Pages

Ads 468x60px

Labels

Jul 30, 2012

မိုဘိုင်းဖုန်းအလွမ်း


၂၀၁၁-ခုနှစ်နဲ့ ၂၀၁၂-ခုနှစ် အတောအတွင်း မြန်မာပြည်သူ ပြည်သားများ မိုဘိုင်းဖုန်းကို တော်တော် သုံးနိုင်ကြပြီး ဖြစ်တယ်။ လူတိုင်းနီးပါး ၀ယ်ယူသုံးစွဲနိုင်ကြပါပြီ။ (၀ယ်ယူသုံးစွဲတယ် ဆိုပေမယ့် မြန်မာ့ဆက်သွယ်ရေးကတော့ “ဌားရမ်းအသုံးပြုတယ်” လို့ပဲ သုံးနှုန်းတယ်နော်) လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်တုန်းက မီးလင်းရွှေ တဖြစ်လဲ မိုဘိုင်ဖုန်းဟာ ၂၀၁၂-ခုနှစ်လည်း ရောက်ရော ရွှေရည်ပွတ် လုနီးပါး ဘ၀ပြောင်းသွားရှာပါပြီ။ ဆင်းကဒ်ကို အခမဲ့ ပေးနေတဲ့ နိုင်ငံတကာ စံနှုန်းနဲ့ မယှဉ်ကြေး ဆိုရင်၊ မြန်မာပြည် မိုဘိုင်းဖုန်း ခေတ်ဦးတုန်းကလို မနှိုင်းကြေး ဆိုရင် ၂-သိန်းတန် ဆင်းကဒ်ကိုတော့ အားပေးရမှာပါ။

ရွှေပြည်တန် ကုမ္ပဏီရဲ့ ကျပ်ငွေ ငါးထောင် (၅၀၀၀) တန် ဆင်းကဒ် မထုတ်ရောင်းသေးသမျှ ကာလပတ်လုံး ၂-သိန်းတန် ဆင်းကဒ်ကိုတော့ ဈေးချိုတဲ့ ဆင်းကဒ်လို့ပဲ သတ်မှတ်ရဦးမှာပါ။ ပြည်တွင်း သတင်းအများစုမှာ “တန်ဘိုးနည်း (တန်ဘိုးနိမ့်) ဖုန်း” လို့ သုံးနှုန်းပေမယ့် စာရေးသူကတော့ “ဈေးချို ဆင်းကဒ်” လို့ပဲ သုံးနှုန်းမှာပါ။ ဘာလို့လဲ ဆိုတော့ မြန်မာ့ဆက်သွယ်ရေးကနေ တရားဝင် ၅-သိန်းတန် ဆင်းကဒ်၊ ၁၀-သိန်းတန် ဆင်းကဒ်၊ ၁၅-သိန်းတန် ဆင်းကဒ်ကနေ အလှည့်အပြောင်းအဖြစ် ၂-သိန်းတန်အထိ ချိုသာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့အတွက် “ဈေးချို ဆင်းကဒ်” လို့ သုံးရင် ပိုကောင်းမယ် ထင်လို့ပါ။ အမယ်… ဆင်းကဒ် ဈေးချိုသွားလို့ ၀မ်းနည်းနေတဲ့ လူလည်း အရှိသား။ ၁၅-သိန်းတန် ဆင်းကဒ်ကို မကိုင်ရကောင်းလား ဆိုပြီးတော့လေ။ ပြီးတော့ ၁၅-သိန်းတန်သုံး ဆင်းကဒ်သမားတွေကလည်း သူတို့ ဖုန်းအိမ် (ဟန်းဆက်) ဘယ်လောက်ပဲ စုတ်ပြတ်နေပါစေ လေသံက ဘ၀ဂ်ညံဆဲပါ။ အော်… အံ့မခန်းဖွယ်ရာ မြန်မာပြည် မိုဘိုင်းခေတ်ကြီးလို့ ညည်းရကောင်းမလားပဲ။

အဲ.. စကားစပ်လို့ ဖြတ်ပြောရဦးမယ်။ ဖုန်းနဲ့ ဆင်းကဒ် မရောမိစေဖို့ပါ။ နိုင်ငံတကာမှာတော့ ဆဲလ်ဖုန်း၊ မိုဘိုင်းဖုန်း၊ စမတ်ဖုန်း-စတဲ့ “ဖုန်း” အသုံးအနှုန်းနဲ့ ခေါ်ဝေါ်သုံးစွဲကြရင် ဆင်းကဒ် ထည့်သွင်းရမယ့် ဖုန်းအိမ် (Hand Set) ကို ဆိုလိုတာပါ။ ဥပမာ-အိုင်ဖုန်း (iPhone) နိုကီယာဖုန်း (Nokia) ၊ ဆမ်ဆောင်းဖုန်း (Samsaung)၊ အိစ်ခ်ျတီစီဖုန်း (HTC) စတာတွေပေါ့။ ဆင်းကဒ် (Sim Card) လို့ ပြောရင် ဆက်သွယ်ရေး (နက်ဝေါ့) ကုမ္ပဏီ ကနေ ထုတ်လုပ်ထားတဲ့ ဆယ်ပြားစေ့ ထက်ခြမ်း အပြားလေးကို ဆိုလိုတာပါ။ ဒါတောင် ဆင်းကဒ်ကို ကဒ် (Card) မထည့်ပဲ (Sim) လောက်သာ သုံးတဲ့ နိုင်ငံ အများကြီးပါ။ ဒါကြောင့်လည်း “တန်ဘိုးနည်း (တန်ဘိုးနိမ့်) ဖုန်း” လို့ သုံးလိုက်ရင် ဈေးနည်းတဲ့ ဈေးနိမ်တဲ့ တရုတ်ကနေ ထုတ်လုပ်တဲ့ ဟွာဝေဖုန်း (Huawei) ဟန်းဆက်တို့ မိုက်ခရိုမက်ဖုန်း (Micromax) ဟန်းဆက်တို့ကို ဆိုလိုရာ ရောက်သွားလိမ့်မယ်။


ဆင်းကဒ်+ဟန်းဆက် တွဲရက် မြန်မာ့ပြည်ရဲ့ ပထမဦးဆုံး GSM ဖုန်း (Siemens တံဆိပ်)

စာရေးသူတို့ မိုဘိုင်ဖုန်း သုံးစွဲခွင့် ရခဲ့သည့် ၂၀၀၂-ခုနှစ်၊ ဧပြီလတုန်းကဆို မြန်မာပြည် မိုဘိုင်ဖုန်းရဲ့ ဈေးနှုန်းက ကျပ်ငွေ ၄၈-သိန်းနဲ့ သိန်း-၅၀ ကြားမှာ ပေါက်နေတယ်။ (အပြင် ပေါက်ဈေးကို ဆိုလိုတာပါနော့်။) အဲဒီတုန်းက အစိုးရကနေ ရောင်းချ (တရားဝင် ဌားရမ်းအသုံးပြုခွင့်) တာက ၅-သိန်းထဲပါ။ ဒါပေမယ့် ငွေဘယ်လောက်ရှိရှိ ရာထူးဌာနန္တရ မရှိတဲ့သူက ဘယ်လိုမှ ၀ယ်သုံးလို့ မရတဲ့ခေတ် ဖြစ်နေတာကြောင့် အဲလောက်အထိ ဈေးမြင့်တက်သွားတာ ဖြစ်မှာပါ။ စာရေးသူရဲ့ (ဆင်းကဒ် အပြီးထည့်ထားတဲ့ Siemens C-35 ဟန်းဆက်) ဖုန်း ကို ၄၈-သိန်းနဲ့ ကုန်သည်တစ်ယောက်က လာဝယ်သေးတယ်။ ပုံပြင် မဟုတ်ပါ။ တကယ် အဟုတ်။ အဲဒီကုန်သည်က တအားရင်းနှီးသူမို့ မရမက တတွတ်တွတ် တောင်းဝယ်တာပါ။ စာရေးသူ မရောင်းဖြစ်ခဲ့ပါ။ အကြောင်းကတော့ မျိုးစုံပေါ့။ ကိုယ့်နာမည် ပေါက် ဖုန်းကို သူများဆီရောက်တဲ့အခါ မသမာတဲ့နေရာမှာ သုံးလိုက်မှာကို စိုးတာရယ်။ တိုက်ဆိုင်စွာပဲ အဲဒီတုန်း ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ဖော်အဲဗာကုမ္ပဏီတို့ ပူးပေါင်း ဖွင့်လှစ်ထားတဲ့ အနုပညာကွန်ပျူတာ ဒီပလိုမာကိုလည်း သင်ကြားနေတဲ့အချိန်ပါ။ ဆိုရရင် ပရိုဂျက် လုပ်တဲ့အချိန်မှာ အဖွဲ့သားတွေကို စုဖို့ လိုအပ်နေတဲ့ အချိန်မို့လို့ပါ။ အဲဒီလို မတော်မတရား ၀ယ်လိုအား ကောင်းနေတဲ့ မြန်မာ့မိုဘိုင်ဖုန်းဟာ နောက်ထပ် နှစ်အနည်းငယ်မှာ ၁၀-သိန်းတန် ဖြစ်သွားတယ်။ နောက်တော့ ၁၅-သိန်းတန်ပေါ့။

စကားစပ်လို့ အဖြစ်အပျက်တစ်ခုကို ဖောက်သည်ချ ပါရစေ..။ မြန်မာ့မိုဘိုင်းဖုန်း ကမ္ဘာကို တုန်လှုပ်သွားစေတဲ့ အကြောင်းပေါ့။ ချမ်းသာပါတယ်ဆိုတဲ့ စင်္ကာပူက တရုတ်သူဌေးတောင် ထိတ်လန့်သွားရတဲ့ အနေအထားပါ။ ၂၀၀၃-ခုနှစ်ကပေါ့။ ရင်းနှီးနေတဲ့ မိတ်ဆွေတစ်ယောက်က စင်္ကာပူကနေ ပြန်လာပြီး ယုဇနပလာဇာမှာ အလှကုန်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ စာရေးသူထံ လိုဂို၊ ဆိုင်းဘုတ်၊ ကြေငြာတွေ လာအပ်တယ်။ တတ်သမျှ မှတ်သမျှ အကုန်လိုက်လုပ်ပေးတယ်။ အားလုံး အဆင်ပြေနေပြီလို့ ထင်ရတဲ့အချိန်မှာ အဲဒီမိတ်ဆွေက ပေါက်ချလာတယ်။ သူမျက်နှာက မသာမယာနဲ့မို့ စာရေးသူ မျက်လုံး ပြူးသွားရပါတယ်။ ဘာအလိုမကျသလဲပေါ့။ လုပ်ပေးထားတဲ့ ဒီဇိုင်းကိုများ သူက ဘ၀မခိုက်လို့လား။ ဇဝေဇ၀ါနဲ့ပေါ့။ ဒါနဲ့ သူထိုးပြတဲ့ ဘောက်ချာကို ကြည့်ပြီးမှ စာရေးသူ သဘောပေါက်သွားတယ်။ သူဝယ်ထားတဲ့ ဖုန်းက ၃၇-သိန်းကြီးများတောင်ကိုး။

အဲဒီတော့ စာရေးသူက အကျိုးအကြောင်း ရှင်းပြရတယ်။ ဒီမှာက ဒီလိုပဲပေါ့လေ။ ဒါပေမယ့် ဒီမြေမှာ မွေးတဲ့ ဒီမိတ်ဆွေက ဒီကအနေအထားကို သဘောပေါက်နေပါတယ်။ ခက်တာက သူက သူဌေးရဲ့ အေဂျင့်ပုံစံနဲ့ ဆိုင်ကို တည်မယ်။ ကုန်ကျစရိတ် မှန်သမျှကို ကျပ်ပြားမကျန် စင်္ကာပူသူဌေးဆီ အကုန်တင်ပြရမယ်။ မိုဘိုင်းဖုန်းတစ်လုံးအတွက် ကုန်ကျစရိတ်ကို တင်ပြတဲ့အခါမှာ ပြဿနာက စတော့တာပဲတဲ့။ ဖုန်းတစ်လုံးကို မြန်မာကျပ်ငွေ ၃၇-သိန်းဆိုတော့ စင်္ကာပူဒေါ်လာ ၄၄၀၀ (လေးထောင်လေးရာ) နီးပါး ဖြစ်နေတယ်။ စင်္ကာပူမှာ အဲဒီတုန်းက ဆင်းကဒ်တစ်ခုကို စင်္ကာပူဒေါ်လာ ၂၅ ၀န်းကျင်လောက်နဲ့ ဟန်းဆက်အကောင်းစား နိုကီယာကို ၀ယ်ကိုင်တာတောင်မှ စင်္ကာပူဒေါ်လာ ၈၀၀ လောက်သာ။ ဒီတော့ သူဌေးနဲ့ တော်တော်လေးကို ကွိုင်တက်ခဲ့ရတယ်ပေါ့။ သူ့မျက်နှာကို မြင်တာနဲ့တင် မှန်းလို့ရတယ်။ အဲဒါနဲ့ သူ့သူဌေးကြီးဆီ ကိုယ်စားလှယ်သဘောနဲ့ စာရေးသူက ဖုန်းကနေတစ်ဆင့် အကျိုးအကြောင်းသင့် ရှင်းပြပေးရတယ်။ နောက်ဆုံး သူဌေးက မယုံတစ်ဝက် ယုံရခက်ကြီးနဲ့ အိုကေလိုက်ရတော့တယ်။ ဒီလို အဖြစ်အပျက်မျိုး အဲဒီတုန်းက မိုဘိုင်ဖုန်း သုံးစွဲတဲ့ သူတိုင်း ကြုံရတဲ့ တကယ့်အခက်အခဲပါပဲ။ စာရေးသူကိုတောင် အသိ ထိုင်းဘုန်းကြီးတစ်ပါးက လှမ်းနောက်ဖူးတယ်။ မင်းတို့ဖုန်းက ရွှေနဲ့လုပ်ထားပြီး စိန်နဲ့ကွပ်ထားတာလားလို့ပေါ့။

မြန်မာ့ပြည်ရဲ့ ပထမဦးဆုံး (ဆင်းကဒ်-မပါ) ဆယ်လူလာဖုန်း

အဲဒီတုန်းက မိုဘိုင်းဖုန်းကို ရည်ရွယ်ပြီး တန်ဘိုးကြီးဖုန်း၊ တန်ဖိုးနည်းဖုန်းလို့ “ဖုန်း” အသုံးနှုန်းနဲ့ သုံးရင် သင့်ပါတယ်။ ငြင်းစရာ မရှိပါ။ ဘာလို့လဲဆိုတော့-
၁။ ဆယ်လူလာဖုန်းတွေကို ဆင်းကဒ်မပါပဲ ဖုန်းအိမ်သက်သက်နဲ့ လိုင်းချိတ်ထားတယ်။
၂။ ဂျီအက်စ်အမ်ဖုန်းတွေကို ဆင်းကဒ် အပြီးထည့်ထားတဲ့ ဖုန်းအိမ်နဲ့ တပါတည်း ပူးတွဲ ရောင်းချတယ် (ဆင်းကဒ်ကို ဖုန်းအိမ်ကနေ လုံးဝ ပြောင်းလို့ မရပါ)။
၃။ ခြင်းဖုန်းလို့ ခေါ်တဲ့ စီဒီအမ်အေဖုန်းတွေကို ဖုန်းအထိုင်အိမ်နဲ့ တစ်ခါတည်း တွဲပြီး ရောင်းချတယ်။ အဲဒီလို ဖုန်းအိမ်နဲ့ ဆင်းကဒ် တွဲရက် ရောင်းချတဲ့အတွက် “ဖုန်း” လို့ ပြောရင် အစုံ (ဖုန်းအိမ်နဲ့ ဆင်းကဒ် တွဲရက်) ပါလာတဲ့အတွက် မှန်တယ်။ အဲဒီခေတ်က ဖုန်းအိမ်ရယ် ဆင်းကဒ်ရယ် ခွဲခြားပြီး ပြောစရာ မလိုတော့လို့ပါ။

သို့သော် ကနေ့ခေတ်လို ဆင်းကဒ်ကို အခမဲ့ ပေးနေသည့် နိုင်ငံတကာ၊ ၁၅-သိန်း ကနေ ၂-သိန်း စသဖြင့် ဆင်းကဒ်ကို ရောင်းချ (ဌားရမ်း) သည့် မြန်မာနိုင်ငံရဲ့ ဖုန်းလောကမှာ ဆင်းကဒ်ကို သက်သက်၊ ဖုန်းအိမ်ကို သက်သက် ခွဲပြီး ရောင်းချနေကြတယ်လေ။ ဆိုတော့ကာ ဆင်းကဒ် သက်သက် ရှိရုံလေး၊ ဖုန်းအိမ် သက်သက် ရှိရုံလေးနဲ့ ဖုန်းကို အဆက်အသွယ် ပြုလို့ မရတော့ပါ။ ဖုန်းအိမ်လို့ ခေါ်တဲ့ စမတ်ဖုန်း ခေတ်မီဖုန်းတွေ အရင်ဝယ်ပြီး ဒီဆင်းကဒ်တွေကို ထည့်သွင်းပြီးမှ ဆက်သွယ်လို့ ရမယ်လေ။ ဒါကြောင့် ဖုန်းနဲ့ ပတ်သက်လာရင် ဖုန်းအိမ် ထုတ်လုပ် ရောင်းချတဲ့ ကုမ္ပဏီရယ်၊ ဖုန်းဆင်းကဒ်ကို ထုတ်လုပ်ပြီး (အခမဲ့ ပေးပြီး) လိုင်းရောင်းချတဲ့ ကုမ္ပဏီရယ် ဆိုပြီး တခြားစီ ခွဲမြင်ရမယ်။

ဖုန်းအိမ် (ဟန်းဆက်) ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဖုန်းအိမ်တွေ ခေတ်မီသထက် မီအောင် စမတ်ကျသထက် ကျအောင်၊ လုပ်ဆောင်ချက် များသထက် များလာအောင် ထုတ်လုပ်ရောင်းချပြီး အမြတ်အစွန်း ရယူကြတယ်။ ဒါကြောင့်လည်း ဂျဗားသုံး ရိုးရိုးဖုန်းကနေ အန်ဒရွိုက်သုံး တို့ထိမျက်နှာပြင်ဖုန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြတာပေါ့။ ဖုန်းဆင်းကဒ်ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း ဆင်းကဒ်ကို ငါးမျှားစာအဖြစ် အခမဲ့ပေးပြီး တာဝါတိုင်တွေကို ထူ၊ ဆင်းကဒ်သုံးသူတွေရဲ့ အသုံးပြုခကို အမြတ်အစွန်း ယူကြတယ်။ ဒါကြောင့်လည်း ရိုးရိုးလိုင်းကနေ ၀မ်း-ဂျီ (ပထမမျိုးဆက်)၊ တူး-ဂျီ (ဒုတိယမျိုးဆက်)၊ သရီး-ဂျီ (တတိယမျိုးဆက်) အထိ ကွန်ရက်တွေကို တိုးမြှင့်နိုင်ကြတယ်။ အမြတ်အစွန်း ထွက်လို့ပေါ့။ ဒီလိုင်းကနေ အကျိုးအမြတ် မရရင် ဘယ်ကုမ္ပဏီကမှ ဆင်းကဒ်ကို အခမဲ့ ပေးဝေမှာ မဟုတ်တာ အသေအချာ။

ဆင်းကဒ်+ဟန်းဆက် တွဲရက် ခြင်းဖုန်း (Huawie တံဆိပ်)

ဒီလိုဆို ဖုန်းနဲ့ပတ်သက်ရင် မြန်မာ့ဆက်သွယ်ရေးရဲ့ လုပ်ငန်းက ဘာလဲပေါ့။ အဖြေကတော့ ဝေး၀ါးဆဲပါ။ အဲ… ဖြစ်စဉ်ကို စိစစ်ကြည့်ရင် မြန်မာ့ဆက်သွယ်ရေးရဲ့ လုပ်ငန်းက ဖုန်းတစ်လုံးကို ၁၅-သိန်း၊ ၁၀-သိန်း၊ ၅-သိန်း၊ ၂-သိန်းနဲ့ ရောင်းချတယ်။ ဒီဖုန်းတွေကို ဖုန်းလို့ အမည်တပ် ခေါ်ခဲ့ပေမယ့် ဆင်းကဒ် သက်သက်ကိုသာ ရောင်းချတာပါ။ မိုဘိုင်းဖုန်းခေတ်ဦး ပထမအသုတ်လောက်ကသာ ဆင်းကဒ်+ဖုန်းအိမ် တွဲရက် ရောင်းချခဲ့ဖူးတယ်။ နောက်ပိုင်းမှာတော့ ဖုန်းအိမ်မပါ ဆင်းကဒ်သက်သက်ကိုသာ တောက်လျှောက် ရောင်းချတယ်။ ၀ယ်ယူသုံးစွဲသူတွေက ဆင်းကဒ်ထည့်မယ့် စိတ်ကြိုက် ဖုန်းအိမ်ကို မိမိဘာသာ ၀ယ်ယူပေါ့။ ဟိုတုန်းက ဖုန်းလိုင်း အသုံးပြုခကို တစ်မိနစ်၂၀-ကျပ်နှုန်းနဲ့ ချိတ်ဆက် ခွင့်ပြုခဲ့ပြီး ဖုန်းဆက်ရုံလေးသာ အသုံးပြုလို့ ရခဲ့တယ်။ ခုခါမှာတော့ ဖုန်းလိုင်း အသုံးပြုခကိုလည်း တစ်မိနစ်-၅၀ နှုန်းနဲ့ တိုးမြှင့်လိုက်သလို၊ အင်တာနက် ကွန်ရက်ကိုလည်း တိုးချဲ့ပေးခဲ့တယ်။

မြန်မာ့ဆက်သွယ်ရေးရဲ့ လုပ်ငန်းစဉ်ကို သုံးသပ်ရရင် နိုင်ငံတကာမှာ နက်ဝေါ့လို့ ခေါ်တဲ့ လိုင်းချိတ်ဆက်မှုလုပ်ငန်းကို ၀န်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်း သဘောတရားအတိုင်းပါပဲ။ ထူးမခြားနားပါ။ သို့သော် ထူးခြားမှုကတော့ နိုင်ငံတကာမှ ဖုန်းကွန်ရက်က လူတိုင်း သုံးစွဲကောင်းတဲ့ မရှိမဖြစ် အထောက်အကူစနစ်အနေနဲ့ အသုံးပြုခိုင်းတာ ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍကတော့ နန်းတော်နဲ့မှ ထိုက်တန်တဲ့ တော်ဝင်သဇင်ပန်းလို ဖြစ်နေတယ်။ ဆက်သွယ်ရေးကနေ ကန့်သတ်ချက် မထားပေမယ့် “မပြေးသော် ကန်ရာရှိ” စကားပုံကဲ့သို့ မြင့်မားနေတဲ့ ဈေးနှုန်းကြောင့် သာမန်လူတန်းစားတွေကို အလိုလို ကန့်သတ်ပိတ်ပင်ရာ ရောက်သွားတယ်။ ဒါကြောင့်လည်း ဈေးချိုချိုနဲ့ ဆက်သွယ်ရေး ပေးဆောင်နိုင်တဲ့ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ယိုဒယားတို့ရဲ့ မိုဘိုင်းဖုန်းလိုင်းတွေက အလိုလို အစားထိုး နေရာယူလာကြတယ်။ အကျိုးဆက်ကတော့ မိအေး နှစ်ခါနာပေါ့။ အခွန်အခလည်း ရှုံး။ ဖုန်းသုံးခလည်း မရ။

မြန်မာ့ပြည်ရဲ့ စီဒီအမ်အေစနစ်သုံး ဖုံးဟန်းစက်များ (CDMA 450, CDMA 450,)

မြန်မာနိုင်ငံမှာ မိုဘိုင်းဆိုတဲ့ လက်ကိုင်ဖုန်းစနစ်ကို ၁၉၉၃-ခုနှစ်မှာ ဆယ်လူလာ စနစ်နဲ့ စတင် စမ်းသပ် အသုံးပြုခဲ့ပြီး၊ ၁၉၉၇-ခုနှစ်မှာ CDMA ဖုန်းစနစ်ကို ချဲ့ထွင် သုံးစွဲခဲ့ပြန်တယ်။ ၂၀၀၂ ခုနှစ်တွင် GSM ဖုန်းစနစ်ကို စတင်ပြီး၊ စာရေးသူတို့ကို ဖုန်းချပေးခဲ့သည်။ WCDMA ဖုန်း အမျိုးအစားကိုတော့ ၂၀၀၈-ခုနှစ် နာဂစ်အလွန်မှာ အများပြည်သူထံသို့ စတင်ရောင်းချခွင့် (ဌားရမ်း သုံးစွဲခွင့်) ပေးခဲ့တယ်။ CDMA 800 MHz ဖုန်းလိုင်းများကိုမူ ၂၀၁၀-နှစ် ဆန်းပိုင်းလောက်ကမှ စတင်သုံးစွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။ ခုနှစ်တွေကို တန်းစီ ကြည့်ရင် မြန်မာ့ဆက်သွယ်ရေးကတော့ ဖုန်းစနစ် အမျိုးအစားစုံကို တင်သွင်းပြီး အသုံးပြုခဲ့သလို၊ ဆင်းကဒ်ကိုလည်း မတူညီတဲ့ ဈေးနှုန်းနဲ့ အမျိုးအမျိုး ရောင်းချ (ဌားရမ်းခွင့်ပြု) ခဲ့တယ်။ ဖုန်းဝန်ဆောင်မှု လုပ်ပေးခဲ့တယ်။

ဒီလိုဆို- မြန်မာပြည် ဖုန်းဆက်သွယ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ဖို့ရာ အသုံးပြုသူ (ဖုန်းလက်ဝယ်ရှိသူဘက်က) ဖုန်းဆက်ရုံလေး ပဲလား၊ ဖုန်းနဲ့ အင်တာနက် ချိတ်ဆက်ပြီး နိုင်ငံတကာရောက် မိမိအမျိုးများကို ချက်တင် လုပ်ဦးမှာလား၊ နိုင်ငံတကာလို မြန်နှုန်းမြင့် ကွန်ရက်နဲ့ (ပညာရေး လူမှုရေး) ကဏ္ဍစုံ အသုံးပြုချင်သေးသလား ဆိုတာကိုတော့ မြန်မာ့ဆက်သွယ်ရေးရဲ့ မူအရ ဆက်လက်ဝန်ဆောင်မှု ပေးလာမယ့် အချက်ပေါ်မှာကော ဖုန်းသုံးတဲ့သူက ရွေးချယ်တဲ့ ဆင်းကဒ်စနစ်၊ ဖုန်းအိမ်အမျိုးအစားမှာကော မူတည်နေတယ်။ ဒါမှမဟုတ် ဆက်သွယ်ရေးကဏ္ဍကို ပုဂ္ဂလိလက်သို့ ၀ကွက်အပ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လျှောက်ကြမလား။
 

. . . ဘာပဲပြောပြော ကျပ်တစ်သောင်းတန် ငွေစက္ကူ ရှိနေတဲ့ ခေတ်မှာ ကျပ်တစ်သောင်းရဲ့ ထက်ဝက် (ကျပ်ငါးထောင်) တန်တဲ့ ဆင်းကဒ်တစ်ခုကိုတော့ မျှော်လင့်နေမိသလို အတိတ်က ကျပ်သိန်း-၅၀ နီးပါးတန် ဖုန်း-ခေတ်ကိုလည်း လွမ်းမိနေလေရဲ့။

Jul 29, 2012

အိန္ဒိယ၏ ဆက်သွယ်ရေးကဏ္ဍ


အိန္ဒိယနိုင်ငံ အနှံ့အပြား ပြည်သူများ၏ ကွန်ရက် ဆက်သွယ်ရေးကဏ္ဍတွင် ဆဲလ်ဖုန်း (Cellphone) အသုံးပြုသူ ဦးရေ ၉၂၁ သန်းနှင့် ဖေ့စ်ဘွတ် (Facebook) အသုံးပြုသူ ဦးရေ ၅၁-သန်း ရောက်ရှိနေပါပြီ။ လာမည့် လအနည်းအငယ်အတွင်း ဆက်သွယ်ရေးကဏ္ဍတွင် ဆဲလ်ဖုန်း အသုံးပြုသူ သန်းတစ်ထောင် (၁-ဘီလျံ) ဆိုက်ရောက်မည်ဟု ခန့်မှန်းထားသည်။

ပြီးခဲ့သည့် တစ်ပတ်က ကောက်ယူခဲ့သော စစ်တမ်းအရ အိန္ဒိယနိုင်ငံတစ်ဝှန်း ဖေ့စ်ဘွတ် အသုံးပြုသူ သန်း-၅၀ ရှိနေပြီး၊ ဆဲလ်ဖုန်း (မိုဘိုင်းဖုန်း) အသုံးပြုသူကား သန်းတစ်ထောင် (၁-ဘီလျံ) ပြည့်တော့မှာပါ။ (ခုလောလောဆယ် ၉၂၁ သန်း ရှိနေပြီ) လာမည့် လအနည်းငယ်အတွင်း သန်းတစ်ထောင် (၁-ဘီလျံ) ပြည့်လောက်မည်ဟု ခန့်မှန်းထားသည်။ တစ်ကမ္ဘာလုံး တွစ်တာ (Twitter) အသုံးပြုသူ သန်း-၅၀၀ အနက် အိန္ဒိယက တွစ်တာကို ၁၆-သန်း သုံးစွဲလျက် ရှိသည်။ ယူတျုစ် (You Tube) ကိုကား ၃၁-သန်းအထိ အသုံးပြုကြသည်။ ကိန်းဂဏန်းကို ကြည့်ခြင်းအားဖြင့် ယနေ့ အိန္ဒိယ ကွန်ရက် အသုံးပြုမှုကဏ္ဍသည် လွန်ခဲ့တည့် နှစ်အနည်းငယ်က အိန္ဒိယနှင့် အကွာခြားကြီး ကွာခြားနေပါပြီ။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်နေ့ ပျမ်းမျှ မိနစ်ပေါင်း ၁၇-သန်း တစ်ဦးနှင့်တစ်ဦး ဖုန်းခေါ်ဆိုကြပြီး။ ကြိမ်ရေ ၁.၅ ဘီလျံ (သန်းပေါင်း ၁၅၀၀) အတိုက်ကောက် မက်ဆေ့ခ်ျ (SMS) အပြန်အလှန် ပို့ပေးကြသည်။ ခြေလှမ်း ခပ်သွက်သွက်ဖြင့် ဒစ်ဂျစ်တယ်ကွန်ရက်စနစ်သို့ ခြေစုံပစ် ၀င်နေကြပါပြီ။

နည်းပညာကို သုတေသန လုပ်နေသည့် မီရွတ် (Meerut College) ကောလိပ်မှ အ၀န်တိကာဂေါရ် က ကွန်ရက်၏ အသုံးဝင်မှုကို အမိအရ ဖမ်းဆုပ်ထားသည်။ သတင်းစာဆရာ ဖြစ်ရန် ဆန္ဒပြင်းပြသည့် ဂေါရ်က “ဖေ့စ်ဘွတ်မှာဖြစ်ဖြစ် တွစ်တာမှာဖြစ်ဖြစ် ဆောင်းပါး ရေးတင်တဲ့အခါ ပြန်လည်ရရှိတဲ့ တုန့်ပြမှုက ပြောမပြနိုင်အောင် ကြည်နူးပီတိ ဖြစ်မိတယ်” ဟု ပြောပြသည်။

အွန်လိုင်းက မိတ်ဆွေ ဖွဲ့ရုံလေးတင် ဟုတ်ရိုးလား။ အရှိန်အဟုန်ဖြင့် ကြီးမားကျယ်ပြန့်လာသည့် အင်တာနက်ဈေးကွက်မှာ အလုပ် ရှာဖွေ လျှောက်ထားနိုင်သည်။ ဘယ်နေရာသို့ သွားကာ ဘာတွေကို ၀ယ်ခြမ်း စားသောက်မည်ကိုလည်း စူးစမ်းနိုင်ပါသေးသည်။

“ထုတ်ကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီမျိုးစုံက သူတို့ရဲ့ ထုတ်ကုန်အပေါ် ဝေဖန်သုံးသပ်နိုင်ဖို့ ကြေငြာတဲ့အနေနဲ့ ယူတျုစ် (You Tube) မှာ အရင်ဆုံး တင်ထားတတ်ကြတယ်” ဟု အိန္ဒိယနိုင်ငံဆိုင်ရာ ဂူးဂဲလ် (Google) ကုမ္ပဏီ ပြောရေး ဆိုခွင့်ရှိသူက ထုတ်ပြောသည်။

အိန္ဒိယတွင် ငွေကြေး သန်းပေါင်း တစ်ထောင်၊ သို့မဟုတ် မီဒီယာ အသုံးပြုသည့် ဒစ်ဂျစ်တယ်နည်းပညာ ဈေးကွက်ထဲက ၁၀-ရာခိုင်နှုန်းကို လူမှုရေးကွန်ရက်တွင် အကုန်ကျခံ အသုံးပြုနေကြသည်ဟု စက်မှုထုတ်ကုန် ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါသည်။

မှီငြမ်း- 29/07/2012 နေ့ထုတ် HindustanTimes Newspaper

Jul 20, 2012

ပရောဖက်ဆာ ဒေါက်တာတီအင်ဒို လက်ချာပေး


ကနေ့ (20/ 07/ 2012) စောမယကောလိပ် ပရိဝုဏ်ရှိ စီမံခန့်ခွဲမှု အဆောက်အအုံသစ်၊ ၄ လွှာမြောက်၊ ခန်းမ ၄၀၃ မှာ ပရောဖက်ဆာ ဒေါက်တာတီအင်ဒို (T. Endo) က ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ပို့ချချက် (Lecture) တစ်ခု ပို့ချပေးလျှက် ရှိပါသည်။ ယင်းပို့ချချက်ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ်၊ တစ်ကြိမ် ၂-နာရီနှုန်းဖြင့် တစ်နေ့ ၄-နာရီ၊ ၄-ရက်တိတိ ကြာမှာ ဖြစ်ပြီး၊ ပို့ချမယ့် အကြောင်းအရာကိုတော့ “ထေရ၀ါဒရိုးရာ အဋ္ဌကထာ လေ့လာနည်း” ဟု ခေါင်းစီး ပေးထားသည်။

ယင်းပို့ချချက်သို့ မွန်းဘိုင်တက္ကသိုလ် ဖီလိုဆိုဖီဌာနမှ ဌာနမှူး ဒေါက်တာ မီနာခတ္တဏိကာ၊ ပုဏေးတက္ကသိုလ် စန်းစကရစ်ဌာနမှ အငြိမ်းစားဌာနမှူး၊ စောမယကောလိပ် ဗုဒ္ဓဘာသာစင်တာမှ ဒါရိုက်တာနှင့် လက်ထောက်ဒါရိုက်တာများ၊ ပါဠိနှင့်ဖီလိုဆိုဖီ ဘာသာရပ်ဖြင့် ကျမ်းပြုလျှက်ရှိသည့် ပီအိပ်ခ်ျဒီကျောင်းသား မြန်မာသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ၊ မွန်းဘိုင်တက္ကသိုလ် ပါဠိဌာနမှ ဌာနမှူး ဒေါက်တာယောဇနာနှင့် အမ်အေကျောင်းသားများ စုစုပေါင်း အင်အား ၄၀ ကျော် တက်ရောက်ခဲ့ကြသည်။



ကျောင်းသားကျောင်းသူများ၏ အမေးကို ပြန်လည်ဖြေကြားနေသည့် Prof: Dr. T. Endo

ပရောဖက်ဆာ ဒေါက်တာ တီအင်ဒို (T. Endo) သည် ယခင်က သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ် ပါဠိနှင့်ဗုဒ္ဓဘာသာ ဘွဲလွန်ဌာနတွင် အမ်အေ (မဟာဝိဇ္ဇာ) တန်းအတွက် အဋ္ဌကထာလေ့လာနည်းကို နှစ်ပေါင်းများစွာ ပို့ချချက်ပေါင်းစုံကို ပို့ချခဲ့သည့် ပါမောက္ခ တစ်ဦး ဖြစ်ခဲ့ပြီး၊ ယခုအခါ ဟောင်ကောင်တက္ကသိုလ် ဗုဒ္ဓဘာသာဌာနတွင် တာဝန်ထမ်းဆောင်နေဆဲ ပါမောက္ခ တစ်ဦးဖြစ်သည်။ ဆရာသည် မြန်မာနိုင်ငံတွင် ပါဠိစာပေကို ၄-နှစ်ကြာ သွားရောက်လေ့လာခဲ့ဖူးပြီး ပါဠိစာပေဖြင့်ပင် ဒေါက်တာဘွဲ့ရခဲ့သူ ဖြစ်သည်။

မနက်ပိုင်း ပို့ချချက် တစ်ချိန် အပြီးတွင် ယခင်ကေနိယတက္ကသိုလ် ကျောင်းသားဟောင်းများ ဖြစ်ခဲ့ကြသည့် မြန်မာသံဃာတော်များတို့က ဆရာဟောင်းဖြစ်သည့် ပရောက်ဖက်ဆာကြီးကို နွေးထွေးပျူဌာစွာ နှုတ်ဆက်စကားပြောဆိုခဲ့ကြပါသည်။

Jul 17, 2012

မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ကို ၀ယ် သင့် / မသင့်


ထုတ်ကုန် ပစ္စည်းတစ်ခု ထုတ်လုပ်တိုင်း ယင်းပစ္စည်းရဲ့ အားသာချက် အားနည်းချက်ဆိုတာ ရှိတတ်စမြဲပါ။ အထူးသဖြင့် ဈေးကြီး ပေးဝယ်ရတဲ့ ထုတ်ကုန်ပစ္စည်းတွေဆို ပိုတောင် သတိထား ရသေး၊ ချေးများ ရတယ်လေ။ ဒါမှ အ၀ယ်မမှားမှာ။ ဒီပြင် မပြောနဲ့… တစ်ရက်တည်းနဲ့ အပြီးသတ် စားရတဲ့ စားသောက်ကုန်တွေတောင်မှ ကျန်းမာရေးနဲ့ တည့်/ မတည့် ထည့်တွက်ပြီးမှ ၀ယ်ရသေးတာပဲ။ နှစ်နဲ့ချီ စားသောက်နိုင်လောက်တဲ့ ငွေကြေးပမာဏကို အိတ်ကနေ ထုတ်ပြီး မဖြစ်မနေ ၀ယ်သုံးရတော့မယ့် ပစ္စည်းဆိုရင် ပိုတောင် စဉ်းစားရသေးတယ်။ ပစ္စည်းရဲ့ တန်ဘိုးနဲ့ ထုတ်သုံးရတဲ့ ငွေအမောင့် တန်/ မတန် စူးစူးစမ်းစမ်း စိစိပေါက်ပေါက် ကောက်စစ်နိုင်မှ တော်ကာ ကျမယ် မဟုတ်လား။  

အခုလည်းပဲ မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) လက်တော့ပ်ကို ၀ယ်ယူသုံးစွဲ သင့် / မသင့် ချင့်ချိန်ရမယ့် အချိန်အခါ ရောက်လာပါပြီ။ ဘာလို့လည်းဆိုတော့ မကြာမီကမှ အပ်ပယ်လ်ကုမ္ပဏီကနေ ဒီလက်တော့ပ်ကို ဈေးကွက်ထဲ ထုတ်ရောင်းခဲ့လို့ပါ။ ထုတ်ရောင်းသူ ရှိရင် ၀ယ်ယူသုံးစွဲသူလည်း ရှိမြဲဓမ္မတာ မဟုတ်လား။ ဒီထဲမှာ စာရေးသူနဲ့ စာဖတ်သူများကလည်း ကွန်ပျူတာနဲ့ ဆက်စပ်လာတဲ့ ပစ္စည်းမို့လို့ ၀ယ်ယူသုံးစွဲကြမယ့် သူတွေရဲ့ စာရင်းမှာ ချိတ်နေမှာ အသေအချာ။ ထုတ်ကုန်ပစ္စည်းတွေကို ၀ယ်ယူသုံးစွဲတဲ့အခါမှာ ကတ်စတန်မာ (Customer) ပီသစွာ ပစ္စည်းတစ်ခုရဲ့ အားနည်းချက်၊ အားသာချက်ကို ရှာကြံရမှာ မလွဲဧကန်။ သို့မို့လည်း အောက်ဖော်ပြပါ ဆောင်းပါးကို ဖတ်ရှုပြီး မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) လက်တော့ပ်ကို ၀ယ်ယူသုံးစွဲ သင့်/ မသင့် သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါလို့ တိုက်တွန်းပါရစေ ---။

တကယ်လို့များ သင်ဟာ ကွန်ပျူတာနဲ့ လုပ်စားနေတဲ့သူ (ပရောဖက်ရှင်းနယ်သမား) ဆိုရင် မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) က တအားကောင်းနေတယ်၊ ၀ယ်သုံးရမယ်လို့ ဘာကြောင့် ဆုံးဖြတ်ချက်ကို ရဲရဲ မချနိုင်ရမှာလဲ။ အဲ… တကယ်လို့များ သင်ဟာ မပြောပလောက်တဲ့ ၀င်ငွေ ရှိရုံလေးနဲ့ လက်တော့ပ်ကို ၀ယ်သုံးချင်တယ်ဆိုရင် အပ်ပယ်လ်ရဲ့ ၁၅-လက်မ မြင်လွှာပါ မက်ဘွတ်ပရိုအသစ်ကို မျက်စပစ်ဖို့ စဉ်းစားရတော့မှာ။

အဲဒီအခါ . . . ဂရပ်ဖစ် ဒီဇိုင်းနာနဲ့ အခြား ပရောဖက်ရှင်းနယ်သမားတွေ အတွက်သာ ပစ်မှတ်ထား ဈေးကွက်တင် ရောင်းချနေတဲ့ မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ကို ရွေးဝယ်မယ့်အစား အခြား အပ်ပယ်လ်ရဲ့ လက်တော့ပ်တွေကိုသာ ရွေးဝယ်လိုက်ပါ။ ပိုပြီး သေးငယ်တဲ့ ရိုးရိုး မက်ဘွတ်ပရို (MacBook Pro) ရှိတယ်။ ပိုပြီး ပါးလွှားတဲ့ မက်ဘွတ်အဲယား (MacBook Air) လည်း ရှိပါသေးတယ်။

မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) နဲ့ ပတ်သက်တာကို ပြောရရင် အသံဆိတ်ငြိမ်တာလေးကို တော်တော် သဘောကျစရာ ကောင်းပါတယ်။ ဒီလို အသံမမြည်တဲ့ လက်တော့ပ်မျိုး တွေ့ကို မတွေ့ဖူးသေးပါ။ အင်တာနက်မှာ တပ်ခ်ျ (မျက်နှာ) ပေါင်း ၂၀ လောက်ကို တပြိုင်တည်း ဖွင့်ကြည့်တယ်။ ပန်ကာ လည်တဲ့ မြည်သံ လုံးဝ ဆူညံမလာဘူး။ အရည်အသွေးမြင့် ဗီဒီယိုကို ဖွင့်ကြည့်တယ်၊ စီပီယူရဲ့ ရုန်းသံ လုံးဝ ထွက်မလာဘူး။

ဒီတော့ကာ မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ဟာ ပြီးပြည့်စုံတဲ့ လက်တော့ပ်ပါလို့ ကောက်ချချက်လိုက်တယ်။ ဒါပေမယ့် သုံးစွဲပြီး မကြာပါ၊ တစ်ပတ်ကျော်ကျော်လောက်ပေါ့။ သဘောတွေ့ မနောခွေ့တဲ့ အချက် ၅-ချက်ကို သွားတွေ့မိသလို၊ ဘ၀င်မခိုက် အကြိုက်မတွေ့တဲ့ အချက် ၅-ချက်ကိုလည်း သွားပြီး သတိထားမိလေရဲ့။

ဆိုတော့ကာ သဘောတွေ့ မနောခွေ့တဲ့ အချက်တွေကို မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ရဲ့ အားသာချက်အဖြစ် မှတ်သားပြီး၊ ဘ၀မခိုက် အကြိုက်မတွေ့တဲ့အချက်တွေကို မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ရဲ့ အားနည်းချက်အဖြစ် သတ်မှတ်ကာ အားနည်းချက်ကို ဖော်ထုတ်ပြီး အားသာချက်ကို ဆက်လက်လေ့လာကြပါစို့. . . .

မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ရဲ့ အားနည်းချက် (၅) မျိုး

၁။ ပူတယ်
မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ကို ပုံမှန်ပဲ သုံးတာပါ။ ဒါပေမယ့် အောက်ခြေဘက်ကတော့ တအားပူနေတယ်။ တပ်ခ်ျ (၀က်ဆိုက်-စာမျက်နှာ) များများ ဖွင့်လေ ပိုပူလေပါပဲ။ ဒီအတွက် လက်တော့ပ်ရှိ အတွင်းပိုင်း ပစ္စည်းလေးတွေ မီးတောက်နေပြီလို့ မဆိုလိုပါ။ စက်အပေါ်ပိုင်းလည်း ပူတယ်လို့ မဆိုလိုဘူး၊ နွေးရုံလေးပါ။ ဒီဟာလေးက လက်တော့ပ် အသုံးပြုသူကို အနှောင့်အယှက်ပေးလောက်အောင် ပြဿနာကြီး တစ်ရပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်မှာ ခလေးလေး တစ်ယောက်ယောက်၊ ခွေးလေး တစ်ကောင်ကောင် ရှိနေရင်တော့ အနားမကပ်ဖို့ကိုတော့ သတိပေးထားသင့်ပါတယ်။


၂။ အသုံးမတည့်သေးတဲ့ ကြိုးပေါက်
အပ်ပယ်လ်ကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက သန္တာဗို့ (Thunderbolt) စနစ်ကို မိတ်ဆက်ပေးခဲ့တယ်။ ကာလအားဖြင့် တစ်နှစ်ကျော်နေပေမယ့် ချိတ်ဆက်ပြီး ဆက်သွယ်ကြည့်တဲ့အခါ တကယ့် အသုံးမတည့်သေးတာ တွေ့ခဲ့ရပါတယ်။ ပြင်ပချိတ်ဆက်မှုအတွက် ကွန်ပျူတာထုတ် စက်ရုံအနည်းအကျဉ်းတွေက သန္တာဗို့စနစ်ကို စမ်းခဲ့ကြတယ်။ ဒါပေမယ့် မဟန်သေးပါဘူး။ အပ်ပယ်လ်ကုမ္ပဏီကို အကြံပြုချင်တာက သန္တာဗို့ ၂-ပေါက်ကို ထည့်သွင်းမယ့်အစား ယူအက်စ်ဘီ (USB 3.0) ကိုပဲ များများ ထည့်ပေးသင့်တယ်လို့။

၃။ ဈေးကြီးတယ်
မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ရဲ့ မူလအခြေခံ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၂၁၉၉ နဲ့ စတင်တယ်။ တကယ့် အပျံစားကို ၀ယ်သုံးရင် အမေရိကန်ဒေါ်လာ ၃၇၄၉ ကုန်ကျမယ်။ ဒီငွေကြေးပမာဏဟာ ကွန်ပျူတာ တစ်လုံးအတွက် တကယ့်ကို ကြီးမားနေတဲ့ ဈေးနှုန်းပါပဲ။

၎။ အပ်ပ် (App) အလုံအလောက် မရှိသေး
တတိယတွဲဖက် (Third-party) လို့ ခေါ်ဝေါ်နေတဲ့ အသုံးချ အပ်ပ် (Application) တွေက အခုထုတ်လုပ်ထားတဲ့ မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ကို အပြည့်အ၀ မပံ့ပိုးနိုင်သေးဘူး။ ဒါကလည်း ယာယီ ပြဿနာ တစ်ရပ်သာ ဖြစ်မှာပါ။ အပ်ပယ်လ်က အဆင့်မြင့် အပ်ပ်တွေကို ထုတ်လုပ်လိမ့်မယ်လို့ မျှော်လင့်ရတယ်။ အဲ… ခုလောလောဆယ်ဆယ်တော့ အသုံးပြုချင်တဲ့ အသည်းစွဲ အပ်ပ်တွေ မရှိသေးတာတော့ ခက်တယ်။

၅။ ဘက္ထရီ အားသွင်းကြိုး မတူခြင်း
မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) အတွက် မဂ်ဆေ့ဖ်တူး (Magsafe 2) လို့ ခေါ်တဲ့ အားသွင်းကြိုးကို အပ်ပယ်လ်က မိတ်ဆက်ပေးထားတယ်။ မိတ်ကပ် လူးထား (ပြန်မွမ်းမံထား) တဲ့ အလူမီနီယံ ထိပ်လေးနဲ့ ဒီအားသွင်းကြိုးဟာ အရင်ထုတ်ခဲ့တဲ့ အပ်ပယ်လ် ကွန်ပျူတာ အဟောင်းတွေနဲ့ မကိုက်ဘူး။ အားသွင်းလို့ မရဘူး။ ဒါဟာ ပြဿနာ တစ်ခုပါ။ တကယ်လို့များ သင်က အဟောင်းကော အသစ်ကော ကြိုးတစ်ခုထဲနဲ့ အားသွင်းချင်သပ ဆိုရင်ပေါ့။ (အိုင်ပက် အားသွင်းကြိုးဆိုရင် အသစ်/ အဟောင်း ဘယ်ဟာ လာလာ အားသွင်းလို့ ရတာချည်းပဲ။) လိုချင်တာက လက်တော့ပ် အဟောင်းမှာကော အသစ်မှာကော အိမ်/ ရုံးခန်းမရွေး သုံးနိုင်အောင် စီစဉ်သင့်တာပေါ့။ အခုတော့ အဟောင်း အားသွင်းကြိုးနဲ့ လက်တော့ပ်အသစ်မှာ အားသွင်းချင်ရင် အပိုစွပ်တဲ့ အစွပ်တစ်ခု နောက်ထပ် ၀ယ်ရမယ့်ကိန်း ဆိုက်နေတယ်။

မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ရဲ့ အားသာချက် (၅) မျိုး
၁။ ဘက္ထရီသက်တမ်း
လျှပ်စစ်မီးနဲ့ မဟုတ်ဘဲ ဘက္ထရီမီးနဲ့ သုံးသည့်တိုင် ကြည်လင်တောက်ပတဲ့ မြင်လွှာ (Retina) ကို အပြည့်အ၀ ရတယ်။ ကုမ္ပဏီ အာမခံထားသည့်အတိုင်း ပုံမှန်အသုံးနဲ့ သုံးကြည့်တော့ ဘက္ထရီ ၇-နာရီအထိ ခံပါတယ်။

၂။ စီပီယူ
အင်တယ်လ် ကွစ်-ကိုးလ် အိုင်-ဆဲဗင်း (Intel quad-core i7) နဲ့ သုံးထားတာမို့ မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ရဲ့ စက်တက်နှုန်းဟာ အတော်လေး ညက်ညောလှပါတယ်။ ဘေ့စ်ဘောကို ဆော့ကြည့်တော့ လက်တော့ပ်ရဲ့ တုန့်ပြန်မှုက မယုံနိုင်လောက်အောင် မြန်ဆန် သွက်လက်လှပါတယ်။ ပြီးတော့ စက်ကို ဒီလောက် မောင်းနေတာတောင် စီပီယူကို အုပ်ထားတဲ့ ပန်ကာရဲ့ လည်သံ ထွက်မလာတာကိုလည်း အံ့သြရပြန်တယ်။

၃။ ပါးလွှားတဲ့ကိုယ်ထည်
မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) ရဲ့ ကိုယ်ထည်ကတော့ ပုံမှန် ၁၅ လက်မ စကရင်းရှိတဲ့ ရိုးရိုး မက်ဘွတ်ပရိုထက် လေးပုံတစ်ပုံ ပါးလွှားတယ်။ ပါးလွှားတဲ့ ကိုယ်ထည်ဘောင်အတွင်းမှာ စွမ်းပကား ပြည့်ဝတဲ့ ဆော့ပ်ဝဲလ်တွေ ထည့်ထားနိုင်တာဟာ အပ်ပယ်လ်ရဲ့ စီမံခန့်ခွဲမှု အားသာချက်ပါပဲ။ ဒီလို ပါးလွှာတဲ့အတွက် သယ်ရတာ လွယ်ကူတယ်။ ဟီုရွှေ့ ဒီပြောင်း အပန်းမကြီးတော့ပါ။

၎။ အသုံးတဲ့သည့် ကြိုးပေါက်
HDMI ကြိုးပေါက်ကို ထည့်သွင်းပေးထားတာဟာ အပ်ပယ်လ်ရဲ့ ပထမဦးဆုံး ကွန်ပျူတာပါပဲ။ ဒါလေးကိုတော့ အားပေးတယ်။ တီဗီနဲ့ အခြားမော်နီတာတွေကို ချိတ်ဆက် အသုံးပြုတဲ့အခါမှာ ဒီ HDMI ကြိုးပေါက်လေးနဲ့ အသုံးပြုရတာ တအားကို အရသာရှိတာပဲ။


၅။ ဖန်သားပြင်
ဖန်သားပြင်ကိုတော့ တံခွန်နဲ့ကုက္ကားလို့ တင်စားရမလိုပဲ။ လူတွေက ဘာဖြစ် “မြင်လွှာ” လို့ ခေါ်တာလဲဆိုတာ ဖန်သားပြင်ကို မြင်တာနဲ့တင် သဘောပေါက်လိုက်ပါပြီ။ မြင်လွှာ ဖန်သားပြင်ဟာ တောက်ပတယ်။ ရုပ်ပုံတွေ ကြည်ကြည်လင်လင် ရှိတယ်။ စာသားတွေကို ဖတ်ရတာ ရှင်းရှင်းလင်းလင်း ရှိတယ်။်အနုစိတ်တယ်။ ၁၅ လက်မခွဲအတွင်းမှာ ပစ်ဇယ်လ်ပေါင်း ၅-သန်းကို အပ်ပယ်လ်က ဘယ်လို ပေါင်းစပ်ထားတယ် မသိပါ။ ပြတ်သားမှုကိုတော့ ကြိုက်တာ အသေအချာ။ အလျား ၂၈၈၀ နဲ့ အနံ ၁၈၀၀ ရီဆိုလူးရှင်းဟာ နည်းနောတာမှ မဟုတ်တာ။ ဒီအတိုင်း တွက်ချက်ကြည့်ရင် အရည်အသွေးမြင့် (HDTV) တီဗီတွေထက် ရီဆိုလူးရှင်း သန်းပေါင်း ၃-သန်းကျော်သေးတယ်။ ဒီလို ပေါင်းစပ် တီထွင်ထားနိုင်တာကို အံ့သြရပါဘိ…။

မှီငြမ်း-
စီးပွားရေး အတွင်းရေး ၀က်ဆိုက် (Business Insider) မှာ ရေးသားထားတဲ့ ကေဗင်းစမစ် (Kevin Smith) ရဲ့ ဆောင်းပါးကို မျှဝေခံစားခြင်း ဖြစ်တယ်။
http://www.businessinsider.com/retina-macbook-pro-good-and-bad-2012-7?op=1

Jul 15, 2012

မြင်လွှာပါတဲ့ မက်ဘွတ်ပရို


မကြာသေးမီကမှ အပ်ပယ်လ်ကုမ္ပဏီကနေ ထုတ်လုပ်ရောင်းချခဲ့တဲ့ မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) လက်တော့ပ်အကြောင်းကို စာဖတ်သူများ သိရှိပြီး ဖြစ်မှာပါ။ အားလာလာ… ဈေးက မိုးထိအောင် ခေါင်းခိုက်နေတာပဲလေ။ အခြေခံ မြင်လွှာ-လက်တော့ပ် တစ်လုံးကို အမေရိကန်ဒေါ်လာ ၂၁၉၉၊ တကယ့်အကောင်းစား မြင်လွှာ-လက်တော့ပ် တစ်လုံးကိုတော့ အမေရိကန်ဒေါ်လာ ၂၇၉၉ တဲ့။ လက်တော့ပ် တစ်လုံးက ဘာလို့ ဒီလောက်အထိ ဈေးမြင့်နေရသလဲလို့ မေးကွက် ရှိနိုင်ပါတယ်။ ကြည့် ... အပ်ပယ်လ်ရဲ့ ဆင်ခြေကလည်း ကောင်းမှကောင်း။ ဘာတဲ့ . . .“ဒီလို လက်တော့ပ်မျိုး သင် တစ်ခါမှ မတွေ့ခဲ့ဘူးပါ၊ ဘာလို့လဲဆိုတော့ ဘယ်တုန်းကမှလည်း မရှိခဲ့ဘူးလို့ပါပဲ” တဲ့။ ဘုန်းကြီးရူးနဲ့ လှေလူး တွေ့နေပြီ ထင်ပါ့။

လက်လှမ်း မမီနိုင်လောက်အောင် ဈေးနှုန်း မြှင့်တင်ထားတဲ့ မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) လက်တော့ပ်ဟာ ထွက်ဖူးသမျှ လက်တော့ပ်လောကထဲက ပြီးပြည့်စုံတဲ့ လက်တော့ပ် တစ်လုံး ဖြစ်နေပြီးလား။ ငွေပေးချေရသလောက် သောက်ရမ်းတန်တဲ့ လက်တော့ပ် အကောင်းစားပဲလား၊ ရွေးချယ် ၀ယ်ယူစရာ အသင့်တော်ဆုံး လက်တော့ပ်ထဲက လက်တော့ပ်ပဲလား၊ အများနဲ့ မတူ တမူးထူးခြား တီထွင်ထားတဲ့ လက်တော့ပ်ပဲလား။ ဒါမှမဟုတ် တန်ဘိုးကြီးရုံ အသုံးမတည့်တဲ့ လက်တော့ပ်လား၊ ပေးဆပ်ရတဲ့ တန်ဘိုးကြီးနဲ့ မဆီမဆိုင် ကိုင်သုံးရတာ မကာမိဘူးတဲ့လား။ အမြတ်ထွက်ရေး တမင်ကြံတွေး ဦးစားပေးထားတဲ့ လက်တော့ပ် တစ်လုံးပဲလား …. စသည်ဖြင့် လား-ပေါင်းများစွာနဲ့ မေးခွန်းလေးများ စီကာ တိုးတိုးတိတ်တိတ် ကြိတ်ပြီး အဖြေရှာကြရအောင်ပါ။

မြင်လွှာ (Retina)
သင်ရဲ့ စိတ်ကူးထဲကအတိုင်း ကြည်လင်တောက်ပနေတဲ့ ဖန်သားပြင်ဖြစ်အောင် မြင်လွှာပါတဲ့ မက်ဘွတ်ပရို (MacBook Pro with Retina) ကို ဖန်တီးထားတယ်။ အမှတ်တရ ဖြစ်လောက်အောင်ကို အရောင်တွေက စိုစိုလွင်လွင်၊ အနုစိတ်စွာ မြင်နိုင်အောင် ရုပ်ပုံတွေက ကြည်ကြည်လင်လင်ပေါ့။ လက်တော့ပ်လောကမှာ အမြင့်ဆုံး အရည်အသွေးကို ဖန်တီးနိုင်တာ ဒီလက်တော့ပ်မှတစ်ပါး အခြားမရှိ။


ရိုးရိုး မက်ဘွတ်ပရို (MacBook Pro) ထက် ပိုလာတဲ့ မြင်လွှာ

ဖန်သားပြင် (Screen)
၁၅-လက်မခွဲသာသာရှိတဲ့ ဖန်သားပြင်ပေါ်မှာ အစက်အပြောက်ပေါင်း ၅-သန်း ထည့်သွင်းထားတာဟာ မယုံကြည်နိုင်စရာ သင့်ကို မှင်သက်စေမိမှာ အမှန်။ သာမန်မျက်လုံးနဲ့ မြင်နိုင်စွမ်းမရှိတဲ့ အရည်အသွေးမြင့် ဖန်သားပြင် အဖြစ်နဲ့ပေါ့။ စာသား၊ ရုပ်ပုံတွေကို ကြည့်တဲ့အချိန်မှာ လက်တော့ပ်လို့ ထင်မထားလောက်အောင်ကို တကယ့်ပကတိ အရသာ ပေးနိုင်စွမ်းရှိတာပါ။ အလျားလိုက်၂၈၈၀ နဲ့ ဒေါင်လိုက် ၁၈၀၀ မီဂါပစ်ဇယ်လ်ဟာ သင် ထင်ထားတာထက် အရည်အသွေး ပိုမြင့်နေသေးတယ်လေ။

ကွဲပြားခြားနားမှု (Contrast)
မြင်လွှာနဲ့ ဖန်တီးထားတဲ့ အရောင်အဆင်းတွေဟာ အခြားအရောင်အဆင်းတွေနဲ့ ကွဲပြားခြားနားမှုတော့ ရှိတယ်။ ကြည်လင်တောက်ပချင်း တူပေမယ့် မျက်စိကို စူးရှစေတဲ့ အလင်းတန်းတော့ မပါဝင်ပါ။ အရောင်အဆင်းရဲ့ ကြည်လင်မှုဟာ အရင်တုန်းက ထုတ်လုပ်ခဲ့ဘူးတဲ့ မက်ဘွတ်ပရို (MacBook Pro) ရိုးရိုးတွေရဲ့ အရည်အသွေးထက် ၂၉-ဆ သာနေတယ်။ ၁၇၈-ဒီဂရီအထိ စောင်းကြည့်သည့်တိုင် အရည်အသွေးပိုင်းကတော့ မပြောင်းမလဲ၊ ဒါပါပဲ။ ဘေးကပဲ ကြည့်ကြည့်၊ တစောင်းပဲ ကြည့်ကြည့်ပါ၊ မဗေဒါ ပန်းပန်လျှက်ပါ။

လျှပ်စီး သိုလှောင်ခန်း (Flash Storage)
အချက်အလက်တွေကို လွှဲပြောင်း၊ ကူးယူ၊ သိမ်းဆည်းတဲ့အခါမှာ ဟတ်ဒစ် (HD) သုံး လက်တော့ပ်တွေက မြန်နှုန်း သိပ်မရှိပါ။ မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) မှာ အများနဲ့မတူ တမူ ထူးခြားစွာ လျှပ်စီး သိုလှောင်ခန်း (Flash Storage) နဲ့ အသုံးပြုထားတယ်။ ဒီအတွက်ကြောင့် ဖိုင်တွေကို အပြောင်းမြန်၊ အကူးမြန်၊ အသိမ်းမြန်တဲ့ လျှပ်စီးစနစ်နဲ့ သွားတာပေါ့။ နှိုင်းရရင် သာမန် ဟတ်ဒစ် (HD) ထက် ၄ ဒသမ ၄ ဆ (၄-ဆခွဲနီးပါး) အသွားမြန်တယ်။ လတ်တလော ထုတ်ရောင်းတဲ့ သိုလှောင်မှု ပမာဏက ၂၅၆ နဲ့ စတင်ခဲ့ပေမယ့် နောက်ပိုင်းဆို သိုလှောင်နိုင်တဲ့ ပမာဏကို အကုန် ၇၆၈ ဂျီဘီနဲ့ချည်း မြှင့်ထုတ်သွားမှာပါ။


မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) မှာ သုံးထားသည့် Flash Storage


ဘက္ထရီ သက်တမ်း (Long-lasting Battery)
၇-နာရီကြာ အသုံးခံတဲ့ ဘက္ထရီသက်တမ်းကို လက်တော့ပ် အားလုံးနီးပါး ပေးခဲ့တာချည်းပါပဲ။ ဒါပေမယ့် အရည်အသွေးမြင့် ဖျော်ဖြေမှုကို ပေးနိုင်စွမ်းလည်းရှိ၊ ပါးလွှားသလောက် ကြည်လင်တောက်ပမှုလည်းရှိတဲ့ လက်တော့ပ် တစ်လုံးမှာ ဘက္ထရီသက်တမ်း ၇-နာရီကြာ ရဖို့က မလွယ်လှပါ။ ဒါပေမယ့် ဒီမလွယ်တာကို မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) က အာမခံထားတယ်။ အားကိုသာ ရာနှုန်းပြည့် သွင်းထားပါ။ ဘာပဲသုံးသုံး ၇-နာရီ ခံနိုင်ရည် ရှိတယ်။ Stand By နဲ့ဆို တစ်လအတွင်း လှည့်ကြည့်စရာ မလိုအောင် ပစ်ထားလို့ ရတယ်။ မကြာမီ ဖြန့်ချိတော့မယ့် စက်လည်ပတ်မှုစနစ်ဖြစ်တဲ့ တောင်ခြင်္သေ့ (X Mountain Lion OS) စနစ်နဲ့ဆို ဘက္ထရီသက်တမ်း ပိုတောင် ခံဦးမှာပါ။

ဦးဏှောက် (CPU)
မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) မှာ စီပီယူလို့ခေါ်တဲ့ ဗဟိုထိန်းချုပ်မှုစနစ်အတွက် ကိုးလ် အိုင်-ဆဲဗင်း (Intel Core i7) ကို အသုံးပြုထားတယ်။ ဒီတော့ မြန်သလားလို့ မေးစရာမလို။ တီထွင်ခဲ့သမျှ လက်တော့ပ်ထဲမှာ အမြန်ဆုံး စက်တစ်လုံးပေါ့။ ၂၂- နာနိုမီတာရှိတဲ့ ချပ်စ်နဲ့ တွဲသုံးထားပြန်တော့ အချိုပေါ် သကာလောင်း ကောင်းမှကောင်း။ အင်ဂျင် မြန်နှုန်းက ၂ ဒသမ ၇ ဂျီဂါဟတ် (2.7 GHz) ကနေ ၃ ဒသမ ၇ ဂျီဂါဟတ် (3.7 GHz) အထိ ရှိတယ်။ ဒီဇိုင်းသမား၊ ရုပ်သံ တည်းဖြတ်သမားတွေအတွက် တကယ့်စိတ်ကြိုက် ပရိုဖက်ရှင်းနယ်အဆင့်မီ စီပီယူ (CPU) ပေါ့။ မမ်မိုရီ (DDR-3) ၁၆-ဂျီဘီအထိ ထောက်ပံ့ပေးနိုင်တာကိုပဲ ကြည့်ပေတော့။



မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) မှ စီပီယူ

ဂရပ်ဖစ်ကဒ် (NVidia Graphic)
သုံးထားတဲ့ ဂရပ်ဖစ်ကဒ်က အင်ဗီဒီယာ ဂျီဖေါ့တ် ၆၅၀ အမ် (NVidia GeForce 650 M) ပါ။ ထုတ်လုပ်ခဲ့သမျှ လက်တော့ပ်တွေထက် ၆၀ ရာခိုင်နှုန်းလောက်ကို မြန်နှုန်း မြင့်အောင် အထောက်အကူပေးနိုင်တဲ့ ဂရပ်ဖစ်ကဒ် အမျိုးအစားပါ။ အစက်အပြောက်ပေါင်း ၅-သန်းရှိတဲ့ ဖန်သားပြင်ရဲ့ အတွင်းအပြင် ၂-ခုလုံးကို ရုပ်ပုံ ချောမွေ့ဖို့၊ ညက်ညောဖို့ ကောင်းကောင်း ပံ့ပိုးနိုင်တယ်။ ရုပ်ထွက်နှုန်း မြန်မယ်၊ အရည်အသွေး ရွှမ်းစိုမယ်၊ အသက်ဝင်မယ်လေ။

ကြိုးပေါက် (Ports and Connections)
မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) မှာ ဘက်စုံ ဖျော်ဖြေမှုရသ အဆင့်မြင့်မြင့် ရအောင် အကောင်းချည်း ဖန်တီးထားတယ်။ ချိတ်ဆက်မှု ကြိုးပေါက်ကိုတောင် Thunderbolt (သန္တာဗို့) စနစ် ၂-ပေါက်နဲ့ သုံးထားတယ်။ သန္တာဗို့-ဆိုတာ ထစ်ကနဲ မိုးကြိုးပစ်သည့်အလား မြန်ဆန်သည့် အ၀င်/ အထွက် ကြိုးပေါက်ပေါ့။ ဗီဒီယို ကင်မရာ၊ တီဗီ၊ အောက်စက်တွေနဲ့ ချိတ်ဆက် အသုံးအပြုရတဲ့အခါမှာ သန္တာဗို့ရဲ့ စွမ်းပကားက အစွမ်းပြမှာပါ။ အပြင်က ရုပ်သံကိရိယာတစ်ခုခုနဲ့ လက်တော့ပ်ကို ဖြစ်စေ၊ လက်တော့နဲ့ ပြင်ပြစက်တစ်ခုခုနဲ့ဖြစ်စေ ချိတ်ဆက်တဲ့အခါမှာ “တစ်အောင့်ကြာမှ လာမှာပါ၊ ခဏစောင့်” ဆိုတဲ့ခေတ်ကို သန္တာဗို့က တော်လှန်ပစ်လိုက်ပြီ။ ပြီးတော့ အထွေထွေသုံး အပေါက်ဖြစ်တဲ့ ယူအက်ဘီကို ၃-ပွိုင့်နဲ့ ထည့်သွင်းပေးထားတယ်။ အပ်ပယ်လ်ထုတ် ဘယ်ကွန်ပျူတာမှာမှ မရှိသေးတဲ့ HDMI နဲ့ SDXC Card အပေါက်တွေလည်း အဆစ်ပါလိုက်သေးတယ်။ (မှတ်ချက်= HDMI ဆိုတာ Hing Definition Multimedia Interface ကို ဆိုလိုပြီး အရည်အသွေးမြင့် ရုပ်သံစုံတွေကို ပေါင်းကူးပေးတဲ့ ကြိုးပေါက်လို့ အဓိပ္ပါယ်ရပါတယ်။ SDXC Card ဆိုတာက အပြင်ကနေ ထိုးထည့်ရတဲ့ မမ်မိုရီကဒ်တွေရဲ့ အပေါက်ပါ။ Card Reader ပါပဲ။)

မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) မှာ ချိတ်ဆက်တဲ့ ကြိုးပေါက်တွေ စုံလင်လာပေမယ့် အင်တာနက်ကို ချိတ်ဆက် အသုံးပြုရတဲ့ ကြိုးပေါက် မပါဝင်ဘူး။ အင်တာနက် အတွက် မြန်နှုန်းမြင့် ၀ိုင်ဖိုင် (802.11 Wi-Fi) စနစ်ကိုသာ ထည့်သွင်းပေးထားတယ်။ ဘလူးတု(တ်) ကိုတော့ ၄.၀ နဲ့ သုံးထားတယ်။

အသံ နဲ့ အမြင် (Audio and Visual)
မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) မှာ ကြားရတဲ့ သံစုံစနစ်ကို ဘယ်လက်တော့ပ်မှာမှ ကြားရမှာ မဟုတ်ပါ။ ကိုယ်ထည်ပုံပန်းက ပါးလွှားတယ်ဆိုပေမယ့် ထုတ်ပေးတဲ့အသံက ဟဲဗီးကြီးပါ။ စပိကာ ၂-ဖက်မှာ အဆွဲအငင် အားကောင်းပြီး ကြွပ်ဆတ်နေတဲ့ သတ္ထုချောင်း အတန်းတွေကို အညီအမျှ တန်းစီထားတာရယ်ကိုက အသံကောင်း ထွက်ဖို့ရာ အထောက်အပံ့ပေးနေတယ်လေ။ ပြီးတော့ ထွက်လာသမျှ အသံတွေကို နားထဲမှာ ရှတတ ဖြစ်မနေအောင်လည်း ဒီဇိုင်းထွင်ပြီး ကာကွယ်ထားပါသေးတယ်။



မြင်လွှာ-မက်ဘွတ်ပရို (Mac Book Pro with Retina) ရဲ့ စပိကာ

မိုက် ၂ လုံး
ကိုယ်ထည်တွင်းမှာ မိုက် ၂-လုံးကို မြှပ်ထည့်ပေးထားတယ်။ အကျိုးရလဒ်ကတော့ ပြောသမျှ စကားလုံးတိုင်းကို ပီပီသသနဲ့ ကျယ်ကျယ် ကြားနားခွင့်ရပါမယ်။ တကယ်လို့များ အွန်းလိုင်းချက်တင် ၀င်တဲ့အခါမှာ သင့်ရဲ့ဘေးနားက မလိုလားအပ်တဲ့ အသံတွေကို ဖယ်ထုတ်ပေးတယ်။ ဆိုလိုတာက မိုက်နားမှာ ပြောတဲ့အသံလောက်ကိုပဲ တစ်ဘက်သားက ကြားရမှာပါ။ မကြာမီ ထုတ်တော့မယ့် တောင်ခြင်္သေ့ (X Mountain Lion OS) စနစ်မှာ ပါဝင်လာမယ့် နှုတ်တိုက်ချ အသံစနစ်နဲ့ဆို ပိုတောင် ကောင်းလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ မိုက်နားမှာ ရှိနေတဲ့ သင့်ရဲ့ ပြောသမျှ စကားကို စက်က လိုက်မှတ်ပေးပြီး အသံကို ပီသအောင် ထပ်စစ်ပေးမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဆန့်ကျင်ဘက်အရဆိုရင် ဘေးက လေလုံးမကွဲတဲ့ ဆူနေတဲ့ အသံမှန်သမျှကို ဖယ်ချပေးပါလိမ့်မယ်။

အရည်အသွေးမြင့် ကင်မရာ (Face Time HD Camera)
ဖေ့စ်တိုင်းမ် ကင်မရာ (Face Time HD Camera) လို့ အပ်ပယ်လ်က နာမည်ပေးထားထားတဲ့ လက်တော့ပ်ပါ ကင်မရာကိုတော့ အရည်အသွေး မြင့်မြင့် တပ်ဆင်ပေးထားတယ်။ မြင်လွှာ-ဖန်သားပြင်ပေါ်မှာ မြှပ်ထားတဲ့ ကင်မရာဟာ ၇၂၀ မီဂါပစ်ဇယ်လ် အရည်အသွေး ရှိတယ်။ ချက်တင် ၀င်တဲ့အခါ တစ်ဖက်သားက ကိုယ့်ရုပ်ပုံကို ကြည်လင်စွာ မြင်တွေ့ ခွင့်ရမှာပါ။ ဒါပေမယ့် အပ်ပယ်လ်ရဲ့ မျိုးတူဖြစ်တဲ့ အိုင်ပက် (သင်ပုန်း)၊ အိုင်ဖုန်း (မိုဘိုင်ဖုန်း) အိုက်ပေါ့ (တို့ထိမျက်နှာပြင်-ဂိမ်း)၊ အိုင်မက် (ကွန်ပျူတာ) တို့နဲ့သာ ဒီ ၇၂၀ ရီဆိုလူးရှင်းကို မြင်တွေ့ရမှာပါ။

မှတ်ချက်=
အထက်ပါ ဖော်ပြချက်များသည် စာရေးသူရဲ့ အာဘော် မဟုတ်ပါ။ မြင်လွှာ-မက်ဘွတ်ပရို (MacBook Pro with Retina) လက်တော့ပ်နဲ့ ပတ်သက်သည့် အချက်အလက်များကို အပ်ပယ်လ်ရဲ့ ၀က်ဆိုက်မှာ တင်ထားသည့်အတိုင်း သင့်လျှော်သလို ဘာသာပြန်ထားခြင်း ဖြစ်သည်။

သို့ဖြစ်၍-
မိုးကောင်းတုန်း ရွာထားဦးပေါ့ အပ်ပယ်လ်ရယ်လို့ ကြုံးဝါးလေမလား။ မိုးရွာတုန်း ထွန်းတုံးချပါလို့ စိတ်ကူးလေမလား။ ဒီဟာတွေနဲ့ ပတ်သက်ရင် သင်ရဲ့ အိုးနဲ့ဆန် တန်/မတန်အပေါ် မူတည်သလို၊ မျောက်အုန်းသီးရသလို ဟိုပြေးဒီလွှား မဖြစ်ဖို့ ဘယ်အတိုင်းအတာအထိ သင် အသုံးချနိုင်မလဲ ဆိုတဲ့ အိုင်ဒီယာပေါ်မှာလည်း မူတည်နေလေရဲ့။

Jul 11, 2012

တစစ နာမည်ရလာတဲ့ ကင်ဒယ်လ်


၂၀၁၂ ခုနှစ်ဟာ သင်ပုန်း (Tablet) ခေတ်လို့ သတ်မှတ်နိုင်လောက်အောင် သင်ပုန်းတွေကို တလဟော ထုတ်လုပ်ခဲ့ကြတယ်။ အိန္ဒိယနိုင်ငံထုတ် ဒေါ်လာ ၃၅ တန် အာကာရှ် (Aakash) မှသည် အပ်ပယ်လ်ကုမ္ပဏီထုတ် ဒေါ်လာ ၉၀၀ ကျော်တန် နယူးအိုင်ပက် (New iPad) သို့တိုင် သင်ပုန်းတွေက မြိုင်မှ မြိုင်သလို၊ ကိုင်တွယ်သုံးစွဲသူတွေကလည်း သူထက်ငါ သာအောင် အပြိုင်ကြဲနေကြတာပဲပေါ့။

အီလက်ထရွန်နစ် ကုမ္ပဏီပေါင်းစုံကနေ သင်ပုန်းကို အလုအယက် ထုတ်လုပ်ခဲ့ကြတယ်။ ထုတ်လုပ်နေဆဲ၊ နောက်ထပ်လည်း ထုတ်လုပ်ကြဦးမှာ မလွဲ။ ထွက်ပေါ်လာတဲ့ သင်ပုန်းရဲ့ အမျိုးအစားတွေကို လိုက်ကြည့်ရင် စုံသမှ စုံပါ့။ ကွန်ပျူတာနဲ့ မိုဘိုင်ဖုန်းတို့ကို ထုတ်လုပ်ခဲ့ဖူးသည့် ကုမ္ပဏီတိုင်းလိုလိုက သင်ပုန်းဘက်ကို ခြေဦးလှည့်ခဲ့ကြတာချည်း။ ဒီကြားထဲ ဆော့ဝဲလ် ကုမ္ပဏီတွေကော၊ အွန်းလိုင်းစတိုးနဲ့ နာမည်ကြီးနေတဲ့ အရောင်းဆိုင်တွေကပါ သင်ပုန်းလောကကို ကျောမခိုင်းရက်ပဲ အများနည်းတူ စိတ်ကူးကို အကောင်အထည်လာကြသေးတယ်။ လူမှုရေး ကွန်ရက်မှာ နာမည်ကောင်း ရနေတဲ့ ဖေ့စ်ဘွတ်ကတောင် အားကျမခံ သင်ပုန်းလောကကို အခြေချဖို့ တာစူနေပြီ ဆိုပဲ။

သို့ဖြင့် သင်ပုန်းကို စာအုပ်နဲ့မခြား ကိုင်တွယ် သုံးစွဲလိုသူတွေအဖို့ ရွေးဝယ်စရာ တစ်မျိုးဖြစ်တဲ့ ကင်ဒယ်လ် (Kindle) သင်ပုန်းကို ဒီကနေ့ မိတ်ဆက်လိုက်ကြရအောင်ပါ-
ကင်ဒယ်လ် (Kindle) ကို အမေဇုန်ဆိုတဲ့ အွန်းလိုင်းစတိုးက ထုတ်လုပ်တာပါ။ အီးဘွတ်ခေါ် အီလက်ထရွန်နစ်နဲ့ ပြုလုပ်ထားတဲ့စာအုပ်တွေကို ဖတ်ဖို့အတွက် အမေဇုန်က ကင်ဒယ်လ်ကို တီထွင်ခဲ့တယ်။ အမေဇုန်ရဲ့ အွန်းလိုင်းစတိုးမှာ တင်ထားတဲ့ အီးဘွတ်တွေကို ဒေါင်းလုတ်ယူပြီး ကင်ဒယ်လ်ဆိုတဲ့ ကိရိယာနဲ့ ဖတ်နိုင်ဖို့ရာ ရည်ရွယ်တာပါ။ ကင်ဒယ်လ်-ဆိုတဲ့ နာမည်ကို အမေဇုန်ကုမ္ပဏီမှာ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်း ၁၂၆ ယောက်ထဲက ကရင်းဟစ်မာဆိုတဲ့ လူက ရွေးချယ်ပေးထားတဲ့ နာမည်ပေါ့။ အဓိပ္ပါယ်ကတော့ “မီးစကို ထွန်းညှိပေးတဲ့အရာ”။ ကင်ဒယ်လ်ကို ၂၀၀၇ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တယ်။ ပထမဦးဆုံး ကင်ဒယ်လ်ကို အီးဘွတ်-ရိဒ်ဒါ (ဖတ်စာအုပ်) အဖြစ်နဲ့သာ ထုတ်လုပ်ခဲ့တယ်။


အမေဇုန်ရဲ့ မူလလက်ရာ ကင်ဒယ်လ် (Kindle, Kindle-2)

သုံးစွဲသူများရဲ့ တောင်းဆိုချက်အရကော၊ ဈေးကွယ်ဝယ်လိုအား အရပါ ကင်ဒယ်လ်ကို ဆက်လက်ပြီး ထုတ်လုပ်လာခဲ့တာ အခုဆို အမျိုးအစားပေါင်း ၆-ခု၊ မျိုးဆက်အားဖြင့် တတိယမျိုးဆက်ကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်တယ်။ လာမယ့် အောက်တိုဘာလမှာ ၇-ခုမြောက် ထုတ်ကုန်ဖြစ်တဲ့ ကင်ဒယ်လ် သင်ပုန်းတစ်မျိုးကို ထပ်ဖြန့်ချိဦးမယ်လို့ သတင်းထွက်နေတယ်။ ဒီသင်ပုန်းကိုတော့ ကိုင်ဒယ်လ်ဖိုင်းယား (Kindle Fire) ရဲ့ အဆက်ဖြစ်နေတော့ ကိုင်ဒယ်လ်ဖိုင်းယား-၂ (Kindle Fire-2) ဖြစ်လေမလား၊ တခြားနာမည်လား ဆိုတာကတော့ စောင့်ကြည့်ရုံပဲ ရှိပေမပေါ့။

ပထမဦးဆုံး ကင်ဒယ်လ်ကို ၂၀၀၇-ခုနှစ်၊ နိုဝင်ဘာလ ၁၉-ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပြီး ရောင်းဈေးကိုတော့ ၃၉၉ ဒေါ်လာ သတ်မှတ်ထားတယ်။ အရွယ်အစားကတော့ ၆-လက်မထဲပါ။ ရုပ်ထွက်အတွက် အဖြူအမည်း (8-Level Gray) အရောင်ကိုသာ ပြသပေးနိုင်တယ်။ စီပီယူကို PXA255- 400 Mhz နဲ့ သုံးထားတယ်။ သိုလှောင်နိုင်တဲ့ ပမာဏကို ၁၈၀ အမ်ဘီသာ ထည့်ထားပေမယ့် အရုပ်မပါ စာချည်းသက်သက်ဆို စာအုပ်ပေါင်း ၂၀၀ လောက်ကို သိုလှောင်နိုင်တယ်။ စက်လည်ပတ်မှု စနစ်ကိုတော့ အီးအင့်ပါရ် (E Ink Pearl) နဲ့ အလုပ်လုပ်စေတယ်။ ပထမဦးဆုံး လက်ရာကိုကား အမေရိကန် ပြည်တွင်းမှာသာ ရောင်းချခဲ့ပါတယ်။

၂၀၀၉-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀-ရက်နေ့မှာတော့ ကင်ဒယ်လ်-၂ ကို အမေဇုန်က ဆက်ထုတ်ခဲ့တယ်။ ကင်ဒယ်လ် -၂ ကို မူလကင်ဒယ်လ် အရွယ်အစားအတိုင်း မပြောင်းလဲပဲ ပရိုဆက်ဆာ LMX31 - 532 MHz နဲ့ အစားထိုးသလို သိုလှောင်တဲ့ပမာဏကိုလည်း ၂-ဂျီဘီအထိ တိုးမြှင့်ထားတယ်။ ဒါပေမယ့် ရောင်းဈေးကိုတော့ လျှော့ထားတယ်။ ၃၅၉ ဒေါ်လာထဲရယ်။

အမေဇုန်ရဲ့ ကင်ဒယ်လ်-ဒီအိစ် (Kindle DX)

တစ်ဖန် ကင်ဒယ်လ်-၃ ကို ဆက်လက် ထုတ်ဝေခဲ့ပြီး စီပီယူကို LMX35 - 532 MHz သို့ လည်းကောင်း၊ သိုလှောင်တဲ့ပမာဏကို ၃-ဂျီဘီသို့လည်းကောင်း မြှင့်တင်ခဲ့တယ်။ တကယ်တန်းကျတော့ ကင်ဒယ်လ်-၃ ဟာ အမည်ခံ သက်သက်ပါ။ ကင်ဒယ်လ်-၂ ကို ပြည်ပဈေးကွက်အတွက် အဆင့်မြှင့်ပြီး အပ်ဂရိတ်လုပ်လိုက်တာပါပဲ။ ထူးခြားတာက ထုတ်လုပ်ရောင်းချခဲ့သမျှ ကင်ဒယ်လ် စီးရီးတွေဖြစ်တဲ့ ကင်ဒယ်လ် ၁၊ ကင်ဒယ်လ် ၂ တို့ကို ပြည်တွင်းမှာသာ ရောင်းချခဲ့တယ်။ ကင်ဒယ်လ်-၃ ကျမှ ပြည်ပ ထွက်ရောင်းတယ်။ အဲဒီတော့ ပထမထုတ်လုပ်ခဲ့တဲ့ ကင်ဒယ်လ်တွေကို ပထမမျိုးဆက် (First Generation) သတ်မှတ်ခဲ့တယ်။

ဒါပေမယ့် ကင်ဒယ်လ်-၂ ကို နိုင်ငံတကာသုံး သင်ပုန်းအဖြစ် အဆင့်မြှင့်လိုက်တဲ့အခါ ကင်ဒယ်လ်-၃ လို့ ခေါ်ဝေါ်ကြသလို၊ ပြည်တွင်းဈေးကွက်ကနေ နိုင်ငံတကာဈေးကွက်ဆီ တိုးချဲ့ခဲ့တဲ့ မျိုးဆက်မို့လို့ ဒီသင်ပုန်းကို ဒုတိယမျိုးဆက် (Second Generation) လို့လည်း သတ်မှတ်ကြတယ်။ အချိန်ကာလကတော့ ၂၀၀၉-ခုနှစ်၊ အောက်တိုဘာလ ၇-ရက်နေ့ပေါ့။ ကင်ဒယ်လ်ရဲ့ ပထမဦးဆုံး ပြည်ပရောက် ဒုတိယမျိုးဆက်ကို နိုင်ငံပေါင်း ၁၀၀ ကျော်သို့ တင်ပို့ ရောင်းချခဲ့တယ်။ ချိတ်ဆက်ရမယ့် အင်တာနက် ကွန်နက်ရှင်းကို ပြည်တွင်းသုံးအဖြစ် ရောင်းချခဲ့တုန်းက CDMA 2000 စနစ်ကို သုံးခဲ့ပေမယ့် နိုင်ငံတကာသုံးအဖြစ် ရောင်းချတဲ့အခါမှာ GSM စနစ်ကို ပြောင်းလဲထုတ်လုပ်ခဲ့တယ်။

အမေဇုန်ရဲ့ ကင်ဒယ်လ်-ကီးဘုတ် (Kindle Keyboard)

၂၀၁၀-ခုနှစ်၊ ဇန်န၀ါရီလ ၁၉-ရက်နေ့မှာ ကင်ဒယ်လ် နံပါတ်စဉ် ၁၊ ၂၊ ၃ လမ်းကြောင်းကနေ လွှဲပြောင်းပြီး ကင်ဒယ်လ် ဒီအိစ် (Kindle DX) ကို ထုတ်လုပ်တယ်။ ဒီတစ်ခါ ကင်ဒယ်လ်ရဲ့ မူလ အရွယ်အစားထက် ထက်ဝက်နီးပါး ကြီးလိုက်တယ်။ ဆိုက်က ၉ ဒသမ ၇ (အိုင်ပက်-ဆိုဒ်) ပါ။ ပုံမှန်သုံးနေတဲ့ အဖြူအမည်း ရုပ်ပြကိုလည်း ဆေးရောင်စုံအဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်ခဲ့တယ်။ ဒါပေမယ့် စက်လက်ပတ်မှု စနစ်ကိုတော့ နဂိုအဟောင်းဖြစ်တဲ့ အီးအင့်ပါရ် (E Ink Pearl) ကိုပဲ မပြောင်းလဲသေးပါ။ အီးဘွတ်နစ်ကိုတော့ အသုံးများတဲ့ ပီဒီအက်ဖ် (PDF) ဖော်မက်နဲ့ ထည့်သွင်း အသုံးပြုတယ်။ ရောင်းဈေးကိုလည်း မြှင့်တင်ထားတယ်။ တစ်လုံးကို အမေရိကန်ဒေါ်လာ ၄၈၉ တောင်။ ဒါပေမယ့် အင်တာနက်ကွန်ယက်အတွက် 3-G စနစ်နဲ့ Wi-Fi တို့ကို တိုးချဲ့ ထည့်သွင်းပေးခဲ့တယ်။ [မှတ်ချက်= ကင်ဒယ်လ် ဒီအိစ်ကို ကင်ဒယ်လ် ဒီအိစ် (ရိုးရိုး)၊ ကင်ဒယ်လ် ဒီအိစ် (နိုင်ငံတကာ) နှင့် ကင်ဒယ်လ် ဒီအိစ် (ဂရပ်ဖိုက်) ဆိုပြီး ၃-မျိုးတောင် ထုတ်လုပ်ထားတယ်။]

နောက်ပြန်လှည့်တဲ့ သဘောလားတော့ မသိပါ။ ကင်ဒယ်လ် စီးရီး (နံပါတ်စဉ်) နဲ့ သင်ပုန်းကို ထပ်ထုတ်ပြန်တယ်။ ထုတ်လုပ်စဉ်အရ ၅-ခုမြောက် ဖြစ်ပေမယ့် နံပါတ်စဉ်အရ ၄ ဖြစ်တဲ့အတွက် ကင်ဒယ်လ်-၄ လို့ နာမည်တပ်ပြီး ထုတ်တယ်။ ကင်ဒယ်လ်-၄ မှာတော့ တော်တော် အဆင့်မြင့်လာပါပြီ။ ပရိုဆက်ဆာကို LMX50 - 800 MHz နဲ့ သုံးပြီး သိုလှောင်တဲ့ပမာဏကို ၂၅-ဂျီဘီအထိ မြှင့်ထားတယ်။ ရုပ်ပြကို အဖြူမည်းကိုသာ ပြန်လည် အသုံးပြုပေမယ့် ၁၆-လယ်ဗယ် မီးခိုးရောင် (16 Level Gray) နဲ့ သုံးထားတယ်။

အဲ… တစ်ခါ ကင်ဒယ်လ်ရဲ့ ၅-ခုမြောက် ထုတ်ကုန် သင်ပုန်းကို ကင်ဒယ်လ်-ကီးဘုတ် (Kindle Keyboard) လို့ နာမည်ပေးပြီး ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၀ ခုနှစ်မှာ ထပ်ဖြန့်ချိခဲ့ပြန်တယ်။ ဒီသင်ပုန်းကို တတိယမျိုးဆက် (Third Generation) လို့ ခေါ်တယ်။ ဒီ ကင်ဒယ်လ်-ကီးဘုတ်ကို အရောင် ၂-မျိုးနဲ့ ထုတ်လုပ်ထားတယ်၊ မူလအရောင်နဲ့ ခဲရောင်ပေါ့။ ကိုင်ဒယ်လ်ရဲ့ နောက်မှာ ကီးဘုတ်ဆိုတဲ့ နာမည် ထပ်ထည့်ထားရခြင်း အကြောင်းရင်းကား သင်ပုန်းဖရိန်မှာ ကီးဘုတ်လက်ကွက် ထည့်သွင်းပေးထားလို့ပါ။

အမေဇုန်ရဲ့ ကင်ဒယ်လ်-တပ်ခ်ျ (Kindle Touch)

ကင်ဒယ်လ်-ကီးဘုတ်ကို ထုတ်ပြီး မကြာဘူး၊ စတုတ္ထမျိုးဆက် (Fourth Generation) သင်ပုန်းကို အမေဇုန်က ထုတ်လုပ်ခဲ့ပြန်တယ်။ ဒီသင်ပုန်းကို ကင်ဒယ်လ်-တပ်ခ်ျ (Kindle Touch) လို့ နာမည်မှည့်ပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၈-ရက်နေ့မှာ အမေရိကန် ပြည်တွင်းမှာ ဖြန့်ချိရောင်းချခဲ့တယ်။ ဒါပေမယ့် ပြည်ပကိုတော့ ၂၀၁၂ ခုနှစ်၊ မတ်ခ်ျလကမှ စတင်ဖြန့်ခဲ့တာပါ။ ဒီသင်ပုန်းကိုတော့ တပ်ခ်ျစကရင်းလို့ ခေါ်တဲ့ တို့ထိမျက်နှာပြင် အပြည့်နဲ့ ဖန်တီးထားတယ်။

ခုလောလောဆယ်တော့ ၇-လက်မခွဲ အရွယ်အစားရှိတဲ့ ကင်ဒယ်လ်-ဖိုင်းယားကို ထုတ်လုပ် ဖြန့်ချိနေတယ်။ အသစ်ဗားရှင်း ဖြစ်တဲ့ ဒီ ကင်ဒယ်လ်-ဖိုင်းယားရဲ့ စက်လည်ပတ်မှု စနစ်ကိုတော့ ထူးခြားစွာ ပြောင်းလဲထားတယ်။ ဗိုက်ဘရင့်ကာလာ (Vibrant Color IPS) စနစ်ကို အသုံးပြုထားတယ်။ ပရိုဆက်ဆာကိုလည်း ကျူရယ်ကိုးလ် (Dual Core) သုံးထားတယ်။ အရွယ်အစားကတော့ အလျား ၇.၅ လက်မ (၇-လက်မခွဲ)၊ အနံ ၄.၇ လက်မ (၄-လက်မခွဲကျော်) နဲ့ အထူ ၀. ၄၅ (လက်မ၀က် မဖြစ်တဖြစ်) ပါ။ ဘက္ထရီ သက်တမ်းကို အရင်ကိုင်ဒယ်လ်တွေလို ၁-လ ခံတယ်၊ ၂-လ ခံတယ် မဟုတ်ပြန်တော့ဘူး။ လုပ်ဆောင်ချက်များလို့ ထင်ပါ့၊ ၈-နာရီလောက်သာ အသုံးခံတယ်လို့ အာမခံထားတယ်။ ဒီကိုင်ဒယ်ကို ခေတ်မီနည်းပညာနဲ့ သုံးထားတဲ့အတွက်ကြောင့် အမေဇုန်မှာ တင်ထားတဲ့ ရုပ်ရှင်ပေါင်း သန်း ၂၀-ကျော်နဲ့ တီဗီရှိုးတွေကို ကြည့်နိုင်တယ်။ ဂိမ်း ဆော့နိုင်တယ်။ သီချင်းနဲ့သတင်း နားထောင်နိုင်တယ်။ ယင်းအပြင် စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ သတင်းစာပေါင်း များစွာကိုလည်း ဖတ်ရှုနိုင်ပါသေးတယ်။ အဲ တစ်ခုတော့ သတိထားပါ။ အမေဇုန်ရဲ့ ဆစ်ကလောက် ဘရောက်စာ (Silk Cloud Browser) နဲ့ ဖွင့်ဖို့ကိုတော့ မမေ့ပါနဲ့။

အမေဇုန်ရဲ့ နောက်ဆုံးထုတ် ကင်ဒယ်လ်-ဖိုင်းယား (Kindle Fire)

များမကြာမီ ကင်ဒယ်လ်-ဖိုင်းယား -၂ ကို ဆက်လက်ထုတ်လုပ်ဦးမယ်ဆိုပဲ။ ထွက်မယ့်ရက်ကို ခန့်မှန်းထားတာက လာမယ့် အောက်တိုဘာလလောက်ပါ။ ကင်ဒယ်လ်ကို အစဉ်အဆက်မပြတ် ထုတ်လုပ်နေတဲ့ အမေဇုန်ရဲ့ စက်ရုံဟာ အမေရိကန်မှာ ရှိမနေပဲ တရုတ်ပြည်မှာ သွားတည်ထားတာကိုတော့ အံ့သြရပါတယ်။ ဒီထက် အံ့သြရတာက အပ်ပယ်လ်ရဲ့ ပစ္စည်းတွေကို ထုတ်လုပ်ပေးနေတဲ့ ဖောက်ကွန် (Fox Conn) စက်ရုံကနေပဲ ကင်ဒယ်လ်ကို ထုတ်လုပ်ပေးနေတာပါ။

အကြမ်းဖျဉ်းအားဖြင့် ကင်ဒယ်လ်ကို အမျိုးအစားအလိုက် ခွဲခြားလိုက်ရင်-
၁။ ကင်ဒယ်လ် (ရိုးရိုး) = Kindle
၂။ ကင်ဒယ်လ် တပ်ခ်ျ = Kindle Touch (3-G ပါ၊ မပါ)
၃။ ကင်ဒယ်လ် ကီးဘုတ် = Kindle Keyboard (3-G ပါ၊ မပါ)
၎။ ကင်ဒယ်လ် ဒီအိစ် = Kindle DX နှင့်
၅။ ကင်ဒယ်လ် ဖိုင်းယား = Kindle Fire ဆိုပြီး ၅-မျိုးနဲ့ သတ်မှတ်နိုင်ပါတယ်။

မှတ်ချက်= အမေရိကန်အသံအတိုင်းဆို “Kindle” ကို “ခင်းဒယ်လ်” လို့ သုံးနှုန်းပါတယ်။ သို့သော် မြန်မာအများစုက “K” ကို “က” အသံဖြင့်သာ ထွက်လေ့ရှိသဖြင့် ဒီဆောင်းပါးမှာ “ကင်ဒယ်လ်” လို့သာ သုံးနှုန်းထားပါတယ်။ “ကိုင်ဒယ်လ်” လို့ ခေါ်တဲ့သူလည်း ရှိပါသေးတယ်။

မှီငြမ်း -
-http://en.wikipedia.org/wiki/Amazon_Kindle#First_generation:_Kindle
-http://www.amazon.com/dp/B002Y27P3M/?tag=gocous-20&hvadid=8212081157&ref=pd_sl_992dhxljd6_e
-http://www.amazon.com/dp/B002Y27P3M/?tag=gocous-20&hvadid=8212081157&ref=pd_sl_992dhxljd6_b

Jul 7, 2012

မီနီအိုင်ပက် ထွက်တော့မယ်


အပ်ပယ်လ်ကုမ္ပဏီကတော့ မီနီအိုင်ပက် (Mini-iPad) ကို တီထွင်နေပါပြီ။ အမေဇုန်ရဲ့ ကိုင်ဒယ်ဖိုင်းယား (Kindle Fire) နဲ့ ဂူးဂဲလ်ရဲ့ နက်ဇပ်-ဆဲလ်ဗင်း (Nexus 7) သင်ပုန်းတို့ကို စိန်ခေါ်နိုင်ဖို့ ကြိုးစားတဲ့ ခြေလှမ်း ဖြစ်ပါလိမ့်မယ်။ သင်ပုန်းနဲ့ နည်းပညာလောကို လှုပ်ခတ်ခဲ့တဲ့ နာမည်ကြီး အပ်ပယ်လ်ကုမ္ပဏီ ပီသစွာပေါ့။

ကမ္ဘာ့တန်ဘိုးအကြီးဆုံး ကုမ္ပဏီဖြစ်တဲ့ အပ်ပယ်လ်က မီနီအိုင်ပက်ကို ထုတ်လုပ်ခြင်းဖြင့် (တန်ဘိုးနည်းပြီး အသုံးများတဲ့) အများသုံးကို အလေးထားလာတဲ့ သဘောပါ။ အမေဇုန်က ဒုတိယမျိုးဆက် သင်ပုန်းဖြစ်တဲ့ ကိုင်ဒယ်ဖိုင်းယားကို ထုတ်လုပ်ဖို့ တိတ်တဆိတ် ပြင်ဆင်နေတဲ့အချိန်မှာပဲ အပ်ပယ်လ်က ဒီခြေလှမ်းကို လှမ်းလိုက်ခြင်း ဖြစ်တယ်။ သင်ပုန်း ၂-မျိုးလုံးကိုတော့ လာမယ့် နှစ်ကူး အားလပ်ရက်မှာ ရောင်းချမယ်လို့ အပ်ပယ်လ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထရူးဒီမူလာ ဆိုတဲ့ အမျိုးသမီး ပြောတာပါပဲ။ ဒါပေမယ့် ရက်အတိအကျကို ထုတ်ပြောဖို့ သူမ ငြင်းဆန်တယ်။

စာအုပ်အရွယ်အစားအတိုင်း သင်ပုန်းတွေကို ထုတ်လုပ်ဖို့ တာစူနေကြတာက ဒီပြင်အကြောင်းကြောင့် မဟုတ်ပဲ သုံးစွဲသူများရဲ့ အကြိုက်ဖြစ်တဲ့ စာအုပ်ဆိုဒ်ကို လိုက်လျောပေးခြင်း သော့ချက်ပါပဲ။ ဒါပေမယ့် အရွယ်စုံ ဆိုဒ်စုံ သင်ပုန်းကိုတော့ အရူးအမူး ထုတ်ကြဦးမှာ အသေအချာလို့ အိုင်ဒီစီ (IDC) ကတော့ ဟောကိန်း ထုတ်ထားတယ်၊ လာမယ့် ၂၀၁၆-ခုနှစ်ကျရင် ကမ္ဘာမှာ သင်ပုန်း ချပ်ရေ ၂၂၂-သန်း ပြည့်မီတော့မယ်တဲ့။ ကမ္ဘာ့ဈေးကွက်ရဲ့ ၆၁-ရာခိုင်နှုန်းကို အပ်ပယ်လ်ကုမ္ပဏီက ပိုင်ဆိုင်ထားမယ် ဆိုပဲ။ (မှတ်ချက်= IDC ကို International Data Corporation-နိုင်ငံတကာ သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အတိုကောက် စကားလုံး ဖြစ်တယ်။)


၇-လက်မ အရွယ်ရှိတဲ့ နက်ဇပ်-ဆဲလ်ဗင်း (Nexus 7)

လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကပဲ ဂူးဂဲလ်ကုမ္ပဏီကနေ ၇-လက်မအရွယ်ရှိတဲ့ နက်ဇပ်-ဆဲလ်ဗင်း (Nexus 7) ကို ဖြန့်ချိခဲ့တယ်။ အွန်လိုင်းကနေတစ်ဆင့် ကြိုတင်မှာကြားထားတဲ့ သူတွေအတွက်ပါ။ မကြာမီ ဈေးကွက်ကို တင်ပြီး ရောင်းချဦးမှာပါ။ ဂူးဂဲလ် အွန်းလိုင်းစတိုးမှာ တင်ထားတဲ့ အပ်ပ် (Application) ထက် ပိုမို တိုးချဲ့ထားတယ်။ ရုပ်ရှင်၊ တီဗီ၊ သီချင်းနှင့် အီးဘွတ်များစွာကို ဖွင့်ပေးထားတယ်။ ဒီကြားကာလမှာပဲ မိုက်ခရိုဆော့ပ်ကုမ္ပဏီကလည်း ဆာဖေ့စ် (Surface) ဆိုတဲ့ သင်ပုန်းကို ထုတ်လုပ်ခဲ့သေးတယ်လေ။ ဒါပေမယ့် ဆာဖေ့စ်ဟာ သင်ပုန်းရဲ့ စံချိန်ကို ချိုးထားတယ်လို့ ပြောရလောက်အောင် ကြီးတယ်။ အပြားက ၁၀ ဒသမ ၆ လက်မ (၁၀ လက်မခွဲကျော်) အထိ ကြီးမားတယ်။ အိုင်ပက်တောင်မှ ၉ ဒသမ ၇ လက်မပဲ ရှိတာကိုး။

“၂၀၁၂-ခုနှစ်ရဲ့ နောက်ဆုံးလေးလအတွင်းမှာ သုံးစွဲသူအလိုက် စိတ်ကြိုက်ရွေးချယ်စရာ သင်ပုန်းတွေ ဒီထက်မက ထွက်လာဦးမှာပါ”လို့ အိုင်ဒီစီမှ တွမ်မိန်နယ်လီက ဟောကိန်းထုတ်ထားတာပဲ။



၁၀-လက်မခွဲကျော်တဲ့ ဆာဖေ့စ် (Surface)

သူ့ရဲ့ဟောကိန်းက မှန်တယ်။ အပ်ပယ်လ်၊ အမေဇုန်၊ ဂူးဂဲလ်နှင့် မိုက်ခရိုဆော့ပ်စတဲ့ ကုမ္ပဏီတိုင်းက ဆော့ပ်ဝဲလ်တွေကို ထုတ်လုပ်ရုံသာမက သင်ပုန်းဝယ်သူတွေရဲ့ ၀ယ်ယူသုံးစွဲမှုအပေါ် စစ်တမ်းတွေ ကောက်ယူပြီး ဟာ့ဒ်ဝဲလ်ပါ တွဲထုတ်လုပ်လာကြတာကိုး။ ဥပမာ မိုက်ခရိုဆော့ပ်က ၀င်းဒိုး စက်လည်ပတ်မှုစနစ်ကနေ အကျိုးအမြတ်တွေကို လိုချင်လို့ ဆာဖေ့ခ်ျ သင်ပုန်းကို ထုတ်လုပ်ခဲ့တယ်။ ၀င်းဒိုးစနစ်သုံး သင်ပုန်းနဲ့ စမတ်ဖုန်း အချင်းချင်း ဆက်သွယ်နိုင်ဖို့ရာပေါ့။ “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း” သဘောပါပဲ။

ပြီးတော့ အခွန်ငွေကို အားကိုးနေရတဲ့ ဂူးဂဲလ်ကလည်း နက်ဇပ်-ဆဲလ်ဗင်းကို ဒီထက်မက အသုံးချနိုင်အောင် မွမ်းမံချင်သေးတယ်။ အမကြေးတော်ငွေနဲ့ သူ့ရဲ့ကိုယ်ပိုင် သင်ပုန်းကို ထုတ်လုပ်နိုင်ခဲ့တဲ့ အမေဇုန်ကို အားကျတာလဲ ဖြစ်နိုင်တယ်။ အမေဇုန်က သူ့ရဲ့သင်ပုန်းကို ၀ယ်သုံးသူတွေအတွက် သူ့ရဲ့ အွန်းလိုင်းစတိုးကနေ စာအုပ်အပြင် တခြား လိုအပ်တာတွေကိုလည်း ထပ်ဖြည့်ပြီး တင်ထားတယ်မို့လား။ အပ်ပယ်လ်ကိုလည်း ကြည့်အုံး။ သူ့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ အိုင်ပက်အတွက် အိုင်ဂျုန်း (iTune) စတိုးမှာ အခမဲ့ကနေ အရစ်ကျပေးရတဲ့အထိ အပ်ပ်တွေ အများကြီး တင်ထားတယ်။ ပေါမှ ပေါ။

အပ်ပယ်လ်ရဲ့ အသေးစား အိုင်ပက်ဟာ ၇ ဒသမ ၈၅ လက်မ (၈-လက်မ မဖြစ်/တဖြစ်) အရွယ်အစားနဲ့ ထုတ်လုပ်မယ်ဆိုပဲ။ လာမယ့် အောက်တိုဘာလမှာ ဖြန့်မယ်လို မျှော်လင့်ရတယ်။ “သက်သေသာဓကတွေ အများကြီးကို ရှာဖွေ စုဆောင်းမိပြီးမှ ဒီထုတ်ကုန် (မီနီအိုင်ပက်) ကို ကျွန်တို့ ထုတ်ဖြစ်တာပါ” လို့ ရစ်ချတ်ရှင်က ထုတ်ပြောတယ်။



ကိုင်ဒယ်ဖိုင်းယား (Kindle Fire)

မူလအရွယ်အစားထက် ဆိုက်ကိုချုံ့ပြီး အိုင်ပက်ကို ထုတ်လုပ်ရတာဟာ ပြိုင်ဘက်တွေရဲ့ အသေးစား သင်ပုန်းဈေးကွက်ကို ပြန်လည်ရယူဖို့ရယ်၊ တန်ဘိုးနည်း မီဒီယာသုံးစွဲလိုသူတွေအတွက် အရည်အသွေး ပြည့်ပြည့်၀၀နဲ့ တန်းတူ အသုံးပြုနိုင်အောင်ရယ် ရည်ရွယ်ပြီး မီနီအိုင်ပက်ကို ထုတ်လုပ်ပုံ ရတယ်။ ဒီမီနီအိုင်ပက်ကိုတော့ လက်ဖ၀ါးပြင်မှာ တင်ပြီး လက်တစ်ဖက်နဲ့တင် သုံးနိုင်ပါတယ်။

အခုလောလောဆယ် သင်ပုန်းဈေးကွက်မှာတော့ ကိုင်ဒယ်ဖိုင်းယားဟာ ဒုတိယ အ၀ယ်အလိုက်ဆုံး သင်ပုန်းအဖြစ် ပေါက်နေတယ်။ ဆမ်ဆောင်းကုမ္ပဏီထုတ် သင်ပုန်းကတော့ နံပါတ်တစ် ပြေးနေတယ်။ ဒါပေမယ့် တကယ့် တစ်ဦးချင်း အသုံးများတာက ကိုင်ဒယ်ဖိုင်းယားကို လိုက်မမီဘူးလားလို့။

“ဆက်ပြီးထုတ်မယ့် ကိုင်ဒယ်ဖိုင်းယားကိုတော့ ကင်မရာပါ တပ်ဆင်ပေးထားမှာပါ။ နက်ဇပ်-ဆဲလ်ဗင်းနဲ့ ပုံစံတူပါပဲ။ အရင်ထုတ်ကုန်နဲ့ သိပ်မကွာဘူး၊ ဒါပေမယ့် အဆင့်အများကြီး မြှင့်ထားတယ်။ ဒီတစ်ခါ အကြီးဆုံးဈေးကွက်ကို ပိုင်ဆိုင်နိုင်မယ်” လို့ မျှော်တလင့်လင့်နဲ့ ရစ်ချတ်ရှင်က ထုတ်ပြောရှာတယ်။



မူလအရွယ်အစားဖြစ်တဲ့ ၉ လက်မခွဲကျော် အိုင်ပက်များ (The New iPad, iPad-2)

အပ်ပယ်လ်ရဲ့ အသေးစား အိုင်ပက်ဟာ ၁၉၉ ဒေါ်လာတန် ကိုင်ဒယ်ဖိုင်းယားလောက်ကို ဈေးမချိုနိုင်ပါဘူး။ “ကိုင်ဒယ်ဖိုင်းယားထက် မီနီအိုင်ပက်ကို ၀ယ်သုံးမယ်ဆိုရင် ၂၉၉ ဒေါ်လာလောက် သုံးရမှာပါ” လို့ တွမ်မိန်နယ်လီရဲ့ ပြောစကားကို ကိုးကားပြီး မီနီအိုင်ပက်ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းချမယ်လို့ အများက ခန့်မှန်းထားကြတယ်။

မီနီအိုင်ပက်ကို တရုတ်ပြည်မှာရှိတဲ့ ဖောက်ကွန် (Foxconn) စက်ရုံကနေပဲ ထုတ်လုပ်မှာပါ။ ဒီစက်ရုံဟာ အပ်ပယ်ရဲ့ ထုတ်ကုန်ဖြစ်တဲ့ အိုင်ဖုန်းနဲ့ အိုင်ပက်တွေကို ထုတ်လုပ်နေကျ စက်ရုံပါ။ အခု ထုတ်လုပ်တော့မယ့် မီနီအိုင်ပက်မှာ နယူးအိုင်ပက် (အိုင်ပက်-သရီး) မှာ သုံးစွဲခဲ့တဲ့ ရက်တင်နာ ဒစ်စပလေး (Retina Display) နည်းပညာနဲ့ပဲ အသုံးပြုမှာပါ။ အသေးစိတ် အချက်အလက်ကိုတော့ မသိရှိရသေးပါ။

မှီငြမ်း -
(5-7-2012) နေ့ထုတ် ယူအက်စ်အေ တူးဒေးတွင် ရေးသားထားသည့် စကော့မာတင်၏ “Mini iPad may arrive by holidays” သတင်းကို ဆီလျှော်သလို ဘာသာပြန် ဖော်ပြခြင်း ဖြစ်ပါသည်။

မူရင်း-
http://www.usatoday.com/tech/news/story/2012-07-05/apple-ipad-mini/56048978/1?utm_source=dlvr.it&utm_medium=twitter&dlvrit=384245