပေးကတည်းက သုံးစွဲခဲ့ကြပေမယ့် အာရှသားတွေက အိုင်ပက်တူး (iPad2) လောက်ကမှ အမြည်းသဘော စမ်းသုံးစွဲကြည့်ကြတာပါ။ သို့တိုင် အိုင်ပက်ရဲ့ ကောင်းကွက်ကို သိရှိသွားကြတဲ့ အာရှသားတွေက အိုင်ပက်ကို လက်ဖ၀ါးကနေ မချတော့ပါဘူး။ အခု တတိယမျိုးဆက် နယူးအိုင်ပက် ထွက်လာတာကိုပဲ ကြည့်တော့။ နယူးအိုင်ပက်ကို ရောင်းချတော့မယ်လို့ အပ်ပယ်လ်ကုမ္ပဏီက ကြေညာတာနဲ့ တစ်ပြိုင်တည်းလိုလို အွန်းလိုင်းကနေ အမှာစာနဲ့ကော၊ ပထမအသုတ်အဖြစ် ၀ယ်ခွင့်ရတဲ့ အာရှနိုင်ငံတွေကရော အားပေးလိုက်ကြတာ ပြိုက်ကနဲ ပစ္စည်း ပြတ်လုမတတ်ပါပဲ။

သို့မို့လည်း ဒီနှစ်အတွင်းမှာ နယူးအိုင်ပက်ကို ချပ်ရေ သန်း ၅၀ ရောင်းချနိုင်မယ်လို့ အပ်ပယ်လ်ကုမ္ပဏီက မျှော်လင့်ထားတာဟာ လွန်တယ်လို့ ပြောလို့မရပါ။ အာရှဈေးကွက်ကို သူတို့က ချဲ့နိုင်ခဲ့ပြီးကိုး။ ပြီးခဲ့တဲ့၂၀၁၁ ခုနှစ် နိုဝင်ဘာလတုန်းက ထုတ်ရောင်းခဲ့တဲ့ အိုင်ဖုန်း-ဖိုးအက်စ် (iPhone4s) ကိုပဲ လှည့်ကြည့်လိုက်အုံး။ တစ်ပတ်အတွင်း လုံးရေ ၄-သန်းတောင် စံချိန်တင် ရောင်းချနိုင်ခဲ့တယ်။ ဒီကိန်းဂဏန်းတွေကို တွက်ချက်ကြည့်ခြင်းအားဖြင့် ကမ္ဘာ့နေရာ အနှံ့အပြားက သုံးစွဲသူတွေဟာ အပ်ပယ်လ်မှ အပ်ပယ်လ်၊ အိုင်ပက်မှ အိုင်ပက် ဖြစ်လို့နေပါပြီ။

ဒါဆို အိုင်ပက်တစ်ခုတည်း သင်ပုန်းလောကကို လွှမ်းမိုးထားပြီး ကျန်တဲ့ သင်ပုန်းတွေက မယှဉ်နိုင်တော့ဘူး သတဲ့လား။ ဒီလိုလည်း မဟုတ်ပြန်ဘူး။ ဘယ်သင်ပုန်းမဆို သူ့ဈေးကွက်နဲ့သူ ရှိနေပြီးသားပါ။ ၀ယ်သူရဲ့ အကြိုက် ထိုက်သင့်တဲ့ ဈေးနှုန်းအရ သုံးစွဲရတဲ့ ကာလဒေသနှင့် လိုက်ဘက်ညီထွေ ဖြစ်မယ်ဆိုရင် ဘယ်သင်ပုန်းပဲ ထွက်လာပစေ သူ့ဈေးကွက်နဲ့ သူကတော့ ဆက်ရှိနေဦးမှာပါ။

အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း (Asus Eee Pad Transformer Prime)
ဒီအပိုင်း (၂) မှာ မိတ်ဆက်ပေးမှာကတော့ သင်ပုန်း (Tablet) လောကမှာ ဒုတိယနေရာယူထားတဲ့ အဆပ်ကုမ္ပဏီက ထုတ်လုပ်တဲ့ “အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း” (Asus Eee Pad Transformer Prime) ပါပဲ။ ဒီသင်ပုန်း (Tablet) ဟာ အန်ဒရိုက် အိုအက်စ် (OS- စက်လည်ပတ်မှုစနစ်) ထဲမှာ အကောင်းဆုံးနှင့် အပြည့်စုံဆုံးလို့ သတ်မှတ်ထားကြလေရဲ့။ ဘာလို့လဲ ဆိုတော့ ဆွဲဆောင်မှု ရှိတဲ့ ပုံပန်း၊ ငမ်းစရာကောင်းတဲ့ တပ်ခ်ျ-စကရင်း (မျက်နှာပြင် တို့ထိ) အပြင် အထင်ကြီးလောက်စရာ ကင်မရာတွေနဲ့ ပြည့်နှက်နေလို့ပေါ့။

အဆင့် = ကြယ် ၄-ပွင့်
ဈေးနှုန်း = အမေရိကန်ဒေါ်လာ ၄၉၉ (၃၂-ဂျီဘီ) နဲ့
အမေရိကန်ဒေါ်လာ ၅၉၉ (၆၄-ဂျီဘီ)

အားသာချက်
“အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း” လို့ နာမည်ပေးထားတဲ့ ဒီသင်ပုန်း (Tablet) ကိုတော့ အိုင်ပက်တူးထက်တောင် ပေါ့ပြီး ပါးလွှားတယ် ဆိုပဲ။ အိုင်ပက်တွေမှာ ရှိမနေတဲ့ SD-Card, HDMI အပေါက်တို့တောင် ပါသေးတယ်။ ဗီဒီယို ထုတ်လုပ်ပေးနိုင်မှု အရည်အသွေး ပမာဏကတော့ ၁၀၈၀ ပစ်ဇယ်လ်ပါ။ သူ့ရဲ့ ကင်မရာ စွမ်းဆောင်ရည်ကလည်း ကောင်းမှကောင်း၊ ၈-မီဂါပစ်ဇယ်လ်တောင်။ သင်ပုန်း (Tablet) ထဲမှာ တွေ့ဖူးသမျှ၊ စမ်းသပ်ရိုက်ကြည့်ဖူးသမျှ ကင်မရာတွေထဲမှာတော့ ဒီသင်ပုန်း (Tablet) ကင်မရာကတော့ အကောင်းဆုံးလို့တောင် သတ်မှတ်လို့ ရတယ်။ အိုက်စကရင်း စန်းဒ၀စ်ခ်ျ (Ice Cream Sandwich) လို့ နာမည်တပ်ထားတဲ့ ဒီသင်ပုန်း (Tablet) ရဲ့ စက်လည်ပတ်မှုစနစ် (0S.4.0) ဟာ (နေရာယူထားတဲ့ ပမာဏ) သေးငယ်ပေမယ့် ဂေဟစနစ် ဆက်သွယ်ရေးမှာ တအားကြီးကို အထောက်အကူ ပြုထားပါတယ်။

အားနည်းချက်
ကိုးလ်ကွာစ် (Core Quad) စီပီယူ တပ်ဆင်ထားပေမယ့် ဆော့ချင်တဲ့ ဂိမ်းတိုင်းကို အထောက်အကူ မပေးနိုင်တာက ဆိုးတယ်။ တစ်ချို့ဂိမ်းတွေဆို ဆော့ရင်းနဲ့ ဒီသင်ပုန်း (Tablet) ရှိ ဂရပ်ဖစ်ကဒ်က သွားနှုန်းကို အမီမဖတ်နိုင်တဲ့အတွက် တအားဒုက္ခရောက်ရတယ်။ ဒီသင်ပုန်း (Tablet) ရဲ့ အထက်အောက် အလေးချိန် မညီမျှတာကလည်း ဆိုးတာပါပဲ။ အပေါ်ပိုင်းက တအားလေးနေပြီး အောက်ခြေဘက်က ပေါ့နေတယ်။ စားပွဲပေါ်မှာ ထောင်ပြီး သုံးရင် သတိထားရတယ်။ အချိန်မရွေး လဲကျနိုင်လို့ပါပဲ။

ကောက်ချက်
“အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း” ဟာ ပေါ့ပြီး ပါးတယ်။ ဆွဲဆောင်မှု ရှိတဲ့ ပုံပန်းရယ်၊ မက်မောဖွယ်ကောင်းတဲ့ တပ်ခ်ျ-စကရင်းရယ်၊ အထင်ကြီးလောက်စရာ ကင်မရာတွေရယ်ကြောင့် ကြယ် ၄-ပွင့် သတ်မှတ်လိုက်ရတာပါ။

သုံးသပ်ချက်
“အဆပ်အီးပက် ထရန်စဖောမာ ပရိုင်း” ရဲ့ နောက်မျိုးဆက်သစ် တစ်ခုဖြစ်တဲ့ “အဆပ် ထရန်စဖောမာ ပက် တီအက်ဖ် ၃၀၀” (Asus Transformer Pad TF300) ကို ၂၀၁၂-ခုနှစ်၊ ဧပြီလမှာ စတင် မိတ်ဆက်ပေးမယ်လို့ ကြေညာထားတယ်။ ဒါပေမယ့် သူ့အရင် ထုတ်မယ်လို့ ကြေငြာထားတဲ့ “အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း” က ၂၀၁၁ ခုနှစ် နိုဝင်ဘာလအထိ မထွက်သေးဘူး။

အပ်ပယ်လ်ရဲ့ အိုင်ပက်တူး ထွက်ကတည်းက သင်ပုန်း (Tablet) သုံးစွဲသူ အများစုဟာ “အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း” ကို စောင့်မျှော်ခဲ့ကြတယ်။ ဒါပေမယ့် လအတန်ကြာတဲ့အထိ ဘာသတင်းအစအနမှ ထွက်မလာသေးဘဲ ငြိမ်ချက်ကောင်းနေတယ်။ နောက်ဆုံးတော့ နှစ်ကူးခါနီးမှ ထွက်လာတော့တယ်။


အဆပ် အီးပက် ထရန်စဖောမာ ပရိုင်းရဲ့ ပုံစံ (ပုံ) 

“အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း” ရဲ့ သင်ပုန်း (Tablet) ဟာ အရောင် ၂-မျိုးနဲ့ ထုတ်လုပ်ထားတယ်၊ (ခရမ်းနှင့်ငွေ ရောစပ်ထားတဲ့) နီလာခရမ်းရောင်နဲ့ (ငွေနှင့်ရွှေ ရောစပ်ထားတဲ့) ရှိန်ပိန်ဝိုင်ရွှေရောင် (ရွှေအိုရောင်) တို့ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဘက်မှာ ကွပ်ထားတဲ့ အလူမီနီယံဘောင်ကတော့ မသပ်ရပ်ပေမယ့် လက်ချောင်းလေးတွေ တင်ရတာ အဆင်ပြေပါတယ်။ ချောမွေ့နေတဲ့ စကရင်း (မျက်နှာပြင်) ကို တို့ထိရတာတွေ၊ ချိုင့်ဝင်နေတဲ့ (ဟုမ်း) ခလုတ်ကို နှိပ်ပြီး ရပ်ခိုင်းတာတွေကတော့ တော်တော်လေး သုံးလွယ်ပါတယ်။

“အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း” ရဲ့ အလေးချိန်၊ အထူအပါးကိုတော့ အောက်ပူးတွဲပါ အခြား သင်ပုန်း (Tablet) ၂-ခုနဲ့ နှိုင်းယှဉ်ကြည့်ပါ-


သင်ပုန်းအမျိုးအစား အဆပ်ရဲ့ အီးပက်ပရိုင်း ဆမ်ဆောင်းရဲ့ ဂလက်ဇီတပ်ဂ်ျ-၁၀.၁ အပ်ပယ်လ်ရဲ့ အိုင်ပက်-၃
အလေးချိန် (ပေါင်) ၁.၃၂ ၁.၂၄ ၁.၄၄
အလျား (လက်မ) ၁၀.၃ ၁၀.၁ ၉.၉
အနံ (လက်မ) ၇.၁ ၆.၉ ၇.၃
အထူ(ခ)ဇောက် (လက်မ) ၀.၃၂ ၀.၃၄ ၀.၃၄

ရှေ့ဆုံးပုံက အပ်ပယ်ရဲ့ အိုင်ပက်တူး ဖြစ်ပြီး အလယ်ကတော့ အဆပ်ရဲ့ အီးပက်ပရိုင်းပါ၊
 နောက်ဆုံးက ဆမ်ဆောင်းရဲ့ ဂလက်ဆီတဂ်ဂ်ျ-၁၀.၁ ဖြစ်ပါတယ်။

“အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း” ရဲ့ ကျောဘက် ပုံသဏ္ဌာန်ဟာ အိုင်ပက်ကို အတုခိုးထားပုံရတယ်။ ဘာလို့လဲဆိုတော့ အရင်ထွက်ခဲ့တဲ့ “အီးပက်ထရန်စဖော်မာ” သင်ပုန်းလိုမျိုး နောက်ကျောကို ရှေ့မျက်နှာပြင် အချိုးအတိုင်း (လေးဒေါင့်ကျကျ) မချိုးတော့ပဲ အိုင်ပက်တူးလို လျှောချလိုက်လို့ပါပဲ။

ပြင်ပဆက်သွယ်မှုအတွက် ဘေးဒေါင့်တစ်ဖက်မှာ SD-Card အပေါက်နဲ့ HDMI အပေါက်တို့ကို ဖောက်ပေးထားတယ်။ ဒီအပေါက်တွေ ရှိတဲ့ ဘေးဒေါင့်မှာပဲ အသံကို အတင်းအလျှော့ လုပ်လို့ရတဲ့ ဗိုလျုန် (Volume) နဲ့ နားကြပ်ပေါက်တို့ကို ထည့်ပေးထားတယ်။ ထိပ်ဒေါင့်မှာတော့ ပါဝါအဖွင့်အပိတ် ခလုတ်လေးကို တပ်ဆင်ထားပြီး၊ သူ့ဘေးနားလေးမှာ ဒုတိယမြောက် နားကြပ်အပေါက်လေးကို ထပ်မံပြီး ဖောက်ပေးထားတယ်။ ပင်း ၄၀ လို့ခေါ်တဲ့ အဓိက ဆက်သွယ်မှုအပေါက်ကိုတော့ အောက်ခြေဒေါင့်မှာ ဖောက်ပေးထားတယ်။ ဒီအပေါက်ကနေတစ်ဆင့် ဘက္ထရီ အားသွင်းနိုင်တယ်။ ပြီးတော့ အပြင်က ဟတ်ဒစ် (HD) တွေကို ချိတ်ဆက်ပြီး အချက်အလက်တွေ ကူးယူနိုင်တယ်။

မျက်နှာပြင်ရှိ ထိပ်လိုင်းသား (စကရင်းရဲ့ ထိပ်ပိုင်း နေရာလွတ်) မှာ ၁.၂-မီဂါပစ်ဇယ်လ်ရှိတဲ့ ရှေ့-ကင်မရာကို တပ်ဆင်ထားပြီး အဲဒီကင်မရာရဲ့ နေရာနဲ့ တည့်တည့် နောက်ကျောဘက်မှာ ၈-မီဂါပစ်ဇယ်လ်ရှိတဲ့ နောက်ကျော-ကင်မရာကို တပ်ဆင်ထားပြန်တယ်။ ရှေ့ကင်မရာကတော့ ၀ပ်ကမ် (web-cam) အတွက် ရည်ရွယ်ထားပုံ ရတယ်၊ ပုံထွက်က ဖြစ်သလိုပါပဲ။ နောက်ကျောကင်မရာကတော့ အံ့မခန်းပါ၊ သူ့ရဲ့ စွမ်းဆောင်ချက်ဟာ ဗီဒီယိုတွေကို ၁၀၈၀-px အရည်အသွေးရအောင် ရိုက်ကူးပေးနိုင်စွမ်း ရှိတယ်။

ရှေ့က ထုတ်လုပ်ရောင်းချခဲ့တဲ့ ထရန်စဖောမာတွေ အတိုင်းပါပဲ ဒီ “ပရိုင်း” ကိုလည်း ကီးဘုတ် (သို့မဟုတ်) အထိုင်အိမ် ပါဝင်ပါတယ်။ ဒီအတွက် အမေရိကန်ဒေါ်လာ ၁၅၀ ပိုပေးရဦးမယ်။ ဒီကီးဘုတ် (သို့မဟုတ်) အထိုင်အိမ်နဲ့ တပ်ပေးလိုက်ရင် လက်တော့ပ် ကွန်ပျူတာ တစ်လုံးနဲ့ မခြားတော့ပါဘူး။ အရင်ထုတ်ခဲ့တဲ့ ထုတ်ကုန်တွေတုန်းကဆို အထိုင်အိမ်နဲ့ အသုံးပြုရတာ သိပ်အဆင်မပြေလှဘူး။ ဒါပေမယ့် အခုထုတ်ကုန်မှာတော့ တော်တော်လေး အဆင်ချောနေပါပြီ။

ပရိုင်းရဲ့ ကီးဘုတ် သို့မဟုတ် အထိုင်အိမ် (ပုံ)

ကီးဘုတ် သို့မဟုတ် အထိုင်အိမ်မှာလည်း ပင်း-၄၀ အပေါက်၊ ပါဝါအဖွင့်အပိတ် ခလုတ်၊ SD-Card နဲ့ HDMI အပေါက်တို့ကို ညာဘက်အခြမ်းမှာ ထပ်ပြီး ဖောက်ပေးထားပြန်တယ်။ တစ်ခုတော့ သတိထားရမှာက ကီးဘုတ် သို့မဟုတ် အထိုင်အိမ်ဟာ အရင်ထုတ်ခဲ့တဲ့ ဗားရှင်းအတွက်ဆိုရင် အရင်သင်ပုန်းတွေအတွက်သာ အကျုံးဝင် တပ်ဆင်နိုင်ပြီး၊ နောက်ထုတ်ဗားရှင်းမှာ ဘယ်လိုမှ အသုံးပြုလို့ မရပါ။ အခုနောက်ဆုံးထုတ်တဲ့ ပရိုင်းကို ၀ယ်သုံးမယ်ဆိုရင်လည်း ပရိုင်း-ဗားရှင်းဖြစ်တဲ့ ကီးဘုတ် သို့မဟုတ် အထိုင်အိမ်ကိုသာ ဧကန်မုချ ၀ယ်ယူရမှာ။

ပရိုင်းမှာ အသုံးပြုတဲ့ ပရိုဆက်ဆာကတော့ အင်န်ဗီဒီယာ (Nvidia) ရဲ့ တက်ဂရာသရီး(Tegra3) ကိုးလ်ကွာစ်ပါ။ မှတ်ညာဏ် မမ်မိုရီကိုလည်း ၁-ဂျီဘီ ထည့်ပေးထားတယ်။ သိုလှောင်နိုင်စွမ်း ပမာဏမှာ ၃၂-ဂျီဘီနဲ့ ၆၄-ဂျီဘီ ဆိုပြီး၂-မျိုး ခွဲထုတ်လုပ်ထားတယ်။ ကွန်နက်ရှင်းအနေနဲ့ ၀ိုင်ဖိုင်၊ ၂.၁ အီးဒီအာရ် နဲ့ ဂျီပီအက်စ်စနစ်တို့ ပါဝင်တယ်။ HDMI အပေါက်ကနေ တီဗီ ဒါမှမဟုတ် မော်နီတာတို့ကို ဆက်သွယ် အသုံးပြုနိုင်ပါတယ်။ အန်ဒရိုက်နဲ့ သက်ဆိုင်တဲ့ ဂိမ်းမှန်သမျှကော ၀ိုင်ယာအိစ်ဘောက် ၃၆၀ ရော၊ ပီအက်စ်သရီး ဂိမ်းအားလုံးပါမကျန် ချိတ်ဆက် ဆော့ကစားနိုင်တယ်။

ပရိုင်းရဲ့ စက်လည်ပတ်မှုစနစ်ကား ဂေဟစနစ်လို့ခေါ်တဲ့ ဟွန်းနီကုမ် (Honeycomb-3.2.1) ကို အခြေခံပြီး လုပ်ဆောင်နေပေမယ့် အိုက်စကရင်း စန်းဒ၀စ် (ICS) စနစ်သို့တိုင်အောင် အဆင့်မြှင့် အပ်ဂရိတ် လုပ်ပေးလို့ ရပါသေးတယ်၊ ဆန္ဒရှိရင်ပေါ့။ အိုင်ပက်မှာ အိုင်ကလောက်ကို အသုံးပြုပြီး ဘက်ကပ် (Back up) လုပ်လို့ရသလို အဆပ်မှာလည်း မိုင်ကလောက် (MyCloud) ကို အသုံးချပြီး သိုလှောင်ထားလို့ ရပါတယ်။ [ဒီစနစ်ကို အသုံးပြုရခြင်း အကြောင်းရင်းမှာ မိမိပိုင် သင်ပုန်းထဲမှာ မဆန့်မပြဲ ထည့်ထားတဲ့ အချက်အလက်တွေထဲက အဓိကကျတဲ့ အချက်အလက်တွေကို ကိုယ်ပိုင် သင်ပုန်းမှာ သိမ်းဆည်းထားစရာ မလိုဘဲ အွန်းလိုင်းမှာ အခမဲ့ သိမ်းဆည်းပေးတဲ့ သဘောပါ။] အိုင်ကလောက်အတွက်တော့ ၈-ဂျီဘီအထိ အခမဲ့ တင်ခွင့်ပေးထားတယ် ဆိုလေရဲ့။ 




ပရိုင်းရဲ့ ဒေတာ (အချက်အလက်) အသွင်းအထုတ် နည်းစနစ်ကတော့ သုံးနေကျ သင်ပုန်း အများစုလိုပါပဲ။ အက်ဝိုက် (@Vibe) ဆိုတဲ့ သူ့ရဲ့ အပ်ပ် (App) ကနေတစ်ဆင့် ဖြစ်ဖြစ်၊ ပီစီ (ဒက်စတော့ကွန်ပျူတာ)၊ လက်တော့ပ်၊ မက်ကင်တော့ပ် (အပ်ပယ်လ်ကွန်ပျူတာ) ဘယ်ကွန်ပျူတာနဲ့ဖြစ်ဖြစ် သီချင်းအပါအ၀င် အချက်အလက်ပေါင်းစုံတို့ကို လိုသလို အသွင်းအထုတ် ပြုလုပ်လို့ရပါတယ်။

အချက်အလက်ဖိုင်တွေကို သွင်းထုတ်တဲ့နေရာမှာ မူလရင်းမြစ်မှ ဖိုင်မန်နေဂျာက စီမံခန့်ခွဲပေးတယ်။ ဘယ်လမ်းကြောင်းမှာ ဘာထည့်ပါဆိုတဲ့ သဘောပါပဲ။ ဥပမာ MyNet File မှာ အင်တာနက်ကနေတစ်ဆင့် ဒေါင်းယူထားတဲ့ သီချင်း ဗီဒီယိုတွေကို လက်ခံသိမ်းဆည်းပေးပြီး၊ MyLibrary မှာတော့ စာအုပ်၊ စာတမ်းတို့ကို သွားပြီး ထည့်သွင်းရမယ့် သဘောပါပဲ။ အင်တာနက်ပေါ်မှာ တင်ထားတဲ့ အခမဲ့ စာအုပ်ပေါင်းမြောက်များစွာကို အဆပ်ရဲ့ အီးရိဒ်ဒါ (e-Reader) ကိုဖွင့်ပြီး ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
ဘာပဲပြောပြော “အဆပ် အီးပက် ထရန်စဖောမာ ပရိုင်း” ဟာ ပေါ့ပြီး ပါးတယ်။ သူ့ရဲ့ ပုံသဏ္ဌာန်ဟာ ချစ်စရာ အပြည့်။ သူ့ရဲ့ တို့ထိ မျက်နှာပြင်ဟာ ရင်ခုန်ဖွယ် အတိ။ သူ့ရဲ့ စံချိန်တင် ကင်မရာကလည်း အထင်ကြီးလောက်ဖွယ်။ သို့ဖြင့် သင်ပုန်းလောကမှာ သူ့ကို ကြယ် ၄-ပွင့်အဆင့်လို့ သတ်မှတ်တာ လွန်အံ့မယ် မထင်ပါ။
 

အပိုင်း (၃) ဆက်ရန်