Pages

Ads 468x60px

Labels

Mar 12, 2012

မိုဘိုင်းရဲ့ အပိုင်းအစ (၁)

ဆမ်ဆောင်းမိုဘိုင်းဖုန်း

ဖုန်းခေါ် ရရုံလေး အခြေခံ နည်းပညာ အနည်းငယ်ကိုသာ ထည့်သွင်းထားတဲ့ အဆင့်နိမ့် မိုဘိုင်းဖုန်းတွေကို “ပုံစံဖုန်း” လို့ ခေါ်ဆိုကြပြီး၊ ကွန်ပျူတာနည်းပညာကဲ့သို့ အသုံးချဆော့ဝဲလ်တွေကို ထည့်သွင်းပြီး အဆင့်မြှင့်ထားတဲ့ မိုဘိုင်ဖုန်းတွေကို “စမတ်ဖုန်း” လို့ ခေါ်ဆိုကြတယ်။

မိုဘိုင်းဖုန်း
ဖုန်းဆိုတာ ရေဒီယို ချိတ်ဆက်မှုကနေ တစ်ဆင့် တယ်လီဖုန်း ခေါ်ဆိုမှုအတွက် အသုံးချတဲ့ ကိရိယာ တစ်ခု ဖြစ်ပါတယ်။ ဆက်သွယ်မှု ဧရိယာအတွင်း သွားလေရာ သယ်ဆောင်သွားနိုင်တာကို အကြောင်းပြုပြီး မိုဘိုင်း (ရွှေ့ပြောင်း) ဖုန်းလို့ ခေါ်ဆိုတာပါ။ ဒါကြောင့် အကြမ်းဖျင်းအားဖြင့် သွားလေရာ ဆက်သွယ်ခေါ်ပြောနိုင်တဲ့ ကိရိယာကို မိုဘိုင်းဖုန်းလို့ အလွယ်တကူ ခေါ်ဆိုကြပါတယ်။ မိုဘိုင်းဖုန်းကို အခြားအမည်ဖြစ်တဲ့ ဆယ်လူလာဖုန်း၊ ဆဲလ်ဖုန်းနှင့် ဟမ်းဖုန်း လို့လည်း အမျိုးမျိုး ခေါ်ဆိုကြပါသေးတယ်။

ဆယ်လူလာ ကွန်ရက်ကနေတစ်ဆင့် မိုဘိုင်းဖုန်း အော်ပရေတာက လူထုဆက်သွယ်မှုကို စီစဉ်ပေးရတာပါ။ မိုဘိုင်းဖုန်းနှင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ ကော်လက်ဖုန်းကတော့ သွားလေရာကို ယူဆောင်သွားနိုင်တာပါပဲ။ ဒါပေမယ့် ဒါကို မိုဘိုင်းဖုန်းလို့ မခေါ်ဆိုကြဘူး။ အကြောင်းကတော့ ကြိုးဖုန်းလိုင်းကနေတစ်ဆင့် ဆက်သွယ်ရတာရယ်၊ အထိုင်ဖုန်းနဲ့ သတ်မှတ်တဲ့ အကွာအဝေး ဧရိယာက ကျဉ်းမြောင်းတာရယ်ကြောင့်ပါ။

နောက်ပိုင်း မိုဘိုင်းဖုန်း ဆက်သွယ်မှုကို မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက တစ်ဆင့်ပြီးတစ်ဆင့် ထပ်မြှင့်ခဲ့ကြပါတယ်။ အတိုကောက် မက်ဆေ့ခ်ျ၊ စာမက်ဆေ့ခ်ျ၊ ပုံ၊ အသံဖိုင် မက်ဆေ့ခ်ျ အပြန်အလှန် ပို့ပေးနိုင်ခြင်း စသည့် ၀န်ဆောင်မှုတွေကို ထည့်သွင်း တိုးမြှင့်ခဲ့တာပါ။ နောက်ဆုံးပေါ် ထုတ်တဲ့ မိုဘိုင်းများကို စမတ်ဖုန်းလို့ ခေါ်လာကြတယ်။ အကြောင်းမှာ ကွန်ပျူတာ လုပ်ဆောင်ချက်များ ဖြစ်တဲ့ ဂိမ်း ဆော့ကစားခြင်း၊ စီးပွါးရေးအချက်အလက်များ ပေးပို့ခြင်းကို မိုဘိုင်းဖုန်းအတွင်းရှိ ၀ါယာလက်၊ ဘလူတု(တ်) မှတစ်ဆင့် ပေးပို့နိုင်သောကြောင့် ဖြစ်တယ်။ အကျဉ်းပြောရရင် အင်တာနက် ချိတ်ဆက်နိုင်တဲ့ မိုဘိုင်းဖုန်းများကို စမတ်ဖုန်းလို့ ခေါ်ဆိုတာပါ။


 
မိုဘိုင်းဖုန်း အဆင့်ဆင့် တိုးတက်လာပုံ
 
မိုဘိုင်းဖုန်း ဇစ်မြစ်
အစောဆုံးဖြစ်တဲ့ လက်ကိုင်ဖုန်း (မိုဘိုင်းဖုန်း) ကို ၁၉၇၃-ခုနှစ်တွင် မော်တော်ရိုလာ ကုမ္ပဏီမှ ဒေါက်တာ မာတင်ကူးပါ-က စမ်းသပ် ထုတ်လုပ်ခဲ့တာပါ။ ဒီလက်ကိုင်ဖုန်းရဲ့ အလေးချိန်က ၁-ကီလိုကျော် (၅၆-ကျပ်သား) လောက် ရှိတယ်။ နောက် ၁၀ နှစ်အကြာ ၁၉၈၃ ခုနှစ်တွင် မော်တော်ရိုလာ ကုမ္ပဏီကပဲ ဒီနတက်ခ် (Dyna TAC) လိုခေါ်တဲ့ လက်ကိုင်ဖုန်းကို စီးပွားဖြစ် ထုတ်လုပ်ခဲ့တယ်။ အနှစ် ၂၀ ကာလအတွင်းဖြစ်တဲ့ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၁-ခုနှစ်အထိ မိုဘိုင်းဖုန်းတွေဟာ လုံးရေ ၁၂ သန်းခွဲကနေ သန်းပေါင်း ၆-ထောင်နီးပါး ကမ္ဘာ့အနှံ့အပြားရှိ သုံးစွဲသူထံသို့ ကုမ္ပဏီပေါင်းစုံကနေ ထုတ်လုပ်ရောင်းချခဲ့ကြတယ်။ စီးပွားရေး တိုးတက်မှုကို ရည်ရွယ်ပြီး ဈေးကွက် ထိုးဖောက်မှုနှင့်အတူ ပိရမစ်အောက်ခြေ တုန့်ပြန်မှု အရပါ မိုဘိုင်းဈေးကွက်ကို ချဲ့ထွင်ခဲ့ကြတယ်။

မှတ်ချက်။ (ပိရမစ်အောက်ခြေ စီးပွားရေး ဆိုတာ - လူဦးရေအများဆုံးနှင့် အနွမ်းပါးဆုံး စားသုံးသူကို ရည်ရွယ်ပြီး ကုန်ပစ္စည်း ထုတ်လုတ်ခြင်းကို ဆိုလိုတယ်။ ပိရမစ် တစ်ခုတွင် အောက်ခြေ အစိတ်အပိုင်းသည် အကြီးဆုံးဖြစ်တာကို ရည်ရွယ်ပြီး ဈေးကွက်စီးပွားရေးစနစ်တွင် ဤနာမည်ကို ယူသုံးထားခြင်း ဖြစ်တယ်။)

မိုဘိုင်းဖုန်း သမိုင်းကြောင်း
မိုဘိုင်ဖုန်းကတော့ ရှည်လျားတဲ့ နောက်ခံ သမိုင်းကြောင်းနဲ့ပါ။ ကနေဒါဖွား အမေရိကန်နိုင်ငံသား ရက်ဂျင်နယ် ဖက်စင်ဒင်ရဲ့ တီထွင်ခဲ့တဲ့ ရေကြောင်းသုံး ရေဒီယိုဖုန်းနဲ့ကို သမိုင်းကောက်ရမှာပါ။ ဒုတိယကမ္ဘာစစ်အတွင်းက စတင်အသုံးပြုခဲ့တဲ့ စစ်သုံး ရေဒီယိုလှိုင်း ဆက်သွယ်မှုမှသည် ၁၉၅၀ ပြည့်နှစ်များတွင် လူထုသုံး တယ်လီဖုန်းဆီသို့ မိုဘိုင်းဖုန်းသမိုင်းက ရှည်လျားလှပါတယ်။


ဒေါက်တာ မာတင်ကူးပါ
 ကားတစ်စီးကနေ ပထမဦးဆုံး တယ်လီဖုန်း ခေါ်ဆိုနိုင်တာက ၁၉၄၆၊ ဇွန်လ ၁၇-ရက်နေ့ပါ။ နေရာကတော့ အမေရိကန်နိုင်ငံ၊ မစ်ဆော်ရီပြည်နယ်က စိန့်လူဝစ် ဆိုတဲ့ မြို့လေးကပါ။ အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဘယ်လ်စစ်စတမ် (ခေါင်းလောင်းစနစ်) ရဲ့ မိုဘိုင်းတယ်လီဖုန်း ၀န်ဆောင်မှုနဲ့ စတင်ခဲ့တာပါ။ (အဲဒီကုမ္ပဏီဟာ ယနေ့နာမည်ကြီးနေတဲ့ အပ်ပယ်ကုမ္ပဏီသုံး မိုဘိုင်းစင်းကဒ်ဖြစ်တဲ့ အေတီနှင့်တီကုမ္ပဏီရဲ့ မြစ်ဖျားခံ ကုမ္ပဏီတစ်ခု ဖြစ်တယ်။) ၁၉၅၆ ခုနှစ်ကျတော့ အေ (သို့မဟုတ်) အမ်တီအေလို့ ခေါ်တဲ့ ကမ္ဘာ့ ပထဦးဆုံး မော်တော်ကားသုံး အော်တိုမစ်တစ် မိုဘိုင်းဖုန်းစနစ်ကို ဆွိဒင်နိုင်ငံမှာ စတင်ဖြန့်ချိနိုင်ခဲ့တယ်။ ဒီမိုဘိုင်းဖုန်းမှာ ဖန်ပြွန်အလွတ်နှင့် ခလုတ်အဖွင့်အပိတ် စနစ်ကို အသုံးပြုခဲ့တာပါ။ အလေးချိန်ကတော့ ၄၀ ဂရမ်လောက် ရှိပါသေးတယ်။

မော်တော်ရိုလာကုမ္ပဏီရဲ့ သုတေသနသမား ဒေါက်တာမာတင်ကူးပါဟာ အလွတ် လက်ကိုင်ဖုန်းကို ပထဦးဆုံး တီထွင်သူအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဘယ်လ်လဗ်လို့ခေါ်တဲ့ ခေါင်းလောင်းသုံးစနစ် စမ်းသပ်ခန်းကနေ သီးခြား လက်ကိုင်ဖုန်းအဖြစ် ခွဲထွက်နိုင်ခဲ့တာကိုး။ အရင်ပညာရှင်တွေကတော့ ယာဉ်မှာ တပ်ဆင်တဲ့ ဖုန်းတွေကိုသာ တီထွင်နိုင်ခဲ့တယ်မို့လား။ ၁၉၇၃ ခုနှစ်၊ ဧပြီလ ၃-ရက်နေ့တွင် မာတင်ကူးပါဟာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဘယ်လ်လဗ်က အင်ဂျင်နီယာ ဂျိုလ်အက်စ်အီဂဲလ်ထံသို့ ပထမဦးဆုံး လက်ကိုင်ဖုန်း အသုံးပြုပြီး ခေါ်ဆိုခဲ့တယ်။ လက်ကိုင်ဖုန်းက ကြီးလည်းကြီး လေးလည်းလေးနေတော့ တစ်ခါတရံ အထိုင်စက်ကို အောက်ချကာ မိုဒန် (တစ်ဆင့်ခံစက်) ဖြင့် ပြောခဲ့ရတယ်။

၁၉၇၉ ခုနှစ်မှာ ပထမဦးဆုံးဖြစ်တဲ့ အော်တိုဆယ်လူလာ ကွန်ရက်ကိုတော့ အင်တီတီ ကုမ္ပဏီက ဂျပန်နိုင်ငံမှာ စတင်ဖြန့်ချိခဲ့တယ်။ မြေအောက်ရထားရှိ ဘူတာရုံတွေမှာ သုံးဖို့ စမ်းသပ်တဲ့ သဘောပါ။ အလားတူ ၁၉၈၁-ခုနှစ်မှာ နော်ဒစ်မိုဘိုင်းတယ်လီဖုန်း (အင်အမ်တီ) စနစ်နဲ့ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေးနှင့် ဆွိဒင်နိုင်ငံတွေမှာ တပ်ဆင်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံမှာ သုံးစွဲခဲ့တဲ့ ၀မ်းဂျီကွန်ရက်ကိုတော့ ချီကာဂိုအခြေစိုက် အမေရိတက်ခ်ျ ကုမ္ပဏီကနေ ၁၉၈၃-ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တယ်။ မော်တော်ရိုလာကုမ္ပဏီရဲ့ ဒီနတက်ခ်ျ မိုဘိုင်းဖုန်း နည်းပညာကို အသုံးပြုတာပါ။ အဲဒီကနေ စပြီးတော့ တစ်ကမ္ဘာလုံး လိုက်ပြီး သုံးစွဲခဲ့ကြတယ်။ အထူးသဖြင့် ၁၉၈၀ ၀န်းကျင်မှာ ယူနိုက်တက်ကင်းဒမ် (ဂရိတ်ဗြိတိန်)၊ မက္ကစီကိုနဲ့ ကနေဒါတို့က ဒီနည်းပညာကို သုံးစွဲခဲ့ကြတယ်။

နိုကီယာမိုဘိုင်းဖုန်း ဆားကစ်ပြား 

အမေရိကန်နိုင်ငံမှာ ဆဲလ်ဖုန်းတွေ ခြေလှမ်း စချနေတဲ့အချိန် အတောအတွင်း ဖက်ဒရယ် ကွန်မြူနီကေရှင်း ကော်မရှင်က မြို့တစ်မြို့စီအတွက် အော်ပရေတာစခန်း ၂-ခုစီ ချဲ့ထွင်ခဲ့တယ်။ ဒါကတော့ မိမိရဲ့ ဆဲလ်ဖုန်း ၀န်ဆောင်မှုနှင့်အတူ သွားလေရာတိုင်းမှာ သုံးစွဲနိုင်ဖို့ ရည်ရွယ်ပြီး ချဲ့ထွင်တာပါ။

၁၉၉၁-ခုနှစ်မှာ ဒုတိယမျိုးဆက်လို့ခေါ်တဲ့ တူး-ဂျီ ဆဲလ်လူလာ နည်းပညာကို ရေဒီယိုလင်ဂျာ ကုမ္ပဏီကနေ ဖင်လန်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့ပြန်တယ်။ ဒီတစ်ခါ ဂျီအက်စ်အမ် နည်းပညာ အသုံးပြု မိုဘိုင်းဖုန်းနဲ့ပါ။ ဒါဟာလည်း လက်ရှိသုံးစွဲနေတဲ့ ၁-ဂျီ ကွန်ရက်အော်ပရေတာကို ဒီအော်ပရေတာအသစ်က ခြေတစ်လှမ်းတိုး စိန်ခေါ်လိုက်ခြင်းလို့လည်း ဆိုရပါမယ်။

နောက် ၁၀ နှစ်အကြာဖြစ်တဲ့ ၂၀၀၁-ခုနှစ်မှာတော့ တတိယမျိုးဆက်လို့ခေါ်တဲ့ သရီး-ဂျီ နည်းပညာကို ဂျပန်မှာ စတင်သုံးစွဲခဲ့ပြန်တယ်။ ဒလျူစီဒီအမ်အေ နည်းပညာနဲ့ပါ။ အင်တီတီ ဒိုကိုမို ကုမ္ပဏီက ၀န်ဆောင်မှု ပေးတာပါ။ ဒါကလည်း အသစ်အဆန်းတော့ မဟုတ်ပါ။ အဟောင်းနည်းပညာကို ထပ်မြှင့်လိုက်တဲ့ သဘောပါပဲ။ သရီးပွိုင့်ဖိုက်-ဂျီ၊ သို့မဟုတ် သရီး-ဂျီပလပ်၊ သို့မဟုတ် တာဘို သရီး-ဂျီ နည်းပညာကို မြန်နှုန်းမြင့် လက်ခံနိုင်တဲ့ ဒေတာကို မြှင့်တင်ခဲ့ခြင်း ဖြစ်တယ်။ ယူအမ်တီအက်စ် ကွန်ရက်က လက်ခံရယူပြီး အချက်အလက်များနဲ့ သိုလှောင်မှုပမာဏကို မြန်နှုန်းမြင့်နည်းနဲ့ လွှဲပြောင်းပေးတာပါ။


စင်းကဒ် နမူနာ 

မိုဘိုင်းဖုန်း အသွင်သဏ္ဌာန်
မိုဘိုင်းဖုန်း အားလုံးမှာတော့ ဘုံဆိုင် (ယေဘုယျသဘော) ပုံသဏ္ဌာန်တစ်ခု အတူအညီ ရှိကြမြဲပါ။ ဒါပေမယ့် မိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ စက်ရုံအများစုက သူတို့ရဲ့ ထုတ်ကုန်ကို အများနဲ့မတူ တမူထူးခြားအောင် ကြိုးစား ထုတ်လုပ်လေ့ရှိတယ်။ ၀ယ်ယူသုံးစွဲသူများအကြိုက် လုပ်ဆောင်ချက် အပိုများကို ထည့်သွင်းပေးကြတာပါ။ ဒီအချက်ကပဲ အနှစ် ၂၀ ကာလအတွင်း မိုဘိုင်းဖုန်းရဲ့ ကြီးကျယ်တဲ့ တီထွင်မှုနဲ့ တစ်စစ တိုးတက်လာတဲ့ အကြောင်းရင်းတွေပါ။
မိုဘိုင်းဖုန်းတိုင်း တူညီမှု ရှိကြတဲ့ (ယေဘုယျ) လက္ခဏာသွင်ပြင်များမှာ-
၁။ ဘက္ထရီ (ဖုန်းအတွင်းရှိ လုပ်ဆောင်ချက်အားလုံးကို ထောက်ပံ့ပေးတဲ့ ပါဝါ)
၂။ အချက်အလက် ဖြည့်သွင်းမှု တန်ဆာပလာ (ခလုတ်ခုံ၊ တို့ထိ မျက်နှာပြင် စသည်များ)
၃။ အနိမ့်ဆုံးအားဖြင့် ဖုန်းခေါ်ဆိုနိုင်မှု၊ စာအတိုအထွာ (မက်ဆေ့ခ်ျ) ပေးပို့နိုင်မှု
၎။ ဂျီအက်စ်အမ် အားလုံးကို စင်းကဒ် ထည့်သွင်းပြီး လိုင်းအချင်းချင်း ဆက်သွယ်နိုင်မှု၊ စီဒီအမ်အေ ဖုန်းများမှာလည်း အလားတူ အာရ်-ယူအိုင်အမ် ကဒ်ကို ထည့်သွင်းပြီး ဆက်သွယ်ရသည်။
၅။ တစ်ဦးသုံးဖြစ်တဲ့ ဂျီအက်စ်အမ်၊ ဒဗလျူစီဒီအမ်အေ၊ အိုင်ဒီအီးအင်နဲ့ အချို့သော ဂြိုဟ်တုဖုန်း အပါအ၀င် ဖုန်းအားလုံးမှာ အိုင်အမ်အီးအိုင်လို့ ခေါ်တဲ့ နိုင်ငံတကာ မိုဘိုင်းဖုန်းကုန်စည် မှတ်ပုံတင်ဌာနအောက်တွင် တိကျတဲ့ ဖုန်းနံပါတ်နဲ့ တစ်စုတစ်စည်းတည်း ရှိနေရခြင်း-တို့ ဖြစ်သည်။

ခြုံငုံပြီး တင်ပြရရင် ဖုန်းခေါ် ရရုံလေး အခြေခံ နည်းပညာ အနည်းငယ်ကိုသာ ထည့်သွင်းထားတဲ့ အဆင့်နိမ့် မိုဘိုင်းဖုန်းတွေကို “ပုံစံဖုန်း” လို့ ခေါ်ဆိုကြပြီး၊ ကွန်ပျူတာနည်းပညာကဲ့သို့ အသုံးချဆော့ဝဲလ်တွေကို ထည့်သွင်းပြီး အဆင့်မြှင့်ထားတဲ့ မိုဘိုင်ဖုန်းတွေကို “စမတ်ဖုန်း” လို့ ခေါ်ဆိုကြတယ်။ ဒီစမတ်ဖုန်းကို ဘလက်ဘာရီရဲ့ ရင်မ်၊ နိုကီယာရဲ့ အင်န်-စီရီး၊ ပမ်လ်ရဲ့ ပရီ၊ အိပ်ခ်ျတီစီရဲ့ ဒရိမ်၊ အပ်ပယ်လ်ရဲ့ အိုင်ဖုန်းတို့က မာလ်တီမီဒီယာစနစ်ကို ထည့်သွင်းပြီး ကွန်ပျူတာတစ်လုံးအလား စမတ်ကျကျ အသုံးပြုနိုင်အောင် တီထွင်ကြခြင်း ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမယ်-

0 comments:

Post a Comment