Pages

Ads 468x60px

Labels

Nov 15, 2012

ထွက်ဖြစ်/မဖြစ်တဲ့ ခရီးစဉ်တစ်ခု

ဒီကနေ့ (13-11-2012) ခရီးထွက်ဖြစ်တယ်။
ခရီးထွက်ဖြစ်တယ်လို့ နာမည်တပ်ရတာက အကြောင်းမဲ့တော့ မဟုတ်ပါ။ ဒီခရီးနှင့် ပတ်သက်ပြီး ခရီးထွက်ဖြစ် / မဖြစ် လနှင့်ချီပြီးမှ ဆုံးဖြတ်ခဲ့ရတာပါ။ မထွက်ရင်လည်း ဖြစ်တဲ့ခရီးပါ။ ဒါပေမယ့် ထွက်ဖြစ်မှ ပြီးပြည့်စုံတဲ့ ခရီးပေါ့။ ဒီလိုပဲ တေးကျော့ရလေမလားပဲ။

ရှုပ်များ သွားပလား။ ရှင်းပြပါ့မယ်။ စာရေးသူက သုတေသနဘွဲ့အတွက် မွန်းဘိုင်မြို့မှာ နေထိုင်ပြီး၊ မွန်းဘိုင်းတက္ကသိုလ်ကနေ ကျမ်းပြုနေတာ လေးနှစ်ပြည့်တော့မယ်။ သူငယ်ချင်းက မော်လမြိုင်မြို့က အထင်ကရ စာသင်တိုက်တစ်တိုက်မှာ နှစ်လရှည်ကြာ စာချပေးနေတဲ့သူ။ ဒီအထိတော့ ဘာမှလည်း ထူးမခြားသေးပါဘူး။ အဲ ထူးတာက ဘာအကြံတွေပေါက်လို့ ဘယ်လိုအတွေးရောက်သလဲတော့ မသိပါ။ သူငယ်ချင်းက ဒီနှစ် သူနဲ့နီးစပ်ရာ ဒကာ ဒကာမတွေကော၊ သူရဲ့ဆွေတော် မျိုးတော်တွေကိုကော ဗုဒ္ဓဂယာ ဘုရားဖူး လိုက်ပို့ချင်လို့ သင်္ကြန်ကတည်းက စာရင်းသွင်းထားတယ်တဲ့။ အခုတော့ ဘုရားဖူး သွားရမည့်အလှည့် ရောက်လာပါပြီတဲ့။ စလာပါပြီ ဇာတ်ကွက်က။

သူ့နှင့်အတူ လိုက်ပါလာတဲ့ အဖွဲ့သူအဖွဲ့သားများရဲ့ စာရင်းအရတော့ မိမိနှင့် တစ်နည်းတစ်ဖုံ ပတ်သက်တဲ့သူချည်းပါပဲ။ သူ့ဆရာ ကိုယ့်ဆရာ၊ သူ့ဒကာ ကိုယ့်ဒကာပေါ့။ သူ့ရဲ့ ဘုရားဖူးခရီးစဉ်မှာ စာရေးသူကိုလည်း အဖော်အဖြစ် လိုက်ပါစေချင်တယ်။ ဒါမှ ဒီခရီးဟာ သူ့အတွက် ပိုပြီး အားရသလို တိုး၍လည်း ပျော်စရာကောင်းမှာပါ။ ဒီခရီးက သူ့အတွက် စိမ်းမနေသလို (သုံးခေါက်မြောက် ထင်ပါ့) စာရေးသူအတွက်လည်း သုံးလေးခါက်ထက် မနည်း သွားဖူးတဲ့ခရီးပါ။  ရောင်းရင်းတွေ စုံစုံလင်လင်နဲ့ ဘုရားဖူးချင်တဲ့ ဆန္ဒသက်သက်ကလွဲရင် အခြားအကြောင်း မရှိတန်ကောင်းပါဘူး။ ဒါကြောင့်လည်း စာရေးသူ တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ လိုက်ပါသလိုလို မပါသလိုလိုနဲ့ သူနဲ့ အွန်းလိုင်းမှာ ဆုံတိုင်း အင်တင်တင်လုပ်နေတာပါ။

စာရေးသူဘက်ကိုလည်း လှည့်ကြည့်ဦးလေ။ အောက်တိုဘာလကတည်းက တက္ကသိုလ်မှာ ကျမ်းအကျဉ်း တင်ထားနှင့်ပြီ။ မကြာမှီ ကျမ်းကြီးကို မဖြစ်မနေ တင်ရတော့မယ်။ ကျမ်းကြီး တင်နိုင်ဖို့ တအားကို စိုင်းပြင်းနေရတဲ့အချိန်လေ။ ကျမ်းကို မှတ်လိုက်၊ အချောသတ်လိုက်။ စာကြည့်တိုက်ကို ပြေးလိုက်၊ အကိုးအကားတွေ တိုက်ကြည့်လိုက်နဲ့ ချာလပတ်လည်နေတဲ့အချိန်ပေါ့။ ခရီးထွက်လိုက်ရင် တစ်ရက်ဆိုတစ်ရက် သိသိသာသာကြီး ရက်တွေ ပုပ်သွားမှာကိုး။

 ပြီးတော့ သူ့ဘက်ကလည်း လိုက်ပါလာမယ့် ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်ကလည်း မနှစ်ကမှ ဘုရားဖူးခရီးစဉ်ကို စတင်ခဲ့တဲ့ ဟံသာမွန်အဖွဲ့။ ဟံသာမွန်အဖွဲ့ဆိုတာ တိုးTour အဖွဲ့ အသစ်လေးပါ။ ဒီအဖွဲ့က မိမိရဲ့ ရန်ကုန်ကျောင်းကို ကျောထောက်နောက်ခံထားတဲ့ အဖွဲ့။ တည်းခိုရမယ့် နေရာထိုင်ခင်းအတွက်ကော၊ ဘုရားဖူးရာ လိုက်ပါရှင်းပေးမယ့် ဂိုက်ကော အတည်တကျ မရှိသေးဘူး။ ဒီအဖွဲ့ ရေရှည်အားကိုး တည်းခိုမယ့်နေရာက ရာမညဘူမိ ဗုဒ္ဓဝိဟာရကျောင်း။ အဲဒီမွန်ဘုန်းတော်ကြီးကျောင်းကလည်း ဆောက်လုပ်ဆဲ။ ဒီနှစ်အတွက် တည်ခိုးဖို့ ဘယ်လိုမှ အဆင်မပြေသေးတဲ့ အနေအထား။ လိုက်ပို့မယ့် ဂိုက်ကလည်း စာသင်နေဆဲ စာသင်သားတွေဆိုတော့ ကျွမ်းကျင်တဲ့အဆင့် မရောက်ကြသေးဘူး။ သူလိုလို ကိုယ်လိုလို ထူးမခြားနားတဲ့ မရှိသုံး ဂိုက်အဖြစ် လိုက်ပေးနေရတဲ့ သဘောပါ။ ၂-ဘက်စလုံး ကျဉ်းကြပ်နေတဲ့ အနေအထားပါ။ ဒါကြောင့်လည်း ချိတုံချတုံ လလုံးချီ အချိန်ယူ စဉ်းစားနေရတယ်။ သူတို့နဲ့ လိုက်ပါသင့် မသင့်ပေါ့။

အဲ… အခက်အခဲတို့ရဲ့ နောက်ကွယ်မှာ အချိန်ဆိုတဲ့ အကျော်အလွှားလေးဆိုတာ ရှိတတ်တယ်မှုတ်လား။ အချိန်တန်လာတော့ အကျော်အလွှားလေးနဲ့ ဖြေရှင်းနိုင်ခဲ့တယ်။ သူဘက်က ဗုဒ္ဓဂယာခရီးတစ်လျောက် တစ်ထောက်နားရမယ့် ဘုန်းတော်ကြီးကျောင်းတွေကလည်း ရက်မလွတ်လို့ မူလခရီးစဉ်ကို တစ်ပတ်နောက်ဆုတ်လိုက်တယ်။ စာရေးသူဘက်က ခရီးထွက်နေတဲ့ စာရေးသူရဲ့ စူပါဗိုက်ဆာ (ကျမ်းစစ်ဆရာမ) ကလည်း ပြန်ရောက်လာ။ ပြန်ပြင်ဆင်ရမယ့် ကျမ်းကလည်း မှန်းသလောက်မများ။ ဒီတော့ကာ ကျမ်းကြီးရဲ့ အချောသတ်ကျမ်းဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ အဆုံးသတ်နိုင်ခဲ့တယ်။ ရှဉ့်လည်းလျောက်သာ ပျားလည်းဆွဲသာတဲ့ အကျော်အလွှားလေး ရလာတယ်။ ဒါကြောင့် ကုန်ကျ စရိတ်ကို ထည့်မတွက်ဘဲ ခရီးစဉ်ချောမွေ့ရေးအတွက် ဦးစားပေးပြီး ဗုဒ္ဓဂယာကို ၁၃-ရက်နေ့မှာ ရောက်လာမယ့် သူငယ်ချင်းဆီ လေယာဉ်ခရီးနဲ့ ဂယာဆီကို ချီတက်လိုက်ပါတော့တယ်။

ဆက်ရန်-

0 comments:

Post a Comment