Pages

Ads 468x60px

Labels

Jun 15, 2012

ဒေါက်တာဆရာတော်အား ဆွမ်းကပ်



မနေ့ (14-06-2012) က နေ့လည်ဆွမ်းကို စောမိုင်ယစင်တာ ဗုဒ္ဓဘာသာဌာနမှ ဒါရိုက်တာက ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ မွန်ဘိုင်းတက္ကသိုလ်မှာ ဗိုက်ဗာ (နှုတ်ဖြေ၊ အင်တာဗျူး) ထိုင်တဲ့ စစ်ကိုင်းတိုင်း၊ မုံရွှာ မြို့မရွှေဂူကျောင်းမှ ပတ္တမြားရောင်ဆရာတော် အရှင်စန္ဒာဝရ PhD ဘွဲ့ ရတဲ့ အထိမ်းအမှတ်အနေနဲ့ ဆွမ်းဆက်ကပ် လှူဒါန်းတာပါ။

ဆွမ်းဆက်ကပ်တဲ့ နေရာကတော့ K. J. Somaiya Institute of Management Studies and Research Academic Building ရဲ့ မြေညီထပ် ကင်းတင်းမှာပါ။ ဆွမ်းဆက်ကပ်ရာသို့ ပိုလီတက္ကနစ် အင်ဂျင်နီယာအဆောင်မှာ သီတင်းသုံးနေကြတဲ့ သုတေသနကျမ်းပြု သံဃာတော် (၉) ပါးနှင့် Somaiya Centre for Buddhist Studies ဌာနမှာ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်းအားလုံး ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ မနက် ၁၁း၃၀ အချိန်မှာပါ။ “မွန်ဘိုင်တက္ကသိုလ်ကနေ ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့ရ ဆရာတော်ကို ရည်မှန်းပြီး ကောင်းမှုကုသိုလ် ပြုရတာပါ” လို့ ဒါရိုက်တာက ပြောပါတယ်။



PhD ဘွဲ့ ရရှိခဲ့တဲ့ ပတ္တမြားရောင်ဆရာတော် အရှင်စန္ဒာဝရဟာ စောမိုင်ယကောလိပ်မှာ ရုံးထိုင်ဖွင့်လှစ်ထားတဲ့ Somaiya Centre for Buddhist Studies ဌာနအောက်ကနေ သုတေသန ကျမ်းပြုခဲ့တာပါ။ ပတ္တမြားရောင်ဆရာတော် အရှင်စန္ဒာဝရဟာ၂၀၀၈-ခုနှစ်၊ ဇူလိုင်လမှာ မွန်းဘိုင်တက္ကသိုလ်ရဲ့ ပီအိပ်ခ်ျဒီ ကျောင်းသားမှတ်ပုံတင် ကျခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မတ်လတွင် ကျမ်းကြီးကို တင်နိုင်ခဲ့တယ်။ ယခုနှစ် ဇွန် ၁၂-ရက်နေ့မှာ ဗိုက်ဗာလို့ခေါ်တဲ့ နှုတ်ဖြေစာမေးပွဲကို ထပ်အောင်မြင်ခဲ့တဲ့အတွက် PhD ဘွဲ့ကို ရရှိခဲ့တာပါ။

ခုလောလောဆယ်မှာတော့ မကွေးတိုင်း၊ ညောင်ဦး (ပုဂံ-ညောင်ဦး) မှ ဆရာတော်ဦးသိရိန္ဒက သုတေသနကျမ်းကြီးကို တင်နိုင်ခဲ့ပြီး၊ မွန်ပြည်နယ် တောင်စွန်းမှ ဆရာတော်အရှင်ကဉ္စနကတော့ သုတေသနကျမ်း ပုံစံငယ် (Final Synopsis) ကို တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ စည်းမျဉ်းအရ နောက်ထပ်၂-လ ကြာတဲ့အချိန်မှာ ကျမ်းကြီးကို တင်နိုင်တော့မှာပါ။



လာမယ့် ဇွန်လ ၂၂-ရက်နေ့မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ မြကျွန်းသာ မိုးကုတ်ရိပ်သာမှ ဒေါက်တာအရှင်ပါရမီ မွန်ဘိုင်းတက္ကသိုလ်ရဲ့ ထပ်ဆင့် PhD ဘွဲ့အတွက် ဗိုက်ဗာ လာထိုင်ဦးမှာပါ။ (ဒေါက်တာအရှင်ပါရမီဟာ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်မှ PhD ဘွဲ့ ရခဲ့ပြီး ဖြစ်တယ်။) ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လတုန်းကလည်း ဒီဗုဒ္ဓဘာသာဌာနကနေ တစ်ဆင့် မွန်ဘိုင်းတက္ကသိုလ်ရဲ့ PhD ဘွဲ့ကို ရန်ကုန်မြို့ မင်းကွန်းတောရကျောင်းက ဒေါက်တာအရှင်သာဓိန ရရှိခဲ့ပြီ ဖြစ်တယ်။

မွန်ဘိုင်းတက္ကသိုလ်အောက်မှာ PhD ဘွဲ့အတွက် လက်ရှိ သုတေသနကျမ်းပြုနေတဲ့ မြန်မာနိုင်ငံတစ်ဝန်းမှ ဆရာတော်သံဃာတော်များဟာ ၁၃ ပါးရှိပါတယ်။ ထို့အပြင် PhD ၀င်ခွင့် အောင်ပြီး Topic Approval Letter စောင့်နေတဲ့ သံဃာတော် ၄-ပါးနဲ့ PhD ၀င်ခွင့် ဖြေဆိုထားပြီး အောင်စာရင်း စောင့်နေကြတဲ့ သံဃာတော် ၄-ပါးတို့လည်း PhD ကျောင်းသားစာရင်းမှာ ပါဝင်ပါတယ်။

Jun 14, 2012

မိုဘိုင်ဖုန်း အသုံးအနှုန်း (၁)



မီဒီယာ (Media) ခေတ်လို့ ခေါ်ဆိုနေကြတဲ့ ကနေ့ခေတ်ဟာ မိုဘိုင်ဖုန်း (Mobile Phone) နဲ့ မီဒီယာကို လက်ခံ ရယူကြသလို မိုဘိုင်ဖုန်းနဲ့ပဲ မီဒီယာကို ပြန်လည် မျှဝေ (Share) ကြတယ်။ ဒီတော့ကာ “သက်ရောက်နိုင်အား” ဖော်မြူလာအရ မီဒီယာသမားတွေက မိုဘိုင်ဖုန်းကို အသားပေးလာကြရတယ်။ ဆိုလိုတာက မိုဘိုင်ဖုန်းအတွက် သီးသန့် မီဒီယာကဏ္ဍကို ဖန်တီးလာကြတယ်။ တစ်ဖန် “တန်ပြန်သက်ရောက်အား” ဖော်မြူလာအရ မိုဘိုင်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက မိုဘိုင်ဖုန်းမှာ မီဒီယာကဏ္ဍ ပြည့်စုံသထက် ပြည့်စုံလာအောင် ထည့်သွင်း ထုတ်လုပ်ကြရတယ်။ အများနားလည်တဲ့ စကားလုံးနဲ့ ပြောရရင် ဘယ်သတင်းမဆို မိုဘိုင်ဖုန်းနဲ့ ဖတ်နိုင်အောင်၊ ဘယ်ရုပ်ပုံမဆို မိုဘိုင်ဖုန်းနဲ့ ကြည့်နိုင်အောင်၊ ဘယ်အသံ/ သီချင်းမဆို မိုဘိုင်ဖုန်းနဲ့ နားထောင်လို့ ရအောင်၊ ဘယ်ဗီဒီယို/ရုပ်ရှင်မဆို မိုဘိုင်ဖုန်းနဲ့ ကြည့်ရှုနိုင်အောင် မိုဘိုင်ဖုန်းကို ထုတ်လုတ်တဲ့ ကုမ္ပဏီတွေက အပြိုင်ကြဲ ထုတ်လုပ်ကြရတော့တယ်။

အရင်ခေတ်တွေတုန်းကဆို ဖုန်းဆိုတာနဲ့ စကားပြောတဲ့ ခွက်လောက် သိထားကြတာပါ။ ဒီခွက်ကို တစ်နေရာမှာ အတည် ထားထားရတယ်။ ကိုယ်က ဆက်ချင်လို့ပဲ ဖြစ်ဖြစ်၊ ဟိုဘက်က ဆက်လာလို့ပဲ ဖြစ်ဖြစ် ဒီစကားပြောခွက် ရှိတဲ့နေရာကို သွားပြီး ဆက်သွယ်မှု ပြုကြရတယ်။ အဲဒီခေတ်ကို တယ်လီဖုန်းခေတ် (Telephone) လို့ ခေါ်တယ်ဆိုပဲ။

နောက်တစ်ခေတ်ကျတော့ သွားလေရာ လာလေရာမှာ ကိုယ်နဲ့မကွာ သယ်ဆောင်သွားနိုင်တဲ့ စကားပြော ကိရိယာ တစ်ခုအဖြစ် ဖုန်းကို အဆင့် ထပ်မြှင့်ခဲ့ကြတယ်။ ဘယ်နေရာပဲ ရောက်ရောက် ဘယ်မှာပဲ ပေါက်နေပေါက်နေ ဒီစကားပြော ကိရိယာကိုသာ ဆောင်သွားလေ။ အိုကေပြီ။ အာဖရိကတိုက်က အမဲလိုက် မုဆိုးတွေ ဒီစကားပြော ကိရိယာကို သုံးပြီး အမဲကောင်ကို တောလှန့် တောခြောက်ကြတယ် ဆိုပဲ။ ဒါကို မိုဘိုင်ဖုန်းခေတ် (Mobile Phone) လို့ ပြောရလေမလားပဲ။

အဲ… အခုခေတ်ကျတော့ မိုဘိုင်ဖုန်းဆိုတာ ဖုန်းဆက်ရုံလေးသာ အသုံးဝင်တဲ့ ခေတ် မဟုတ်တော့ဘူး။ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုက ကျယ်ပြန့်လာပြီ။ မီဒီယာ ပေါင်းစုံကို ဘက်ပေါင်းစုံကနေ အသုံးချနိုင်တယ်။ ဘယ်နေရာရောက်ရောက် စာ ကောက်ဖတ်နိုင်တယ်။ ဘယ်နေရာသွားသွား သတင်း နားထောင်နိုင်တယ်။ သူငယ်ချင်းတွေနဲ့ အပျင်းပြေ ဂိမ်းဆော့ကစားနိုင်တယ်။ မိုးလေတစိမ့်စိမ့် လွမ်းရိပ်ပိုက သီချင်း၊ ကာရာအိုကေနဲ့ ကခုန်နိုင်တယ်။ တီဗီ ဗီဒီယို ခိုးကြည့်နိုင်တယ်။ ဒါတင် ဘယ်ဟုတ်လိမ့်မတုန်း တွှေ့ကရာမြင်ကွင်း ဖုန်းနဲ့ မှတ်တမ်းတင်နိုင်တယ်။ ဘယ်ဖြစ်ရပ်မဆို ဓာတ်ပုံခိုးရိုက်ကာ အင်တာနက်ပေါ် တန်းတင်နိုင်တယ်။ ဒါကြောင့်လည်း ကနေ့ခေတ်သုံး ဖုန်းကို စတိုင်ကျကျ စမတ်ကျကျ ကိုယ်တွယ်သုံးစွဲနိုင်တာမို့ စမတ်ဖုန်း (Smart Phone) လို့ ခေါ်ကြတယ် ထင်ပါရဲ့။

အဲဒီလို ဘက်စုံတော်တဲ့ ခေတ်မှာ ဘက်စုံ အသုံးဝင်တဲ့ စမတ်ဖုန်းကို တို့တစ်တွေက သုံးနေကြပါရက်နဲ့ ဖုန်းရဲ့ အသုံးအနှုန်း ခေါ်ဆိုပုံကို တီးမိခေါက် မိ မရှိခဲ့ငြား “မြင်းခွစီးလျှက် အထီးအမ အခွဲခက်” သလိုမျိုး ဖြစ်သွားမှာ စိုးတယ်။ ဒါကြောင့်လည်း စမတ်ဖုန်းဆိုတာ စမတ်ပဲ ကျသလား၊ တစ်မတ်ပဲ တန်ရော့သလား ခွဲခြား သိနိုင်အောင် ဇွတ်လေ့လာ၊ ဇွတ်အသုံးချ၊ ဇွတ်သုံးပစ်လိုက်ကြပါစို့။

ဖုန်းအသုံးအနှုန်းတွေထဲက အသုံးများတဲ့ ဖုန်းဝေါဟာရကို အချိန်ရရင် ရသလို တင်ပြပေးသွားမှာပါ။ တင်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာစဉ်အတိုင်း ကောက်နှုတ် တင်ပြဖို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် ကြုံရင်ကြုံသလို အသစ်ထွက်ပေါ်လာတဲ့ ဝေါဟာတွေကိုလည်း အခါအားလျှော်စွာ ကြားညှပ် တင်ပြမှာပါ။ ကနေ့အဖို့ တင်ပြမှာကတော့ အက္ခရာစဉ်ထဲက ပထမဦးဆုံး အေ (A) နဲ့ စလိုက်ကြရအောင်-



1.Accelerometer = တိုင်းတာသည့် ကိရိယာ
ဖုန်းကို အပေါ်ဘက်သို့ ထောင်လိုက် ဖြစ်ဖြစ်၊ အောက်ဘက်သို့ လှဲချတာပဲ ဖြစ်ဖြစ်၊ ရုပ်ပုံ အလိုလိုလှည့်ပေးသည့် စနစ်ပါ။ ဖုန်းကသာ ဒေါင်လိုက်၊ အလျားလိုက် ဖြစ်ချင် ဖြစ်မယ်၊ ရုပ်ပုံကတော့ မူလအတိုင်းပါပဲ၊ မပြောင်းလဲပါ။ ဘယ်လိုပဲ စောင်းစောင်း ရေပြင်ညီအတိုင်း တစ်မတ်တည်း ရှိနေတတ်တဲ့ ပြဒါးမျဉ်းနဲ့ အလားတူတယ်လို့ပဲ ပြောရမလား။ ပစ်ချလိုက်တိုင်း ထောင်ထောင်နေတဲ့ ပစ်တိုင်းထောင်လို ချွတ်စွတ်လို့ပဲ ဆိုရမလား မသိပါ။ သေချာတာက နာရီလက်တံ လည်သလို ဖုန်းကို လှည့်ကြည့်လိုက်ပါ၊ ဖွင့်ထားတဲ့ ရုပ်ပုံတွေက ပန်းပန်လျှက်ပါ၊ လည်မသွားပါ။Tablet (သင်ပုန်း) မှာဆို ပိုသိသာတယ်။ Rotate နဲ့ ဆင်တူသော စကားလုံးပါ။

2. Activation = ဖွင့်ခြင်း (အက်ဒီဗိတ် လုပ်ခြင်း)
အသုံးပြုမယ့် နက်ဝေါ့ဒ်လိုင်းဆီသို့ မိမိဖုန်းလိုင်းကို ဖွင့်ပေးဖို့ လုပ်ရတဲ့ လုပ်ဆောင်ချက်ပါ။ ဥပမာ- ဖုန်းဟန်းဆက် တစ်လုံး ၀ယ်လာပါက မိမိထည့်သွင်း အသုံးပြုမည့် စင်းကဒ် (Sim) ကို လိုင်းဖွင့်ခိုင်းခြင်း၊ ဖုန်းလိုင်းကုမ္ပဏီကနေ လိုင်းကို ဖွင့်ပေးခြင်းကို ဆိုလိုသည်။ ဖုန်းဟန်းဆက်ကော၊ ဖုန်း-စင်းကဒ်ပါ Activate မဖြစ်ပါက ဖုန်းလိုင်း ၀င်မည်မဟုတ်ပါ။ ဖုန်းကို အသုံးပြုလို့ ရမည် မဟုတ်ပါ။

3.Airplane Mode = လိုင်းကို ပိတ်ထားသည့် အခြေအနေ
ခုခေတ်ပေါ် စမတ်ဖုန်းမှာ အဲယားပလိန်းမုဒ် (Airplane Mode) သို့မဟုတ် ဖလိုက်မုဒ် (Flight Mode) ကို ထည့်သွင်းထားတတ်တယ်။ မိမိသွားရမယ့် ခရီးလမ်းတစ်လျှောက်မှာ ဖြစ်သန်းသွားရတဲ့ တာဝါတိုင်များမှ လွင့်ထုတ်နေတဲ့ ရေဒီယိုလှိုင်း ၀ါယာလက်လိုင်း ဆွဲအားကြောင့် ဖုန်းထဲက ဘက္ထရီ အမြန် ကုန်တတ်တယ်။ ဒါကို တားဆီးတဲ့အခါ အသုံးပြုပါ။ ဖုန်းပါဝါကို မပိတ်ရဘဲ ဘက္ထရီကို ချွေတာတဲ့သဘောပါ။ လေယာဉ်စီးတဲ့အခါ လေယာဉ်ပေါ် ဖုန်း အသုံးပြုခွင့် မပေးပါ။ ထိုအခါ ဖုန်းကို ပါဝါပိတ်စရာမလိုဘဲ ဒီ Airplane Mode ကို နှိပ်လိုက်ရင် ဖုန်းကို ပိတ်လိုက်သလိုပါပဲ။ ဆက်သွယ်မှု အကုန်ပြတ်တောက်သွားပါလိမ့်မယ်။

4.Alarm Clock = နှိုးစက်
အခုခေတ်ပေါ် ဖုန်းတွေမှာ ပြက္ကဒိန်တွေ၊ နာရီနှိုးစက်တွေ ထည့်ပေးထားတတ်တယ်။ အရင်တုန်းက ထုတ်လုပ်တဲ့ ဖုန်းတွေမှာ နှိုးစက်ကို နာရီနှိုးစက်လိုပဲ တစ်ရက်စာ၊ တစ်ချိန်ကိုသာ သတ်မှတ်ပေးတယ်။ ဆိုလိုတာက မနက် ၄-နာရီတိတိ နှိုးစက်ကို ချထားရင် မနက်လေးနာရီတိုင်း ထမြည်မယ်ပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း ထုတ်တဲ့ စမတ်ဖုန်း အများစုကတော့ နေ့ရက်အလိုက် နာရီချိန်ပြီး နှိုးစက် ပေးလို့ ရတယ်။ ဥပမာ- ဇွန်လ ၁၅-ရက်နေ့ ညသန်းခေါင် ၁၂း၁၅ မှာ ကန်မယ့် ဘောလုံးပွဲကို ထကြည့်ချင်သပဆိုရင် JUN 15 00:15 AM ကို ချိန်ပြီး နှိုးစက် ချထား။ ဒါဆို နောက် ၂-ရက် ညသန်းခေါင်အချိန်မှာ နာရီနှိုးစက် ထမြည်လာမှာပါ။ ရက်အများကြီး၊ အချိန်အများကြီးကို ကြိုတင် ချိန်းထားလို့ ရတယ်။ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်ကို သွားမယ်လို့ စိတ်ကူးထဲ ပေါ်လာတဲ့အတိုင်း နှိုးစက်ကိုသာ ချထား။ အချိန်တိကျစွာ သင့်ကို နှိုးဆော်ပေးပါလိမ့်မယ်။



5.Alphanumeric = အက္ခရာနဲ့ ဂဏန်း
အရင်ထုတ်ဖုန်းတွေမှာ ကီးပက်နဲ့ သုံးရတဲ့အတွက် ကီးပက် တစ်ကွက်စာကို အက္ခရာ ၃-လုံးနဲ့ ဂဏန်း ၁-လုံး ထည့်သွင်းပေးထားတယ်။ ဥပမာ ဒုတိယအကွက်မှာ ABC နဲ့ 2 ကို ထည့်ထားတယ်။ ဒီကီးပက်ကို ပထမတစ်ခါ နှိပ်ရင် A၊ ဒုတိယ B၊ တတိယ C၊ စတုတ္ထ 2 ပေါ့။ ခုခေတ် Touch Screen (တို့ထိမျက်နှာပြင်) ဖုန်းတွေမှာ ကီးပက် မရှိဘူး။ ဒီတော့ စာတွေကို ရိုက်ရတဲ့အခါမှာ အော်တို ကီးဘုတ်တွေ ပေါ်လာတယ်။ လက်ကွက်တွေ မရှုပ်အောင် ဆိုပြီး အက္ခရာဖြစ်တဲ့ အေ ကနေ ဇက် (A – Z) အထိ ကို တသီတခြား။ ဂဏန်း ၀ ကနေ ၉ အထိ (0 – 9) ကို တသီတခြား ခွဲထုတ်ထားတတ်တယ်။ ဒီနှစ်မျိုးလုံးကို အသုံးပြုချင်သပဆိုရင် Alphanumeric ရဲ့ လုပ်ဆောင်ချက်ကိုသာ ရွေးထားပါ။

6.Analog = အလားတူ (အနာလော့ဂ်)
လေလှိုင်းကနေတစ်ဆင့် အသံစနစ် ဖလှယ် ( ပေးပို့၊ လက်ခံ) ခြင်းကို အနာလော့ဂ်လို့ ခေါ်တယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အသံကို လှိုင်းကြိမ်နှုန်းနဲ့ တိုင်းတာပြီး လက်ခံသည့် ရေဒီယိုအသံလှိုင်း ဆီသို့ တိုက်ရိုက်ပေးပို့ခြင်းကို ဆိုလိုတာပါ။ အရင်ကြိုးဖုန်းတွေမှာ အနာလော့ဂ်စနစ်ချည်း သုံးကြတယ်။ နောက်ပိုင်းမှ ဒစ်ဂျစ်တယ်လ်စနစ်သို့ ပြောင်းလဲတပ်ဆင်လာကြတယ်။ အနာလော့ဂ်စနစ်သုံး ဆယ်လူလာဖုန်းကို ၁၉၈၀ ပြည့်နှစ်တွင်မှ အမေရိကန်နိုင်ငံတွင် စတင်အသုံးပြုနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီစနစ်ကို ဆယ်စုနှစ် တစ်ခုလောက်ပဲ သုံးခဲ့ရတယ်။ နောက်ပိုင်း ဒစ်ဂျစ်တယ်လ်စနစ်ကို ပြောင်းလဲလိုက်တယ်။ အမှန်မတော့ အနာလော့ဂ်စနစ်ကို အခြေခံပြီးမှ 1-G (၀မ်းဂျီ) လို့ခေါ်တဲ့ ပထမမျိုးဆက် (First Generation) ကို ပြောင်းလဲခဲ့တာပါ။ အခုဆို ဖိုး-ဂျီ (4-G) စနစ်ကိုတောင် တက်လှမ်းနေပါပြီ။ ဒါပေမယ့် နိုင်ငံအများစုကတော့ သရီး-ဂျီ (3-G) စနစ်ကို သုံးစွဲနေကြဆဲပါ။ မြန်မာနိုင်ငံမှာတော့ ၃-ဂျီ (3-G) စနစ်ကို အခုမှ တာစူနေတယ် ဆိုပဲ။

7.Android = မနုဿစက်ရုပ် (အန်ဒရွိုက်)
စမတ်ဖုန်းမှာ အသုံးပြုနေတဲ့ စက်လည်ပတ်မှုစနစ် (OS) ဖြစ်တယ်။ (အခုတလော ထုတ်လုပ်လာကြတဲ့ သင်ပုန်း (Tablet) မှာလည်း ဒီစနစ်ကိုချည်း သုံးလာကြတယ်။ Apple ထုတ်ကုန်က လွဲရင်ပေါ့။) လင်းနက်စနစ်ကို အခြေခံပြီး ဂူဂဲလ်ကနေ ဦးဆောင် တီထွင်ထားတဲ့ ဖုန်းသုံး ဆော့ဝဲလ်အမည်တစ်မျိုး ဆိုပါတော့။ (အန်ဒရွိုက်-အကြောင်းကို သီးခြား ဆောင်းပါး ရေးထားပြီ ဖြစ်တယ်။)



8.Antenna = အင်တာနာ (ဧရိယာတိုင်)
ရေဒီယိုလှိုင်းကို ပေးပို့/ လက်ခံရယူဖို့အတွက် ဖုန်းမှာ ထည့်သွင်းထားရတဲ့ ကိရိယာကို ခေါ်တာပါ။ အင်တာနာကို ပုံစံ အဖုံဖုံ၊ အရွယ်အစား အစုံစုံ ထုတ်လုပ်ခဲ့ကြတယ်။ အရင်ဖုန်းတွေတုန်းကဆို အပြင်ကို စတိုင်ကျကျ ထုတ်ပေးထားပေမယ့် နောက်ပိုင်းထုတ် စမတ်ဖုန်းမှာကျတော့ အတွင်းမှာပဲ ထည့်သွင်းထားကြတယ်။ လူ့အကြိုက်တွေကို လိုက်ပြီး ဖော်လိုက်၊ ဖွက်လိုက် နေမှာပါ။ ဖုန်းလိုင်း ဆွဲအားကောင်းတယ် မကောင်းဘူး၊ လိုင်းမိတယ် မမိဘူးဆိုတာ ဒီထည့်သွင်းထားတဲ့ အင်တာနာပေါ်မှာပဲ မူတည်တယ်။

9.Area Code (NPA) = ဧရိယာကုဒ်
ယေဘုယျအနေနဲ့ ဧရိယာကုဒ်လို့ သုံးစွဲကြပေမယ့် ဖုန်းသုံးဝေါဟာနဲ့ဆို NPA (Numbering Plan Area) လို့ သုံးနှုန်းကြတယ်။ အမေရိကန် အပါအ၀င် မြောက်အမေရိကတိုက်မှာ သုံးစွဲကြတဲ့ နံပါတ် ၁၀-လုံးထဲက ပထမဦးဆုံး ဂဏန်း ၃-လုံးကို ဆိုလိုတာပါ။ ဧရိယာကုဒ်မှန်း သိအောင် ဘယ်တော့မှ ဂဏန်း ၁ နဲ့ စပြီး မသုံးပါ။ အခုအခါမှာတော့ ပထ၀ီဝင် အနေအထားကို တွက်ချက်ပြီး နိုင်ငံအလိုက် ဧရိယာကုဒ်ကို ချမှတ်ပေးထားတယ်။ မြန်မာနိုင်ငံဆို ၀၀၉၅ ဒါမှမဟုတ် +၉၅ ပေါ့။ ဧရိယာကုဒ်ကို နိုင်ငံအလိုက်သာ သုံးစွဲသင့်တဲ့ စကားလုံး ဖြစ်ပေမယ့် အခုခေတ်ကား မြို့အလိုက်ပါ သုံးစွဲနေကြတယ်။ ဥပမာ ရန်ကုန်မြို့ဆို ၀၁၊ မန္တလေးကို ၀၂၊ မော်လမြိုင်ကို ၀၃၂။ ဒါတွေကိုလည်း ဧရိယာကုဒ်ပဲ တင်စားကြတယ်။ ကြိုးဖုန်း အသုံးများတဲ့ နိုင်ငံတွေမှာတော့ ခေတ်ပေါ် မိုဘိုင်ဖုန်းအတွက် သီးသန့်ကုဒ် ထုတ်ပေးထားသေးတယ်။ ပမာအားဖြင့် မြန်မာနိုင်ငံမှာဆို ၀၉ ပုံစံလိုပေါ့။

10.Auto-focus = အော်တို-ဖိုကပ် (အလိုအလျှောက် အချိန်အဆ)
အော်တို-ဖိုကပ်ဆိုတာ စမတ်ဖုန်းမှာ ထည့်သွင်းထားကြတဲ့ ကင်မရာတွေရဲ့ ဓာတ်ပုံရိုက်နိုင်စွမ်း အရည်အသွေးကို ပြောတာပါ။ ကင်မရာနဲ့ ဓာတ်ပုံကို ရိုက်တဲ့အခါ ကင်မရာမင်း အများစုက ဖစ်စ်-ဖိုကပ်နဲ့ ရိုက်ကြတယ်။ ဒါပေမယ့် အလင်းအမှောင် အကွာအဝေးကို ချိန်းနိုင်မှ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံကောင်း တစ်ပုံ ထွက်လာမှာပါ။ ဒါကို စပါယ်ရှယ် လေ့လာထားတဲ့ ကင်မရာမင်းကမှ ရိုက်တတ်တာပါ။ အပျော်တမ်းသမားအတွက်တော့ မကိုက်ဘူး။ ဓာတ်ပုံကို ရိုက်လိုက်ပေမယ့် မှောင်မည်းချင် မည်းနေမယ်၊ ၀ါးတားတား ဖြစ်ချင်ဖြစ်နေမယ်ပေါ့။ ဒီတော့ကာ အပျော်တမ်းအဆင့်သာ ထည့်သွင်းထားတဲ့ ဖုန်းရဲ့ ကင်မရာကို ပိုရိုက်ရလွယ်အောင်ဆိုပြီး အော်တို-ဖိုကပ်စနစ် ထည့်သွင်းပေးထားတယ်။ ကင်မရာရဲ့ မှန်ဘီးလူး အချိန်အဆ၊ ရှတ်တာလို့ခေါ်တဲ့ ကင်မရာရဲ့ အလင်းတံခါး အနည်းအများ ဖွင့်ပိတ်- စတာတွေကို ချိန်ဆမနေတော့ဘဲ မြန်မြန်ဆန်ဆန်နဲ့ ဓာတ်ပုံရိုက်နိုင်ဖို့ ရည်ရွယ်တာပါ။ ဒီအော်တို-ဖိုကပ်စနစ်နဲ့ ရိုက်တဲ့အတွက် ကင်မရာက ရုပ်ပုံကို မြန်ဆန်စွာ ဖမ်းနိုင်တယ်။ ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်လောက်ပဲ နီးနီး ဒီပုံသေနည်းနဲ့ ကင်မရာက တွက်ချက်ပြီး ချိန်ဆပေးထားတဲ့အတွက် ရိုက်လိုက်တဲ့ ရုပ်ပုံတိုင်း ဝေး၀ါးမနေတော့ဘူး။

- ဆက်ရန်-

Jun 2, 2012

Samsung Galaxy SIII ထွက်ပြီ


နယူးဒေလီ။
။ နောက်ဆုံးမတော့ စောင့်ရကျိုးနပ်သွားပါပြီ။ ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို ဒီကနေ့ (01-06-2012) မှာ အိန္ဒိယနိုင်ငံအတွက် ဆမ်ဆောင်းကုမ္ပဏီက ဖြန့်ချိလိုက်လို့ပါပဲ။ ကြမ်းခင်း သတ်မှတ်ဈေးနှုန်းကတော့ လေးသောင်းသုံးထောင်နဲ့ငါးရာ (၄၃,၅၀၀) ရူပီးပါ။ ဆိုးလ်မြို့နှင့်အတူ ဥရောပတစ်လွှား၊ အရှေ့အလယ်ပိုင်းဆီကို ရောင်းချနေပြီဖြစ်တဲ့ ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို ကြားသပတေးနေ့တုန်းက အိန္ဒိယမှာ စတင် ရောင်းချပါတယ်။ ဒီစမတ်ဖုန်းကို စောင့်မျှော်ခဲ့တဲ့ရလဒ်က ရူပီးငွေ ၄-သောင်းကျော် ပေးဆပ်ရမယ့် သဘောပါပဲ။

ဆမ်ဆောင်းဂလက်ဇီ (Samsung Galaxy) ရဲ့ မျိုးဆက်ထဲက အထွေးဆုံးဖြစ်တဲ့ ဒီတတိယမြောက် ညီတော် (Samsung Galaxy SIII) ကို အရင့်အရင် မွေးဖွားခဲ့တဲ့ နောင်တော့နောင်တော်တွေထက် သာလွန်ကောင်းမွန်မယ်လို့ ဆမ်ဆောင်းပြည်သူတွေက မျှော်လင့်ထားကြပါတယ်။ ဒီတတိယမြောက် ညီတော်ကပဲ တောင်ကိုရီယား ကုမ္ပဏီကို အပ်ပယ်လ်ကုမ္ပဏီထက် ထိပ်ဆုံးရောက်အောင် ဆောင်ကျဉ်းပေးမယ်လို့ စမတ်ဖုန်းလောကသားတွေက မျှော်လင့်နေကြလေရဲ့။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ ဈေးနှုန်းကို ကြည့်ပြီး ၀ယ်ယူသုံးစွဲသူတွေအနေနဲ့ စိတ် အနည်းငယ် ပျက်သွားပုံ ပေါ်မှာပါ။



အခြေခံ ပုံသဏ္ဌာန်
ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို အန်ဒရွိုက် စက်လည်ပတ်မှုစနစ် ၄.၀ (Android 4.0) နဲ့ မောင်းထားတယ်။ ဒီစက်လည်ပတ်မှုစနစ်ကို အိုက်စကရင်း ဆန်းဒ၀စ် (Ice Cream Sandwich) လို့လည်း ခေါ်ဆိုကြပါသေးတယ်။ အန်ဒရွိုက်စနစ် ၄.၀ ကို ဒီအက်စ်သရီးဖုန်းမှာ ဒုတိယမြောက် သုံးစွဲခြင်းလို့ ပြောလို့ရတယ်။ ဘာလဲဆိုတော့ အရင်တုန်းက ထုတ်ခဲ့ဖူးတဲ့ ဂလက်ဇီ-နက်ဇပ်မှာ သုံးခဲ့ဖူးလို့ပါ။ စီပီယူ (CPU) ကိုတော့ ကွာစ်ကိုးလ် ၁.၄ (Quad-Core 1.4 GHz) နဲ့သုံးထားတယ်။

ဆက်သွယ်မှု (Network)
၂-ဂျီ= GSM ၈၅၀/ ၉၀၀/ ၁၈၀၀/ ၁၉၀၀
၃-ဂျီ=HSDPA ၈၅၀/ ၉၀၀/ ၁၉၀၀/ ၂၁၀၀
၎-ဂျီ= LTE

အရွယ်အစား

အလျား (အမြင့်) = ၁၃၆.၆ မီလီမီတာ (၅.၃၇ လက်မ)
အနံ = ၇၀.၆ မီလီမီတာ (၂.၇၈ လက်မ)
အထူ = ၈.၆ မီလီမီတာ (၀.၃၃၉ လက်မ)

ဖန်သားပြင်နှင့် ရုပ်ပုံကြည်လင်မှု
ဖန်သားပြင်ကို ၄.၈ လက်မ (လေးလက်မနဲ့ သုံးမတ်ကျော်) ဖန်တီးထားပြီး၊ ရုပ်ပုံ ကြည်လင် တောက်ပမှုအတွက် အမြင့်ဆုံးကွာလ်လတီ (HD) ဖြစ်တဲ့ ရီဆိုလူးရှင်း ၁၂၈၀x၇၂၀ မီဂါပစ်ဇယ်လ်ကို သုံးထားတယ်။

ကင်မရာ
မှတ်တမ်း ရိုက်ကူးရေးအတွက် ကင်မရာကို ၈-မီဂါပစ်ဇယ်လ် သုံးထားတယ်။ ဓာတ်ပုံ ရိုက်ရာမှာဖြစ်စေ၊ ဗီဒီယို ရိုက်ရာမှာဖြစ်စေ ရုပ်ပုံကို မြန်ဆန်စွာ ဖမ်းနိုင်စွမ်းရှိတယ်။ ဘာတ်ရှော့(Burst Shot) လို့ခေါ်တဲ့ တွန်းကန်အားရိုက်ချက်နဲ့ ရိုက်ရင် တစ်ဆက်တည်း ပုံအရေအတွက် ၂၀ အထိ ရိုက်နိုင်စွမ်း ရှိတယ်။ ရှေ့ဘက်ကင်မရာ (၀က်ကမ်) ကိုတော့ အဖြစ်သဘောလောက် ထည့်သွင်းထားတယ်။ ၁.၉ မီဂါပစ်ဇယ်လ် မျှသာ။ ဒါပေမယ့် စကရင်းကို ရီကော့ဒ် လုပ်ရာမှာတော့ ဟိုက်ဒစ်ဖနေးရှင်း (HD) နဲ့ ရနိုင်တယ်ဆိုပဲ။

မမ်မိုရီ (မှတ်ညာဏ်)
လောလောဆယ် ထည့်သွင်းထားတဲ့ မမ်မိုရီကတော့ ၁၆-ဂျီဘီရယ်၊ ၃၂-ဂျီဘီရယ်ပဲ ရှိသေးတယ်။ နောက်ပိုင်း ၆၄-ဂျီဘီအထိ ထုတ်လုပ်မယ်လို့ ကြေငြာထားတယ်။ အပြင်ကနေ ထည့်သွင်းတဲ့ မိုက်ခရိုမမ်မိုရီ (SD) ကိုတော့ ၆၄-အထိ ထည့်သွင်း အသုံးပြုနိုင်တယ်လို့ ၀န်ခံထားတယ်။

ဂိမ်းဆော့ကစားခြင်း
ဂိမ်းကို ဆော့ကစားရာမှာ လူမှုဆက်သွယ်ကွန်ရက်ကနေ ဆော့နေတဲ့ဂိမ်း အမျိုးမျိုးကို ဂိမ်းဟဘ် (Game Hub) ဗီဒီယိုဟဘ် (Video Hub) တို့နဲ့ ဆော့ကစားနိုင်အောင် စီမံပေးထားတယ်။ ပြီးတော့ ကောင်းမွန်တဲ့ အရည်အသွေးမြင့် တီဗီ၊ ရုပ်ရှင်တွေကိုလည်း ပေးပို့မျှဝေ ခံစား ကြည့်ရှုနိုင်ပါသေးတယ်။ ဒါပေမယ့် ပထမဦးဆုံး ဂိမ်းကို စတင် ဆော့မယ့်သူအဖို့ ကမ္ဘာ့ဂိမ်းဈေးကွက်ကို ၀င်ရောက်တဲ့နေရာမှာ အကောင့်တစ်ကိုတော့ ဖွင့်ထားရပါမယ်။

လုပ်ဆောင်ချက်များ
ဝိုင်ဖိုင် (WiFi) ကို ၀ိုင်ဖိုင် (အေ၊ ဘီ၊ ဂျီနဲ့ အင်န်) နဲ့ ၀ိုင်ဖိုင် အိပ်ခ်ျဒီ-၄၀ ထည့်သွင်းထားပြီး ဂျီပီအက်စ် (GPS) စနစ် ပါဝင်တယ်။ ထို့ပြင် ဘလူးတု(တ်) ကို ဘယ်ဖုန်း သင်ပုန်းကမှ မသုံးရသေးတဲ့ ၄.၀ တို့နဲ့ လုပ်ဆောင်ထားတယ်။ ရုပ်ငြိမ် ဓာတ်ပုံကို စနပ်ရှော့စ်နဲ့သာမက ဘာတ်ရှော့စ်နဲ့ပါ ရိုက်နိုင်တယ်။ လှုပ်ရှားမှု ရုပ်သံကိုတော့ အိပ်ခ်ျဒီအာရ် (HDR) နဲ့ဖြစ်ဖြစ်၊ ဖူလ်အိပ်ခ်ျဒီ (HD) နဲ့ဖြစ်ဖြစ် ဖမ်းနိုင်ပါတယ်။

ဘက္ထရီသက်တမ်း
ဘက္ထရီကိုတော့ လီလွန် (Li-lon) ၂၁၀၀ မီလီအမ်ပီယာအာရ်ဝါလို့ ခေါ်တဲ့ သက်တမ်းရှည်ဘက္ထရီကို အသုံးပြုထားတယ်။ ဖုန်းပြောချိန် ၁၁-နာရီနဲ့ မိနစ် ၄၀ အထိ ခံနိုင်တယ်။

ဝန်ခံချက်-
Time of India နှင့် Zee News တို့ကို အခြေခံကာ ရေးသားတင်ပြထားပါသည်။

နောက်ဆက်တွဲသတင်း
အခု သတင်းရေးသားချိန်မှာပဲ မကြာမကြာ မှာဝယ်ယူတတ်တဲ့ အွန်လိုင်းအရောင်းဆိုင် ၂-ခုကနေ ဆမ်ဆောင်းဂလက်ဇီ အက်စ်သရီး (Samsung Galaxy SIII) ကို လျှော့ဈေးနဲ့ ရောင်းချပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလာပါတယ်။
သူတို့ရဲ့ အွန်လိုင်း ရောင်းဈေးကတော့ ၃၈,၉၀၀ (သုံးသောင်း၊ ရှစ်ထောင်နှင့် ကိုးရာ) ရူပီး ဖြစ်ပါတယ်။
အွန်လိုင်းအရောင်းဆိုင်ကား
http://www.snapdeal.com/
http://www.ebay.in

May 28, 2012

မိုဘိုင်းဖုန်းရဲ့ အန်ဒရိုက် (Android) စက်လည်ပတ်မှုစနစ်


အန်ဒရိုက် (Android) ဆိုတာဟာ စမတ်ဖုန်း (Smart Phone) နှင့် သင်ပုန်း (Tablet) အတွက် လင်းနတ် (Linux) ကို အခြေခံထားတဲ့ စက်လည်ပတ်မှုစနစ် တစ်ခုဖြစ်ကြောင်းကို မိုဘိုင်းဖုန်း ကိုင်ဆောင်တဲ့သူတိုင်း နားလည်သဘောပေါက်ကြပါတယ်။ သို့တိုင် ဘာဖြစ်လို့ “အန်ဒရိုက်” နာမည်ပေးထားရသလဲ၊ မိုဘိုင်းဖုန်းဟာ ဘာစနစ်နဲ့ ဘယ်လို လုပ်ဆောင်နေတာလဲ-ဆိုတာကိုတော့ လူတိုင်း စိတ်ဝင်စားမှု နည်းပါးကြပါတယ်။ 

မိုဘိုင်းဟန်းစက် တစ်လုံးကို ၀ယ်တဲ့အခါ အများစုက လှပရေးကိုသာ ဦးစားပေး ၀ယ်ယူသုံးစွဲကြပါတယ်။ ဒါပေမယ့် ဖြစ်သင့်တာက မိုဘိုင်းဟန်းစက် တစ်လုံး လှပ စွဲမက်ဖွယ် ရုပ်အသွင်အပြင် ရှိရေးထက် စက်လည်ပတ်မှုစနစ် ကောင်းမွန်ရေးကိုသာ ဦးစားပေး ရွေးဝယ်သင့်တာ အမှန်ပါ။ ထိုသို့ စက်လည်ပတ်မှုစနစ် ကောင်းတယ်၊ မကောင်းဘူး သိရှိနိုင်ရန် စာရေးသူဖက်က ဗဟုသုတအနေနဲ့ တင်ပြပေးမှာပါ။ တင်ပြတဲ့နေရာမှာ အင်ဂျင်နီယာလို တိကျခြင်း၊ ပရိုဂရမ်သမားလို ဖုန်းပိုင်းဆိုင်ရာဝေါဟာရ မကြွယ်ဝခြင်းတို့ကြောင့် အကြမ်းဖျင်းမျှသာ တင်ပြပေးနိုင်မှာပါ။ အကြမ်းဖျင်းဆိုသော်ငြား စာရေးသူ ကိုင်တွယ်သုံးစွဲဖူးသမျှ ကွန်ပျူတာ၊ သင်ပုန်းနှင့် မိုဘိုင်းဖုန်းတို့ရဲ့ အတွေ့အကြုံကိုလည်း ထည့်သွင်း အခြေခံမှာပါ။

အန်ဒရိုက် (Android) ဆိုတာ ဘာလဲ
အန်ဒရိုက် (Android) ဆိုတာ မိုဘိုင်ဖုန်းအတွက် တီထွင်ထားတဲ့ ဆော့ပ်ဝဲလ်တစ်ခု ဖြစ်ပါတယ်။ ဒီဆော့ပ်ဝဲလ်မှာ မိုဘိုင်းဖုန်း စက်လည်ပတ်မှု စနစ်၊ ကြားခံပေါင်းစည်း ဆော့ပ်ဝဲလ်၊ အသုံးချရတဲ့ ခလုတ် (သို့မဟုတ်) တို့ထိခလုတ်တို့ ပါဝင်ရပါမယ်။ ကိရိယာတန်ဆာပလာရယ်၊ ယင်းကို အသုံးချရမယ့် ဆော့ပ်ဝဲလ်ရယ်ကို အန်ဒရိုက်ပလက်ဖောင်း လမ်းကြောင်းမှာ အသုံးပြုနိုင်ဖို့ ဂျာဗားပရိုဂရမ်မင်း (ကွန်ပျူတာ နားလည်တဲ့ ဘာသာစကား) နဲ့ ရေသားထားပြီး အက်စ်ဒီကေ လို့ခေါ်တဲ့ ဆော့ပ်ဝဲလ်ဒီပလော့မင့်န်ကစ် (Software Development Kit) ဆီသို့ ပို့ဆောင် ထိန်းသိမ်းထားတဲ့ မိုဘိုင်ဖုန်းသုံး အပျော့ထည် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒီအပျော့ထည် ပစ္စည်းကို မိုဘိုင်းဖုန်းလောကသုံး ဝေါဟာရအနေနဲ့ အန်ဒရိုက်လို့ ခေါ်ပါတယ်။



အန်ဒရိုက် (Android) ရဲ့ သွင်ပြင်လက္ခဏာ
၁။ အသုံးချ ဖရိမ်ဝေါ့က်ကို အစိတ်အပိုင်းအလိုက် အစားထိုးပြီး ပြန်လည် အသုံးပြုနိုင်ခြင်း။
၂။ ဒါဝစ်က်-ဗာလ်ကြွယ်လို့ ခေါ်တဲ့ မမ်မိုရီအတု အစားထိုးနည်းကို ဆောင်ရွက်ပေးခြင်း။
၃။ ၀က်ပ်ကစ်-ဘရောက်စာကို အခြေခံပြီး ဘရောက်စာချင်း ပေါင်းစပ်နိုင်ခြင်း။
၎။ သရီး-ဒီ (သုံးဘက်မြင်) ကို အခြေခံ တည်ဆောက်ထားသော်လည်း တူး-ဒီ (နှစ်ဘက်မြင်) ပါဝါကိုသာ စားခြင်း။
၅။ အချက်အလက် (Data) များကို SQLite ခေါ် အသေးအမွှား ပရိုပရမ်သိုလှောင်ရုံမှာ သိုလှောင်နိုင်ခြင်း။
၆။ မီဒီယာ (အသံ၊ ဗီဒီယို၊ ရုပ်ပုံ) ရဲ့ ဖော်မက် (Format) ကို အသုံးများတဲ့ (MPEG4, H.264, MP3, AAC, AMR, JPG, PNG, GIF) တို့ကို စုံလင်အောင် ထည့်ပေးထားခြင်း။
၇။ ဂျီအက်စ်အမ်-မိုဘိုင်းဖုန်း နည်းပညာကို အမှီပြုထားခြင်း။
၈။ ဘလူးတု(Bluetooth)၊ အက်ဂ်ျ (EDGE) သရီး-ဂျီနှင့်ဝိုင်ဖိုင်စနစ်တို့ကို ထည့်သွင်းထားခြင်း။
၉။ ကင်မရာ၊ မြေပုံစနစ်၊ အိမ်မြှောင်စနစ်၊ အရှိန်ပေးစနစ်တို့ ပါဝင်ခြင်း။
၁၀။ အိုင်ဒီအီး (IDE) အပါအ၀င် ပြင်ပနဲ့ ချိတ်ဆက်နိုင်တဲ့ အပေါက်များကို တပ်ဆင်ထားခြင်းတို့ ဖြစ်ပါသည်။


အန်ဒရိုက် (Android) ရဲ့ သမိုင်းကြောင်း
အန်ဒရိုက် (Android) ဆိုတာဟာ ဂူးဂဲလ်နဲ့ အခြားမိတ်ဖက်ကုမ္ပဏီတို့က အိုပင်း-ဟန်းစက်-အလီယန်း (Open Handset Alliance) လို့ ခေါ်တဲ့ အိုအိတ်ခ်ျအေ (OHA) နာမည်နဲ့ ပူးပေါင်းလုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပြီး အန်ဒရိုက် (Android) စက်လည်ပတ်မှုစနစ် ဖွံ့ဖြိုးတိုးတက်အောင် အဆင့်အဆင့် လုပ်ဆောင်ခဲ့ကြတာပါ။ ဒီစုပေါင်းအဖွဲ့ဟာ ၂၀၀၇-ခုနှစ်၊ နိုဝင်ဘာလ ၅-ရက်က ဖွဲ့စည်းခဲ့တာပါ။ ဂူးဂဲလ်ကပဲ ဦးဆောင်ကမကထ လုပ်ပြီး အဖွဲ့ဝင် အင်အား ၃၄ ယောက်နဲ့ ဖွဲ့စည်းခဲ့တယ်။ တောင်ကိုရီယားနိုင်ငံမှာ ရုံးချုပ်ထား အခြေစိုက်ပါတယ်။ ဒီအဖွဲ့ထဲမှာ ပါဝင်တဲ့ ကုမ္ပဏီများကတော့ ဂူးဂဲလ် (Google)၊ အိတ်ခ်ျတီစီ (HTC)၊ ဆိုနီ (Sony)၊ ဒဲလ် (Dell)၊ အင်တယ်လ် (Intel)၊ မော်တိုရိုလာ (Motorola)၊ ကွာလ်ကွမ် (Qualcomm)၊ တက္ကဆပ် (Texas)၊ ဆမ်ဆောင်း (Samsung Electronics)၊ အယ်လ်ဂျီ (LG Electronics)၊ တီ-မိုဘိုင်း (T-Mobile)၊ စပရင့် နက်တယ်လ် (Sprint Nextel)၊ အင်(န်)ဗီဒီယာ (Nvidia) နှင့် ၀င်းရေဗာ (Wind River)တို့ ဖြစ်ကြပါတယ်။

၂၀၀၅ ခုနှစ်ကတည်းက ဂူးဂဲလ်ကနေ ဆော့ပ်ဝဲလ်လုပ်ငန်း တိုးတက်ရေးအတွက် ဆိုပြီး အန်ဒရိုက် (Android) ကို ထူထောင်ခဲ့တာပါ။ ၂၀၀၇ ခုနှစ်ကျမှ ဟဒ်ဝဲလ်၊ ဆော့ပ်ဝဲလ်နှင့် ဆက်သွယ်ရေး ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး ပူပေါင်းလုပ်ဆောင်ကြခြင်းပါ။ အန်ဒရိုက်ရဲ့ ကုဒ်ကိုတော့ ဂူးဂဲလ်ကပဲ အိုပင်းစို့စက် (Open Sources) ပုံစံနဲ့ ဆော့ပ်ဝဲလ်လိုင်စင်ကို အခမဲ့ ဖြန့်ဖြူးခဲ့တယ်။ အန်ဒရိုက်မှာ ရေးသားထားတဲ့ အသုံးချဆော့ပ်ဝဲလ် ခေါ် အပ်ပ် (Apps) တွေ များမှများ။ ဒီအသုံးချ ဆော့ပ်ဝဲလ်တွေကို မိုဘိုင်းဖုန်းမှာကော သင်ပုန်းမှာပါ အသုံးပြုလို့ရတယ်။ ဒီအပ်ပ်တွေကို သာဒ်ပါတီလို့ ခေါ်တဲ့ အွန်းလိုင်းစတိုးတွေမှာ အခမဲ့ကော၊ ဈေးချိုချိုနဲ့ကော ဒေါင်းလုတ် ရယူနိုင်ပါတယ်။ အထူးသဖြင့် ဂူးဂဲလ်ပလေ (Google Play) စတိုးမှာပေါ့။ အန်ဒရိုက်ရဲ့ အပ်ပ်တွေ ဘယ်လောက်များသလဲဆိုရင် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ အမျိုးအစားပေါင်း ၅-သိန်းအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်။ အန်ဒရိုက် စက်လည်ပတ်မှုစနစ်သုံး မိုဘိုင်ဖုန်းကော သင်ပုန်းမှာပါ အပ်ပ်တွေကို ဒေါင်းလုတ်ရယူခဲ့တဲ့ အရေအတွက်ဟာ ၂၀၁၁ ဒီဇင်ဘာလ စာရင်းအရ သန်းပေါင်းတစ်သောင်း (၁၀-ဘီလျံ) တောင် ရှိတယ်ဆိုပဲ။

အိုအိစ်ခ်ျအေအဖွဲ့ဟာ အေအိုအက်စ်ပီလို့ အတိုကောက် ခေါ်ဆိုတဲ့ အန်ဒရိုက်-အိုပင်းဆို့စ်-ပရိုဂျက် (Android Open Source Porject) ကို လုပ်ဆောင်တယ်။ ဂူးဂဲလ်ကနေပဲ ဦးဆောင်တာပါ။ အန်ဒရိုက် စက်လည်ပတ်မှုစနစ်ကို ထိန်းသိမ်းဖို့ရယ်နှင့် အမြဲတန်း အပ်ဒိတ် (ထပ်မြှင့်) နေဖို့ရယ် ရည်ရွယ်တာပါ။ သုံးစွဲသူတွေအတွက် အတွေ့အကြုံ တဖြေးဖြေး ရင့်ကျက်လာအောင်ဆိုပြီး အပ်ပ်တွေကို မကြာမကြာ ဗားရှင်း တိုးတိုးပြီး ခေတ်မီနေအောင် လုပ်ဆောင်ပေးထားတယ်။


အန်ဒရိုက်ရဲ့ မူလ စက်လည်ပတ်မှုစနစ် ဗားရှင်းဟာ အက်စ်စထရို (Astro) ဖြစ်တယ်။ အက်စ်စထရို (Astro) ကို ဂဏန်းနဲ့ တိုးတိုးပြီး ထုတ်လုပ်တယ်။ ပထမဦးဆုံး အက်စ်ထရို ဗားရှင်းကိုတော့ ၁.၅ (၀မ်းပွိုင့်ဖိုက်) နဲ့ စတင်တယ်။ ဒီစနစ်မှာ ဘတ်ဂ်ျ(Bugs) လို့ခေါ်တဲ့ ဖုန်းဆက်သွယ်မှု မအောင်မမြင်တာတွေ၊ အမှားတွေကို ဖော်ထုတ်ပေးတဲ့ စနစ် ထည့်သွင်း အသုံးပြုထားတယ်။

နောက်တော့ ဂင်ဂျာဘရိတ် ၂. ၃ (Gingerbread 2.3) ဗားရှင်းကို ထုတ်တယ်။ ဒီဗားရှင်းမှာ အက်စ်အိုင်ပီ (SIP) ကို စမ်းသုံးကြည့်ပြန်တယ်။ အက်စ်အိုင်ပီ-ဆိုတာက ဖုန်းနဲ့ ဆက်သွယ်တဲ့အခါမှာ ဆက်သွယ်ရေး အော်ပရေတာရုံးက လိုင်းတွေကို မမိ မိအောင် အချက်ပြ ဆက်သွယ်ပေးတယ်။ ပြီးတော့ အင်တာနက် အကောင့်ကနေတစ်ဆင့် ဖုန်းဆက်လို့ရတဲ့ ဗွိုက် (VoIP) စနစ်ကိုလည်း စမ်းသုံးထားတယ်။

နောက်တစ်ဆင့်တိုးပြီး ပျားသလက်ကွန်ရက်လို့ နာမည်ရတဲ့ ဟွန်းနီကုမ် (Honeycomb) ကို မိတ်ဆက်ပေးတယ်။ ဒီဟွန်းနီကုမ် ဗားရှင်းကိုတော့ မျိုးဆက် ၃-ခု ဆက်တိုက် ထုတ်လုပ်တယ်။ ဟွန်းနီကုမ် ၃.၀၊ ဟွန်းနီကုမ် ၃.၁၊ ဟွန်းနီကုမ် ၃.၂ ဆိုတဲ့ ဗားရှင်း ၃-ခုပါ။ ဟွန်းနီကုမ် စနစ်ကို စတင် မိတ်ဆက်တဲ့အခါမှာ မော်တိုရိုလာကုမ္ပဏီက ဆုမ် (Xoom) သင်ပုန်းကို ထုတ်လုတ်တဲ့အချိန်နဲ့ သွားပြီး တိုက်ဆိုင်နေတယ်။ ဒါကြောင့် ဒီစနစ်ကို ဖုန်းမှာကော သင်ပုန်းမှာပါ စပြီး အသုံးပြုကြတယ်။ အချိန်ကား ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလပါ။ နောက်သုံးလကြာ မေလ ရောက်တဲ့အခါ ဟွန်းနီကုမ် ၃.၁ ဗားရှင်းကို အဆင့်မြှင့် ထပ်ထုတ်ပြီး၊ ဇူလိုင်လကျတော့ ဟွန်းနီကုမ် ၃.၂ ဗားရှင်းကို နောက်ဆုံး အနေနဲ့ ထုတ်လုပ်ခဲ့ပြန်တယ်။



အခုအခါမှာတော့ အန်ဒရိုက်သုံး မိုဘိုင်ဖုန်းရဲ့ စက်လည်ပတ်မှုစနစ်ဟာ အိုက်စကရင်း ဆန်းဒ၀စ် (Ice Cream Sandwich) ဗားရှင်းကို ရောက်လို့နေပါပြီ။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၉-ရက်နေ့မှာ အန်ဒရိုက်အတွက် ဒီနာမည်နဲ့ စတင် မိတ်ဆက်ပေးတာပါ။ ဒီဗားရှင်းကို ၄.၀ (ဖိုးပွိုင့်အို) ကနေ စတင်တယ်။ နိုဝင်ဘာ ၁၄-ရက်နေ့မှာတော့ ၄.၀.၁ ကို ထပ်မြှင့်ပြီး အခုအခါမတော့ အိုက်စကရင်း ဆန်းဒ၀စ် ၄.၀.၄ ဗားရှင်းကို ရောက်နေပြီ ဖြစ်တယ်။

အန်ဒရိုက် (Android) ရဲ့ တိုးတက်မှု ဖြစ်စဉ်အဆင့်ဆင့်
-၂၀၀၇-ခုနှစ်၊ နိုဝင်ဘာလ ၅-ရက်နေ့မှာတော့ အန်ဒရိုက်ဘီတာ (Android beta) ကို စတင် မိတ်ဆက်ပေးတယ်။

-၂၀၀၈-ခုနှစ်၊ စက်တင်ဘာလ ၂၃-ရက်နေ့မှာတော့ အန်ဒရိုက် ၁.၀ (Android 1.0) ကို ဈေးကွက်မှာ စတင်ရောင်းချတယ်။ အိတ်စ်တီစီ ကုမ္ပဏီထုတ် ဒရင်း(မ်) မိုဘိုင်းဖုန်း (HTC Dream) နဲ့ စတင်အသုံးပြုကြည့်တယ်။

-၂၀၀၉-ခုနှစ်၊ ဖေဖော်ဝါရီလ ၉-ရက်နေ့မှာတော့ အန်ဒရိုက် ၁.၁ (Android 1.1) ကို ထပ်ထုတ်တယ်။ တီ-မိုဘိုင်း (T-mobile) မှာ ထည့်သွင်း အသုံးပြုတယ်။

-၂၀၀၉-ခုနှစ်၊ ဧပြီလ ၃၀-ရက်နေ့မှာတော့ အန်ဒရိုက်ကနေ ကပ်ကိတ် (Cupkate 1.5) (ပန်းကန်ပြားမုန့်) သို့ အမည်ပြောင်းပြီး ထပ်ထုတ်လုပ်တယ်။

-၂၀၀၉-ခုနှစ်၊ စက်တင်ဘာလ ၁၅-ရက်နေ့မှာတော့ ဒိုနတ် ၁.၆ (Donut 1.6) (မုန့်အမည်နဲ့) ကို ထပ်ထုတ်တယ်။

-၂၀၀၉-ခုနှစ်၊ အောက်တိုဘာလ ၂၆-ရက်နေ့မှာတော့ မူလ အန်ဒရိုက်နာမည်ကို ပြန်သုံးပြီး အန်ဒရိုက် ၂.၀ (Android 2.0) ကို ထပ်ထုတ်တယ်။ မူလနာမည်နဲ့ဆိုပေမယ့် တစ်ချို့က အယ်ကလဲယား (E’clair) လို့လည်း ခေါ်ဆိုကြသေးတယ်။ နောက်ထပ်ဗားရှင်းတစ်ခု ထပ်ထုတ်သေးတယ်။ အယ်ကလဲယား ၂.၁ (E’clair 2.1) ပါ။

-၂၀၁၀-ခုနှစ်၊ မေလ ၂၀-ရက်နေ့မှာတော့ နောက်ထပ်နာမည်တစ်မျိုးနဲ့ အန်ဒရိုက်ဖုန်းစနစ်ကို ထပ်ထုတ်ပြန်တယ်။ နာမည်က ဖရိုယို ၂.၂.အိစ် (Froyo 2.2.x) ပါ။

-၂၀၁၀-ခုနှစ်၊ ဒီဇင်ဘာလ ၆-ရက်နေ့မှာတော့ အန်ဒရိုက်စနစ် ၂.၃ ကို မြှင့်ပြီး ဂင်ဂျာဘရိတ် (Gingerbreak) (ဂင်ဂျာပေါင်မုန့်) နဲ့ နောက်ထပ်ဗားရှင်း အသစ်တစ်ခုကို ထပ်ထုတ်ပြန်တယ်။

-၂၀၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂-ရက်နေ့မှာတော့ အန်ဒရိုက်စနစ် ၃.၀ သို့ ထပ်မြှင့်ပြီး ဟွန်းနီကုမ် (Honeycomb) (ပျားသလက်) နာမည်နဲ့ ထပ်ထုတ်ပြန်တယ်။ ဒီအချိန်မှာ သင်ပုန်း(Tablet) က ထွက်ရှိနေလို့ မိုဘိုင်းဖုန်းမှာသာမကပဲ သင်ပုန်းမှာပါ သုံးကြည့်တယ်။

-၂၀၁၁-ခုနှစ်၊ အောက်တိုဘာလ ၁၉-ရက်နေ့မှာတော့ အန်ဒရိုက်စနစ် ၄.၀ ကို ပြောင်းထုတ်ပြန်တယ်။ ဒီတစ်ခါတော့ နောက်ထပ် နာမည်တစ်မျိုးနဲ့ ထပ်မှည့်ပြန်တယ်။ ဒီတစ်ခါလည်း မုန့်အမျိုးအစား နာမည်ကိုပဲ ရွေးထားတယ်။ ဘာတဲ့ - အိုက်စကရင်း ဆန်းဒ၀စ် (Ice Cream Sandwich) (ရေခဲမုန့် ဆန်းဝစ်) ပေါ့။ ဒီဗာရှင်းကိုတော့ ၄.၀ ကနေ ၄.၀.၁.၊ ၄.၀.၂၊ ၄.၀.၃. ၄.၀.၄ အထိ ဗားရှင်း ၅-ခု ဆက်တိုက် ထုတ်လုပ်တယ်။

-ဒီနှစ်ဖြစ်တဲ့၂၀၁၂-ခုနှစ်ကျတော့ အန်ဒရိုက်စနစ် ၅.၀ ကို ထပ်ထုတ်မယ်လို့ မျှော်လင့်နေကြတယ်။ ထပ်ထွက်ဖြစ်ဖို့ များမှာပါ။ ဒီတစ်ခါ ရွေးမယ့်နာမည်ကိုတော့ ဂျယ်လီဘိန်း (Jelly Bean) (ဂျယ်လီပြား) ဖြစ်ဖို့များနေတယ် ဆိုပဲ။ ခန့်မှန်းထားတာက ၂၀၁၂-ခုနှစ်၊ နှစ်ရဲ့ လေးပုံတစ်ပုံ (ဧပြီလ) လောက် ထွက်မယ်တဲ့။ ဒါပေမယ့် အခု မေလတောင် ကုန်တော့မှာဆိုတော့ နှစ်ဝက်လောက်မှ ထွက်နိုင်မှာပါလို့ ထပ်ခန့်မှန်းကြပြန်တယ်။

အကိုးအကား-
http://en.wikipedia.org/wiki/Android_operating_system
http://developer.android.com/guide/basics/what-is-android.html
http://en.wikipedia.org/wiki/Android_version_history

May 26, 2012

အိုင်ချက်နဲ့ ဂျီတော့ပ် (G-Talk) ကို ချက်တင်ခြင်း


စာဖတ်သူဖက်က အပ်ပယ်လ်ရဲ့ အိုင်မက် (iMac) ကွန်ပျူတာ သုံးပြီး စာဖတ်သူရဲ့ မိတ်ဆွေ အပေါင်းအသင်း အများစုက ပီစီ (PC)၊ လက်တော့ပ်(Laptop) ၀င်ဒိုးစနစ် ကွန်ပျူတာကို သုံးတယ် ဆိုကြပါစို့။ အဲဒီအခါ စာဖတ်သူက ဂျီတော့ပ် (G-Talk) ကို အသုံးပြုနေကြတဲ့ သူငယ်ချင်းတွေဆီ ဆက်သွယ်ချင်သပဆိုရင် အိုင်ချက် (iChat) ကို မဖြစ်မနေ အသုံးပြုရမှာပါ။ ဒါမှ ဆက်သွယ်ရေး လမ်းကြောင်း အထစ်အငေါ့မရှိ ဖြောင့်ဖြူးမှာကိုး။


အိုင်ချက် (iChat) ကို အင်စတောလ် (ထည့်သွင်း) နိုင်ဖို့ စာဖတ်သူရဲ့ အိုင်မက်ကွန်ပျူတာမှာ အိုင်အိုအက်စ် (iOS) လို့ခေါ်တဲ့ စက်လည်ပတ်မှုစနစ် အနည်းဆုံး အိစ်တိုက်ဂါး (X Tiger) လောက် ဒါမှမဟုတ် ဒီထက်မြင့်တဲ့ စက်လည်ပတ်မှုစနစ် ရှိနေရပါမယ်။

အိုင်ချက် (iChat) ကို ရွေးချယ် အသုံးပြုချင်တာနဲ့ အသုံးပြုဖို့ရာ နည်းလမ်းကိုလည်း သိရှိထားရမယ်လေ။ ဒါမှ အဆင်ပြေပြေ သုံးနိုင်မှာလေ။ အိုင်ချက်ကို အသုံးပြုချင်သပဆိုရင် နည်းလမ်း ၂-သွယ်နဲ့ မလွဲမသွေ လုပ်ဆောင်ရပါမယ်။ အင်စတောလ် (ထည့်သွင်း) တဲ့အပိုင်းရယ်၊ ချက်တင်လုပ်ဖို့ ပြင်ဆင်တဲ့ အပိုင်းရယ် ဆိုပြီး ၂-ပိုင်း လုပ်ဆောင်ပေးရပါ့မယ်။

၁။ အင်စတောလ် (ထည့်သွင်းတဲ့) အပိုင်း
(က) Apple Store ကို ဖွင့်လိုက်ပါ။
(ခ) iChat App (စကားပြောပုံစံ အ၀ိုင်းနဲ့၊ အထဲမှာ ကင်မရာပုံနဲ့ အပ်ပ်) ကို ရွေးပြီး ကလစ်လိုက်ပါ။ (ဒေါင်းလုတ် ပြီးတဲ့အထိ စောင့်ပေးပါ)
(ဂ) ၂-ချက် ကလစ်လုပ်တာနဲ့ စက်ထဲ အင်စတောလ် အလိုလိုဝင်သွားမှာပါ။

၂။ ချက်တင်လုပ်ဖို့ ပြင်ဆင်တဲ့ အပိုင်း
အင်စတောလ် (ထည့်သွင်း) ပြီးပါက ချက်တင် လုပ်နိုင်ဖို့ ပြင်ဆင်ရပါဦးမယ်။ အောက်ဖော်ပြနည်းလမ်းအတိုင်း ပြင်ဆင်ပါ-
(က) iChat ကိုဖွင့်ပါ။
(ခ) iChat ရဲ့ မီနူ (Menu) ကနေ ကျလာတဲ့ စာတန်းထဲက Preferences… ကို ရွေးနှိပ်ပါ။
(ဇယားကွက်တစ်ခု ပေါ်လာပါမယ်၊ အဲဒီဇယားကွက်ထဲက ဒုတိယမြောက်ဖြစ်တဲ့)
(ဂ) Account ကို ရွေးနှိပ်ပါ။
(iChat အကောင့်ထဲမှာ အခြားအီမေးလ် အကောင့်တွေ ဘာတစ်ခုမှ ရှိမနေသေးပါ။ ထည့်သွင်း Add ရပါဦးမယ်။ ဒါကြောင့်လည်း)
(ဃ) + (အပေါင်းလက္ခဏာ) ကို နှိပ်ပြီး သူငယ်ချင်းတွေရဲ့ အီမေးလ် အကောင့်တွေကို ထည့်သွင်း (Add) လိုက်ပါဦး။  
ပုံကို ကြည့်ပါ

ပြီးရင် သင့်အတွက် ကိုယ်ပိုင် အကောင့်သစ်တစ်ခု ဖွင့်မှာမို့လို့ အချို့အချက်အလက်တွေ ထပ်ဖြည့်ရပါမယ်။
နံပါတ်စဉ် (ဂ) ထဲက Account ကို ရွေးနှိပ်တဲ့အချိန်မှာ နောက်ထပ် ဇယားကွက်တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်၊ အဲဒီဇယားသစ်ရဲ့ Account Type နေရာမှာ Jabber Account ရွေးပြီး ကလစ်လုပ်လိုက်ပါ။

Jabber Account ကို ရွေးချယ်ခြင်းကြောင့် Jabber ID ကို ၀င်တဲ့အခါ အောက်ပါ အချက်အလက်တွေကို သိထားရပါမယ်။
(၁) တကယ်လို့ G-mail အကောင့်နဲ ဆိုင်းအင်း (Sign-in) ၀င်ချင်ရင် G-mail အကောင့် အပြည့်အစုံကို ရိုက်ထည့်ပေးရပါမယ်။
(၂) တကယ်လို့ G-Talk အကောင့်က သီးသန့်၊ G-mail အကောင့်က သီးသန့်၊ ၂-ခုက အဆက်အစပ် ရှိမနေဘူးဆိုရင် user name ရဲ့ အဆုံးမှာ ---@gmail.com ဖြည့်ပေးရပါမယ်။ ဥပမာ စာရေးသူရဲ့အကောင့်က ayechanmon ဆိုရင် ayechanmon@gmail.com နောက်ဖြည့်ကို ထပ်ဖြည့်ပေးရတယ်။
(၃) တကယ်လို့ သင်က Google Apps ကို သုံးတဲ့သူဆိုရင် အီမေးလ်လိပ်စာကို အပြည့်အစုံ ရိုက်ထည့်လိုက်ရုံလေးပါ။
(၄) Password ကိုတော့ ကြိုက်သလို ဖန်တီးပါ။ (ဂျီမေးလ်သုံးရင် သုံးနေကျ ပတ်စ်ဝေါ့ဒ်ကိုပဲ ထပ်သုံးလိုက်ပါ။
(၅) Server ကိုတော့ talk.google.com ကို ရွေးပါ။



ပုံကို ကြည့်ပါ

(င) Add ကို ကလစ်ပါ။
(စ) Use this account စာသားပေါ် အမှတ်ခြစ်လိုက်ပါ။
(ဆ) ပြီးရင် ဘေးနားရှိ Server Setting ကို နှိပ်ပါ
Server Setting မှာ ၂-ခု ထပ်ပြင်ပါ။
(၁) Server မှာ talk.google.com ကိုရွေးပါ။
(၂) Port မှာ 5223 ကိုရွေးပါ။
နောက်ဆုံးအနေနဲ့ကတော့ Server Setting မှာ ရှိတဲ့ လေးဒေါင့်ကွက်မှန်သမျှကို အမှတ်ခြစ်လိုက်ပါ။ (၄-ကွက် ရှိပါတယ်။)

ပုံကို ကြည့်ပါ


အထက်ဖော်ပြပါ လုပ်ဆောင်ချက်အားလုံးကို လုပ်ဆောင် ပြင်ဆင်ပြီးပါက အိုင်ချက် (iChat) နဲ့ မည်သည့်ဂျီတော့ပ် (G-Talk) သုံး သူငယ်ချင်းကိုမဆို စိတ်တိုင်းကျ ချက်တင်လုပ်နိုင်ပါပြီ။