Pages

Ads 468x60px

Labels

Sep 23, 2012

နိုကီယာ လူမီယာ ၉၂၀

နိုကီယာ လူမီယာ ၉၂၀ (Nokia Lumia 920) ထွက်ရှိလာပါပြီ။ သူနဲ့တွဲရက် လူမီယာ ၈၂၀ (Nokia Lumia 820) ပါ တစ်ခါတည်း ပူးတွဲ ထုတ်လုပ်ခဲ့တယ်။ လောလောဆယ်တော့ အမေရိကန်နိုင်ငံ၊ နယူးယော့မြို့နဲ့ ဖင်လန်နိုင်ငံမှာတော့ စတင်ရောင်းနေပါပြီ။ အွန်းလိုင်းကနေ သတင်းပေါက်ကြားပြီး မကြာခင်မှာပဲ မီဒီယာသမားတွေနဲ့ တွေ့ဆုံ ရှင်းလင်းပြီး ထုတ်ရောင်းခဲ့ခြင်း ဖြစ်နိုင်တယ်။ နိုကီယာ လူမီယာ ၉၂၀ (Nokia Lumia 920) ကို မိုက်ခရိုဆော့ပ်နဲ့ ဖင်လန်အခြေစိုက် နိုကီယာကုမ္ပဏီတို့က ပူးပေါင်း ထုတ်လုပ်ခဲ့တာပါ။


ဒီလူမီယာ ဒုတိယမျိုးဆက်ကို “သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီး” စွန့်စားမှုလို့ တင်စားကြတယ်။ အကြောင်းကတော့ လူမီယာ (Lumia) ကို ပထမျိုးဆက်အနေနဲ့ စတင် မိတ်ဆက်ပေးခဲ့ကတည်းက ဒီလိုင်း (လူမီယာ နာမည်) နောက်ကိုပဲ တစ်စိုက်မတ်မတ် ထပ်လိုက်ခဲ့လို့ပါ။ စမတ်ဖုန်းဈေးကွက်ကို နိုကီယာ တိုက်ဖို့ လိုသေးတယ်လို့ အဆိုပြုကြတယ်။ လူမီယာ နာမည်နဲ့ ထုတ်လုပ်နေစဉ်အတွင်းမှာပဲ ဈေးပေါတဲ့ နိုကီယာ အာရှာ (Nokia Asha) ကို ထပ်ထုတ်လုပ်ခဲ့တယ်။ တစ်ခါ အာရှာ (Asha) ကို ရပ်တန့်လိုက်ပြီး လူမီယာ (Lumia) လိုင်းနောက်ကို ထပ်လိုက်တယ်။ အခြားစမတ်ဖုန်း ဈေးကွက်တွေနဲ့ အပြိုင်လေး ယှဉ်ချင်တဲ့ သဘောပါ။


Lumia စီးရီးအဖြစ် ထုတ်လုပ်ခဲ့တဲ့ နိုကီယာ စမတ်ဖုန်းများ

နိုကီယာဟာ သူထုတ်လုပ်တဲ့ နောက်မျိုးဆက်တွေကို လူမီယာလို့ နာမည်ပေးတယ်။ အဓိပ္ပါယ်က “ဆန်းသစ်တီထွင် ကမ္ဘာတစ်ခွင်” ပေါ့။ မိတ်ဆက်ပြပွဲမှာ နိုကီယာရဲ့ ဖုန်းထုတ်လုပ်မှု ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဂျိုဟာလိုး ပြောခဲ့တဲ့ စကားက အမှန်ပဲလား။ သူမက “လူမီယာ ၉၂၀ (Lumia 920) ဟာ အရင် ထုတ်ခဲ့တဲ့ လူမီယာ ၉၀၀ (Lumia 900) ကို အခြေခံပြီး ပြီးပြည့်စုံတဲ့ စမတ်ဖုန်း ဖြစ်အောင် ပြုပြင်ခဲ့တယ်။ ပြီးတော့ ထူးခြားတဲ့ လုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းပေးထားတယ်” တဲ့။


ဒုတိယဥက္ကဋ္ဌ ဂျိုဟာလိုး လူမီယာဖုန်းအကြောင်း ရှင်းလင်းနေပုံ

သူမရဲ့ စကား မှန်/ မမှန် လူမီယာ ၉၀၀ (Lumia 900) ကို ဆန်းစစ်ကြရအောင်-

၁။ ဒီဇိုင်းနဲ့ စကရင်း
နိုကီယာရဲ့ လူမီယာ ၉၂၀ (Lumia 920) ဟာ အရင်ထုတ်ခဲ့တဲ့ လူမီယာ ၉၀၀ (Lumia 900) ထက် အသွင်အပြင် ဒီဇိုင်းပိုင်း အများကြီး သာလာတယ်။ ဒီတစ်ခါ ဖုန်းအိမ်ကို အ၀ါရောင် တောက်တောက်နဲ့ ဖန်တီးထားတယ်။ ဒါပေမယ့် နှုတ်ခမ်းနီ အနီရောင်နဲ့ မီးခိုမှောင် အရောင်တို့ကိုလည်း ၀ယ်ယူအကြိုက် လိုက်ဖန်တီးပေးထားတယ်။

ဖုန်းအိမ်အထိုင် ဒီဇိုင်းတစ်ခုလုံးကို (မူလ-လူမီယာအတိုင်း တစ်သွေမတိမ်) ပြောင်းလဲ မသွားပေမယ့် စကရင်းအပိုင်းကိုတော့ ပြုပြင် ပြောင်းလဲထားတယ်။ လူမီယာ ၉၂၀ (Lumia 920) ရဲ့ စကရင်းကို ၄-လက်မခွဲ နဲ့ တိုးချဲ့ ပြင်ဆင်ထားတယ်။ ရုပ်ထွက်နှုန်းကိုတော့ နိုကီယာ ဖြွယ် (Nokia 808 Pure) အတိုင်း HD ရတယ်။ ရီဆိုလူးရှင်း ၁၂၈၀x ၇၆၈ မီဂါပစ်ဇယ်လ်နဲ့ပေါ့။ ဒီအရည်အသွေးဟာ နိုကီယာဖုန်းတွေမှာ အကောင်းဆုံး ရနေတဲ့ ၁၂၈၀x ၇၂၀ မီဂါပစ်ဇယ်လ်ထက် သာလွန် ကောင်းမွန်နေသေးတယ်။ ရုပ်သံ ဖမ်းနှုန်း/ သွားနှုန်းလည်း အလိုလို လိုက်မြန်သွားတယ်။


နိုကီယာ Lumia 920 ရဲ့ အရွယ်အစား

စကရင်း ကြီးထားပေမယ့် ကြည်လင် တောက်ပမှု အပိုင်းမှာ လျှော့မသွားပဲ ခေတ်ပေါ် ဘယ်စမတ်ဖုန်းနဲ့ မဆို ယှဉ်ပြိုင်ဝံ့တယ်လို့ နိုကီယာက စိန်ခေါ်ထားတယ်။ ပြောတိုင်း မယုံချင်သေးပါ။ ဒါကြောင့်လည်း လက်တွေ့ စမ်းကြည့်လိုက်တယ်။ စမ်းသပ်ချက်အရ- ဟုတ်သမှ ဟုတ်လှချည်းပေ့။ စကရင်းရဲ့ အကြိုက်ဆုံး အကွက်တစ်ခုကို ပြပါဆိုရင် အရည်လဲ့နေတဲ့ အမည်းကြည် (ClearBlack) အရောင်ကိုပဲ လက်ညှိုး ထိုးပြရမှာပါ။ စူးရှတောက်ပနေတဲ့ နေရောင်အလင်းပြန်မှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ အမည်းကြည်ရောင်ပေါ့။

အမည်းကြည် (ClearBlack) ရောင် နည်းပညာကိုတော့ အသစ် တီထွင်ထားတယ်လို့ နိုကီယာက ပြောတယ်။ နေရောင် အလွန်အမင်း တောက်ပတဲ့ ဘယ်သဲကန္တာရကြား၊ ဘယ်ကမ်းခြေ မှာမဆို စာ/အရုပ်တွေကို ရှင်းလင်းစွာ မြင်နိုင်စွမ်းရှိတယ် ဆိုပဲ။ လက်တွေ့ သုံးကြည့်တော့လည်း ဟုတ်နေပြန်တယ်။ နိုကီယာအဆိုကို ထောက်ခံရမလို ဖြစ်နေတယ်။

၂။ ကင်မရာ
နိုကီယာ လူမီယာ ၉၂၀ (Lumia 920) ရဲ့ ကင်မရာကိုတော့ ခုတလောကမှ ထုတ်လုပ်ထားတဲ့ နိုကီယာ ဖြွယ် (Nokia 808 Pure) အတိုင်းပါပဲ။ (ဒီစမတ်ဖုန်းကိုတော့ လူမသိ သူမသိသေးပါဘူး။) နည်းပညာချင်းတော့ တစ်ထပ်တည်းပဲ။ အဲ တစ်ခုထူးတာက နိုကီယာ ဖြွယ် (Nokia 808 Pure) တုန်းက ပရောဖက်ရှင်နယ်သုံး ၄၁-မီဂါပစ်ဇယ် သုံးထားပေပမယ့် ဒီမှာတော့ ၈-မီဂါပစ်ဇယ်လ်ပဲ သုံးထားတယ်။ စမတ်ဖုန်းသုံး ကင်မရာအများစုကလည်း ဒီအတိုင်းအတာလောက်ပဲ သုံးနေကြတယ်ဆိုတော့ ဈေးကွက်ယှဉ်ပြိုင်မှုအရ တွက်ရင် မဆိုးပါဘူး။

ဖော်ထားတဲ့ မှန်ဘီလူးကတော့ အော်တိုဖိုကပ်အတွက် ရုပ်ပုံတွေကို ဖြတ်ပေးတယ်။ လက်တုန်ခါမှုကိုလည်း ကာကွယ်ပေးရာ ရောက်တယ်။ Carl Zeiss လို့ ခေါ်တဲ့ အစက်အပျောက်ကို ဖယ်ရှားပေးရာမှာတော့ အရင်-လူမီယာ ၉၀၀ လောက် မမှီသေးဘူး။ aperture လို့ခေါ်တဲ့ အလင်းတံခါးကိုတော့ ၂.၀ အထိ ပေးထားတယ်။ ဖော်ထားတဲ့ မှန်ဘီလူးနဲ့ ထိန်းညှိပြီး ရုပ်ပုံ လှုပ်မသွားအောင် ကိုင်ချုပ်ထားတဲ့ သဘောပါ။ အကြိုက်ဆုံးကတော့ ၀ပ်-ကမ် (web-cam) ပါပဲ။ အိုင်ဖုန်း၊ ဆမ်ဆောင်းဂဇက်ဇီတို့နဲ့ ကောင်းကောင်း ယှဉ်နိုင်တယ်။


ကင်မရာကို ဦးစားပေးထားတဲ့ Nokia 808 Pure

၃။ စက်လည်ပတ်မှုစနစ်
နိုကီယာ လူမီယာ ၉၂၀ (Lumia 920) ကို ၀င်းဒိုး-၈ (Windows Phone 8) နဲ့ မောင်းနှင်ထားတယ်။ ဒီစနစ်နဲ့ အသုံးချ အပ်ပ် (Apps) အသစ်တွေ အများကြီးကို သုံးနိုင်မှာပါ။ ဒီထဲမှာ အော့ပ်လိုင်းမတ်စ် (offline maps) လို့ ခေါ်တဲ့ အင်တာနက်မရှိပဲ အသုံးပြုလို့ ရတဲ့ မြေပုံစနစ်လည်း ပါဝင်လာတယ်။

၎။ ဘက္ထရီနဲ့ ကြိုးမဲ့အားသွင်းကိရိယာ
နိုကီယာရဲ့ လူမီယာ ၉၂၀ (Lumia 920) မှာ နောက်ထပ် အသစ်အဆန်း တစ်ခုကတော့ ကြိုးမဲ့စနစ်နဲ့ ဘက္ထရီကို အားသွင်းနိုင်ခြင်းပဲ ဖြစ်တယ်။ ဖုန်းအိမ်အတွင်းမှာ တည်ဆောက်ထားတဲ့ ၀ါယာလက် (ကြိုးမဲ့) စနစ်ကြောင့် ၀ါယာလက် မိတဲ့ နေရာတိုင်းမှာ ဘက္ထရီကို အားသွင်းနိုင်တယ်။ ဒီလိုမျိုး ၀ါယာလက်စနစ်ကို အသုံးပြုနိုင်ဖို့ရာ နိုကီယာက ၀ါယာလက်ကုမ္ပဏီတွေဖြစ်ကြတဲ့ Virgin Atlantic, Coffee Bean နဲ့ Tea Leaf ဖုန်းရုံးတွေကို ချိတ်ဆက်ထားရတယ်။ အသုံးပြုထားတဲ့ ဘက္ထရီအမျိုးအစားက 2,000 mAh ပါ။


နိုကီယာ Lumia 920 ရဲ့ ၀ါယာလက် အားသွင်း ကိရိယာ

 ၅။ ပရိုဆက်ဆာ
နိုကီယာ စမတ်ဖုန်းဖြစ်တဲ့ လူမီယာ ၉၂၀ (Lumia 920) ကို ၀င်းဒိုး-၈ (Windows Phone 8) နဲ့ မောင်းနှင်ထားတဲ့အတွက် ပရိုဆက်ဆာ (ဦးဏှောက်) ကို Dual-core Qualcomm Snapdragon S4 နဲ့ အသုံးပြုထားတယ်။ အမေရိကန်ပြည်ထောင်စု တစ်ဝန်းမှာ တွေ့ရသမျှ စမတ်ဖုန်းထဲမှာ အမြင့်ဆုံးထဲက အဆင့်မြင့် ပရိုဆက်ဆာလို့ သတ်မှတ်ရမှာပဲ။ ဆမ်ဆောင်းရဲ့ ဂလက်ဇီ အက်စ်-သရီး (SIII) နဲ့ HTC ရဲ့ ၀မ်းအက်စ် (One X) လောက် မသာရင်တောင် နောက်မကျဘူး။ ဒါဟာ စမတ်ကျကျ ရှေ့သို့ ဦးဆောင်နေတဲ့ သဘော သက်ရောက်နေတာ အမှန်။ စတုတ္ထမျိုးဆက်သို့ ချီတက်နေတဲ့ ဖိုးဂျီ (4-G) စနစ်သုံး LTE နဲ့ ချိတ်ဆက်လိုက်ကတည်းက သတင်းအချက်အလက်တွေ မြန်နှုန်းမြင့်မားစွာ ရယူ / ပေးပို့နိုင်မှာပဲလို့ ယုံကြည်နေမိတယ်။

၆။ အသုံးချဆော့ပ်ဝဲလ်
နိုကီယာရဲ့ လူမီယာ ၉၂၀ (Lumia 920) မှာ ၀င်းဒိုး-၈နဲ့ မောင်းနှင်ထားသဖြင့် Tap+Share (ထိ+ပို့) စနစ်ကို NFC ကနေတစ်ဆင့် အသုံးပြုနိုင်တယ်။ စကရင်းရှော့လို့ခေါ်တဲ့ မျက်နှာပြင် လှုပ်ရှားမှုကိုလည်း မှတ်တမ်းတင်နိုင်တယ်။ ပါဝါခလုတ်နဲ့ ဟုမ်းခလုတ်ကို တစ်ပြိုင်တည်း နှိပ်ဖို့တော့ မမေ့နဲ့ပေါ့။ CityView လို့ခေါ်တဲ့ ကိုယ်ပိုင် အသုံးချဆော့ပ်ဝဲလ်ကိုလည်း ထည့်သွင်းထားသေးတယ်။ ဒီဟာလေးနဲ့ ဘယ်နေရာမှာ ဘာဆိုင်တွေ ရှိသလဲဆိုတာ ချက်ချင်း ရှာဖွေလို့ ရပါတယ်။ ဥပမာ- ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ အ၀တ်အထည်ဆိုင်တွေပေါ့။ ဒီဟာလေးကိုတော့ နိုင်ငံတိုင်း၊ မြို့တိုင်းမှာတော့ အသုံးပြု ရပုံ မပေါ်ပါဘူး။

ကောက်ချက်
နိုကီယာက သင့်ကို အတွေးအကြံ အဖော်မွန်အဖြစ် လက်တွဲချင်တာပါ။ “ဒါဟာ လူမီယာ၊ ပြောင်းလဲဖို့ အချိန်တန်ပြီ” လို့ နိုကီယာက ကြွေးကြော်နေလေရဲ့။ သေချာတာက လူမီယာ ၉၂၀ ဟာ စမတ်ဖုန်းလောကကို ယှဉ်ပြိုင်ဖို့ စိန်ခေါ်နေပါပြီ။ သင့်အိတ်ကပ်ထဲက ငွေတွေကို အသင့်ထုတ်ပြီး ဘယ်ဘက်ကို ရွေးလောင်းမလဲဆိုတဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်နေတယ်လို့ ကောက်ချက်ချလိုက်မိပါတော့တယ်။

မှီငြမ်း-
http://reviews.cnet.com/nokia-lumia-920/

0 comments:

Post a Comment