(အပိုင်း-၁)
ဒီကနေ့တော့ အင်တာနက် ချိတ်ဆက်ထားတဲ့ မိုဘိုင်းဖုန်း (Smart Phone) နှင့် သင်ပုန်း (Tablet) တို့ရဲ့ အခြေခံ အသုံးပြုနည်းကို ပြန်စကြလိုက်ရအောင်ပါ။ ခေတ်ပေါ် မိုဘိုင်းဖုန်းနဲ့ သင်ပုန်းတို့ကို ခုမှ စသုံးတဲ့သူတွေအတွက် ရည်ရွယ်တာပါ။စာရေးသူ ရေးတင်ထားတဲ့ ပို့စ်အများစုကို နားလည်သလိုလိုနဲ့ တကယ် နားမလည်ဘူးလို့ မိတ်ဆွေတစ်ဦးက စပြီး ကွန်ပလိန်း တက်လာတယ်။ မိတ်ဆွေရဲ့ ဆိုလိုရင်းက ဖုန်းနဲ့ သင်ပုန်းတွေရဲ့ ဝေါဟာရ အသုံးအနှုန်းကို နားမလည်တော့ ဘယ်လို ဆက်လုပ်ရမှန်း မသိဘူး ဖြစ်နေတယ်တဲ့။ သူ့အထင် ပို့စ်တွေ နည်းနည်း မြင့်နေသလားလို့ပါတဲ့။ ကွန်ပျူတာ ပေါ်ခါစတုန်းက သင်ပေးတဲ့ ကွန်ပျူတာရဲ့ အခြေခံပုံစံလို ဖုန်းနဲ့ သင်ပုန်း သုံးပုံ သုံးနည်း အခြေခံအဆင့်ကိုပဲ ရေးတင်ပေးပါလို့ တောင်းဆိုတယ်။
သို့ဖြစ်၍လည်း အခြေခံသမားတွေကို ရည်ရွယ်ပြီး ဒီပို့စ်ကို ရေးတင်တာပါ။ ဖုန်းနဲ့ သင်ပုန်းရဲ့ အခြေခံ အသုံးပြုနည်းကို ရှင်းပြတဲ့အခါမှာ အဆင့် (၃) ဆင့်နဲ့ ခွဲပြီး ရှင်းသွားမှာပါ။ ပထမအဆင့်ကို မိုဘိုင်းဖုန်းရဲ့ အခြေခံ၊ ဒုတိယအဆင့်မှာ 0S လို့ခေါ်တဲ့ စက်လည်ပတ်မှုစနစ်ရဲ့ အခြေခံ အကြောင်းတို့ကို မိတ်ဆက်ပေးပြီးမှ တတိယအဆင့်ဖြစ်တဲ့ မိုဘိုင်းဖုန်းနှင့် သင်ပုန်းရဲ့ အသုံးပြုနည်း အခြေခံကို နောက်ဆုံးအနေနဲ့ ရှင်းလင်းသွားမှာပါ။
ပထမအဆင့်
သွားလေရာ ကိုယ်နဲ့မကွာ ယူဆောင်သွားနိုင်တဲ့ ဖုန်းကို မိုဘိုင်းဖုန်း (Mobile Phone) လို့ ခေါ်တယ်။ မြန်မာတွေက လက်ကိုင်ဖုန်း (Hand Phone) လို့ ခေါ်ကြပြီး၊ နိုင်ငံတကာက ဆဲလ်ဖုန်း (Cell Phone) လို့ သုံးနှုန်းတယ်။ မိုဘိုင်းဖုန်းကိုပဲ အင်တာနက်နဲ့ ချိတ်ဆက်ပြီး အသုံးပြုလို့ရအောင် အဆင့်ထပ်မြှင့်လိုက်တဲ့အခါ စမတ်ဖုန်း (Smart Phone) လို့ ပြောင်းခေါ်တယ်။ ဒါကြောင့်လည်း အင်တာနက် အသုံးပြုလို့ရတဲ့ မိုဘိုင်ဖုန်း မှန်သမျှကို စမတ်ဖုန်းလို့ ခေါ်ကြတာပါ။မိုဘိုင်းဖုန်းရဲ့ ပင်တိုင်လုပ်ဆောင်ချက်က ဖုန်းခေါ် (call) ဖို့ပါ။ ဖုန်းခေါ်ဆိုနိုင်ဖို့ ကွန်ရက်-လို့ခေါ်တဲ့ နက်ဝေါ့ (Network) နဲ့ ချိတ်ဆက်ရတယ်။ နက်ဝေါ့ကို ချိတ်ဆက်ဖို့ရာ မိုဘိုင်း ဟန်းဆက် (Hand Set) ထဲမှာ ဆင်းကဒ် (Sim Card) ထည့်ရတယ်။ ဆင်းကဒ် (Sim Card) မှာ ရှိတဲ့ ကုဒ်နံပါတ် (Code Number) က ဖုန်းခေါ်ဆိုခြင်းကို လုပ်ဆောင်ပေးတယ်။ ဆိုလိုတာက မိမိမှာ ရှိတဲ့ ဆင်းကဒ် (Sim Card) ရဲ့ ကုဒ်နံပါတ်နဲ့ သူများဆီမှာ ရှိတဲ့ ဆင်းကဒ် ကုဒ်နံပါတ်တို့ အချင်းချင်း ချိတ်ဆက်ကြတယ်။
စမတ်ဖုန်း (ဟန်းဆက်+ ဆင်းကဒ်) နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ရက် ပုံစံ
ဥပမာနဲ့ ထပ်ရှင်းရရင်- သင့်မှာ Nokia အမျိုးအစား ဟန်းဆက် (Hand Set - ဖုန်းအိမ်) တစ်လုံး ရှိနေတယ် ဆိုပါစို့။ ဖုန်းကိုင်ထားတဲ့ သူငယ်ချင်း တစ်ယောက်ဆီကို အဆက်အသွယ် လုပ်ချင်တယ်။ ဒါဆိုရင် ဆင်းကဒ် (Sim Card) တစ်ခု မဖြစ်မနေ ၀ယ်ရတော့မယ်။ ဂျီအက်စ်အမ်၊ စီဒီအမ်အေ ဆင်းကဒ် (GSM Sim Card) တစ်ခုခု ၀ယ်လာတယ်။ ဒီဆင်းကဒ်မှာ သတ်မှတ်ထားတဲ့ ကုဒ်နံပါတ် အသင့်ရှိနေပြီးသားပါ။ ကုဒ်နံပါတ်ကို ဆင်းကဒ်ရောင်းချတဲ့ ကုမ္ပဏီက စီမံခန့်ခွဲပေးရတယ်။ မြန်မာပြည်မှာဆို မြန်မာ့ဆက်သွယ်ရေးက စီမံပေးတယ်။ စီမံခန့်ခွဲပေးတာကို အော်ပရေတာလို့ ခေါ်တယ်။ ဆင်းကဒ် တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နိုင်ဖို့ အော်ပရေတာ စီစဉ်ပေးရတယ်။ အချိတ်အဆက် လေလှိုင်း အဆက်မပြတ်ရအောင် ၅-မိုင်ထက် မဝေးတဲ့ တာဝါတိုင်တွေကိုလည်း ထောင်ပေးရတယ်။ ၀ယ်လာတဲ့ ဆင်းကဒ်ကို Nokia ဖုန်းအိမ်ထဲ ထည့်လိုက်တဲ့အချိန်မှာပဲ သင်ရဲ့ဖုန်းကို အော်ပရေတာဆီ တန်းရောက်သွားမယ်။ (သတ်မှတ်တဲ့ ဧရိယာထဲမှာ ဖုန်းက ရှိနေမှနော်။) အော်ပရေတာက လိုင်းဖွင့် (Activate) ပေးတာနဲ့ သင့်ရဲ့ဖုန်းက အလုပ်လုပ်လို့ ရပါပြီ။ သူငယ်ချင်းဆီ လှမ်းပြီး ဖုန်းခေါ်လို့ ရပြီပေါ့။ ဖုန်းတစ်လုံးရဲ့ အခြေခံ လုပ်ငန်းက ဒါပါပဲ။
ဒါပေမယ့် မိုဘိုင်းဖုန်း သုံးစွဲတဲ့သူတွေရဲ့ တောင်းဆိုချက်အရကော၊ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ကြံဆချက်အရပါ ဖုန်းခေါ်ဆိုရုံသက်သက် တီထွင်ထားတဲ့ ဖုန်းဟာ တစ်ဆင့်ချင်း အဆင့်မြင့်လာတယ်။ ရိုးရိုးသုံး မိုဘိုင်ဖုန်းကနေ အင်တာနက်သုံး စမတ်ဖုန်းအဖြစ်သို့ ပြောင်းလဲလာတယ်။ ဒါကြောင့်လည်း Hand Set (ဖုန်းအိမ်) ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ကီးပက် (Key Pad) ခလုတ်နဲ့ နှိပ်ရတဲ့ သာမန်အမျိုးအစားကနေ တို့ထိမျက်နှာပြင် (Touch Screem) ဖုန်းအိမ် အမျိုးအစားသို့တိုင် တီထွင်ထုတ်လုပ်ခဲ့ကြတယ်။ ထို့အတူ ဆင်းကဒ်ကို စီမံခန့်ခွဲတဲ့ ကွန်ရက် ကုမ္ပဏီတွေကလည်း သာမန်စကားပြောရုံသာ ရတဲ့ လိုင်းကနေ မြန်နှုန်းမြင့် သရီး-ဂျီ (3-G) လိုင်းတို့တိုင် အပြိုင် တီထွင်ခဲ့ကြတယ်။
ဒီနေရာမှာ သတိထားရမှာက- မိုဘိုင်ဖုန်းလို့ ဆိုလိုက်တာနဲ့ ဟန်းဆက် (Hand Set- ဖုန်းအိမ်) နဲ့ ဆင်းကဒ် (Sim Card) ဆိုပြီး ၂-ခု တွဲမြင်ရမယ်။ ဟန်းဆက် အဆင့်မြင့်ပေမယ့် ဆင်းကဒ်ကို စီမံခန့်ခွဲတဲ့လိုင်းက အဆင့်နိမ့်နေရင်၊ ဒါမှမဟုတ် ဆင်းကဒ်ကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီက လိုင်းကို သရီး-ဂျီ (3-G) အထိ တိုးမြှင့်ထားပေမယ့် ဟန်းဆက်က အဆင့်နိမ့်နေရင် ၂-ခုလုံး အသုံးမ၀င်တော့ဘူး။ စကားပြောရုံ၊ ဖုန်းဆက်ရုံကလွဲရင် ဘာမှ လုပ်လို့ မရတော့ဘူး။
ကဲ ၂-ခုလုံး အဆင့်မြင့်တဲ့ အကြောင်း ပြောကြရအောင်ပါ။ ဒါမှ အင်တာနက်နဲ့ ချိတ်ဆက်လို့ ရမှာကိုး။ ဆင်းကဒ် အဆင့်မြင့်တဲ့အကြောင်း မပြောခင် အဆင့်မြင့်တဲ့ ဟန်းဆက် အကြောင်းကို စလိုက်ရအောင်။ ဟန်းဆက်ကို စမတ်ဖုန်းလို့ ခေါ်ရင် အဆင့်မြင့်ပြီလို့ သတ်မှတ်လိုက်ပါ။ ဘာလို့လဲဆိုတော့ အင်တာနက် အသုံးပြုနိုင်လို့ပဲ။
3-G စနစ် ဆင်းကဒ်နဲ့ သုံးထားတဲ့ ဘလက်ဗာရီ စမတ်ဖုန်း
စမတ်ဖုန်း (Smart Phone)
ဟန်းဆက်တစ်လုံး စမတ်ဖုန်းထဲ အကျုံးဝင်/ မ၀င်။ စမတ်ဖုန်း ဖြစ်/ မဖြစ်ကို အောက်ပါ အချက်အလက်များနဲ့ ညှိနှိုင်းကြည့်ပါ-1. Wi-Fi = အင်တာနက်ကို ၀ါယာလက် (ကြိုးမဲ့) ကနေ တစ်ဆင့် သုံးနိုင်ဖို့ ၀ိုင်ဖိုင် (Wi-Fi) ပါရပါ့မယ်။
2. Battery Back up = အင်တာနက်ကို သုံးတာနဲ့ တစ်ပြိုင်နက် ဓာတ်ခဲ တအားစားတယ်။ ဒါကြောင့်လည်း အသုံးခံတဲ့ ဘက္ထရီကောင်းကောင်း လိုတယ်။
3. Ram = မမ်မိုရီကို အနည်းဆုံး 512 MB ရှိသင့်ပါတယ်။ ဒါမှ အင်တာနက်ကို အသုံးပြုတဲ့အခါ ကောင်းမွန်စွာ လည်ပတ်ပေးမှာပါ။
4. Bluetooth / Port = သတင်းအချက်လက်များကို ကူးပြောင်းဖို့ရာ အနည်းဆုံး USB အပေါက် ပါဝင်သင့်တယ်။ ဒီအစား Bluetooth ရှိလည်း ဖြစ်ပါတယ်။
5. 3-G = သရီး-ဂျီစနစ် ပါဝင်ရင်တော့ ရှယ်ပေါ့။ ဒါပေမယ့် GPRS ဖြစ်ဖြစ် EDGE (အက်ဂျက်) စနစ်ဖြစ်ဖြစ် ပါဝင်လည်း မဆိုးသေးပါဘူး။ (မြန်မာပြည်ကမှ သရီး-ဂျီ မရသေးတာ။)
6. GPS = မြေပုံကို ညွှန်ပြပေးတဲ့ လမ်းညွှန်စနစ် ပါရပါ့မယ်။
7. Camera= ဓာတ်ပုံရိုက်တဲ့ နောက်ကင်မရာ မရှိတောင်မှ ရှေ့ဘက်က ၀က်ကမ် (Web-cam) ကင်မရာ ရှိသင့်ပါတယ်။
8. OS = စက်လည်ပတ်မှုစနစ်ကို အန်ဒရွိုက် (Android) ဖြစ်ဖြစ်၊ အိုင်အိုအက်စ် (iOS) ဖြစ်ဖြစ်၊ ၀င်းဒိုး (windows) ဖြစ်ဖြစ် ဒီစနစ် ၃-ခုထဲက တစ်ခုခု ဖြစ်နေရပါ့မယ်။
သင့်ရဲ့ မိုဘိုင်ဖုန်းက ကီးပက်ခလုတ်နဲ့ နှိပ်ရတဲ့ အမျိုးအစားမို့ စမတ်ဖုန်းထဲ စာရင်း မ၀င်ဘူးလို့ ပုံသေ မတွက်ပါနဲ့။ ခေတ်မီတဲ့ BlackBerry စမတ်ဖုန်းဆို ခုထိ ကီးပက် သုံးဆဲပါ။ သင့်ရဲ့ဖုန်းက တို့ထိမျက်နှာပြင် အမျိုးအစား။ ဒါပေမယ့် ဖော်ပြခဲ့တဲ့ အချက် (၈) ချက်နဲ့ မညီဘူးဆိုရင်လည်း စမတ်ဖုန်းထဲ မထည့်ပါနဲ့ဦး။ စမတ်ဖုန်းက အမျိုးအစားစုံ ရှိတယ်။ တံဆိပ်အမှတ်အသား ဖြစ်တဲ့ Nokia, Samsung, HTC စတဲ့ (Branch) တွေနဲ့ မသက်ဆိုင်ပါ။ အထက်ဖော်ပြပါ အချက်အလက် ၈-ချက်နဲ့သာ တိုင်းထွာလိုက်ပါ။ ညီရင် စမတ်ဖုန်း ဖြစ်ပြီပေါ့။
ဆင်းကဒ် (Sim Card)
ဆင်းကဒ် (Sim Card) ဆိုတာ Subscriber Identity Module (SIM) ကနေ လာတာပါ။ “အသုံးပြုသူများ သက်သေခံ အစိတ်အပိုင်း ကတ်ပြား” လို့ ဘာသာပြန်ရမယ် ထင်တယ်။ မိုဘိုင်ဖုန်းရဲ့ ကွန်ရက်ကို ချိတ်ဆက်ပေးတဲ့ စနစ်တစ်ခုလို့လည်း ပြောလို့ ရတယ်။
ဆင်းကဒ်ကို ရပြီး သင့်တော်တဲ့ ဟန်းဆက်တစ်လုံးမှာ ကောက်ထည့်ရုံနဲ့ အသုံးပြုလို့ မရသေးပါ။ ဆင်းကဒ်ကုမ္ပဏီ (ဆက်သွယ်ရေး) က အက်တစ်ဗိတ် (Activate) လုပ်ပေးပြီးနောက်မှသာ အသုံးပြုလို့ ရတယ်။ အသုံးပြုလို့ ရတယ်ဆိုပေမယ့် ကုမ္ပဏီနဲ့ ဆင်းကဒ်သုံးသူ သဘောတူထားတဲ့ မူအတိုင်းသာ ဖုန်းကို အသုံးပြုလို့ ရမယ်။ ဥပမာ- ဖုန်းဆက်ရုံလေး သဘောတူထားရင် ဖုန်းဆက်ရုံလေးပဲ ရမှာပါ (ဖုန်းဆက်၊ အတိုကောက် မက်ဆေ့ဂ်ျ ပို့တာတို့လောက်ပေါ့)။ အင်တာနက်ပါ အသုံးပြုမယ်ဆို ဘယ်ပက်ကေ့စ်နဲ့ (၁၂၈-ကေဘီ အမြန်နှုန်း၊ တစ်လကို ၅-ဂျီဘီအထိ) သုံးမယ်ဆိုတာမျိုး ညှိနှိုင်းရသေးတယ်။
နာမည်ကြီးနေတဲ့ ပရီပေး (Pre-Paid) သုံး ဆင်းကဒ် ပုံစံ
ပြီးတော့ ကြိုတင်ငွေဖြည့်တဲ့ ပရီပေး (Pre-paid-ကြိုပေး) စနစ်၊ လစဉ်ပေး (Post-paid-သုံးပြီးမှ လစဉ်ပေး) စနစ်ဆိုပြီး စနစ် ၂-မျိုးနဲ့ သုံးကြတယ်။ ကြိုတင်ငွေဖြည့်တဲ့ ပရီပေးစနစ်မှာ သုံးစွဲသူ ကြိုထည့်တဲ့ ငွေပမာဏပေါ် မူတည်ပြီး အင်တာနက် သုံးရ/ မရ ဆိုတာလည်း ကွဲသေးတယ်။ ဥပမာ- ငွေကျပ် ၁၀၀၀ (တစ်ထောင်) လောက်ပဲ ဖြည့်ရင် ဖုန်းပဲ ပြောလို့ ရမယ်။ အင်တာနက် သုံးလို့ မရဘူး။ ငွေကျပ် ၁၀၀၀၀ (တစ်သောင်း) ဖြည့်ထားရင် အင်တာနက်ပါ သုံးလို့ရတယ်၊ ဒါပေမယ့် ငွေကျပ် ၁၀၀၀ (တစ်ထောင်) အောက် လျှော့သွားရင် အင်တာနက် အလိုလို ပိတ်သွားတယ်-ဆိုတဲ့ အော်တိုမေတစ်စနစ်လည်း ရှိပါသေးတယ်။ ပြီးတော့ ကန့်သတ်ချက်နဲ့ အင်တာနက်ကို ၀ယ်သုံးထားပြီး ဖုန်းပြောဆိုခနဲ့ မသက်ဆိုင်တဲ့ စနစ်လည်း ရှိသေးတယ်။ ဥပမာ- အင်တာနက်အတွက် တစ်လ ၃၅၀၀ (သုံးထောင်ငါးရာ) ပုံမှန် ကြိုတင် ငွေဖြည့်ထားရမယ်။ မိမိက ငွေကျပ် ၁၀၀၀၀ (တစ်သောင်း) ဖြည့်လိုက်တယ် ဆိုပါစို့။ အင်တာနက် တစ်လစာအတွက် စက်က အလိုလို ၃၅၀၀ (သုံးထောင်ငါးရာ) နှုတ်လိုက်ရင် ကျန်တဲ့ ၆၅၀၀ (ခြောက်ထောင်ငါးရာ) က မိမိဖုန်းပြောဆိုခအတွက် ဖြစ်သွားမယ်။ ဒါက နိုင်ငံတကာ စနစ်ပါ။
မြန်မာပြည်မှာတော့ ဆင်းကဒ်ရဲ့ ကွန်ရက်-၀န်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးကပဲ ကိုင်ပါတယ်။ (ခုတော့ ကုမ္ပဏီလေးခုကို ချပေးမယ်လို့ သိရတယ်။) အရင်တုန်းက ဖုန်းဆက်ရုံလေးသာ အသုံးဝင်တာပါ။ ဒါပေမယ့် ခုသုံးလေးနှစ်အတွင်း အင်တာနက်ကိုပါ ချိတ်ဆက်ပြီး အသုံးပြုလို့ ရလာပြီ။ အင်တာနက်ကို အသုံးပြုချင်ရင် အပိုငွေ ကျပ် ၁၀၀၀၀ (တစ်သောင်း) ထပ်ဆောင်းပြီး ဆက်သွယ်ရေးကို ဖွင့်ခိုင်းရတယ်။ အင်တာနက် ဖွင့်သုံးတိုင်း အင်တာနက်ကြေးကို GSM အတွက် ၁-မိနစ် ၂-ကျပ်နှုန်း၊ CDMA 800 အတွက် တစ်မိနစ် ၄-ကျပ်နှုန်း ကြိုတင်ဖြည့်ထားတဲ့ (ပရီပေး) ငွေပမာဏကနေ နှုတ်ယူတယ်လို့ သိရပါတယ်။ ကြိုတင်ငွေဖြည့်ကတ်ကလည်း ကျပ် ၁၀၀၀၀ (တစ်သောင်း) အောက် မရှိဘူးလို့ သိရပါတယ်။ အင်တာနက် ၀န်ဆောင်မှုကိုတော့ GPRS လား EDGE (အက်ဂျက်) စနစ်လားတော့ စာရေးသူ အသေအချာ မသိသေးပါ။ (ဖုန်းနဲ့ အင်တာနက် အသုံးပြုသူရဲ့ အပြောအရတော့ GPRS စနစ်လို့ သိရပါတယ်။) 3-G စနစ် မဟုတ်သေးတာတော့ သေချာတယ်။ မြန်နှုန်းကလည်း 128 kb လို့ ပြောပေမယ့် စာရေးသူ သုံးတဲ့အချိန်က 56 kb ပဲ ပြပါတယ်။
ကြိုတင် ငွေဖြည့်ရတဲ့ ပရီပေး (Pre-Paid) စာရွက် အမျိုးမျိုး
ကနေ့ခေတ်မှာတော့ ဆင်းကဒ်နဲ့ အင်တာနက် ၀န်ဆောင်မှုကို တစ်ပါးတည်း တွဲထားကြတယ်။ ဆင်းကဒ်ကို (၀ယ်) ယူတာနဲ့ သရီး-ဂျီ ဆင်းကဒ်ကို တန်းထိုးပေးတတ်တယ်။ ဘယ်ပက်ကေ့စ် သုံးမလဲ မေးတယ်။ (၀ယ်) ယူတဲ့ ဆင်းကဒ်ပေါ် မူတည်ပြီး တစ်ချို့ ကုမ္ပဏီတွေက အခမဲ့ တစ်လ အသုံးပြုခွင့် ပေးတယ်။ အချို့ကား ၃-လကြီးများတောင်။ ဆင်းကဒ်နဲ့ အင်တာနက် သုံးရတာမို့လို့ ဖုန်းလိုင်း ၀င်တဲ့ နေရာတိုင်းမှာ (ဖုန်းဆက်လို့ ရတဲ့ နေရာမှန်သမျှ) အင်တာနက်ကို သုံးလို့ ရတယ်။ အဲ… ဆင်းကဒ်က သရီး-ဂျီ ဖြစ်နေပြီး သင့်ရဲ့ ဟန်းဆက်က စမတ်ဖုန်း ဖြစ်မနေရင်လည်း 3-G ဆင်းကဒ်က အသုံးမ၀င်ပါဘူးနော်။
မိုဘိုင်ဖုန်းတွင်းရှိ ဆင်းကဒ်ကနေ အင်တာနက် သုံးတာ တအားဈေးကြီးတယ်။ ကြီးတာလည်း ပြောမနေနဲ့။ နိုင်ငံတကာရဲ့ သရီး-ဂျီ (3-G) စနစ်က ရွှတ်ကနဲ ရွှတ်ကနဲ တအားမြန်တယ်လေ။ ဗီဒီယို၊ ရုပ်ရှင်တွေဆို အထစ်အငေါ့ မရှိ တိုက်ရိုက်ကြည့်နိုင်တယ်။ အဲ…ငွေစားတဲ့နှုန်းကလည်း သရဲသဘက်လိုပဲ။ ဒေါ်လာ ၁၀ နဲ့ ညီမျှတဲ့ အင်တာနက်ကြေးကို မိနစ်ခြောက်ဆယ်အတွင်း ပြိုက်ကနဲပဲ။ တွက်ချက်ကြည့်ရင် တစ်မိနစ်ကို မြန်မာငွေ ကျပ်-၅၀ လောက် သွားကျနေတယ်။ ဒီတော့ ဘတ်ဂျက်ကို ချွေတာဖို့ ဆိုရင် Wi-Fi (၀ိုင်ဖိုင်) စနစ်နဲ့ အင်တာနက်ကို ပြောင်းသုံးရမှာပါ။
Wi-Fi (၀ိုင်ဖိုင်) စနစ်
စမတ်ဖုန်းတိုင်းမှာ Wi-Fi (၀ိုင်ဖိုင်) ပါမြဲ ဖြစ်တယ်။ Wi-Fi (၀ိုင်ဖိုင်) ဆိုတာ အချိတ်အဆက်ကို လက်ခံတဲ့ စနစ်တစ်ခုကို ဆိုလိုတာပါ။ အဓိပ္ပါယ် အပြည့်အစုံက “အင်တာနက်နဲ့ ကွန်ရက်ကို ရေဒီယိုလှိုင်းဖြင့် သယ်ယူပို့ဆောင်ပေးတဲ့ မြန်နှုန်းမြင့် ကြိုးမဲ့ ဆက်သွယ်ရေးစနစ်” ပါ။ “ကြိုးမဲ့နဲ့ အင်တာနက်ကို လက်ခံတဲ့ စနစ်”လို့ ပြောရင် လူတွေ ပိုပြီး နားလည်ကြတယ်။ Wi-Fi ရဲ့ အတိုကောက် စာလုံးပေါင်းက Wireless Fidelity ဖြစ်ပြီး၊ (WLAN) လို့လည်း ခေါ်ကြပါသေးတယ်။ဝိုင်ဖိုင် စနစ်ကို လက်တော့ပ် ကွန်ပျူတာကနေ စတင် အသုံးပြုခဲ့ပေမယ့် ကနေ့တော့ စမတ်ဖုန်းတွေနဲ့ သင်ပုန်းတွေမှာ မပါမဖြစ် ကိရိယာတစ်ခု ဖြစ်လို့နေပါပြီ။ ၀ိုင်ဖိုင်စနစ် ရိုရုံနဲ့ အင်တာနက် (သို့မဟုတ်) အခြားကွန်ရက် တစ်ခုခုနဲ့ အဆက်အသွယ် မိပြီလို့ မဆိုလိုပါ။ ၀ိုင်ဖိုင်စနစ်ကို ထုတ်လွင့်ပေးတဲ့ အခြားဆက်သွယ်ရေးကိရိယာ တစ်ခု လိုအပ်ပါသေးတယ်။ ဒီကိရိယာကို ၀ိုင်ယာလက် ရော့(က်)တာ (Wireless Router) လို့ ခေါ်တယ်။ ၀ိုင်ယာလက် ရော့(က်)တာ (Wireless Router) ကလည်း သူ့ချည်းသက်သက် ကြိုးမဲ့စနစ်ကို လွင့်ပေးလို့ မရပြန်ဘူး။ အင်တာနက်ကို ချိတ်ဆက်ထားတဲ့ ဖုန်းကြိုးကနေ ဆက်သွယ်ထားတဲ့ DSL သို့မဟုတ် Cable Moden ကွန်ရက်နဲ့မှ ၀ိုင်ယာလက်ကို လွင့်ပေးနိုင်တယ်။ ဒီအဆင့်ရောက်မှ လွင့်ပေးတဲ့ ၀ါယာလက်ကို ၀ိုင်ဖိုင်က လက်ခံ ရယူနိုင်တယ်။ ၀ိုင်ဖိုင်ကို ဖွင့်ပြီး အင်တာနက်ကို သုံးလို့ ရတယ်။ ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ (အင်တာနက်သုံး) ဆင်းကဒ်လိုပဲ ၀ိုင်ဖိုင်ဖွင့်ထားပြီး ဖုန်း ဆက်နိုင်တယ်။ အီမေးလ် ပို့နိုင်တယ်။ အင်တာနက် ဘရောက်ဆာတွေကို ဖွင့်ပြီး သုံးနိုင်တယ်ပေါ့။
Wi-Fi ကို လွင့်ထားတဲ့ Router တစ်လုံးရဲ့ ပုံစံ
သင်ပုန်း (Tablet)
အက်ပယ်ကုမ္ပဏီထုတ် အိုင်ပက် (iPad) အပါအ၀င် အပြားကြီး တစ်ချပ်သာ ပါတဲ့ ကွန်ပျူတာ အသေးစားကို တက်ဘလက် (Tablet) သင်ပုန်းလို့ ခေါ်ကြတယ်။ ကလေးတွေ သုံးတဲ့ ကျောက်သင်ပုန်းလို ဘောင်ကွပ်ထားတဲ့ အပြားကြီး တစ်လွှာထဲမို့ သင်ပုန်းလို့ မြန်မာတွေက သမုတ်လိုက်ပုံ ရပါတယ်။ တက်ဘလက် (Tablet) သင်ပုန်းရဲ့ အမျိုးအစားတွေက စုံသမှ စုံပါ့။ Samsung, Sony, Dell, Acer မှသည် HTC, Micro Max များမှများ။ ကွန်ပျူတာနဲ့ ဖုန်းကို ထုတ်လုပ်တဲ့ ကုမ္ပဏီတိုင်းလိုလိုက တက်ဘလက် (Tablet) သင်ပုန်းကို ထုတ်လုပ်ကြတယ်။တက်ဘလက် (Tablet) သင်ပုန်း အပြားကြီးကို အကြမ်းဖျဉ်းအနေနဲ့ ၂-မျိုး ရှိတယ်လို့ သတ်မှတ်ကြတယ်။
(၁) ဆင်းကဒ် + ၀ိုင်ဖိုင် ၂-မျိုးလုံး ပါတဲ့ သင်ပုန်း။
(ဆင်းကဒ်+ ၀ိုင်ဖိုင် ပါတဲ့ သင်ပုန်းကို 3-G+Wi-Fi (သို့မဟုတ်) Cellular+Wi-Fi လို့ ခေါ်တယ်။)
(၂) ဆင်းကဒ်မပါဘဲ ၀ိုင်ဖိုင် (Wi-Fi) သက်သက်သာ ပါတဲ့ သင်ပုန်း။
နံပါတ် (၁) သင်ပုန်း အမျိုးအစားမှာ ဆင်းကဒ် ထည့်ပြီး သုံးရင် စမတ်ဖုန်း တစ်လုံးနဲ့ ချွတ်စွတ်ပဲ။ ဖုန်းက အရွယ်အစားသေးတယ်၊ သင်ပုန်းက ကြီးတယ်၊ ဒါပဲ ကွာခြားတယ်။ ဖုန်းလို့ ခေါ်တဲ့ အိုင်ဖုန်းနဲ့ သင်ပုန်းလို့ ခေါ်တဲ့ အိုင်ပက်ကိုပဲ နမူကြည့်ပါ။ အင်တာနက်ကို သုံးတဲ့အခါမှာ ဖုန်းရယ်၊ သင်ပုန်းရယ်ဆိုပြီး သုံးစွဲနည်း မကွဲတော့ဘူး။
ဒုတိယအဆင့်
ဒုတိယအဆင့်ကို အိုအက်စ် (OS) လို့ခေါ်တဲ့ စမတ်ဖုန်းနဲ့ သင်ပုန်းထဲက စက်လည်ပတ်မှု စနစ် အကြောင်းကို ရှင်းသွားမှာပါ။ ဖုန်းနဲ့ သင်ပုန်းမှာ လည်ပတ်နေတဲ့ စက်ရဲ့စနစ် အိုအက်စ် (OS) ကို အမျိုးအစား ခွဲလိုက်ရင် သုံးမျိုးထဲပါ- 1. iOS
2. Android OS
3. Windows OS - တို့ ဖြစ်ပါတယ်။
1. iOS
အပ်ပယ်လ်ကုမ္ပဏီတစ်ခုသာ ပင်တိုင် သုံးတဲ့ စက်လည်ပတ်မှု စနစ်။ ဥပမာ- အိုင်ဖုန်း (iPhone) နဲ့ အိုင်ပက် (iPad) မျိုးစုံတွေမှာ သုံးတဲ့ စနစ်။ အိုင်ပေါ့ (iPod) မှာလည်း သုံးတယ်။ ဒါပေမယ့် ဒီဟာက ဖုန်း မဟုတ် သင်ပုန်း မဟုတ်လို့ စာရင်းထဲ ထည့်မတွက်တော့ဘူး။
2. Android OS
ဂူးဂဲလ်နဲ့ ပူးပေါင်းထားတဲ့ ဖုန်းနဲ့ သင်ပုန်းတွေမှန်သမျှ သုံးနေကြတဲ့ စက်လည်ပတ်မှု စနစ်။ အန်ဒရွိုက် (Android OS) ကိုတော့ ဖုန်းနဲ့ သင်ပုန်းတွေရဲ့ ၆၅ ရာခိုင်နှုန်းက သုံးနေကြတယ်လို့ စစ်တမ်းတွေက ဖော်ပြထားတယ်။ အပ်ပယ်လ်ကုမ္ပဏီက လွဲရင် ကျန်တဲ့ ကုမ္ပဏီတွေက အသုံးပြုတဲ့ စနစ်ပါ။ ဆမ်ဆောင်းမှသည် မိုက်ခရိုမက်အထိ သုံးကြတယ်။
3. Windows OS
ဝင်းဒိုး (Windows OS) စက်လည်ပတ်မှု စနစ်ကိုတော့ ခုလောလောဆယ် အသုံး အနည်းဆုံး စနစ်တစ်ခု ဖြစ်နေသေးတယ်။ စမတ်ဖုန်းထဲမှာတော့ Nokia ကုမ္ပဏီထုတ် Lumia 610, 710, 800, 900 စမတ်ဖုန်း ၄-မျိုးနဲ့ Microsof ရဲ့ Surface သင်ပုန်း တစ်မျိုးသာ အသုံးပြုနေသေးတယ်။ (ဂျာမဏီမှာ ပြုလုပ်တဲ့ လျှပ်စစ်ကုန်ပစ္စည်း အရောင်းပြပွဲမှာတော့ ဆမ်ဆောင်းက ATIV Tab သင်ပုန်းနဲ့ ATIV S စမတ်ဖုန်း ၂-မျိုးကို Windows 8 နဲ့ မိတ်ဆက်ပေးထားတယ်။)
Windows OS ကို အသုံးပြုထားတဲ့ နိုကီယာရဲ့ Lumia 800 စမတ်ဖုန်း
ဒီသုံးမျိုးထဲမှာလည်း နှစ်အလိုက် ထုတ်လုပ်တဲ့ စက်လည်ပတ်မှုစနစ်က ကွာခြားသေးတယ်။ ဖုန်းနဲ့ သင်ပုန်း သုံးစွဲသူများ နားအလည်ရ အခက်ဆုံးကတော့ နံပါတ် (၂) ဖြစ်တဲ့ Android OS ပါပဲ။ ဒီ Android OS က အမျိုးအစား စုံလင်တယ်။ ဒီနှစ်ထုတ်လုပ်တဲ့ ဖုန်းနဲ့ သင်ပုန်း ဖြစ်ပေမယ့် လွန်ခဲ့တဲ့နှစ်တွေက ထုတ်လုပ်ခဲ့တဲ့ Android OS ကို သုံးချင် သုံးနေတတ်ကြတယ်။
အပ်ပယ်လ် ထုတ်ကုန်ဖြစ်တဲ့ ဖုန်းနဲ့ သင်ပုန်းအတွက်ဆိုရင် အခုသုံးနေတဲ့ စနစ်က ဗားရှင်း iOS 5.1.1 ပါ။ ဒီအမျိုးအစားကတော့ ရှင်းတယ်။ ဘယ်ဖုန်း ဘယ်သင်ပုန်းမဆို နောက်ဆုံးထုတ် ဗားရှင်းကို တန်းပြီး အပ်ဒိတ် လုပ်လို့ရတယ်။ Widows OS ကလည်း ရှင်းတာပါပဲ။ အသုံးနည်းနေသေးတယ်လေ။ လက်ရှိ နိုကီယာဖုန်း သုံးနေတာက Widows 7 တစ်မျိုးထဲ ဖြစ်နေတယ်။ ဒါကြောင့် အသုံးအများဆုံးနဲ့ အရှုပ်ထွေးဆုံးဖြစ်တဲ့ Android OS အကြောင်းကိုပဲ ထပ်ရှင်းပေးပါ့မယ်။
Android OS
အန်ဒရွိုက် (Android) ဆိုတာဟာ ဂူးဂဲလ်နဲ့ အခြားမိတ်ဖက်ကုမ္ပဏီတို့က အိုပင်း-ဟန်းစက်-အလီယန်း (Open Handset Alliance) လို့ ခေါ်တဲ့ အိုအိတ်ခ်ျအေ (OHA) နာမည်နဲ့ ပူးပေါင်းလုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပြီး အန်ဒရိုက် (Android) စက်လည်ပတ်မှုစနစ် ဖွံ့ဖြိုးတိုးတက်အောင် အဆင့်အဆင့် လုပ်ဆောင်ခဲ့ကြတာပါ။ ၂၀၀၅ ခုနှစ်ကတည်းက ဂူးဂဲလ်ကနေ ဆော့ပ်ဝဲလ်လုပ်ငန်း တိုးတက်ရေးအတွက် ဆိုပြီး အန်ဒရိုက် (Android) ကို ထူထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်ကျမှ ဟဒ်ဝဲလ်၊ ဆော့ပ်ဝဲလ်နှင့် ဆက်သွယ်ရေး ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး ပူပေါင်းလုပ်ဆောင်ကြတယ်။
အန်ဒရွိုက် (Android) ရဲ့ လက်ရှိသုံးနေတဲ့ အိုအက်စ် (OS) ပုံစံ
ဒီအိုအက်စ်ကို မိုဘိုင်းဖုန်းမှာကော သင်ပုန်းမှာပါ အသုံးပြုလို့ရတယ်။ အပ်ပ် (App) တွေကိုတော့ သာဒ်ပါတီလို့ ခေါ်တဲ့ အွန်းလိုင်းစတိုးတွေမှာ အခမဲ့ကော၊ ဈေးချိုချိုနဲ့ကော ဒေါင်းလုတ် ရယူနိုင်ပါတယ်။ အထူးသဖြင့် ဂူးဂဲလ်ပလေ (Google Play) စတိုးမှာပေါ့။ အန်ဒရိုက်ရဲ့ အပ်ပ်တွေ ဘယ်လောက်များသလဲဆိုရင် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ အမျိုးအစားပေါင်း ၅-သိန်းအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်။ အန်ဒရိုက် စက်လည်ပတ်မှုစနစ်သုံး မိုဘိုင်ဖုန်းကော သင်ပုန်းမှာပါ အပ်ပ်တွေကို ဒေါင်းလုတ်ရယူခဲ့တဲ့ အရေအတွက်ဟာ ၂၀၁၁ ဒီဇင်ဘာလ စာရင်းအရ သန်းပေါင်းတစ်သောင်း (၁၀-ဘီလျံ) တောင် ရှိတယ်ဆိုပဲ။
လက်ရှိအသုံးများနေတဲ့ အန်ဒရွိုက် (Android) ရဲ့ အိုအက်စ် (OS) ကိုတော့ ဂျင်ဂျာဘရိတ် ၂. ၃ (Gingerbread 2.3) ဗားရှင်းရယ်၊ အိုက်စကရင်း ဆန်းဒ၀စ် (Ice Cream Sandwich) ဗားရှင်းရယ်ပေါ့။ အိုက်စကရင်း ဆန်းဒ၀စ် (Ice Cream Sandwich) ဗားရှင်းကတော့ အဆင့်ဆင့် ရှိသေးတယ်။ အခုအခါမတော့ ဗားရှင်း ၄.၀.၄ ထုတ်လုပ်နေပြီလို့ သိရပါတယ်။
ဒီနေရာမှာတော့ အန်ဒရွိုက် (Android) အကြောင်းကို အနည်းငယ်ပဲ မိတ်ဆက်ပေးလိုက်တယ်။ အကျယ်တ၀င့် ဖတ်လိုပါက မေလ ၂၈-ရက်နေ့မှာ ရေးသားတင်ပြခဲ့တဲ့ “မိုဘိုင်းဖုန်းရဲ့ အန်ဒရိုက် (Android) စက်လည်ပတ်မှုစနစ်” (http://ayechanmon.blogspot.in/2012/05/android.html) ဆောင်းပါးကို သွားပြီး ဖတ်နိုင်ပါတယ်။
မှတ်ချက်။ ပို့စ် ရှည်သွားပါသဖြင့် တတိယအဆင့်ဖြစ်တဲ့ မိုဘိုင်းဖုန်းနှင့် သင်ပုန်းရဲ့ အသုံးပြုနည်း အခြေခံကို အပိုင်း (၂) မှာမှ ထပ်ရှင်းလင်းမှာပါ။
0 comments:
Post a Comment