Pages

Ads 468x60px

Labels

Sep 16, 2012

ကြိုက်တာရွေးယူ လူပျိုချည်းပဲ


လာမယ့် စက်တင်ဘာလ ၂၁-ရက်နေ့ကျရင် အိုင်ဖုန်းဖိုက် (iPhone-5) ကို စတင်ရောင်းချတော့မယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အပ်ပယ်လ်ကုမ္ပဏီကနေ ကြေညာခဲ့တာကို စာဖတ်သူများ သိရှိပြီး ဖြစ်မှာပါ။ ဒါဟာ အိုင်ဖုန်းက သူရဲ့ ပြိုင်ဘက် စမတ်ဖုန်းတွေကို ယှဉ်ပြိုင်ဖို့ ကြိုးဝိုင်းထဲ ၀င်လာတဲ့ ခြေလှမ်းအသစ်လို့ ပွဲကြည့်ပရိသတ်တွေက ယူဆနေလေရဲ့။ ဒီလိုဆို အိုင်ဖုန်းအသစ်ကပဲ အခြားစမတ်ဖုန်းတွေကို ထိုးသတ် အနိုင်ယူနိုင်မလား၊ သူကပဲ ခြေခေါက် မှောက်ကျသွားမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီး (Galaxy SIII) က အန်ဒရွိုက်ကို ကိုယ်စားပြုပြီး စမတ်ဖုန်း ကြိုးဝိုင်းထဲ အခြေချနေတာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ ဇွန်လကတည်းက ပြိုင်ဘက်တွေကို အလဲထိုးပြီး သရဖူ ဆောင်းခဲ့တဲ့ ဂလက်ဇီအက်စ်-သရီး (Galaxy SIII) ကိုတော့ လျှော့မတွက်နဲ့။ သူရဲ့ ဘက်တော်သားကလည်း များမှများ။ စစ်တမ်းအရ သန်း-၂၀ တောင်တဲ့။ (Galaxy SIII ကို လက်ရှိ သုံးစွဲသူ သန်းနှစ်ဆယ်။)

နောက်ထပ် ပြိုင်ဘက်တစ်ဦးက ဂူးဂဲလ် (Google) ရဲ့ ဂလက်ဇီ နက်ဇပ် (Galaxy Nexus) ပါ။ သူ့ကို ဆမ်ဆောင်းနဲ့ ဂူးဂဲလ်တို့က ပူးပေါင်းပြီး ပွဲထုတ်ခဲ့တာ။ သူ့ရဲ့ မောင်းနှင်အား (OS) စွမ်းပကားက Galaxy SIII ထက်တောင် သာသေးတယ်။ သူ့ကို အန်ဒရွိုက်ရဲ့ နောက်ဆုံးပေါ် Jelly Bean အားနဲ့ မောင်းတင်ထားတယ်။ သူ့ကိုလည်း အထင်သေးလို့ မဖြစ်ပြန်။ အန်ဒရွက်ရဲ့ ဖခင်၊ အန်ဒရွိုက်ရဲ့ အရှင်ဖြစ်တဲ့ ဂူးဂဲလ်ကိုယ်တိုင်က လက်သပ်မွေးထားတဲ့ တစ်ဦးတည်းသောသား။ စမတ်ဖုန်း ကြိုးဝိုင်းထဲ ဗိုလ်စွဲမယ် တကဲကဲ အားခဲနေတဲ့သူ။

Jelly Bean နဲ့ မောင်းနှင်ထားတဲ့ ဂူးဂဲလ်ရဲ့ Galaxy Nexus

နောက်ထပ် ပြိုက်ဘက်တစ်ဦးလည်း ရှိပါသေးတယ်။ သူကတော့ သက်တမ်းရင့် ကမ္ဘာကျော် လက်ဝှေ့သမား- နိုကီယာပေါ့။ နိုကီယာကတော့ လူစားတစ်မျိုး။ ကြေးစား လက်ဝှေ့သမား မဟုတ်။ ပြိုင်ဘက်ကို ထိုးသတ်ပြီး အနိုင်ယူလေ့မရှိ။ အိုလံပစ် ကြိုးဝိုင်းထဲက လက်ဝှေ့သမားလိုပဲ ပြိုက်ဘက်ကို အမှတ်နဲ့သာ အနိုင်ယူတတ်သူပါ။ ဒါကြောင့်လည်း သူ့ကို ပရိသတ်တွေရဲ့အသည်း အကိုင်စွဲနိုင်ဆုံး စမတ်ဖုန်း ကြိုးဝိုင်းသမားအဖြစ် မှတ်တမ်းဝင်နေဆဲ။

ဒါပေမယ့် ခုတော့ ရှေးနဲ့မတူ မူတွေ ပြောင်းလိုက်ပါပြီ။ ပြိုင်ဘက် စမတ်ဖုန်းတွေကို ကြိုးဝိုင်းထဲကနေ အလဲထိုးဖို့ လူမီယာ ၇၁၀ (Lumia 710) ကို ဖန်တီးလိုက်တယ်။ ဘယ်သူကမှ မသုံးရသေးတဲ့ ၀င်းဒိုးစနစ်နဲ့ လေ့ကျင့်ပေးတယ်။ အခုတော့ ဘီလူးကြီးအဖြစ် ရင့်ကျက်လာတဲ့ လူမီယာ ၉၂၀ (Nokia Lumia 920) ကို ကြိုးဝိုင်းထဲ လွှတ်ဖို့ ပြင်ဆင်နေပါပြီ။ ဒီတစ်ခါလည်း ဘယ်သူကမှ မမြင်ရသေးတဲ့ တိုက်ကွက်သစ် (Windows-8) နဲ့ ပရိသတ်တွေကို အသုံးတော်ခံပါ့မယ်တဲ့။

Windows-8 နဲ့ မောင်းနှင်ထားတဲ့ နိုကီယာရဲ့ Lumia 920

စမတ်ဖုန်း ကြိုးဝိုင်းထဲ အလဲမထိုးသတ်ခင် သူတို့တစ်တွေရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ မှတ်တမ်းတွေကို လှန်ကာ ရှာဖတ်လိုက်ကြရအောင်ပါ။ ဒါမှ ပယောဂကင်းစွာ ဘယ်သူ့ကို ထောက်ခံပြီး ဘယ်ဘက်ကို အားပေးရမလဲဆိုတာ ရင်ထဲ ရှင်းလင်းသွားမှာ။ ဆမ်ဆောင်းဂလက်ဇီ အက်စ်တူး(Galaxy SII) တုန်းက အိုင်ဖုန်းဖိုးအက်စ် (iPhone-4S) ကို ဟန်ရေးပြတုန်းရှိသေး၊ ဗလိုင်ကြီး ၁-ကုဋေကျော်တောင် ရောလိုက်ရတယ်မို့လား။ ဒါကြောင့်လည်း ဘက်မှား အားမပေးမိဖို့ မှတ်တမ်းတွေကို ကြိုလေ့လာခိုင်းရတာပါ။

စမတ်ဖုန်း (၄) လုံးတို့ရဲ့ အသေးစိတ် အချက်အလက်များ

(အသေးစိတ် မှတ်သားလိုပါက ပုံပေါ် နှိပ်ပါ)

သုံးသပ်ချက်
အားလုံးကို ခြုံငုံပြီး သုံးသပ်ရရင် အိုင်ဖုန်းကလွဲပြီး ကျန်တဲ့ စမတ်ဖုန်း ၃-မျိုးစလုံးမှာ “စပါယ်ရှယ် ၀မ်း” ဆိုတဲ့ သွင်ပြင်လက္ခဏာရပ်တွေ မမြင် မတွေ့ရပါ။ ဒါပေမယ့် ခေါင်းထဲထည့် စဉ်းစားရမယ့်အချက်ကတော့ စာဖတ်သူများ ဘာကို ဦးစားပေးချင်သလဲ အပေါ်မှာ မူတည်နေတယ်။

ဆိုပါစို့… တကယ်လို့များ စာဖတ်သူက လုံခြုံရေးဂိတ်လို့ ခေါ်တဲ့ NFC (Near Field Communication) ပါတဲ့ စမတ်ဖုန်းကို ၀ယ်သုံးချင်တယ် ဆိုပါက အိုင်ဖုန်းဖိုက် (iPhone5) ကို ရှောင်ပေါ့။ အိုင်ဖုန်းဖိုက် (iPhone5) က စာဖတ်သူများရဲ့ လိုအပ်ချက်ဖြစ်တဲ့ NFC ကွက်လပ်ကို ဖြည့်ပေးနိုင်မှာ မဟုတ်ဘူး။ အဲ… ကင်မရာကို ရှေ့တန်းတင်ချင်သပဆိုရင် iPhone-5 နဲ့ Lumia 920 တစ်ခုခုကို ဦးစားပေး ၀ယ်ယူသုံးစွဲပေါ့။ အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာပါ။

ဒါမှမဟုတ်- မြင်ကွင်းကျယ်တာကိုမှ ကြိုက်တယ်၊ ဖုန်းစကရင်းအကြီးကြီးကမှ ကောင်းမယ်လို့ ထင်ရင် Galaxy SIII ကို ရွေးဝယ်ယူပေါ့။ သင့်ရဲ့ မျက်စိသူငယ်ကို အကျယ်ကြီး ဖွင့်စရာ မလိုပဲ ရှင်းလင်းစွာ မြင်နိုင်မှာပါ။ အဲ ငါတို့က ဆော့ပ်ဝဲအပိုင်းကိုပဲ ဦးစားပေးမယ် ဆိုလည်း Galaxy Nexus ကို မဖြစ်မနေ ၀ယ်သုံးပေါ့။ သူကမှ အန်ဒရွိုက် စက်လည်ပတ်မှုစနစ်ထဲမှာ အမြင့်ဆုံးဖြစ်တဲ့ (Android 4.1) Jelly Bean ကို မောင်းနှင်ထားတာကိုး။ အလားတူပဲ ၀င်းဒိုးဖုန်းကိုမှ စမ်းသုံးချင်ရင် Lumia 920 ကို ၀ယ်ပါ။ ဗိုင်းရပ်မ၀င် ပိုးမထိတဲ့ iOS ကို ပြောင်းသုံးချင်ရင် iPhone-5 ကို ရွေးချယ်လိုက်ရုံပါ။ ဒါက စမတ်ဖုန်းကို ၀ယ်သုံးတဲ့ ကတ်စတမ်မာရဲ့ လွတ်လပ်ခြင်း ဆန္ဒတွေလေ။

လာမယ့် ၂၁ ရက်နေ့တွင်မှ ဖြန့်ချိမယ့် iPhone-5

ကောက်ချက်
နောက်ဆုံးအနေနဲ့ ကောက်ချက်ချရရင် အရင်တုန်းက အိုင်ဖုန်းရဲ့ တစ်ဦးတည်းသော ပြိုင်ဘက်ဟာ အန်ဒရွက်စနစ်သုံး ဆမ်ဆောင်းရဲ့ ဂလက်ဇီ စမတ်ဖုန်းလောက်သာ။ အခုတော့ စမတ်ဖုန်း ကြိုးဝိုင်းထဲမှာ နိုကီယာရဲ့ လူမီယာ ၉၂၀ က စတင် ယှဉ်ပြိုင်လာပါပြီ။ ဒါပေမယ့် ဒီစမတ်ဖုန်း ၂-မျိုးလုံးရဲ့ ဒီဇိုင်းတွေကကော အငြင်းပွားဖွယ်မရှိ အိုင်ဖုန်းကို ကျော်လွန်နိုင်ပါ့မလား။ ပြီးတော့ အိုင်ဖုန်း သုံးနေကျသူတွေကို ပြောင်းသုံးဖို့ရာ ဆွဲဆောင်နိုင်ပါ့မလားဆိုတာ သံသယရှိဆဲပါ။

မဲဆန္ဒအလိုက် စမတ်ဖုန်း (၄) လုံးထဲမှာ ဘယ်ဟာကို ၀ယ်သုံးမလဲလို့  လေးရက်အတွင်း (12/09/2012 – 15/09/2012) စစ်တမ်း ထုတ်ကြည့်တဲ့အခါ အောက်ပါအတိုင်း တွေ့ရှိရတယ်။
1.Apple ရဲ့ iPhone-5 ကို ၀ယ်ဖို့ မဲပေးသူ 40% (စုစုပေါင်းမဲ ၃၆၈၇)
2. Samsung ရဲ့ Galaxy SIII ကို ၀ယ်ဖို့ မဲပေးသူ 24% (စုစုပေါင်းမဲ ၂၁၇၅)
3. Nokia ရဲ့ Lumia 920 ကို ၀ယ်ဖို့ မဲပေးသူ 20% (စုစုပေါင်းမဲ ၁၈၃၁)
4. Google ရဲ့ Nexus ကို ၀ယ်ဖို့ မဲပေးသူ 7% (စုစုပေါင်းမဲ ၆၁၆)

မှီငြမ်း- http://www.wired.com/gadgetlab/2012/09/iphone5-spec-showdown/

0 comments:

Post a Comment