Pages

Ads 468x60px

Labels

Sep 29, 2012

ခြေလှမ်း တုန့်မနေတဲ့ ဂလက်ဇီနုတ်

စမတ်ဖုန်း တာဝေးပြိုင်ပွဲကြီးမှာ ခြေလှမ်း တုန့်မနေဘဲ ခပ်သွက်သွက် ခပ်စိတ်စိတ်နဲ့ တစ်လှမ်းပြီး တစ်လှမ်း ရှေ့သို့ တက်လှမ်းနေတာက ဆမ်ဆောင်းကုမ္ပဏီပါ။ နုတ် (Note) အမျိုးအစားနဲ့ တာဝေးလမ်းကို စလှမ်းခဲ့တာ ဘာမှ မကြာလှသေးပါဘူး။ ဒါပေမယ့် အဆင့် ၃-ဆင့်ကိုတောင် တက်လှမ်းနိုင်ခဲ့ပြီး ဖြစ်တယ်။ ပြီးခဲ့တဲ့ ၂၀၁၁-ခုနှစ်၊ အောက်တိုဘာလကမှ ဂလက်ဇီ-စီးရီးမှာ နုတ် (Note) နာမည်နဲ့ စတင် မိတ်ဆက်ပေးခဲ့တာပါ။ အခုတော့ မျိုးဆက် ၃-ခုမြောက်တောင် ထုတ်လုပ် ရောင်းချနိုင်ခဲ့ပါပြီ။ သို့ဖြစ်၍လည်း လူမှုကွန်ရက် တော်လှန်ရေးမှာ ဆမ်ဆောင်းက နှာတစ်ဖျား သာသူပီပီ နုတ် (Note) နာမည်နဲ့ ဖုန်းအဖြစ်ကော သင်ပုန်းအဖြစ်ပါ နှစ်မျိုးနှစ်စားလုံး အသုံးဝင်တဲ့ Phablet (ဖက်ဘလက်) အမျိုးအစားကို တီထွင်ခဲ့တာပါ။

စကားစပ်မိလို့ စိမ်းနေသေးတဲ့ Phablet (ဖက်ဘလက်) ဆိုတဲ့ အသုံးအနှုန်းကို အနည်းငယ် ရှင်းပြပါ့မယ်။ Phablet (ဖက်ဘလက်) ဆိုတာ အခုတလောမှ အသုံးပြုလာကြတဲ့ ဝေါဟာရ အသစ် အဆန်း တစ်လုံးပါ။ Phablet (ဖပ်ဘလက်) လို့ ဆိုလိုက်တာနဲ့ ဖုန်းထက်လည်း ကြီးပြီး သင်ပုန်းထက်လည်း သေးငယ်တဲ့ (ခွကျဆိုဒ်) တို့ထိမျက်နှာပြင် ဆက်သွယ်ရေးသုံး ကိရိယာ (Device) ကို ဆိုလိုတာပါ။ ယေဘုယျအနေနဲ့ ဖုန်း၊ သင်ပုန်း နှစ်မျိုးလုံး သုံးနိုင်တာကို Phablet (ဖက်ဘလက်) လို့ ပြောဆိုကြတယ်။ ဒါပေမယ့် အများစု သတ်မှတ်ထားတာက အရွယ်အစား ၅-လက်မအောက်ကို ဖုန်း (phone) လို့ သုံးပြီး၊ ၇-လက်မအထက်ကို သင်ပုန်း (Tablet) လို့ ခေါ်တယ်။ ကြားအရွယ်အစား (၅-လက်မထက် ကြီးပြီး၊ ၇-လက်မအောက် သေးငယ်တဲ့) ဆက်သွယ်ရေး ကိရိယာ (Device) ကိုကျတော့ Phablet (ဖက်ဘလက်) လို့ သုံးလိုက်ကြတာပါ။

ပထမဦးဆုံး ထုတ်လုပ်ခဲ့တဲ့ ဂလက်ဇီနုတ်-၀မ်း (Note-1)

ကြည့်ပေါ့။ ကွန်ပျူတာ လောကမှာ- စားပွဲပေါ် တင်ပြီး သုံးရတဲ့ ကွန်ပျူတာကို “ဒက်စတော့ပ်” (Desktop) လို့ ခေါ်ပြီး၊ ပေါင်ပေါ် တင်သုံးရတဲ့ ကွန်ပျူတာကို “လက်တော့ပ်” (Laptop) လို့ ခေါ်တယ်။ ပြီးတော့ လက်ဖ၀ါးပေါ် တင်ပြီး သုံးရတဲ့ ဂဏန်းပေါင်းစက်သာသာ ကွန်ပျူတာကို “ပမ်” (palm) လို့ ခေါ်ပြန်တယ်။ ထိုနည်းပါပဲ၊ ဖုန်းလောကမှာ သွားလေရာ သယ်ဆောင်သွားနိုင်တဲ့ ဖုန်းအမျိုးအစားကို “မိုဘိုင်းဖုန်း” (Mobile) လို့ ကနဦး နာမည်မှည့်တယ်။ အဲဒီကမှတစ်ဆင့် အင်တာနက် သုံးလို့ ရအောင် ထွင်ပြီး စမတ်ဖုန်းအဖြစ်သို့ မြှင့်တင်တယ်။ ဖုန်းလို့ ခေါ်တုန်းပဲ။ ဒါပေမယ့် စမတ်ကျတဲ့ “စမတ်ဖုန်း” (Smart Phone) ပေါ့။ နောက်တော့… လက်တော့ပ်အရွယ်အစား မဖြစ်တဖြစ် ကီးဘုတ်နဲ့ စကရင်းတို့ကို ပေါင်းစပ်ပြီး အပြားတစ်ချပ်ကိုသာ တီထွင်လိုက်တဲ့အခါ “တက်ပလက်” (Tablet) လို့ နာမည် အသစ် ပေးပြန်တယ်။ အဲ… ခုတစ်ခါ ဖုန်းနဲ့ တက်ပလက်ကြား အရွယ်အစားကို လုတ်လုပ်လာတဲ့ အခါကျတော့ နာမည်အသစ်တစ်ခုကို ရှာကြံရပြန်ရော။ ဒီနာမည်ကတော့ “ဖက်ဘလက်” (Phablet) ပဲပေါ့။ ဖက်ဘလက် (Phablet) လို့ ပြောရင် ဖုန်းကော၊ သင်ပုန်းပါ သုံးလို့ရတဲ့ “ဖုန်းသင်ပုန်း” ပေါ့။

အဲဒီ “ဖုန်းသင်ပုန်း” အမျိုးအစားကို ဆမ်ဆောင်းကုမ္ပဏီက ထုတ်လုပ်လာခဲ့တာ အခုတော့ N7100 လို့ ခေါ်တဲ့ ဂလက်ဇီနုတ်-တူး (Galaxy Note 2) သို့တိုင် ရောက်ရှိနေပါပြီ။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်မှာ ကျင်းပတဲ့ IFA ပြပွဲမှာကတည်းက ပြသထားတယ်။ အခုတော့ ဖြန့်ချိ ရောင်းချလိုက်ပါပြီ။ အိန္ဒိယဈေးကွက်မှာတော့ စက်တင်ဘာလ ၂၇-ရက်နေ့က စတင်ရောင်းချတယ်။ ဂလက်ဇီနုတ်-တူး (Galaxy Note 2) တစ်လုံးကို ရူးပီး ၃၉၉၀၀ (သုံးသောင်း ကိုးထောင်) နဲ့ တစ်နိုင်ငံလုံးရှိ ဆမ်ဆောင်းစတိုးတွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ချက်ပါက ၇၃၅ ဒေါ်လာပါ။

အပြားကြီးကြီးနဲ့ ဂလက်ဇီနုတ် ၁၀.၁ (Note-10.1)

စက်ပိုင်းဆိုင်ရာ
ဂလက်ဇီနုတ်-တူး (Galaxy Not 2) ကို ဘားပုံစံနဲ့ တည်ဆောက်ထားတယ်။ ကိုးလ်ကော်တက် အေ-၉ ပရိုဆက်ဆာကို သုံးထားပြီး ဂျယ်လီဘင်းလို့ ခေါ်တဲ့ နောက်ဆုံးထုတ် အန်ဒရွိုက် ၄.၁ စက်လည်ပတ်မှုစနစ်နဲ့ မောင်းနှင်ထားတယ်။ မျက်နှာပြင်ကို ထောင့်ဖြတ် ၅-လက်မခွဲကျော်ကျော် (5.55) ကြီးတယ်။ စူပါအမိုလ်လို့ခေါ်တဲ့ ရုပ်ပြအရည်အသွေးကို သုံးထားပြီး၊ ရီဆိုလူးရှင်းအနေနဲ့ ၁၂၈၀ x ၇၂၀ မီဂါပစ်ဇယ်လ် အတိုင်းအတာရှိတယ်။ ရုပ်ပုံကို ကြည်လင်တောက်ပစွာ ပြသပေးနိုင်တယ်။ တပ်ဂ်ျဝစ် အင်တာဖေ့ (TouchWiz) ကို သုံးထားတဲ့အတွက် ရုပ်ပုံတွေ မြန်ဆန်စွာ ထုတ်လုပ်ပေးနိုင်တယ်။ ဓာတ်ပုံရိုက် (နောက်ဘက်) ကင်မရာကိုတော့ ၈-မီဂါပစ်ဇယ်လ် ထည့်သွင်းထားပြီး ဖလက်မီးပါ တွဲပေးထားတယ်။ ဓာတ်ပုံ ရိုက်ရာမှာ ဖြစ်စေ၊ ဗီဒီယို မှတ်တမ်းတင်တဲ့ နေရာမှာ ဖြစ်စေ အရည်အသွေးမြင့် (HD) နဲ့ လုပ်ဆောင်ခွင့် ပေးထားတယ်။ မျက်နှာပြ (web-cam) ကိုတော့ ၁.၉- မီဂါပစ်ဇယ်လ် အသုံးပြုထားတယ်။

လက်ရှိရောင်းချနေသည့် ဂလက်ဇီနုတ်-တူး (Note-2)

အသွင်အပြင် ပုံစံ
ဒီဇိုင်းကိုတော့ ချောမွေ့တောက်ပြောင်ပြီး ဖက်ရှင်ကျတဲ့ အသွင်အပြင်နဲ့ ဖန်တီးထားတယ်။ ထောင့်လေးထောင့်ကို မျဉ်းဖြောင့် ပုံစံ ဖန်တီးထားပြီး ထောင့်ချိုးတွေကို ၀ိုက်ထားတယ်။ လုံးထားတယ်။ ဖုန်းသင်ပုန်းရဲ့ အရွယ်အစားက ဗျက်- ၃ ဒသမ၂ လက်မ၊ အမြင့်- ၅ ဒသမ ၉-လက်မနဲ့ ထု= ၀ ဒသမ ၃၇-လက်မသာ ထူတယ်။ (အထူ လက်မ၀က်တောင် မရှိဘူး။) အလေးချိန်ကား ၆ ဒသမ ၃၄ အောင်စသာ လေးတာပါ။

Samsung Galaxy Note 2 N7100 လို့ နာမည်ပေးထားတဲ့ ဂလက်ဇီနုတ်-တူးဟာ သိုလှောင်နိုင်မှု ပမာဏကို ၁၆-ဂျီဘီသာ ထည့်သွင်း တည်ဆောက်ထားတယ်။ ဒါပေမယ့် အပြင်က SD card နဲ့ စိုက်ထည့်မယ်ဆိုရင် ၆၄ ဂျီဘီထိ သိုလှောင်လို့ ရပါတယ်။ သက်တမ်း ပိုခံမယ့် 3100 mAh Li-Ion ဘက္ထရီ အမျိုးအစားကို သုံးထားတယ်။

ဆင်းရဲတဲ့ နိုင်ငံမှာတောင် အင်တာနက်နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ဖို့ အင်တာနက်ကွန်ယက် အကုန်ထည့်ပေးထားတယ်။ ချမ်းသာတဲ့ နိုင်ငံမှာ သုံးနေကြတဲ့ ၃-ဂျီ (3-G) နဲ့ပဲ သုံးမလား၊ ဆင်းရဲနိုင်ငံ အများစု သုံးနေတဲ့ ၂-ဂျီ (2-G) ခေါ် GPRS ဒါမှမဟုတ် EDGE နဲ့ပဲ ချိတ်ဆက်မလား၊ အကုန်ရတယ်။ ဖုန်းဆင်းကဒ်နဲ့ အင်တာနက်ကို သုံးတာ ဈေးကြီးတယ် ဆိုပြီး မသုံးချင်လည်း ရပါတယ်။ ၀ိုင်ဖိုင် (WiFi) ထည့်ပေးထားတယ်။ ၀ါယာလက် လွှင့်ပေးထားတဲ့ အင်တာနက်ကဖေးမှာ သွားပြီး ၀ိုင်ဖိုင်နဲ့ အင်တာနက် အသုံးပြုလို့ ရပါတယ်။ အချက်အလက်တွေကို ကူးပြောင်းနိုင်ဖို့ ဘလူးတု(တ်) ပါတယ်။ USB အပေါက် ပါတယ်။ GPS လို့ ခေါ်တဲ့ မြေပုံစနစ်လည်း ပါဝင်တယ်။

ရုပ်ရှင်၊ ဗီဒီယိုဖိုင်တွေကို ကြည့်နိုင်ဖို့ ဗီဒီယို-ပလေယာ (Player) အပြင် ဖော်မက် (Format) ပေါင်းစုံ ထည့်ပေးထားတယ်။ MP3 သီချင်းတွေကို နားဆင်ဖို့ရာ မြူးဇစ်-ပလေယာ (Player) လည်း ချန်မထားပါ။ အပိုဆုအနေနဲ့ ရေဒီယိုကနေ လွင့်ပေးတဲ့ အက်ဖ်အမ် (FM) အစီအစဉ်ကိုလည်း တိုက်ရိုက် နားဆင်နိုင်ပါသေးတယ်။

ဂလက်ဇီ စီးရီးထဲက နုတ် (Note) အမျိုးအစား (၃) မျိုး

လူမှုရေးကွန်ရက်ဘက်မှာလည်း စုံလင်အောင် ဖန်တီးပေးထားတာပါပဲ။ အသုံးချအပ်ပ် (Apps) တွေ ဖြစ်တဲ့ Facebook, Twitter ကနေတစ်ဆင့် အသိမိတ်ဆွေ၊ မိသားစုတွေနဲ့ ဆက်သွယ်လို့ ရပါတယ်။ ပေးဝယ်ရတဲ့ ငွေကြေးနဲ့ ထိုက်တန်အောင် ထပ်ဆောင်းအနေနဲ့ ထည့်ပေးထားတာ အများကြီး ရှိသေးတယ်။ ၀က်ပေ့ (web-pages) တွေမှာ Air View, Popup note, Quick command, voice input တို့နဲ့ ထပ်ဖြည့်စွက်၊ ထပ် သုံးသပ်၊ ထပ် ဝေဖန်နိုင်ပါသေးတယ်။

ဂလက်ဇီနုတ်-တူး (Galaxy Not 2) ရဲ့ အသေးစိတ် အချက်အလက်များ
ပရိုဆက်ဆာ = 1.6 GHz Cortex-A9
မမ်မိုရီ = ၂-ဂျီဘီ
စက်လည်ပတ်မှုစနစ် = အန်ဒရွိုက် ၄.၁ (Jelly Bean)
သိုလှောင်မှု = အတွင်း ၁၆-ဂျီဘီ (အပြင် SD Card ၆၄-ဂျီဘီ)
စကရင်း = တို့ထိမျက်နှာပြင် (Capacitive Thouch)
ဖန်သားပြင် = Super AMOLED
အရွယ်အစား = ၅.လက်မခွဲကျော်
ရီဆိုလူးရှင်း= ၁၂၈၀ x ၇၂၀ မီဂါပစ်ဇယ်လ်

ဆင်းကဒ် = ဂျီအက်စ်အမ် (GSM - 850, 900, 1800, 1900; UMTS-2100)
ကင်မရာ = ၈ မီဂါပစ်ဇယ်လ်
ဝက်-ကမ် = ၁.၉ မီဂါပစ်ဇယ်လ်
အရောင် = ငွေရောင်

ကိုယ်ထည် =ဗျက်- ၈၀.၅၊ အမြင့်- ၁၅၁.၁ ၊ ထု-၉.၄ မီလီမီတာ။
အလေးချိန် = ၁၈၀ ဂရမ်
ဘက္ထရီ = Li-Ion, 3100 mAh

အင်တာနက် = GPRS, EDGE, 3-G
ဝိုင်ဖိုင် = 802.11 a/b/g/n
လံကြိုး = Wi-fi Hotspot
မြေပုံ = A-GPs, Google Maps
ဘီလူးတု (တ်) = v4
အပေါက် = USB, Audio

ရေဒီယို = FM
သီချင်း အမျိုးအစား = MP3, MIDI, eACC+, WAV, FLAC
ဗီဒီယိုအမျိုးအစား = MP4, DivX, XviD, WMV, AVI, FLV, MKV, WebM, H.264

မှီငြမ်း-
-http://ibnlive.in.com/news/hands-on-samsung-galaxy-note-ii/296346-11.html
-အင်တာနက်-အထွေထွေသုံး ဝေါဟာရများ 

0 comments:

Post a Comment