Pages

Ads 468x60px

Labels

Apr 8, 2012

အိုင်တီပစ္စည်း အ၀ယ်လမ်းညွှန် (၂)


ပီစီ-ဂိမ်းလို့ခေါ်တဲ့ ဒက်စ်တော့ပ် ကွန်ပျူတာနဲ့ ဆော့ရတဲ့ဂိမ်းတွေ ခေတ်စားခဲ့ဖူးတယ်။ ပီစီ-ဂိမ်း အစွဲကြီးသမားတွေက ခုတိုင်အောင် မပြောင်းလဲသေးပါဘူး။ ပီစီနဲ့ ဆော့ရမှ ရသရှိတယ်လို့ ထင်တုန်းပဲ။ တစ်ချို့ ပီစီ-ဂိမ်းသမားတွေက အိပ်စ်ဘောက်တို့၊ ပလေစတေးရှင်းတို့ ဒါမှမဟုတ် ဒလျူတူးတို့ကို ပြောင်းလဲ ဆော့ကစားကြတယ်။

လက်တော့ပ် ကွန်ပျူတာ ၀ယ်ခြင်း (အပိုင်း-၂)

၃။ အိမ်၊ ရုံးသုံး လက်တော့ပ် (ဒက်စ်တော့ပ် အစားထိုး)
အိမ်၊ ရုံးမှာ သုံးနေတဲ့ ဒက်စ်တော့ပ်တွေက နေရာ တအားကို ယူအားကြီးလွန်းရင် လက်တော့ပ်နဲ့ အစားထိုး သုံးရမှာပဲ။ ဒါမှ နေရာကျဉ်းကျဉ်းလေးနဲ့ သုံးနိုင်မှာကိုး။ အိမ်၊ ရုံးသုံး လက်တော့ပ် ကိုတော့ ဘက္ထရီသက်တမ်း ထည့်တွက်စရာ မလိုဘူး၊ ဘာလို့လဲဆိုတော့ လျှပ်စစ်မီးကြိုးနဲ့ အမြဲတန်း ချိတ်ဆက် အသုံးပြုနိုင်လို့ပါပဲ။ ပြီးတော့ ခုံပေါ်တငပြီး သုံးမှာမို့လို့ အလေးချိန် လေးတာကိုလည်း ထည့်တွက်စရာ မလိုပြန်ဘူး။ ဒါပေမယ့် လက်ရှိ အသုံးပြုနေတဲ့ ဒက်စ်တော့ပ်ကြီးတွေထက် လက်တော့ပ်ဈေးနှုန်းက ကြီးမှာ အသေအချာ။ ဒါကြောင့် စဉ်းစားပါ။

အိမ်၊ ရုံးသုံး လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။

ဈေးနှုန်း
ဒီလက်တော့ပ်ကိုတော့ ဒေါ်လာ ၇၀၀ နဲ့ ၁၂၀၀ ကြားမှာ သုံးမှ သင့်တော်မှာပါ။

လုပ်ဆောင်ချက်
အိမ်၊ ရုံးသုံးဖြစ်တဲ့အတွက် အဆင့်မြင့်တဲ့ လက်တော့ပ်ကို ရွေးဝယ်ရမှာပါ။ စွမ်းဆောင်ရည် မြင့်မြင့် ဈေးနှုန်းချိုချို ရှာနိုင်ရင်တော့ ကောင်းတာပေါ့။ စီပီယူ ၂. ၂ ဂါဟတ်၊ မမ်မိုရီ ၄-ဂျီဘီ၊ ဟတ်ဒစ် ၅၀၀ လောက်ဆို တော်တော်လေး ကောင်းနေပါပြီ။ စီဒီပြားတွေကို ရေး၊ ဖတ်နိုင်တဲ့ ဒီဗီဒီ-ဒရိုက်ဖြစ်ဖြစ် ဘလူရေး ဖြစ်ဖြစ် ပါဝင်မှ သင့်တော်မှာပါ။


အရွယ်အစား
မော်နီတာကို ၁၅-လက်မလောက် အနည်းဆုံး သုံးပါ။ ၁၈ လက်မဖြစ်လေ ပိုကောင်းလေပေါ့။ ဒါမှ ပရိုဂျက်တစ်ခုခု၊ ဗီဒီယိုပြကွက်တစ်ခုခု ကြည့်ရင် အဆင်ပြေမှာပါ။ ဒါပေမယ့် လိုအပ်တဲ့အခါ သယ်သွားနိုင်အောင် သိပ်မကြီးတာ ကောင်းပါတယ်။ လက်တော့ပ်ကို အသုံးပြုတာ ၀န်ကျဉ်းချင်လို့ မဟုတ်လား။


၎။ မာလ်တီမီဒီယာသုံး လက်တော့ပ်
ဒီလက်တော့ပ် အမျိုးအစားကို ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်းစတဲ့ မီဒီယာ လုပ်ဆောင်ချက်တွေကို ပြုပြင် ဖန်တီး တည်းဖြတ်မှာမို့လို့ မီဒီယာလုပ်ဆောင်ချက် ပါဝင်တဲ့ လက်တော့ပ်တွေကို ရှာဝယ်ရမှာပါ။ အဲ တစ်ခုတော့ သတိရှိပါ။ ဒီလုပ်ဆောင်ချက်တွေကို အခုခေတ် စမတ်ဖုန်းတွေမှာတောင် လွယ်လွယ်လေးနဲ့ လုပ်လို့ရနေပြီ ဆိုတာကိုပေါ့။

ဒါပေမယ့် အထူးလုပ်ဆောင်ချက်တွေနဲ့ အဆင့်မြင့်မြင့် လုပ်ချင်တယ်ဆိုရင် Adobe ဆော့ပ်ဝဲလ် မျိုးစုံ အင်စတောလ် လုပ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် လက်တော့ပ်ကို ရွေးယူရမှာ။ ဘာဖြစ်လဲဆိုတော့ ဒီဇိုင်း အကြီးအသေးကို ဖန်တီးတဲ့အခါ၊ ဗီဒီယိုဖိုင်တွေကို ရင်းဒါလုပ် (တင်ဆက်) တဲ့အခါမှာ မမ်မိုရီတွေ တအားစားသလို ဖိုင်ဆိုက်ကလည်း အင်မတန်ကို နေရာယူတယ်။ (၅-မိနစ်စာ ကာရာအိုကေ သီချင်းတစ်ပုဒ် ရဖို့ရာ ဖိုင်ဆိုက် ၁-ဂျီဘီနီးပါး ဖိုင်ဆိုဒ် ယူထားတာကို သတိမူပါ။)

မာလ်တီမီဒီယာသုံး လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။

မမ်မိုရီ
မမ်မိုရီ ကြီးလေ ကောင်းလေပါပဲ။ ခုခေတ်အနေနဲ့ မမ်မိုရီ ၄-ဂျီဘီလောက် သုံးကိုသုံးရမယ်။

ဂရပ်ဖစ်ကဒ်
သာမန်ကာလျှံကာသုံး လက်တော့ပ်တုန်းက ဖော်ပြထားတဲ့အတိုင်း ဂရပ်ဖစ်ကဒ်ဟာ တအားကို အရေးပါတယ်။ ဒီမီဒီယာသုံး လက်တော့ပ်မှာတော့ သီးသန့် ဂရပ်ဖစ်ကဒ် ရှိကို ရှိနေရမယ်။ ဂရပ်ဖစ်ကဒ် အနည်းဆုံး ၁၂၈-အမ်ဘီကနေ အများဆုံး ၂-ဂျီဘီအထိ တစ်ခုခုကို စိုက်ထားရမယ်။ ခုခေတ်သုံး လက်တော့ပ်အများစုက NVEDIA ဖြစ်ဖြစ်၊ ATI ဖြစ်ဖြစ် သုံးကြတယ်။ Redion ကိုလည်း အနည်းအကျဉ်း တွေ့တတ်တယ်။

ကြိုးပေါက်
ကြိုးပေါက်ကလည်း မီဒီယာလုပ်ငန်းမှာ အရေးကြီးတယ်။ ဓာတ်ပုံ ကင်မရာကနေ ချိတ်ဆက်ဖို့၊ ဗီဒီယို ကွန်ကော်ဒါကနေ သွယ်တန်းဖို့ အခြားပလေယာ တစ်ခုခုကနေ ထိုးချိတ်ဖို့ဆိုတာ ကြိုးပေါက် စုံနေမှ တော်ကာကျမယ်။ USB, Firewire (IEEE), PCMCIA, Ethernet, Display စသည်ဖြင့် အပေါက် အစုံအလင်ပါတဲ့ လက်တော့ပ်ကို ရှာဝယ်ပါ။

ပန်ကာ
စီပီယူအပေါ်မှာ အုပ်ထားတဲ့ ပန်ကာကလည်း အရေးကြီးပြန်တယ်။ စီပီယူ စွမ်းဆောင်ရည် မြင့်လေ ပန်ကာ လည်နှုန်းက မြန်လေပဲ။ ထိုအခါ ပန်ကာအသံ အတော်လေး ဆူညံတတ်တယ်။ အသံပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ကို လုပ်တဲ့အခါ (တစ်နည်း) အသံ (တရား၊ သီချင်း) ဖမ်းယူတဲ့အခါ အသံတိတ်ဆိတ်နေဖို့ လိုသဖြင့် ပန်ကာအသံ အနှောင့်အယှက် ကင်းလေ ကောင်းလေပါပဲ။ ဒါကြောင့် ပန်ကာသံ မမြည်တဲ့ လက်တော့ပ်ကို ရွေးချယ်ရမယ်။


၅။ ဂိမ်းဆော့ရန် လက်တော့ပ်
ပီစီ-ဂိမ်းလို့ခေါ်တဲ့ ဒက်စ်တော့ပ် ကွန်ပျူတာနဲ့ ဆော့ရတဲ့ဂိမ်းတွေ ခေတ်စားခဲ့ဖူးတယ်။ ပီစီ-ဂိမ်း အစွဲကြီးသမားတွေက ခုတိုင်အောင် မပြောင်းလဲသေးပါဘူး။ ပီစီနဲ့ ဆော့ရမှ ရသရှိတယ်လို့ ထင်တုန်းပဲ။ တစ်ချို့ ပီစီ-ဂိမ်းသမားတွေက အိပ်စ်ဘောက်တို့၊ ပလေစတေးရှင်းတို့ ဒါမှမဟုတ် ဒလျူတူးတို့ကို ပြောင်းလဲ ဆော့ကစားကြတယ်။ အကြောင်းရင်းကတော့ ဒီဟာတွေက ပီစီထက် ဆော့ရတာ လွယ်ကူတယ်၊ ပြီးတော့ ကုန်ကျစရိတ် နည်းပါးတယ်။

တကယ်တော့ ဂိမ်းစက်တွေက ဈေးကြီးပါတယ်။ ဒါပေမယ့် ဂိမ်းစက်နဲ့ ဂိမ်းဆော့တာလောက်ကို ဘယ်အရာကမှ လိုက်မမီသေးပါဘူး။ ဒါပေမယ့် နောက်ဆုံးထုတ် ဆော့ပ်ဝဲလ်တွေ၊ ဆော့ပုံ ဆော့နည်း အသေးအစိတ် အချက်အလက်တွေ အမြဲတန်း အဆင့်မြှင့် ထုတ်လုပ်နေတော့ ဈေးနှုန်းကလဲ လိုက်ကြီးပေးရတယ်။ အသစ်အဆန်း ထွက်တိုင်း ဈေးနှုန်း ကျတယ်လို့ကို မရှိဘူး။

ဂိမ်း အရူးအမူးများကတော့ လက်တော့ပ်-ဂိမ်းကို ပြောင်းသုံးဖို့ ငြင်းဆန်ကြတယ်။ ဘာကြောင့်ဘာလိမ့်။ လက်တော့ပ်-ဂိမ်းအများစုက စိတ်တိုင်းကျမှုကို အပြည့်အ၀ မပေးနိုင်သလို အဆင့်မြှင့်ဖို့လည်း မလွယ်ကူလို့ပါ။

ဂိမ်းဆော့ရန် လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။

အရွယ်အစား
အထစ်အငေါ့မရှိ ချောချောမွေ့မွေ့နဲ့ ဂိမ်းကို ဆော့တဲ့နည်းလမ်းကတော့ လက်တော့ပ်ရဲ့ စကရင်း (မော်နီတာ) ကြီးနေဖို့ လိုပါတယ်။ ကြီးလွန်းရင်လည်း ဂိမ်းဆော့ရတာနဲ့ စကရင်းအပါအ၀င် စက်ပစ္စည်း အစုံအလင်ကို သယ်ရတာ မကာမိပါဘူး။

ပရောဆက်စာ
စီပီယူလို့ အတိုကောက်ခေါ်တဲ့ ပရောဆက်စာကိုတော့ အောက်ထစ်ဆုံး Core Quad လောက် သုံးရမှာပါ။ (Core Quad ဆိုတာက စီပီယူကို စစ်ဆေးရင် စီပီယူ လေးခု ပြထားတာကို ဆိုလိုတာပါ။) ဒါတောင် တကယ့်ဂိမ်းစက်တွေနဲ့ ယှဉ်ရင် နှေးပါသေးတယ်။ တကယ်ကမ်း ငွေသုံးနိုင်ရင်တော့ ဂရပ်ဖစ်ကဒ်ကို မြှင့်မယ့်အစား စီပီယူကိုပဲ အမြင့်ကြီး သုံးသင့်တယ်။ ဥပမာ- ခုခေတ်ထုတ် နောက်ဆုံးပေါ် စီပီယူဖြစ်တဲ့ အိုင်ဖိုက် (i5) အိုင်ဆဲလ်ဗင်း (i5) တို့ပေါ့။


ဂရပ်ဖစ်ကဒ်
ဈေးကွက်မှာ ရောင်းတန်းတင်ထားတဲ့ အသစ်ထုတ် ဂိမ်းတွေဟာ တကယ့်ကို စပါယ်ရှယ် ဂရပ်ဖစ်ကဒ်နဲ့မှ ကိုက်မှာ။ (မမ်မိုရီကနေ ရှယ်ထားတာ မဟုတ်တဲ့) သီးသန့် စိုက်ယူရတဲ့ ဂရပ်ဖစ်ကဒ်ကို သုံးမှ ဂိမ်းဆော့ရတာ အဆင်ပြေမယ်။ ဆိုလိုတာက ဂိမ်းတွေရဲ့ အချက်အလက်များစွာကို အချိန်တိုတိုအတွင်းမှာ မြန်ဆန်စွာ သိမ်းဆည်းနိုင်မှ ရှေ့အခန်းကို ဆက်လက် သွားနိုင်မှာမို့ပါ။ (နို့မို့ရင် ခဏခဏ စက်က ဟန်းနေမှာ။)

ထိပ်သီး ဂိမ်းသမားတွေကတော့ တကယ့်အပျံစား ဂရပ်ဖစ်ကိုပဲ မနှမျောတမ်း ၀ယ်သုံးကြတယ်။ အရေးကြီးဆုံး အချက်တစ်ခုကတော့ Full-HD လို့ခေါ်တဲ့ ရုပ်ပုံအရည်အသွေး အပြည့်အ၀ပေးတဲ့ ဂရပ်ဖစ်ကဒ်ပါ လက်တော့ပ်ကိုသာ ရွေးချယ် ၀ယ်ယူပါ။ ရီဆိုလူးရှင်း (ရုပ်ပြအရည်အသွေး) အနည်းဆုံး 1920x1080 မီဂါပစ်ဇယ် ရှိကို ရှိရမယ်။ (လက်တော့ပ် အများစုကတော့ ပုံမှန် 1024×768 မိဂါပစ်ဇယ်ပဲ ရှိတတ်ကြတယ်။)

မမ်မိုရီ (မှတ်ညာဏ်)
စီပီယူ၊ ဂရပ်ဖစ်ကဒ်ပေါ် မူတည်ပြီး မမ်မိုရီကိုလည်း ၄-ဂျီဘီ ၀န်းကျင်လောက် သုံးသင့်ပါတယ်။ ပြောရရင် သင့်လက်တော့ပ် တစ်ခုလုံး မြန်နှုန်းမြင့်နေမှ သင် ဂိမ်း ဆော့ရတာ စိတ်တိုင်းကျမှာပါ။ ဒီတော့ကာ ဈေးကြီးကြီးကိုသာ ၀ယ်သုံးရမှာပါ။ ငွေမသုံးနိုင်ပါက အမြင့်ဂိမ်းတွေ မဆော့သင့်ပါ။ အဲ.. အပျင်းပြေသာ ဆော့ကစားရင် သမာရိုးကျ ဂိမ်းတွေကိုသာ ဆော့ပါ။ ဒီဂိမ်းတွေဟာ ဘယ်လက်တော့ပ်မှာမဆို ဆော့နိုင်ပါတယ်။ ခုဆို သရီးဒီဂိမ်းတွေတောင် ထွက်နေပါပြီ။ ဂိမ်းကိုသာ တစိုက်မတ်မတ် လိုက်ဆော့နေရင် ငွေသုံးဖို့ မနှမြောရပါ။

အချုပ်ဆိုရသော်- သင် လက်တော့ပ်တစ်လုံးကို မဖြစ်မနေ ၀ယ်ရတော့မယ် ဆိုရင် “ဘာအတွက် သုံးသလဲ” အရင်စဉ်းစားပြီး၊ အထက်ဖော်ပြပါ လက်တော့ပ် အမျိုးအစား (၅) မျိုးကို မိမိနှင့် သင့်တော်မယ့် အမျိုးအစား တစ်မျိုးကို ရွေးချယ်ပြီး ၀ယ်ယူပါက အ၀ယ်မမှားတော့ပါ။ လက်တော့ပ် ထုတ်လုပ်သည့် မည်သည့်ကုမ္ပဏီ၊ မည်သည့်အမှတ်တံဆိပ်ကိုမဆို ဖော်ပြပါ အမျိုးအစား (၅) မျိုးနဲ့သာ ခွဲခြားလိုက်ပါ။ အိုင်မက်၊ ဆိုနီ၊ ဒယ်လ်၊ တိုရှီဘာ၊ ကွန်ပက်၊ အိပ်စ်ပီ၊ အဆပ်၊ အမ်အက်စ်အိုင်၊ ဖုဂျီစု၊ ဘင်ကျူ၊ အေဆာ ဘယ်လက်တော့ပ် ဖြစ်ဖြစ်ပါ။


(ဘီဘီစီရဲ့ အိုင်ကလစ်ကို အခြေခံပြီး အခြားသော ဆိုင်ရာဆိုင်ရာ ၀ပ်ဆိုက်များကို မှီငြမ်းကိုးကား ရေးသားပါကြောင်း ၀န်ခံအပ်ပါသည်။)

Apr 7, 2012

အိုင်တီပစ္စည်း အ၀ယ်လမ်းညွှန် (၁)

လက်တော့ပ် တစ်လုံး ၀ယ်တော့မယ်ဆိုရင် အဓိက သိထားရမယ့် အချက်ကတော့ ဒီလက်တော့ပ်ကို ဘာအတွက် အသုံးချမလဲဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် လက်တော့ပ်ဈေးကွက်က တနေ့တခြား ဈေးနှုန်းတွေ ကျဆင်းနေတော့ ဈေးချိုတဲ့ လက်တော့ပ်ကို ၀ယ်ထားတဲ့သူက တပန်းသာတာပဲ။ အဆင့်ထပ်မြှင့်လို့ မရတာတောင်မှ ဒီအဟောင်းကို စွန့်ပြီး နောက်ထပ်အသစ် ၀ယ်ဖို့ လက်မတွန့်တော့ဘူးပေါ့။

လက်တော့ပ် ကွန်ပျူတာ ၀ယ်ခြင်း (အပိုင်း-၁)
လက်တော့ပ် (ကွန်ပျူတာ) တစ်လုံးကို ၀ယ်ဖို့ ဆုံးဖြတ်ချက် ချရန် အင်မတန် ခက်ခဲလှပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်တော့ပ်ရဲ့ အသေးစိတ် လုပ်နိုင်စွမ်းရည်ကိုက တအားကို ရှုပ်ထွေးနေလို့ပါ။ ဒါကလည်း ဂရပ်ဖစ်ကဒ်ဆိုတဲ့ ရုပ်ပုံပြ စွမ်းဆောင်ရည် ကဒ်ကနေ ဘတ်(စ်) လမ်းကြောင်းပေါ်သို့ ဘယ်အတိုင်းအတာအထိ ထောက်ပံ့ပေးနိုင်သလဲ ဆိုတာကို သိတတ် နားလည်ခြင်း၊ နားမလည်ခြင်းတို့နဲ့လည်း ဆိုင်တယ်။

လက်တော့ပ် တစ်လုံး ၀ယ်တော့မယ်ဆိုရင် အဓိက သိထားရမယ့် အချက်ကတော့ ဒီလက်တော့ပ်ကို ဘာအတွက် အသုံးချမလဲဆိုတာပါပဲ။ ဖဲချပ်စတဲ့ (အပေါ့စား) ဂိမ်းတွေကို ဆော့ကစားချင်ရုံနဲ့ ဒေါ်လာ ၂၅၀၀ (မြန်မာငွေ သိန်းနှစ်ဆယ်) လောက်တန်တဲ့ တန်ဘိုးကြီး လက်တော့ပ်ကို ၀ယ်ပြီး ငွေမဖြုန်းချင်ပါနဲ့။

လက်တော့ပ် တစ်လုံး ၀ယ်တော့မယ်ဆိုရင် အောက်ဖော်ပြပါ လက်တော့ပ် အမျိုးအစား (၅) မျိုးကို စဉ်းစားစေလိုတယ်။ (လက်တော့ပ်ရဲ့ တံဆိပ်အမှတ်အသားနဲ့ မဆိုင်ပါ။)
အမျိုးအစား (၅) မျိုးမှာ-
၁။ သာမန်ကာလျှံကာသုံး လက်တော့ပ်
၂။ ခရီးဆောင်သုံး လက်တော့ပ်
၃။ အိမ်၊ ရုံးခန်းသုံး လက်တော့ပ်
၎။ မာလ်တီ မီဒီယာသုံး လက်တော့ပ်
၅။ ဂိမ်းဆော့ရန် လက်တော့ပ် ဖြစ်ပါတယ်။

လက်တော့ပ်တိုင်းနီပါး ၀ါယာလက်၊ ဟတ်ဒစ်၊ ဆောင်းကဒ် စသည်တို့ သမာရိုးကျ ပါဝင်စမြဲ ဖြစ်ပေမယ့် ထုတ်လုပ်တဲ့ ကုမ္ပဏီနှင့် အမျိုးအစားက ကွာသေးတယ်။ ဘယ်လိုပဲ ကွာနေပါစေ ဈေးနှုန်းကြီးရင် ကြီးသလို ပေးဝယ်ရသလောက် တန်တာ များပါတယ်။ (ဈေးကြီးပေး ၀ယ်ပြီး မကောင်းတဲ့ လက်တော့ပ်ကတော့ ရှားပါတယ်။)
နောက်ဆုံး ယျေဘုယျသဘောကို သိထားရမှာကတော့ ဈေးချို (ဈေးပေါ) လွန်းတဲ့ လက်တော့ပ်ကို မ၀ယ်မိဖို့ပါပဲ။ နောင်အခါ ဘယ်တော့မှ အဆင့်မြှင့်လို့ မရတော့တဲ့အတွက်ကြောင့်ပါ။ ဒက်(စ်)တော့ လို အဆင်မြှင့်ချင်ပါက ဟိုလဲဒီလဲ လက်တော့ပ်မှာ လဲလှယ်လို့ မရပါ။


၁။ သာမန်ကာလျှံကာသုံး လက်တော့ပ်
အင်တာနက် အသုံးပြုဖို့၊ အီးမေးလ် အ၀င်အထွက် စစ်ဆေးဖို့၊ ချက်ရွမ် ထိုင်ဖို့၊ သီချင်း နားထောင်ဖို့၊ ဗီဒီယို ကြည့်ဖို့အတွက်လောက်ပဲ လက်တော့ပ်ကို သုံးချင်ရင်တော့ သင်ဟာ သာမန်ကာလျှံကာသုံး လက်တော့ပ်ကိုပဲ ၀ယ်ပါ။ ဒါပေမယ့် ခက်တာက ရေပေါ်ဆီ လူအများစုဟာ ဒီလောက်သာ သုံးတတ်တာကိုပဲ သူတို့က ရေကြီးခွင်ကျယ်လုပ်ပြီး တကယ့်အကောင်းစား လက်တော့ပ်ကို ဈေးကြီးပေး ၀ယ်ထားကြတယ်။ သူတို့ရဲ့ ဂိုက်ဟန်ပန်ကိုကြည့်ပြီး အရောင်းဆိုင်က မဒီချောတွေ အကောင်းစား လက်တော့ပ်ကို မ၀ယ် ၀ယ်ဖြစ်အောင် တိုက်တွန်းတာလည်း ပါတယ် ထင်ပါရဲ့။

အဲ..ဈေးချိုချိုနဲ့ ၀ယ်ထားတဲ့ (သစ်ပေမယ့် မော်ဒယ်အောက်နေတဲ့) လက်တော့ပ်ကိုလည်း အထင်မစမောလ်နဲ့။ သူ့ရဲ့ ပုံသဏ္ဌာန်က ကြည့်မလှ၊ ထူနေပေမယ့် ခုခေတ် အများစု အသုံးချနေသလောက် (စာရိုက်၊ သီးချင်းနားထောင်၊ ဗီဒီယိုကြည့်လောက်) ကတော့ သူက အပျော့ပေါ့။ ဆော့ဝဲလ် အားလုံးနီးပါး အင်စတောလ် လုပ်လို့ရတယ်၊ သုံးလို့ရတယ်လေ။ ဘာပဲဖြစ်ဖြစ် လက်တော့ပ်ဈေးကွက်က တနေ့တခြား ဈေးနှုန်းတွေ ကျဆင်းနေတော့ ဈေးချိုတဲ့ လက်တော့ပ်ကို ၀ယ်ထားတဲ့သူက တပန်းသာတာပဲ။ အဆင့်ထပ်မြှင့်လို့ မရတာတောင်မှ ဒီအဟောင်းကို စွန့်ပြီး နောက်ထပ်အသစ် ၀ယ်ဖို့ လက်မတွန့်တော့ဘူးပေါ့။

သာမန်ကာလျှံကာသုံး လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။

ဈေးနှုန်း
သာမန်ကာလျှံကာသုံး လက်တော့ပ်အတွက်နဲ့ ဒေါ်လာ ၆၀၀ ထက် ပိုမသုံးသင့်ပါ။ ခုခေတ်ထုတ် လက်တော့ပ်ကို ဒေါ်လာ ၄၀၀ ၀န်းကျင် ရနေပါပြီ။

မမ်မိုရီ (မှတ်ညာဏ်)
၂-ဂျီဘီ ရမ်ဆို ရလောက်ပါပြီ။ တကယ်လို့များ တစ်ပြိုင်တည်း တပ်ဂ်ျ (ဘရောက်ဆာ) နှစ်ခု သုံးခု ဖွင့်မထားရင် ၁-ဂျီဘီ ရမ်လောက်တောင် ရတယ်။

ဂရပ်ဖစ်ကဒ်
ဂရပ်ဖစ်ကဒ်ကို ဗီဒီယိုကဒ်၊ ဒစ်(စ်)ပလေကဒ်၊ ပီစီအိုင်ကဒ်ရယ်လို့ အမျိုးမျိုး ခေါ်ဆိုကြသေးတယ်။ ရုပ်ပုံကို ပိုမိုကြည်လင်တောက်ပအောင် စွမ်းဆောင်ပေးတဲ့ ကဒ်အမျိုးအစား ဖြစ်တယ်။ လက်တော့ပ်တိုင်း ဂရပ်ဖစ်ကဒ် မပါပေမယ့်၊ လက်တော့ပ်တိုင်း ဂရပ်ဖစ်က မရှိမဖြစ်ပါ။ ဆိုလိုတာက ဂရပ်ဖစ်ကဒ် မပါဝင်တဲ့ လက်တော့ပ်အတွက် မမ်မိုရီကဒ်ကပဲ ရုပ်ပုံအတွက် တာဝန်ယူပေးရတယ်။ မမ်မိုရီကဒ်ကနေ တစ်ဝက်ဖြစ်ဖြစ် သုံးပုံးတစ်ပုံးဖြစ်ဖြစ် ဂရပ်ဖစ်အတွက် ရှယ်ပေးရတယ်။ ဒါကြောင့် ကွန်ပျူတာ အနည်းငယ် နှေးတတ်တယ်။

ဂရပ်ဖစ်ကဒ် ပါဝင်တဲ့ လက်တော့ကတော့ မာသာဘုတ်မှာ သီးသန့်ကဒ်ဖြင့် စိုက်ထားတယ်။ သူ့ရဲ့စွမ်းဆောင်မှုပေါ် မူတည်ပြီး ရုပ်ပုံ ကြည်လင်ခြင်း၊ ထစ်အံ့ခြင်း ဖြစ်တတ်တယ်။ မမ်မိုရီနဲ့ မဆိုင်တော့ဘူး။ (မမ်မိုရီနဲ့ မဆိုင်ဘူး ပြောပေမယ့် မမ်မိုရီနဲ့ ကင်းလို့တော့ မရပါ။) ထည့်ထားတဲ့ ဂရပ်ဖစ်ကဒ် ကောင်းရင် ကောင်းသလို ရုပ်ပုံတွေက ကြည်လင်ပြတ်သားပြီး မြန်ဆန်စွာ ပြသပေးနိုင်တယ်။ သာမန်ကာလျှံကာသုံး လက်တော့ပ်အတွက်ကတော့ ဂရပ်ဖစ်ကဒ် သီးသန့် မလိုပါဘူး။ မမ်မိုရီ ကနေ ရှယ်ယာပေးထားတဲ့ ဂရပ်ဖစ်အတွက်နဲ့ပဲ လုံလောက်လှပါပြီ။

၂။ ခရီးဆောင်သုံး လက်တော့ပ်
အမြဲတမ်း ခရီးသွားနေရသူအဖို့တော့ ခရီးဆောင်သုံး လက်တော့ပ်ကို ရွေးဝယ်ပေါ့။ ခရီးဆောင်သုံး ဖြစ်တဲ့အတွက် သေးငယ်ပြီး ပေါ့ပါးတဲ့ လက်တော့ပ်ကို ရွေးချယ်ဖို့ မမေ့ပါနဲ့။ လက်တော့ပ် နည်းပညာကတော့ ပါးသထက် ပါးအောင်၊ စွမ်းဆောင်ရည် မြင့်သထက် မြင့်အောင် အပြိုင် ထုတ်လုပ်နေကြတယ်မို့လား။ အဲ.. ဘက္ထရီသက်တမ်း တာရှည်ခံ သုံးစွဲနိုင်တဲ့ လက်တော့ပ် ကိုလည်း ဦးစားပေးသင့်တယ်။ တစ်ချို့လက်တော့ပ်တွေက ၃-နာရီကနေ ၁၀ နာရီအထိ ဘက္ထရီ ခံတယ်။

ခရီးဆောင်သုံး လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။


အလေးချိန်
အလေးချိန်ကတော့ အရေးပါတယ်။ လက်တော့ပ် မူအရဆိုရင် ပါးလွှားလေ ဈေးကြီးလေပဲ။ ၂-ကီလိုနဲ့ ၂-ကီလိုအောက်ရှိတဲ့ လက်တော့ပ်ကိုပဲ ရွေးဝယ်ပါ။ လေးနေမယ်ဆိုရင် သွားလေရာ သယ်ယူရတာ မသက်သာလှဘူး။

ဘက္ထရီသက်တမ်း

လျှပ်စစ်မီး ရမယ့်နေရာနဲ့ ဘယ်လောက်ကြာကြာ ဝေးကွာ နေရမယ်ဆိုတာကို တွက်ချက်ပြီး ချင့်ချိန် ၀ယ်ပါ။ အမြဲတမ်း လမ်းခရီးမှာပဲ အချိန်ကုန်နေမယ်ဆိုရင် ၈-နာရီလောက်ခံ ဘက္ထရီသက်တမ်း ရှိတဲ့ လက်တော့ပ်ကို ၀ယ်သုံးပါ။ (အိပ်ချိန်မှာ မီးအား ပြန်သွင်းရုံပေါ့)။
ဒါပေမယ့် အခုထုတ် လက်တော့ပ်အများစုကတော့ ဘက္ထရီသက်တမ်း ၄-နာရီနဲ့ ၅-နာရီကြာလောက်ပဲ ခံကြတယ်။ ၁၂-နာရီလောက် တာရှည်သုံးစွဲနိုင်တဲ့ လက်တော့ပ် ထုတ်နေပြီလို့ ကြားရတယ်။ ရှာဝယ်ပါ။

အရွယ်အစား
ခရီးဆောင်ဖြစ်တဲ့အတွက် မော်နီတာ ၁၃-လက်မထက် ပိုမကြီးရင် အဆင်ပြေမယ်။ ဒါပေမယ့် သေးငယ်လေ ပိုကောင်းလေပေါ့။ ၁၀-လက်မဆို အနေတော်ပေါ့။ ဒီဇိုင်းတို့ ဘာတို့ သိပ်လုပ်စရာမရှိရင် Netbook (နက်ဘုတ်) ကိုသာ ရွေးဝယ်ဖို့ ကောင်းတယ်။ အပါးလွှာဆုံး လက်တော့ပ်ကတော့ ၃-စင်တီမီတာပဲ ထူတယ်။


ဒရိုက် (DVC-drive/ HD-drive)
ဗီစီဒီ၊ ဒီဗီဒီ-ဒရိုက် တပ်ဆင်မထားရင် လက်တော့ပ်က ပိုပါးတယ်။ ၀ိတ်ချိန် ပိုနည်းတယ်။ တကယ်လို့ ဗီဒီယို ကြည့်ရမှာတို့၊ အခွေခုတ်ရမှာတို့ ရှိခဲ့ရင် အပြင်ဒရိုက် External Drive နဲ့ တွဲသုံးပေါ့။
ဗီစီဒီ၊ ဒီဗီဒီ-ဒရိုက် မပါခဲ့ရင် ဟတ်ဒစ်-ဒရိုက်ကို သိုလှောင်နိုင်တဲ့ မမာဏများများ ရွေးယူပါ။ ဟတ်ဒစ်-အနည်းဆုံး ၂၃၀ ဂျီဘီကနေ ၅၀၀ ဂျီဘီအထိ ရွေးဝယ်ပါ။
-ဆက်ရန်-

Mar 22, 2012

Ph.D ၀င်ခွင့် စာမေးပွဲ ကျင်းပမည်


၂၀၁၂-ခုနှစ်အတွက် Ph.D ၀င်ခွင့် စာမေးပွဲ ဖြေဆိုမည့်ရက်ကို မွန်ဘိုင်းတက္ကသိုလ်ကနေ ဒီကနေ့ (22-03-2012) ထုတ်ပြန်လိုက်ပါတယ်။ ၀ိဇ္ဇာ၊ စီးပွားရေး၊ သိပ္ပံ၊ ဥပဒေနှင့် နည်းပညာ ဘာသာရပ် အသီးသီးတို့တွင် သုတေသန လုပ်မည့် ကျောင်းသား/သူများ Ph.D ၀င်ခွင့် စာမေးပွဲအတွက် ဖောင် (Application Form) တင်နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

Ph.D ၀င်ခွင့် စာမေးပွဲ ကျင်းပမည့်ရက်
၂၀၁၂-ခုနှစ်၊ ဧပြီလ ၂၈-ရက် (28-04-2012) စနေနေ့ ၊

Ph.D ၀င်ခွင့် စာမေးပွဲ ကျင်းပမည့်အချိန်
နံနက်ပိုင်း ၁၁-နာရီမှ မွန်းလွဲပိုင်း ၂ နာရီအထိ (ဖြေဆိုချိန် ၃-နာရီတိတိ)

Ph.D ၀င်ခွင့် ဖောင် စတင်ရမည့်ရက်
၂၀၁၂-ခုနှစ်၊ မတ်ခ်ျ ၂၂-ရက် (22-03-2012) ကြာသပတေးနေ့ ၊

Ph.D ၀င်ခွင့် ဖောင် ပိတ်မည့်ရက်
၂၀၁၂-ခုနှစ်၊ ဧပြီလ ၁၃-ရက် (13-04-2012) သောကြာနေ့ ၊

Ph.D ၀င်ခွင့် ဖြေဆိုနိုင်သူများ
အထက်ဖော်ပြပါ ဘာသာရပ်အသီးသီးတို့တွင် ဘွဲ့လွန် ရသူများ မွန်ဘိုင်းတက္ကသိုလ်က ထုတ်ပြန်ထားသည့် စည်းမျဉ်းဥပဒေ ( VCD No. Exam./Thesis/ Univ./ VCD/ 2414 of 2010) တို့နှင့် ညီညွတ်သူ ဖြစ်ရပါမည်။

Ph.D ၀င်ခွင့် ကြေး
ဖောင်တင်သည့်အခါ ရူပီး ၁၅၀၀ ကို တစ်ပါးတည်း ပေးသွားရပါမည်။ (၀င်ခွင့်မှတ်ပုံတင်ကြေး ရူပီး ၁၀၀၀ နှင့် အထွေထွေအသုံးစရိတ် ရူပီး ၅၀၀)

Ph.D ၀င်ခွင့် ပြဌာန်းစာ
စာရင်းပါ ဘာသာရပ်များသည် သုတေသန ပြုလုပ်နိုင်မည့် ဘာသာရပ် ဖြစ်သည်။ ဘွဲ့လွန် ရရှိထားသည့် ဘာသာရပ်ဖြင့်သာ သုတေသန ပြုလုပ်ရသည့်အားလျှော်စွာ ဘွဲ့လွန်ဘာသာရပ်တို့၏ ပြဌာန်းစာများအတိုင်းသာ ပြဌာန်းပါမည်။ (စာရင်းပါ ဘာသာရပ်ကို ကြည့်လိုပါက Annexure – iii ကိုကြည့်ပါ။)

Ph.D ၀င်ခွင့် ရမှတ်၊ အောင်မှတ်နှင့် ကြွင်းကျန်သည့် အချက်အလက်များကို ၂၀၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆-ရက်နေ့တွင် ကျင်းပခဲ့သည့် Ph.D ၀င်ခွင့် စည်းမျဉ်းများအတိုင်း အတည် ဖြစ်ပါသည်။

အသေးစိတ် သိလိုပါက မွန်ဘိုင်းတက္ကသိုလ် ၀က်ဆိုဒ် http://www.mu.ac.in/phdentrancenote.html တွင်လည်းကောင်း၊ အသေးစိတ် မေးမြန်းလိုပါက အခန်းနံပါတ် ၁၂၉၊ ပထမထပ်၊ ကျမ်းပြုဌာန (Thesis Section)၊ မွန်ဘိုင်းတက္ကသိုလ်သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

Mar 12, 2012

မိုဘိုင်းရဲ့ အပိုင်းအစ (၁)

ဆမ်ဆောင်းမိုဘိုင်းဖုန်း

ဖုန်းခေါ် ရရုံလေး အခြေခံ နည်းပညာ အနည်းငယ်ကိုသာ ထည့်သွင်းထားတဲ့ အဆင့်နိမ့် မိုဘိုင်းဖုန်းတွေကို “ပုံစံဖုန်း” လို့ ခေါ်ဆိုကြပြီး၊ ကွန်ပျူတာနည်းပညာကဲ့သို့ အသုံးချဆော့ဝဲလ်တွေကို ထည့်သွင်းပြီး အဆင့်မြှင့်ထားတဲ့ မိုဘိုင်ဖုန်းတွေကို “စမတ်ဖုန်း” လို့ ခေါ်ဆိုကြတယ်။

မိုဘိုင်းဖုန်း
ဖုန်းဆိုတာ ရေဒီယို ချိတ်ဆက်မှုကနေ တစ်ဆင့် တယ်လီဖုန်း ခေါ်ဆိုမှုအတွက် အသုံးချတဲ့ ကိရိယာ တစ်ခု ဖြစ်ပါတယ်။ ဆက်သွယ်မှု ဧရိယာအတွင်း သွားလေရာ သယ်ဆောင်သွားနိုင်တာကို အကြောင်းပြုပြီး မိုဘိုင်း (ရွှေ့ပြောင်း) ဖုန်းလို့ ခေါ်ဆိုတာပါ။ ဒါကြောင့် အကြမ်းဖျင်းအားဖြင့် သွားလေရာ ဆက်သွယ်ခေါ်ပြောနိုင်တဲ့ ကိရိယာကို မိုဘိုင်းဖုန်းလို့ အလွယ်တကူ ခေါ်ဆိုကြပါတယ်။ မိုဘိုင်းဖုန်းကို အခြားအမည်ဖြစ်တဲ့ ဆယ်လူလာဖုန်း၊ ဆဲလ်ဖုန်းနှင့် ဟမ်းဖုန်း လို့လည်း အမျိုးမျိုး ခေါ်ဆိုကြပါသေးတယ်။

ဆယ်လူလာ ကွန်ရက်ကနေတစ်ဆင့် မိုဘိုင်းဖုန်း အော်ပရေတာက လူထုဆက်သွယ်မှုကို စီစဉ်ပေးရတာပါ။ မိုဘိုင်းဖုန်းနှင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ ကော်လက်ဖုန်းကတော့ သွားလေရာကို ယူဆောင်သွားနိုင်တာပါပဲ။ ဒါပေမယ့် ဒါကို မိုဘိုင်းဖုန်းလို့ မခေါ်ဆိုကြဘူး။ အကြောင်းကတော့ ကြိုးဖုန်းလိုင်းကနေတစ်ဆင့် ဆက်သွယ်ရတာရယ်၊ အထိုင်ဖုန်းနဲ့ သတ်မှတ်တဲ့ အကွာအဝေး ဧရိယာက ကျဉ်းမြောင်းတာရယ်ကြောင့်ပါ။

နောက်ပိုင်း မိုဘိုင်းဖုန်း ဆက်သွယ်မှုကို မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက တစ်ဆင့်ပြီးတစ်ဆင့် ထပ်မြှင့်ခဲ့ကြပါတယ်။ အတိုကောက် မက်ဆေ့ခ်ျ၊ စာမက်ဆေ့ခ်ျ၊ ပုံ၊ အသံဖိုင် မက်ဆေ့ခ်ျ အပြန်အလှန် ပို့ပေးနိုင်ခြင်း စသည့် ၀န်ဆောင်မှုတွေကို ထည့်သွင်း တိုးမြှင့်ခဲ့တာပါ။ နောက်ဆုံးပေါ် ထုတ်တဲ့ မိုဘိုင်းများကို စမတ်ဖုန်းလို့ ခေါ်လာကြတယ်။ အကြောင်းမှာ ကွန်ပျူတာ လုပ်ဆောင်ချက်များ ဖြစ်တဲ့ ဂိမ်း ဆော့ကစားခြင်း၊ စီးပွါးရေးအချက်အလက်များ ပေးပို့ခြင်းကို မိုဘိုင်းဖုန်းအတွင်းရှိ ၀ါယာလက်၊ ဘလူတု(တ်) မှတစ်ဆင့် ပေးပို့နိုင်သောကြောင့် ဖြစ်တယ်။ အကျဉ်းပြောရရင် အင်တာနက် ချိတ်ဆက်နိုင်တဲ့ မိုဘိုင်းဖုန်းများကို စမတ်ဖုန်းလို့ ခေါ်ဆိုတာပါ။


 
မိုဘိုင်းဖုန်း အဆင့်ဆင့် တိုးတက်လာပုံ
 
မိုဘိုင်းဖုန်း ဇစ်မြစ်
အစောဆုံးဖြစ်တဲ့ လက်ကိုင်ဖုန်း (မိုဘိုင်းဖုန်း) ကို ၁၉၇၃-ခုနှစ်တွင် မော်တော်ရိုလာ ကုမ္ပဏီမှ ဒေါက်တာ မာတင်ကူးပါ-က စမ်းသပ် ထုတ်လုပ်ခဲ့တာပါ။ ဒီလက်ကိုင်ဖုန်းရဲ့ အလေးချိန်က ၁-ကီလိုကျော် (၅၆-ကျပ်သား) လောက် ရှိတယ်။ နောက် ၁၀ နှစ်အကြာ ၁၉၈၃ ခုနှစ်တွင် မော်တော်ရိုလာ ကုမ္ပဏီကပဲ ဒီနတက်ခ် (Dyna TAC) လိုခေါ်တဲ့ လက်ကိုင်ဖုန်းကို စီးပွားဖြစ် ထုတ်လုပ်ခဲ့တယ်။ အနှစ် ၂၀ ကာလအတွင်းဖြစ်တဲ့ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၁-ခုနှစ်အထိ မိုဘိုင်းဖုန်းတွေဟာ လုံးရေ ၁၂ သန်းခွဲကနေ သန်းပေါင်း ၆-ထောင်နီးပါး ကမ္ဘာ့အနှံ့အပြားရှိ သုံးစွဲသူထံသို့ ကုမ္ပဏီပေါင်းစုံကနေ ထုတ်လုပ်ရောင်းချခဲ့ကြတယ်။ စီးပွားရေး တိုးတက်မှုကို ရည်ရွယ်ပြီး ဈေးကွက် ထိုးဖောက်မှုနှင့်အတူ ပိရမစ်အောက်ခြေ တုန့်ပြန်မှု အရပါ မိုဘိုင်းဈေးကွက်ကို ချဲ့ထွင်ခဲ့ကြတယ်။

မှတ်ချက်။ (ပိရမစ်အောက်ခြေ စီးပွားရေး ဆိုတာ - လူဦးရေအများဆုံးနှင့် အနွမ်းပါးဆုံး စားသုံးသူကို ရည်ရွယ်ပြီး ကုန်ပစ္စည်း ထုတ်လုတ်ခြင်းကို ဆိုလိုတယ်။ ပိရမစ် တစ်ခုတွင် အောက်ခြေ အစိတ်အပိုင်းသည် အကြီးဆုံးဖြစ်တာကို ရည်ရွယ်ပြီး ဈေးကွက်စီးပွားရေးစနစ်တွင် ဤနာမည်ကို ယူသုံးထားခြင်း ဖြစ်တယ်။)

မိုဘိုင်းဖုန်း သမိုင်းကြောင်း
မိုဘိုင်ဖုန်းကတော့ ရှည်လျားတဲ့ နောက်ခံ သမိုင်းကြောင်းနဲ့ပါ။ ကနေဒါဖွား အမေရိကန်နိုင်ငံသား ရက်ဂျင်နယ် ဖက်စင်ဒင်ရဲ့ တီထွင်ခဲ့တဲ့ ရေကြောင်းသုံး ရေဒီယိုဖုန်းနဲ့ကို သမိုင်းကောက်ရမှာပါ။ ဒုတိယကမ္ဘာစစ်အတွင်းက စတင်အသုံးပြုခဲ့တဲ့ စစ်သုံး ရေဒီယိုလှိုင်း ဆက်သွယ်မှုမှသည် ၁၉၅၀ ပြည့်နှစ်များတွင် လူထုသုံး တယ်လီဖုန်းဆီသို့ မိုဘိုင်းဖုန်းသမိုင်းက ရှည်လျားလှပါတယ်။


ဒေါက်တာ မာတင်ကူးပါ
 ကားတစ်စီးကနေ ပထမဦးဆုံး တယ်လီဖုန်း ခေါ်ဆိုနိုင်တာက ၁၉၄၆၊ ဇွန်လ ၁၇-ရက်နေ့ပါ။ နေရာကတော့ အမေရိကန်နိုင်ငံ၊ မစ်ဆော်ရီပြည်နယ်က စိန့်လူဝစ် ဆိုတဲ့ မြို့လေးကပါ။ အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဘယ်လ်စစ်စတမ် (ခေါင်းလောင်းစနစ်) ရဲ့ မိုဘိုင်းတယ်လီဖုန်း ၀န်ဆောင်မှုနဲ့ စတင်ခဲ့တာပါ။ (အဲဒီကုမ္ပဏီဟာ ယနေ့နာမည်ကြီးနေတဲ့ အပ်ပယ်ကုမ္ပဏီသုံး မိုဘိုင်းစင်းကဒ်ဖြစ်တဲ့ အေတီနှင့်တီကုမ္ပဏီရဲ့ မြစ်ဖျားခံ ကုမ္ပဏီတစ်ခု ဖြစ်တယ်။) ၁၉၅၆ ခုနှစ်ကျတော့ အေ (သို့မဟုတ်) အမ်တီအေလို့ ခေါ်တဲ့ ကမ္ဘာ့ ပထဦးဆုံး မော်တော်ကားသုံး အော်တိုမစ်တစ် မိုဘိုင်းဖုန်းစနစ်ကို ဆွိဒင်နိုင်ငံမှာ စတင်ဖြန့်ချိနိုင်ခဲ့တယ်။ ဒီမိုဘိုင်းဖုန်းမှာ ဖန်ပြွန်အလွတ်နှင့် ခလုတ်အဖွင့်အပိတ် စနစ်ကို အသုံးပြုခဲ့တာပါ။ အလေးချိန်ကတော့ ၄၀ ဂရမ်လောက် ရှိပါသေးတယ်။

မော်တော်ရိုလာကုမ္ပဏီရဲ့ သုတေသနသမား ဒေါက်တာမာတင်ကူးပါဟာ အလွတ် လက်ကိုင်ဖုန်းကို ပထဦးဆုံး တီထွင်သူအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဘယ်လ်လဗ်လို့ခေါ်တဲ့ ခေါင်းလောင်းသုံးစနစ် စမ်းသပ်ခန်းကနေ သီးခြား လက်ကိုင်ဖုန်းအဖြစ် ခွဲထွက်နိုင်ခဲ့တာကိုး။ အရင်ပညာရှင်တွေကတော့ ယာဉ်မှာ တပ်ဆင်တဲ့ ဖုန်းတွေကိုသာ တီထွင်နိုင်ခဲ့တယ်မို့လား။ ၁၉၇၃ ခုနှစ်၊ ဧပြီလ ၃-ရက်နေ့တွင် မာတင်ကူးပါဟာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဘယ်လ်လဗ်က အင်ဂျင်နီယာ ဂျိုလ်အက်စ်အီဂဲလ်ထံသို့ ပထမဦးဆုံး လက်ကိုင်ဖုန်း အသုံးပြုပြီး ခေါ်ဆိုခဲ့တယ်။ လက်ကိုင်ဖုန်းက ကြီးလည်းကြီး လေးလည်းလေးနေတော့ တစ်ခါတရံ အထိုင်စက်ကို အောက်ချကာ မိုဒန် (တစ်ဆင့်ခံစက်) ဖြင့် ပြောခဲ့ရတယ်။

၁၉၇၉ ခုနှစ်မှာ ပထမဦးဆုံးဖြစ်တဲ့ အော်တိုဆယ်လူလာ ကွန်ရက်ကိုတော့ အင်တီတီ ကုမ္ပဏီက ဂျပန်နိုင်ငံမှာ စတင်ဖြန့်ချိခဲ့တယ်။ မြေအောက်ရထားရှိ ဘူတာရုံတွေမှာ သုံးဖို့ စမ်းသပ်တဲ့ သဘောပါ။ အလားတူ ၁၉၈၁-ခုနှစ်မှာ နော်ဒစ်မိုဘိုင်းတယ်လီဖုန်း (အင်အမ်တီ) စနစ်နဲ့ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေးနှင့် ဆွိဒင်နိုင်ငံတွေမှာ တပ်ဆင်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံမှာ သုံးစွဲခဲ့တဲ့ ၀မ်းဂျီကွန်ရက်ကိုတော့ ချီကာဂိုအခြေစိုက် အမေရိတက်ခ်ျ ကုမ္ပဏီကနေ ၁၉၈၃-ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တယ်။ မော်တော်ရိုလာကုမ္ပဏီရဲ့ ဒီနတက်ခ်ျ မိုဘိုင်းဖုန်း နည်းပညာကို အသုံးပြုတာပါ။ အဲဒီကနေ စပြီးတော့ တစ်ကမ္ဘာလုံး လိုက်ပြီး သုံးစွဲခဲ့ကြတယ်။ အထူးသဖြင့် ၁၉၈၀ ၀န်းကျင်မှာ ယူနိုက်တက်ကင်းဒမ် (ဂရိတ်ဗြိတိန်)၊ မက္ကစီကိုနဲ့ ကနေဒါတို့က ဒီနည်းပညာကို သုံးစွဲခဲ့ကြတယ်။

နိုကီယာမိုဘိုင်းဖုန်း ဆားကစ်ပြား 

အမေရိကန်နိုင်ငံမှာ ဆဲလ်ဖုန်းတွေ ခြေလှမ်း စချနေတဲ့အချိန် အတောအတွင်း ဖက်ဒရယ် ကွန်မြူနီကေရှင်း ကော်မရှင်က မြို့တစ်မြို့စီအတွက် အော်ပရေတာစခန်း ၂-ခုစီ ချဲ့ထွင်ခဲ့တယ်။ ဒါကတော့ မိမိရဲ့ ဆဲလ်ဖုန်း ၀န်ဆောင်မှုနှင့်အတူ သွားလေရာတိုင်းမှာ သုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး ချဲ့ထွင်တာပါ။

၁၉၉၁-ခုနှစ်မှာ ဒုတိယမျိုးဆက်လို့ခေါ်တဲ့ တူး-ဂျီ ဆဲလ်လူလာ နည်းပညာကို ရေဒီယိုလင်ဂျာ ကုမ္ပဏီကနေ ဖင်လန်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့ပြန်တယ်။ ဒီတစ်ခါ ဂျီအက်စ်အမ် နည်းပညာ အသုံးပြု မိုဘိုင်းဖုန်းနဲ့ပါ။ ဒါဟာလည်း လက်ရှိသုံးစွဲနေတဲ့ ၁-ဂျီ ကွန်ရက်အော်ပရေတာကို ဒီအော်ပရေတာအသစ်က ခြေတစ်လှမ်းတိုး စိန်ခေါ်လိုက်ခြင်းလို့လည်း ဆိုရပါမယ်။

နောက် ၁၀ နှစ်အကြာဖြစ်တဲ့ ၂၀၀၁-ခုနှစ်မှာတော့ တတိယမျိုးဆက်လို့ခေါ်တဲ့ သရီး-ဂျီ နည်းပညာကို ဂျပန်မှာ စတင်သုံးစွဲခဲ့ပြန်တယ်။ ဒလျူစီဒီအမ်အေ နည်းပညာနဲ့ပါ။ အင်တီတီ ဒိုကိုမို ကုမ္ပဏီက ၀န်ဆောင်မှု ပေးတာပါ။ ဒါကလည်း အသစ်အဆန်းတော့ မဟုတ်ပါ။ အဟောင်းနည်းပညာကို ထပ်မြှင့်လိုက်တဲ့ သဘောပါပဲ။ သရီးပွိုင့်ဖိုက်-ဂျီ၊ သို့မဟုတ် သရီး-ဂျီပလပ်၊ သို့မဟုတ် တာဘို သရီး-ဂျီ နည်းပညာကို မြန်နှုန်းမြင့် လက်ခံနိုင်တဲ့ ဒေတာကို မြှင့်တင်ခဲ့ခြင်း ဖြစ်တယ်။ ယူအမ်တီအက်စ် ကွန်ရက်က လက်ခံရယူပြီး အချက်အလက်များနဲ့ သိုလှောင်မှုပမာဏကို မြန်နှုန်းမြင့်နည်းနဲ့ လွှဲပြောင်းပေးတာပါ။


စင်းကဒ် နမူနာ 

မိုဘိုင်းဖုန်း အသွင်သဏ္ဌာန်
မိုဘိုင်းဖုန်း အားလုံးမှာတော့ ဘုံဆိုင် (ယေဘုယျသဘော) ပုံသဏ္ဌာန်တစ်ခု အတူအညီ ရှိကြမြဲပါ။ ဒါပေမယ့် မိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ စက်ရုံအများစုက သူတို့ရဲ့ ထုတ်ကုန်ကို အများနဲ့မတူ တမူထူးခြားအောင် ကြိုးစား ထုတ်လုပ်လေ့ရှိတယ်။ ၀ယ်ယူသုံးစွဲသူများအကြိုက် လုပ်ဆောင်ချက် အပိုများကို ထည့်သွင်းပေးကြတာပါ။ ဒီအချက်ကပဲ အနှစ် ၂၀ ကာလအတွင်း မိုဘိုင်းဖုန်းရဲ့ ကြီးကျယ်တဲ့ တီထွင်မှုနဲ့ တစ်စစ တိုးတက်လာတဲ့ အကြောင်းရင်းတွေပါ။
မိုဘိုင်းဖုန်းတိုင်း တူညီမှု ရှိကြတဲ့ (ယေဘုယျ) လက္ခဏာသွင်ပြင်များမှာ-
၁။ ဘက္ထရီ (ဖုန်းအတွင်းရှိ လုပ်ဆောင်ချက်အားလုံးကို ထောက်ပံ့ပေးတဲ့ ပါဝါ)
၂။ အချက်အလက် ဖြည့်သွင်းမှု တန်ဆာပလာ (ခလုတ်ခုံ၊ တို့ထိ မျက်နှာပြင် စသည်များ)
၃။ အနိမ့်ဆုံးအားဖြင့် ဖုန်းခေါ်ဆိုနိုင်မှု၊ စာအတိုအထွာ (မက်ဆေ့ခ်ျ) ပေးပို့နိုင်မှု
၎။ ဂျီအက်စ်အမ် အားလုံးကို စင်းကဒ် ထည့်သွင်းပြီး လိုင်းအချင်းချင်း ဆက်သွယ်နိုင်မှု၊ စီဒီအမ်အေ ဖုန်းများမှာလည်း အလားတူ အာရ်-ယူအိုင်အမ် ကဒ်ကို ထည့်သွင်းပြီး ဆက်သွယ်ရသည်။
၅။ တစ်ဦးသုံးဖြစ်တဲ့ ဂျီအက်စ်အမ်၊ ဒဗလျူစီဒီအမ်အေ၊ အိုင်ဒီအီးအင်နဲ့ အချို့သော ဂြိုဟ်တုဖုန်း အပါအ၀င် ဖုန်းအားလုံးမှာ အိုင်အမ်အီးအိုင်လို့ ခေါ်တဲ့ နိုင်ငံတကာ မိုဘိုင်းဖုန်းကုန်စည် မှတ်ပုံတင်ဌာနအောက်တွင် တိကျတဲ့ ဖုန်းနံပါတ်နဲ့ တစ်စုတစ်စည်းတည်း ရှိနေရခြင်း-တို့ ဖြစ်သည်။

ခြုံငုံပြီး တင်ပြရရင် ဖုန်းခေါ် ရရုံလေး အခြေခံ နည်းပညာ အနည်းငယ်ကိုသာ ထည့်သွင်းထားတဲ့ အဆင့်နိမ့် မိုဘိုင်းဖုန်းတွေကို “ပုံစံဖုန်း” လို့ ခေါ်ဆိုကြပြီး၊ ကွန်ပျူတာနည်းပညာကဲ့သို့ အသုံးချဆော့ဝဲလ်တွေကို ထည့်သွင်းပြီး အဆင့်မြှင့်ထားတဲ့ မိုဘိုင်ဖုန်းတွေကို “စမတ်ဖုန်း” လို့ ခေါ်ဆိုကြတယ်။ ဒီစမတ်ဖုန်းကို ဘလက်ဘာရီရဲ့ ရင်မ်၊ နိုကီယာရဲ့ အင်န်-စီရီး၊ ပမ်လ်ရဲ့ ပရီ၊ အိပ်ခ်ျတီစီရဲ့ ဒရိမ်၊ အပ်ပယ်လ်ရဲ့ အိုင်ဖုန်းတို့က မာလ်တီမီဒီယာစနစ်ကို ထည့်သွင်းပြီး ကွန်ပျူတာတစ်လုံးအလား စမတ်ကျကျ အသုံးပြုနိုင်အောင် တီထွင်ကြခြင်း ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမယ်-

Mar 10, 2012

iPad3 ထွယ်မယ်


ဒီကနေ့ (07-03-2012) Apple ကုမ္ပဏီကနေ iPad3 ကို ထုတ်မယ်လို့ ကြေငြာလိုက်တယ်။ နည်းပညာအသစ်တွေနဲ့ ရင်ခုန်ချင်သူများအတွက် သတင်းကောင်းပါ။ ဒီတစ်ခါ ကြိုတင်ဟောကိန်းထုတ်သမားတွေ ကွက်တိ ဟောကိန်း ထုတ်နိုင်ခဲ့တယ်။ မတ်ခ်ျလ ပထမအပတ်မှာ iPad3 ထွက်မယ်လို့ သူတို့က ကောလာဟလတွေ လွင့်ထားတာကိုး။အဲ.. ကောလာဟလဆိုတဲ့အတိုင်း အားလုံးပြီးပြည့်စုံအောင် ခန့်မှန်းနိုင်တာတော့ မဟုတ်ပါဘူး။ ထွက်မယ့်ရက်ရယ်၊ ထွက်လာမယ့်နာမည် (iPad3) ကို ကွက်တိ ဟောကိန်းထုတ်နိုင်တယ်။ ဒါပေမယ့် နည်းပညာနဲ့ ပတ်သတ်တဲ့အပိုင်းကိုတော့ မြင်လွှာလို့ ခေါ်တဲ့ Retina display ပါဝင်မယ်လို့ ခန့်မှန်းတာ တစ်ခုပဲ မှန်တယ်။ ဒါကိုလည်း iPhone4s ကိုကြည့်ပြီး လာမယ့် iPad3 မှာ ဒီနည်းပညာ ထည့်သွင်း သုံးကိုသုံးရမယ်လို့ ခန့်မှန်းကြတာပါ။

အရင် iPhone4s ထုတ်တုန်းက iPhone5 ထွက်မယ်လို့ ဟောကိန်းထုတ်သမားတွေက ကြိုတင်ဟောထားပေမယ့် လွဲခဲ့တယ်။ မထင်မှတ်တဲ့ ဖြစ်စဉ်ကြောင့် လွဲသွားတာ ဖြစ်နိုင်တယ်။ Steve Jobs ဆုံးသွားတာကို အကြောင်းပြုပြီး သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ iPhone5 ထုတ်ရမယ့်အစား အစီအစဉ်ကို ပြောင်းလဲပြီး iPhone4s (iPhone 4 Steve Jobs) ထုတ်ခဲ့ပုံ ရတယ်။ ထုတ်တဲ့လကတော့ မမှားပါဘူး၊ ၂၀၁၁ နိုဝင်ဘာလပါပဲ။


iPad3 ပုံသဏ္ဌာန်
နဂိုထွက်ပြီးသား iPad၊ iPad2 တို့ထက် ပါးလွှားမယ်၊ ဘက္ထရီသက်တမ်း ကြာရှည်ခံမယ်၊ အလေးချိန် ပိုပေါ့မယ်၊ မျက်နှာပြင်ထောင့်ချိုး ပုံစံအတိုင်း နောက်ကျောထောင့်ချိုးကို ချိုးမယ် .. စတဲ့ ခန့်မှန်းချက်တွေ၊ ဟောကိန်းထုတ်ချက်တွေဟာ တက်တက်စင်အောင် လွဲသွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နဂိုမူလ ပုံသဏ္ဌာန်အတိုင်း တစ်သွေမတိမ်း ထွက်လာလို့ပါပဲ။

ခုထွက်လာမယ့် iPad3 မှာ အားအရဆုံး အချက်ကတော့ CPU (A5) ကို (A5x) သို့ ၂-ဆ တိုးမြှင့်လိုက်သဖြင့် နဂိုရှိရင်းစွဲ iPad2 ထက် ခပ်သွက်သွက် ခပ်မြန်မြန် သုံးစွဲရမှာပါ။ ပြီးတော့ ပုံရိပ်ပြတ်သားမှုက ၂-ဆ သဲကွဲပြတ်သားလာသလို Retina display လို့ခေါ်ဆိုတဲ့ မြင်လွာ (အကြည်ဓာတ်) ကို ထည့်သွင်းလိုက်လို့လည်း ပုံတွေ၊ စာတွေ တအားကို ကြည်လင်သွားမှာပါ။ ဒီလို နည်းပညာအသစ်တွေ ထပ်တိုးမြှင့်ထားလို့လည်း ဖုန်းစင်းကဒ်ကို 3G ကနေ 4G အထိ လိုက်ပါ တိုးမြှင့် ရမယ့်သဘောပါ။

iPad3 ရောင်းမယ့်ရက်
မတ်ခ်ျလ ၇-ရက်နေ့မှာ ထွက်မယ်လို့ Apple ကြေငြာပေမယ့် တကယ့် ရောင်းချမယ့် ရက်က မတ်ခ်ျလ ၁၆-ရက်နေ့ပါ။ မတ်ခ်ျလ ၇-ရက်နေ့က စပြီး အွန်းလိုင်းကနေ တစ်ဆင့် ကြိုတင်မှာလို့ ရတဲ့အကြောင်း သတင်းဌာန ပေါင်းစုံကနေရော၊ Apple Store ကနေပါ ကြေညာထားတယ်။


iPad3 ကို ၀ယ်ဖို့ မျှော်လင့်စော့င်စားနေကြတဲ့ Apple ပစ္စည်း ခရေဇီများအတွက် လာမယ့် မတ်ခ်ျလ ၁၆-ရက်နေ့မှာ ကမ္ဘာနိုင်ငံ အနှံ့အပြားမှာ ၀ယ်ယူသုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။ အဲ.. ကမ္ဘာ့နိုင်ငံ အနှံ့အပြား ဆိုပေမယ့် ကမ္ဘာ့စက်မှု ထွန်းကားတဲ့ နိုင်ငံ ၁၃ နိုင်ငံကသာ ပထမဦးဆုံးအနေနဲ့ ၀ယ်ယူ သုံးစွဲနိုင်မှာပါ။ ဒီအထဲက အေရှားနိုင်ငံဆိုလို့ ဂျပန်၊ တရုတ်၊ ဟောင်ကောင် ၃-နိုင်ငံသာ ပါဝင်သေးတယ်။ ဦးဦးဖျားဖျား သုံးချင်ရင်တော့ အွန်းလိုင်းကနေ ဖြစ်စေ၊ မြန်မာ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံကနေ ဖြစ်စေ မှာယူ တင်သွင်းရမှာပါ။ အဲ.. စောင့်လက်စ မထူးဘူးဆိုရင် ဆက်စောင့်ပါ၊ လာမယ့်သင်္ကြန်အလွန် ဧပြီလလယ်လောက်တော့ ထိုင်း၊ အိန္ဒိယ ဈေးကွက်ထဲ ရောက်မှာပါ။

မြန်မာနိုင်ငံက Apple Retail Store (လက်လီအရောင်းဆိုင်) စာရင်းထဲမှာ မပါဝင်သေးတဲ့အတွက် ပြည်ပကနေ တစ်ဆင့်ပဲ တင်သွင်း သုံးစွဲရဦးမှာပါ။


iPad3 ထူးခြားချက်

Apple ကုမ္ပဏီရဲ့ ထုံးစံအတိုင်း ပစ္စည်းအသစ်တစ်ခု ထုတ်လိုက်တိုင်း အသစ်အဆန်းများ ပါဝင်မြဲပါ။ ခုထုတ်မယ့် iPad3 ကလည်း နည်းပညာ အသစ်တွေနဲ့ အထူးအဆန်းတွေ ဖြည့်စွက်ပေးထားတယ်။ အောက်ဖော်ပြပါ ဇယားကို နှိုင်းယှဉ်ကြည့်ပါက အရင် iPad2 နှင့် ယခုထွက် iPad3 တူညီတဲ့အချက်၊ မတူညီတဲ့ အချက်များကို တွေ့ရှိရမှာပါ-

တူညီသည့် အချက်အလက်များ
New iPad (iPad3) iPad2
ဈေးနှုန်း= တူညီ (ဒေါ်လာ ၄၉၉-မှစတင်) ဈေးနှုန်း= တူညီ (ဒေါ်လာ ၄၉၉-မှစတင်)
(ခုတော့ လျော့ဈေး ဒေါ်လာ ၃၉၉-မှစတင်)
ပမာဏ= တူညီ (16GB, 32GB, 64GB) ပမာဏ= တူညီ (16GB, 32GB, 64GB)
အရောင် = (တူညီ) အဖြူ နှင့် အမည်း အရောင် = (တူညီ) အဖြူ နှင့် အမည်း
ဘက္ထရီသက်တမ်း (တူညီ)
ဝိုင်ဖိုင်ကို အသုံးပြုပြီး အင်တာနက် ရှာ၊ ဗီဒီယိုဖွင့်၊ သီးချင်းနားထောင်ရင် ၁၀-နာရီ။
3G, 4G (စင်းကဒ်) ကို အသုံးပြုပြီး အင်တာနက် ရှာ၊ ဗီဒီယိုဖွင့်၊ သီးချင်းနားထောင်ရင် ၈-နာရီ။
ဘက္ထရီသက်တမ်း (တူညီ)
ဝိုင်ဖိုင်ကို အသုံးပြုပြီး အင်တာနက် ရှာ၊ ဗီဒီယိုဖွင့်၊ သီးချင်းနားထောင်ရင် ၁၀-နာရီ။
3G (စင်းကဒ်) ကို အသုံးပြုပြီး အင်တာနက် ရှာ၊ ဗီဒီယိုဖွင့်၊ သီးချင်းနားထောင်ရင် ၈-နာရီ။

မတူညီသည့် အချက်များ

New iPad (iPad3) iPad2
မြင်လွှာ လို့ခေါ်တဲ့ Retina display ပါဝင် မပါဝင်
ပုံရိပ်ပြတ်သားမှု = ၂၀၄၈x ၁၅၃၆ ပုံရိပ်ပြတ်သားမှု ၁၀၂၄x ၇၆၈
ကင်မရာ = ၅-မီဂါပစ်ဆယ် (iSight)
HD = 1080p
ကင်မရာ = ၃-မီဂါပစ်ဆယ် (Front+Back)
HD = 720p
Wi-Fi + 4G (၀ိုင်ဖိုင်နှင့် ဖိုးဂျီ) Wi-Fi + 3G (၀ိုင်ဖိုင်နှင့် သရီးဂျီ)
အရွယ်အစား
အလျား = ၉.၅၀ (ကိုးလက္မခွဲ)
အနံ = ၇.၃၁ (ခုနှစ်လက္မ တစ်မတ်ကျော်)
စောက်= ၀.၃၇ လက္မ (လက်မ၀က်မပြည့်)
(၀.၀၃ လက္မ ပိုထူတယ်)
အရွယ်အစား
အလျား = ၉.၅၀ (ကိုးလက္မခွဲ)
အနံ = ၇.၃၁ (ခုနှစ်လက္မ တစ်မတ်ကျော်)
စောက်= ၀.၃၄ လက္မ (လက်မ၀က်မပြည့်)
(၀.၀၃ လက္မ ပိုပါးတယ်)
အလေးချိန် = ၁.၄၄ ပေါင် (၆၅၂ ဂရမ်)
(၅၁ ဂရမ် ပိုလေးတယ်)
ဖိုင်ဝိုင်အတွက်သာ
အလေးချိန် = ၁.၃၃ ပေါင် (၆၀၁ ဂရမ်)
(၅၁ ဂရမ် ပိုပေါ့တယ်)
ဖိုင်ဝိုင်အတွက်သာ