Pages

Ads 468x60px

Labels

Jan 4, 2012

လွတ်လွပ်ရေးယနံ့ သင်းပျံ့မနေတဲ့ အတိတ်က အပိုင်းအစ

ရတနာဂီရိ-အသံကို ကြားတာနဲ့ အသည်းနင့်အောင် ခံစားရတဲ့ အမည်နာမ တစ်ခုပေါ့။ ဒီနာမည်ကို ဘယ်မြန်မာ အမျိုးသားကမှ မေ့ပျောက်လို့ ရကောင်းတဲ့ အမည်နာမမှ မဟုတ်တာ။ သမိုင်းတည်သရွှေ့ ဖျောက်ဖျက်လို့ မရတဲ့ အမည်နာမ မဟုတ်လား

အဖော်ကောင်းသဖြင့် ကနေ့ ခရီးထွက်ဖြစ်တယ်။ ခရီးဆိုပေမယ့် အပျော်ခရီးရယ်တော့ မဟုတ်ပါ။ လေ့လာရေးခရီးပဲ နာမည်တပ်လိုက်ရမလား၊ တမင်ကလာခရီးလို့ပဲ အမည်ထွင်ချင်တာလားရယ်တော့ သိပ်မသဲကွဲလှပါ။ ငယ်ငယ်ကတည်းက စာတွေ့ရူး ရူးခဲ့တဲ့နေရာ တစ်နေရာကို ကနေ့ လက်တွေ့ ရောက်ဖြစ်သွားတယ်။ ဆိုတော့ကာ ဆန္ဒပြင်းပြစွာ ရောက်ချင်သည့် နေရာတစ်နေရာကို တကယ် ရောက်ရှိတဲ့အခါ အတိုင်းအဆမရှိ ပီတိတို့ ဖြာနေရမှာ အမှန်ပေါ့။ လူ့လောက ရှု့ထောင့်ကနေပဲ ကြည့်ကြည့်၊ အနုပညာရသကနေပဲ ခံစားခံစား ကြည်နူးစိတ်တို့က တားမရ ဆီးမရ စီးဝင်နေရမှာပဲပေါ့။

အခုတော့ကာ တခြားဆီပါပဲလား။ ရောက်သွားဆိုရုံလေးထက် သိပ်တော့ မပိုလှဟု ခံစားမှုက ဖော်ပြနေသလိုလို။ အကြောင်းတရားက ဘာလဲဆိုတာ ဝေခွဲမရ။ ငယ်ငယ်က အိပ်မက်ဟာ အချိန်အတန်နှောင်းမှ အကောင်အထည် ဖော်နိုင်ခဲ့လို့ပဲလား။ ဒီနေရာအရင် အခြားကြေကွဲဖွယ် နေရာများစွာကို ရောက်ခဲ့ဘူးလို့ ခံစားမှုတို့က အတွေ့အကြုံကို မလွှမ်းခြုံနိုင်လို့လား။ သီပေါမင်းရဲ့ နန်းတော်ကုတ်က ၀မ်းနည်းမှုသရုပ်ကို အဟုတ် မဖော်ထုတ်နိုင်လို့လား။ နန်းကျဘုရင်တစ်ပါးရဲ့ သရုပ်သကန်က အမှန်မပီပြင်ခဲ့လို့လား။ တိုင်းတစ်ပါးသားတို့ရဲ့ ဗိသုကာပညာရပ်ကို မခံစားတတ်လို့လား။ ပဒေသရာဇ်တို့ရဲ့ လက်သုံးစကား “ရှင်လျှင်ရွှေထီး၊ သေလျှင် မြေကြီး”ဆိုတဲ့ ဗျူဟာကြီးကို မုန်းတီးတဲ့ အသိတရားတွေကြောင့်လား . . . စသည်ဖြင့် လားပေါင်းများစွာနဲ့ ဘာကိုမှ မသဲကွဲ၊ ဝေး၀ါးဆဲပါ။

ဘ၀ရှင် မင်းတရားကြီးတစ်ပါး ဘုန်းကံ ထွန်းတောက်ခဲ့စဉ်က ဘ၀။ မိဖုရား၊ မောင်းမမိဿံ၊ ကိုယ်တော်လုပ်တို့နှင့် ပြောသမျှအဟုတ် အလုပ်ဖြစ်ခဲ့စဉ်က အခြေအနေ- ယင်းအရာအားလုံးတို့သည့် ယခု မျက်မြင်တွေ့ခဲ့ရသည့် အကျဉ်းစံ မင်းတစ်ပါးအတွက် ဖြစ်ရုံလေး တည်ဆောက်ပေးခဲ့တဲ့ စံအိမ်တော်ကား အကွာအခြားကြီး ကွာခြားနေမည် အမှန်။ ထိုသရုပ်သကန်ကို ကြည့်ပြီး အဖော်ပါ မကွေးက မိတ်ဆွေကို ဘယ်လိုခံစားရပါလိမ့် မေးကြည့်မိတယ်။ သူ့ရဲ့ခံစားချက်က ကိုယ့်ထက် ဆိုးဝါးနေပါလား။ မလွမ်းလောက်ပါဘူးတဲ့။ “တော်” ရင် “စံ”၊ “အ” ရင် “ခံ” ပေါ့။ မိတ်ဆွေရဲ့သဘောထားက အားမတန်လို့ မာန်လျှော့ခဲ့ရတာထက် မတော်လို့ လျှော်ကျလာတဲ့သဘောကို ညွှန်းလိုမှန်း နားလည်ပါတယ်။ သို့သော် အားမတန်လို့ မာန်လျှော့ရခြင်း၊ မတော်လို့ လျှော်ကျခြင်းတို့၏ နောက်ကွယ်ဖြစ်ရပ်မှန်ကား သမိုင်းသက်သေက ပြပေးနေမည်သာ။

ဘုံဘေ ခေါ်ခေါ် မွမ်းဘိုင် ပြောပြော မဟာရဋ္ဌပြည်နယ်ရဲ့ မြို့တော်ကနေ ညသန်းခေါင်အချိန်မှာ ထွက်တော်မူ နန်းတော်က ခွါခဲ့ပါတယ်။ သစ္စာလေးပါး အမှန်တရား ရှာဖို့ရာ ဗုဒ္ဓဘုရားလို တောထွက်ခြင်းမျိုးတော့ မဟုတ်ပါ။ တစ်ခါတုန်းက နန်းကျဘုရင် သီပေါမင်းရဲ့ စံအိမ်ကို သွားရောက်လေ့လာခြင်းပါ။ ဗုဒ္ဓအလောင်းတော်လို ကဏ္ဍက-မြင်းကြီး စီးပြီး အနော်မာမြစ်ကို ခုန်ကူးခြင်းလည်း မဟုတ်ပါ။ အိစ်စ်ပရက် ရထားကြီးကို စီးပြီး ဥမင်ဂူပေါင်း မြောက်မြားစွာကို ဖြတ်သန်းပြီး ခရီးနှင်လာခဲ့ခြင်းပါ။ အတွဲ ၂၁ တွဲပါတဲ့ ရထားကြီးက ညသန်းကောင်ကြီးမှာ တဟီးဟီးနဲ့ အသံပေးပြီး ခုတ်မောင်းလာလိုက်တာ ကြောက်စရာအတိပေါ့။ မင်္ဂလောမှာ လေယာဉ် ဘီးချော်ခဲ့ဘူးတဲ့ကိစ္စ၊ အန္ဓရပရဒေ့ခ်ျမှာ ရထား လမ်းချော်ခဲ့တဲ့ဖြစ်ရပ်တို့က မြင်ယောင်လာလို့ ကြောချ အိပ်စက်လို့မရ။ ရတနာဂီရိသည် မွမ်းဘိုင်-မင်္ဂလော ဟိုက်ဝေးလမ်းမကြီးပေါ်က လမ်းကြားမြို့ဆိုတော့ ဒီဟိုက်ဝေးရထားကို ရှောင်လွှဲလို့မရ။ နိုးတ၀က် အိပ်မက်များစွာနဲ့ မနက် ၉-နာရီကျော်ကျော်လောက်တွင် ရတနာဂီရိ ဘူတာကြီးကို ဆိုက်ရောက်လာတယ်။

ရတနာဂီရိ

ရတနာဂီရိ-အသံကို ကြားတာနဲ့ အသည်းနင့်အောင် ခံစားရတဲ့ အမည်နာမ တစ်ခုပေါ့။ ဒီနာမည်ကို ဘယ်မြန်မာ အမျိုးသားကမှ မေ့ပျောက်လို့ ရကောင်းတဲ့ အမည်နာမမှ မဟုတ်တာ။ သမိုင်းတည်သရွှေ့ ဖျောက်ဖျက်လို့ မရတဲ့ အမည်နာမ မဟုတ်လား။ ကျောက်တင်အက္ခရာကို နှစ်တွေဟောင်းလာတော့ ဖျောက်ဖျက်ကောင်း ဖျောက်ဖျက်နိုင်တယ်။ သို့တိုင် သမိုင်းတင် အမည်နာမကိုတော့ နှစ်ပရိစ္ဆေဒ ဘယ်မျှကြာနေကာမူ ပျောက်ပျက် မသွားပါ။ သို့ဖြင့် ရတနာဂီရိ ပထ၀ီဝင်ကို သင်ယူတာနဲ့ သီပေါမင်းကို ချန်လှပ်ထားလို့ မရသလို၊ သီပေါမင်း သမိုင်းကြောင်းကို လေ့လာပါကလည်း ရတနာဂီရိကို မချွင်းချန်စကောင်း။ ရတနာဂီရိ+သီပေါ၊ သီပေါ+ရတနာဂီရိ ဒွိစုံနဲ့ ဒွန်တွဲနေရတဲ့ အမည်နာမလေးတွေပေါ့။

မှတ်မှတ်ရရ။ ဒီကနေ့ (ဇန်န၀ါရီ ၄-ရက်နေ့) ဟာ မြန်မာပြည် အချုပ်အခြာ ရရှိတဲ့နေ့၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ စံမြန်းနိုင်တဲ့နေ့၊ ကျွန်သပေါက်ဘ၀ကနေ လွတ်မြောက်လို့ လွတ်လပ်ခြင်း ရသကို ရရှိတဲ့နေ့၊ လွတ်လပ်ရေးနေ့ပေါ့။ လွတ်လပ်ရေးနေ့မှာ လွတ်လပ်ခြင်း အနုပညာကိုလည်း ဖန်တီးနေရမယ်။ လွတ်လပ်မှုရသကို မျှဝေခံစားနေရမယ်လေ၊ လွပ်လပ်ခွင့်ရကြတဲ့ လူတွေကိုယ်စီပေါ့။ ဒါပေမယ့် ဒီအစား လွတ်လပ်ရေးနေ့မှာ ဒီရတနာဂီရိ အမည်နာမကြောင့် မလွတ်လပ်မှုက ရင်ကို ချည်နှောင်ထားသလိုပါပဲလား။

အတွေးတွေကို ခေါက်ထားဦး။ ရတနာဂီရိ အကြောင်းကို ငဲ့စောင်း ကြည့်ကြရအောင်။ ရတနာဂီရိဟာ ဆိပ်ကမ်းမြို့တစ်ခု ဖြစ်ပြီး အာရေဗီယံ ပင်လယ်ကမ်းခြေကို အခြေစိုက်ထားတယ်။ အိန္ဒိယနိုင်ငံ၊ မဟာရဋ္ဌပြည်နယ်အတွင်းက မြို့လေး တစ်မြို့ပါ။ မြို့တော်ဖြစ်တဲ့ မွမ်းဘိုင်ကနေ ကီလိုမီတာ ၃၆၀ ဝေးကွာပြီး အနောက်တောင်အရပ်တွင် တည်ရှိတယ်။ အရှေ့တကြောမှာ စာဟျဒ်ဒရီ တောင်တော်ကြီးက ကာဆီးထားတယ်။ ပင်လယ်ကမ်းခြေ ဒေသများအနက် မိုးရေမှတ် အများဆုံး ရွာသွန်းတဲ့ ဒေသအဖြစ် မှတ်တမ်းဝင်ထားတဲ့မြို့ ဖြစ်သည့်တိုင် အချို့ချိုင့်ဝှမ်းဒေသမှာတော့ ဆန်စပါး၊ အုန်းသီး၊ သီဟိုဠ်သရက်နှင့် သစ်သီးဝလံ စိုက်ပျိုးဖြစ်ထွန်းတဲ့ ဒေသဖြစ်တယ်။ တံငါလုပ်ငန်းကတော့ အဓိက အလုပ်အကိုင်ပေါ့။

ရတနာဂီရိကား အိန္ဒိယရဲ့ ထင်ရှားကျော်ကြားတဲ့ အထင်ကရ ပုဂ္ဂိုလ်များရဲ့ မွေးရပ်မြေလည်း ဖြစ်တယ်။ ဗြိတိသျှ လက်အောက်ကနေ လွတ်လပ်ရေးကြိုးပမ်းရာမှာ တော်လှန်ရေးခေါင်းဆောင်ဖြစ်တဲ့ လောကမယဘွဲ့ရ ဗာလ်ဂင်္ဂဓာရ် တိလက်၊ လူမှုတော်လှန်ရေးနှင့် ခေတ်ပညာရေးကို အသက်သွင်းခဲ့ကြတဲ့ ဘာရတ် ရတန၊ ဒွန်ဒို ကေသျှဝ ကရဗေ - အစရှိတဲ့ ပုဂ္ဂိုလ်များဟာ ရတနဂီရိက မွေးပြီး ရတနာဂီရိက ကျွေးတဲ့ သွေးသောက်တွေပေါ့။ မှန်နန်းရာဇာဝင်၊ အမိတဗ်ဃောသျှ ၀တ္ထုတွေမှာ ဖော်ပြခံရတဲ့ သမိုင်းဝင် နေရာတစ်ခု ဖြစ်သလို၊ ဂျိုင်းတပူရ် နျူကလီယားဓာတ်ပေါင်းဖို စီမံကိန်းရှိတဲ့ မဟာအင်အားကြီး မြို့လည်း ဖြစ်တယ်။

ရတနာဂီရိရဲ့ သမိုင်းကြောင်းကတော့ အိန္ဒိယနိုင်ငံလို ကြီးကျယ်ပြီး၊ မြန်မာပြည်လို ရှည်လျားလှပါတယ်။ ခရစ်နှစ် ၁၇၃၁ ခုမှာ ရတနာဂီရိဟာ သတ္ထာရဘုရင်ရဲ့ လက်အောက်ကို ကျရောက်ခဲ့ပြီး၊ မဟာရဋ္ဌပြည်နယ်ရဲ့ မြို့တော် ဖြစ်ခဲ့ဘူးတယ်။ ၁၉၁၈ ခုနှစ်မှာမှ ဗြိတိသျှလက်အောက် ကျရောက်ခဲ့တာပါ။ ရှေးတုန်းက ပိုတုချင်နာရဒ်ဒီလို့ အမည်ရတဲ့ ဗီဇပူရ်မင်းဆက်က ဆိပ်ကမ်းကို တည်ဆောက်ခဲ့ပြီး မာရဋ္ဌီဘုရင်ဖြစ်တဲ့ ရှီဝဂျိ ကတော့ ၁၆၇၀ မှာ ဆိပ်ကမ်းကို ထပ်တိုးချဲ့ခဲ့တယ်လို့ ဆိုပါတယ်။

ရတနာဂီရိဟာ မြန်မာတို့ရဲ့ နေ၀င်ဘုရင်ကြီး သီပေါမင်း အကျဉ်းစံ နန်းတော် တည်ရှိရာ အိမ့်နိမ့်စံ နေရာဖြစ်သလို၊ ဗြိတိသျှကို အာခံတဲ့ တော်လှန်ရေးသမား ဗီဒီဆာဝါကာ အုပ်စိုးခဲ့တဲ့ နေရာအမှန်လည်း ဖြစ်တယ်။ ယင်းအပြင် မဟာဘာရတရဲ့ ဒဏ္ဍာရီအလိုအရ ဗန္ဓုဘုရင်ကြီးရဲ့ သားတော်ဖြစ်တဲ့ ပဏ္ဍ၀က တစ်ဆယ့်နှစ်နှစ်တိုင်အောင် အခြေချခဲ့တဲ့ ဘူမိနက်သန်လည်း ဖြစ်နေပြန်တယ်။

ဗြိတိသျှ ကိုလိုနီခေတ်တွင် ရတနာဂီရိသည် လူသူမနီး တောကြီးမျက်မည်း အတိဖြစ်နေတဲ့ နေရာဒေသပါ။ ဒါကြောင့်လည်း နန်းကျဘုရင် သီပေါမင်းကို မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ သဘောင်္နဲ့ သယ်ဆောင်လာပြီး ဒီနေရာကို ရွှေးချယ် အကျဉ်းချခဲ့ခြင်း ဖြစ်ဟန်တူတယ်။ သို့သော် ကနေ့ခေတ် ရတနာဂီရိကား ပညာရေးဇုန်၊ စက်မှုဇုန်၊ အဏ္ဏ၀ါသုတေသန စင်တာတွေနဲ့ အလွန်စည်ပင်နေတဲ့ မြို့တစ်မြို့ ဖြစ်နေပါပြီလေ။ မွမ်းဘိုင်မြို့တော်နဲ့ မင်္ဂလောမြို့ကို သွယ်တန်းထားတဲ့ ဟိုက်ဝေး ရထားလမ်းကြား ရတနာဂီရိကား တစ်ထောက်နားခရီး ဖြစ်လို့နေပါပြီ။ ကမ္ဘာကျော် ဂိုအာကမ်းခြေသို့ အလည် ထွက်ကြသူတိုင်း ရတနာဂီရိကို မရောက်မဖြစ် ဖြတ်သန်းသွားလာရတဲ့ ဇုန်ရပ် ဖြစ်လို့နေပါပြီ။

သီပေါမင်း

သီပေါမင်းရဲ့ သမိုင်း၊ သီပေါမင်းရဲ့ အကြောင်းအရာက ပေတစ်ချပ် စာတစ်ရွက် ထပ်မဖွဲ့ရလောက်အောင်ကို များမြောင်စွာ စာပေမျိုးစုံ ထွက်ရှိခဲ့ ထွက်ရှိနေဆဲမို့ ဒီသမိုင်း ဒီအကြောင်းအရာကို ချန်လှပ်ထားပါရစေ။ သီပေါမင်းရဲ့ ဖြစ်စဉ် အကျဉ်းမျှကိုသာ ဖော်ပြပါမယ်-

သီပေါမင်းရဲ့ ဘ၀ဖြစ်စဉ် အကျဉ်း
  • ငယ်နာမည် =မောင်ပု (အချို့ကား- မောင်ရေစက်)
  • မွေးသက္ကရာဇ်= ဇန်န၀ါရီလ ၁-ရက်၊ ၁၈၅၉-ခု
  • မွေးရပ်= မန္တလေးမြို့၊ နန်းတော်တွင်း
  • မင်းဆက်= ကုန်းဘောင်မင်းဆက် (၁၁) ဆက်မြောက်
  • ခမည်းတော် =မင်းတုန်းမင်း
  • မယ်တော် =လောင်းရှည်မိဘုရား
  • နန်းတက်နှစ်= နိုဝင်ဘာလ ၆-ရက်၊ ၁၈၇၈-ခုနှစ်
  • ဘွဲ့တော် =သီရိပ၀ရ ၀ိဇယာနန္တ ယသ တိလောကာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ
  • မိဘုရား =စုဘုရားလတ်
  • ၀န်ကြီး =ကင်းဝန်မင်းကြီး ဦးကောင်း
  • နန်းစိုက် =ရနာပုံနေပြည်တော်၊ မန္တလေး
  • နန်းစံသက် =၇-နှစ်နှင့် ၂-လ
  • နန်းကျနှစ် =နိုဝင်ဘာလ ၂၉-ရက်၊ ၁၈၈၅ ခုနှစ်
  • ပါတော်မူနှစ်= ဇန်န၀ါရီ ၁-ရက်၊ ၁၈၈၆-ခုနှစ်
  • နတ်ရွာစံနှစ်= ဒီဇင်ဘာ ၁၉-ရက်၊ ၁၉၁၆ ခုနှစ်
  • နတ်ရွာစံအရပ်= ရတနာဂီရိ၊ အိန္ဒိယနိုင်ငံ။
ကျမ်းညွှန်း-
  • မောင်ဖေငယ်၏ “ရတနာဂီရိရောက် သီပေါမင်း”
  • မောင်သန်းဆွေ(ထားဝယ်)၏ “ကုန်းဘောင်ရှင်းတမ်း”
  • ချစ်ဦးညို၏ ရတနာဂီရိအကျဉ်းသား
  • ၀ီကီပီဒိယ၊ ၀ီကီမြန်မာ/သီပေါမင်း
  • http://en.wikipedia.org/wiki/Ratnagiri
  • http://en.wikipedia.org/wiki/Thibaw_Min
မှတ်တမ်း ရတနာဂီရိ၊ မန္တလေးနန်းတွင်း၊ သီပေါမင်းနှင့် စုဖုရားလတ်တို့၏ အကြောင်းအရာများကို စုံလင်စွာ ဖတ်ရှုလေ့လာလိုပါက အောက်ဖော်ပြပါလင့်များကို နှိပ်၍ ၀ပ်ဆိုက် (သို့မဟုတ်) ဘလော့ဂ် တစ်ခုချင်းဆီသို့ ရောက်ရှိပါမည်-

0 comments:

Post a Comment