Pages

Ads 468x60px

Labels

Aug 28, 2012

အန်ဒရွိုက်အတွက် E-book Reader

မိုဘိုင်းဖုန်းနဲ့ သင်ပုန်း တစ်ခုခုကို လက်ဝယ်ရှိတဲ့သူတိုင်းက တစ်ခါတစ်ရံ E-book စာအုပ်ကို ဖတ်ချင်ကြတယ်။ အားတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ အင်တာနက်နဲ့ ဝေးနေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ ဘာသာရပ် တစ်ခုခုကို သင်ယူရလို့ပဲ ဖြစ်ဖြစ်၊ အပျော်ဖတ်ပဲ ဖြစ်ဖြစ်ပေါ့။ စာအုပ်ဘက်ကို စိတ်လှည့်သွားတတ်ကြတယ်။ စာဖတ် ၀ါသနာကြီးတဲ့သူတွေဆို ပိုဆိုးသေး၊ နေ့တိုင်း စာဖတ်ဖို့ အချိန်ကို မရမက ဖဲ့ယူကြတယ်လေ။ ဖတ်ချင်တာတော့ ဟုတ်ပါပြီ။ ဖုန်းနဲ့ သင်ပုန်းမှာ E-book က အသင့်ရှိနေဦးမှကိုး။ အင်တာနက်ကနေ ဖွင့်ပြီး တိုက်ရိုက် ဖွင့်ဖတ်ဖို့၊ ဒေါင်းချပြီး ဖတ်ဖို့က မြန်မာပြည် အင်တာနက် အမြန်နှုန်းနဲ့ဆို အဆင်ပြေနိုင်မယ် မထင်။(အင်တာနက်ကနေ အီ-မေးလ် တစ်စောင်ကို ဖွင့်ဖတ်မရလို့ အိပ်ရေးပျက်၊ ရုံးမတက်နိုင်ဘဲ ငြီးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ပူပူနွေးနွေး ဖတ်ထားမိလို့ပါ။)

သို့နှင့် အန်ဒရွိုက်အတွက် E-book Reader ကို မိတ်ဆက်ပေးဖို့ စိတ်ကူးမိပါတယ်။ E-book Reader ဆိုကတည်းက “E” လို့ အတိုကောက် ခေါ်တဲ့ အီလက်ထရွန်နစ် (Electronic) စက်ပစ္စည်း တစ်မျိုးမျိုးကို အသုံးပြုပြီး ဖတ်ရတဲ့ စာအုပ်ကို ဆိုလိုတယ်။ ဒါကို လူတိုင်း နားလည်ပြီးသားပါ။ ဒါပေမယ့် ဘယ်လိုမျိုးစာအုပ်ကို E-book ခေါ်တယ်၊ E-book စာအုပ် ဖြစ်ဖို့ ဘယ်လို ဖန်တီးရတယ်၊ ဒီ E-book ကို စက်ပစ္စည်း တစ်မျိုးမျိုးဆီမှာ ဘယ်လို ထည့်သွင်းရတယ်၊ ထည့်ပြီးသားကို ဘယ်လိုဖွင့်ဖတ်ရတယ်-စတာတွေကိုတော့ တိတိကျကျ အကုန်နားလည်ဖို့ကတော့ အခက်သားလား။ ဒီလိုင်းဘက် အတွေ့အကြုံရှိပြီးသားမှ၊ ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်မှ၊ ဟိုစမ်းဒီစမ်းတဲ့ ၀ါသနာပါဦးမှကိုး။

စာရေးသူကိုယ်တိုင်လည်း ကျွမ်းကျင်ပိုင်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် နားလည်ဖို့ ကြိုးစားနေတယ်။ အဲ… စာရေးသူအတွက် ကံကောင်းသွားတဲ့အချက်က စမတ်ဖုန်းမျိုးစုံ၊ သင်ပုန်း (Tablet) မျိုးစုံနဲ့ ကွန်ပျူတာ မျိုးစုံကြားမှာ ရှင်သန်ခွင့် ရခဲ့တဲ့ ရနေဆဲအချက်ပါ။ ဒီလောကကြားမှာ လှုပ်ရှားနေရသူပီပီ ဟိုဟိုဒီဒီ စမ်းကြည့်ရင်းနဲ့ လက်တည့်သွားတဲ့ အတွေ့အကြုံတော့ ရှိခဲ့ဖူးတယ်။ ဒါကြောင့်လည်း စာဖတ်သူများလည်း အသုံးဝင်မှာပါလို့ စိတ်ကူးမိပြီး “အန်ဒရွိုက်အတွက် E-book Reader” ဆိုတဲ့ ခေါင်းစီးနဲ့ ရေးတင်လိုက်တာပါ။ ဒီဆောင်းပါးဟာ ရှယ်ယာ မျှပေးတဲ့ သဘော၊ ဂိုက်လုပ်ပေးတဲ့ သဘောမျှသာ။

1. E-book
 E-book ဆိုတာ အွန်လက်ထရွန်နစ် (စက်နဲ့လုပ်ထားတဲ့) စာအုပ် အမျိုးအစား ဖြစ်ပါတယ်။ E-book ကို ဖန်တီးပြီး စီဒီရွှမ်နဲ့ သိုလှောင်ထားတာ ရှိသလို၊ စာဖိုင်တစ်ခုအနေနဲ့ ပြုလုပ်ထားပြီး ကွန်ပျူတာမှာ သိမ်းဆည်းထား၊ ဒါမှမဟုတ် အွန်လိုင်းပေါ် တင်ထားတာလည်း ရှိပါတယ်။ E-book ကို ဖော်မက် (Format) အမျိုးမျိုးနဲ့ ဖန်တီးပြုလုပ်ကြရတယ်။ သုံးတဲ့ စာအုပ်ဖတ်စက် (Reader) ကို လိုက်ပြီး pdf, aeh, Irf, Irx, cbr, chm, dhl, djvu, epub -စတဲ့ ဖော်မက် (Format) အမျိုးမျိုး ရှိပါတယ်။ ဖိုင်တစ်ခုခုကို သိမ်းဆည်း (Save) တော့မယ်ဆိုရင် ဒီဖိုင်နာမည်ရဲ့ နောက်မှာ ဒေါ့ (dot) လို့ခေါ်တဲ့ အစက် (.) ရယ်၊ ဒီအစက်ရဲ့ နောက်က “pdf” စတဲ့ စာလုံး တစ်တွဲတွဲကို ပါဝင်အောင် ရွေးချယ် သိမ်းဆည်းရတဲ့ ဖိုင်ပေါ့။

E-book ကို အမြင်မှာ စာအုပ်တစ်အုပ် ဖြစ်ကောင်း ဖြစ်နေပေမယ့် တကယ့်အစစ်အမှန်က ဖိုင်တစ်ခုမျှသာ။ ဥပမာ- မိုက်ခရိုဆော့ပ်-၀ပ် (Office Word) နဲ့ ဆောင်းပါးတစ်ပုဒ် (စာစီစာရိုက်) ရေးလိုက်တယ် ဆိုပါစို့။ ရေးပြီး နာမည်တစ်ခု ပေးမယ်၊ သိမ်းထားမယ်ပေါ့။ အဲဒီသိမ်းထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖိုင်တစ်ခုလို့ သတ်မှတ်တယ်။ သိမ်းတုန်းက ပေးထားတဲ့ နာမည် (ဥပမာ- Article1) က ဖိုင်ရဲ့ နာမည် ဖြစ်ပြီး၊ Article1.doc လို့ စက်က သတ်မှတ်ပေးထားတာကို ဖော်မက် (Format) လို့ ခေါ်တယ်။ .doc လို့ မြင်လိုက်တာနဲ့ ဒါဟာ မိုက်ခရိုဆော့ပ်-၀ပ် (Office Word) ဖိုင်လို့ တန်းသိကြတယ်လေ။ ကင်မရာနဲ့ ရိုက်ထားတဲ့ ပုံတစ်ပုံရဲ့ ဖော်မက်ကို .jpeg ဖြစ်နေသလိုပေါ့။

2. E-book Creator
 E-book စာအုပ် တစ်အုပ် ဖြစ်ဖို့ရာ နည်းမျိုးစုံနဲ့ ဖန်တီး ပြုလုပ်ရတယ်။ ပရိုဂရမ်နဲ့ သီးခြား ရေးဆွဲပြီး ဖန်တီးရတာမျိုး ရှိသလို၊ လွယ်လွယ်ကူကူနဲ့ ပြုလုပ်ရတာလည်း ရှိပါတယ်။ ပရိုဂရမ်နဲ့ သီးခြား ရေးဆွဲပြီး ဖန်တီးရတဲ့ “အင်္ဂလိပ်-မြန်မာ အဘိဓာန်”၊ “တိပိဋက မြန်မာပြန်” စီဒီရွှမ်၊ “ဆဌသံဂါယနာ” စီဒီရွမ် စတာတွေကို E-book လို့ပဲ ခေါ်တယ်။ ဒါပေမယ့် ကွန်ပျူတာထဲ မောင်းထည့်ပြီးမှ ဖတ်ရတာပါ။ ပြီးတော့ စက်နဲ့စာအုပ် တစ်ခါတည်း ပူးတွဲထုတ်လုပ်ခဲ့တဲ့ “Palm Dictionary” “ပိဋကတ် အိတ်ဆောင်အဘိဓာန်” လိုမျိုးလည်း ရှိသေးတယ်။ ဒါလည်းပဲ E-book စာရင်းထဲ ၀င်တာပါပဲ။

 နောက် E-book တစ်မျိုးကတော့ ဆော့ပ်ဝဲတစ်ခုခုကို သုံးပြီး ဖိုင်တွေကို ဖော်မက် (Format) ပြောင်းပြီး E-book အဖြစ် ပြုလုပ်ရတဲ့ စာအုပ်အမျိုးအစားပါ။ ဒါကို ကွန်ပျူတာသုံးတတ်တဲ့ လူတိုင်း လွယ်လွယ်ကူနဲ့ ပြုလုပ်လို့ရတယ်။ ဥပမာ- မိုက်ခရိုဆော့ပ်-၀ပ် (Office Word) နဲ့ ဖြစ်ဖြစ်၊ Adobe Page Maker နဲ့ဖြစ်ဖြစ် စာစီစာရိုက်ထားမယ် ဆိုပါစို့။ ဒီဖိုင်တွေကို E-book ပြောင်းလဲမယ့် ဆော့ပ်ဝဲလ် (ဥပမာ- PDF Creator, Adobe Acrobat) နဲ့ .pdf ဖိုင်အဖြစ် ပြောင်းသိမ်းလိုက်မယ်။ တစ်ခါ Xilisoft ဆော့ပ်ဝဲနဲ့ epub အဖြစ် ပြောင်းလိုက်မယ်။ ဒါဆိုရင် E-book ဖြစ်သွားပါပြီ။ .pdf ဖော်မက်နဲ့ E-book ရယ်၊ .pub ဖော်မက်နဲ့ E-book ရယ် ဖြစ်သွားပြီပေါ့။

မိုက်ခရိုဆော့ပ်-၀ပ် (Office Word) နှင့် Adobe Page Maker တို့နဲ့ စာစီစာရိုက်ထားပြီး E-book အဖြစ် ပြောင်းလဲလိုပါက အောက်ပါအဆင့်တိုင်း လုပ်ဆောင်သွားပါ-
Microsoft Word ပဲဖြစ်ဖြစ် Page Maker ပဲဖြစ်ဖြစ် ပရိုဂရမ်တစ်ခုကို ဖွင့်ထားပါ။
File > Print (Ctrl+P) > Printer ကို နှိပ်ပါ။
ဇယားကွက် တစ်ခု ကျလာမယ်။


 ပုံကို ကြည့်ပါ-

- ဇယားကွက်ရဲ့ ထိပ်မှာ Printer ကိုရွေးပါ။ (အောက်စိုက်နေတဲ့မျှားနေရာ နံပါတ် (4) ကို နှိပ်ပါ။)
Install လုပ်ထားပြီးသားဖြစ်တဲ့ Primo PDF, PDF Creator ဒါမှမဟုတ် Adobe Acrobat တန်းစီး ကျလာမယ်။ ကြိုက်ရာ တစ်ခုကို ရွေးလိုက်ပါ။ (ဒီမှာတော့ Primo PDF ကို ရွေးထားတယ်။)
-ပြီးရင် OK နှိပ်လိုက်ပါ။

PDF ဇယားကွက် တစ်ခု ထပ်မံ ကျလာမယ်။

ပုံကို ကြည့်ပါ-

e- ဆိုတဲ့ eBook အကွက်ကို ရွေးထားပါ။
Create PDF ကို နှိပ်လိုက်ပါ။

နောက်ထပ် သိမ်းဆည်းရမယ့် ဇယားကွက် တစ်ခု ထပ်မံ ကျလာမယ်။
ပုံကို ကြည့်ပါ-

- ဒီဇယားကွက်မှာ Name နေရာမှာ နာမည် တစ်ခု ပေးလိုက်ပါ။ (ဥပမာ- Article1)
(သိမ်းရမယ့်နေရာကို ထပ်ရွေးချင်ရင်တော့ ဘေးနားရှိ Brower ကို နှိပ်ပါ။)
- ပြီးရင်- Save (သိမ်းပါ။)

ဒါဆိုရင် E-book တစ်အုပ် ရပါပြီ။ Article1.pdf ဖိုင်နာမည်နဲ့ပေါ့။

စက္ကူနဲ့ ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်တွေကို E-book အဖြစ် ပြောင်းလိုပါက-
- ကင်မရာနဲ့ ဓာတ်ပုံရိုက်ထားပါ။ (jpeg-ဖိုင်အဖြစ် ဓာတ်ပုံ ဖြစ်နေမယ်။)
ရလာတဲ့ ဓာတ်ပုံတွေ (jpeg-ဖိုင်) ကို Right Click နှိပ်ပြီး pdf ဖိုင်အဖြစ် ပြောင်းလိုက်ပေါ့။

 နောက်တစ်နည်းကတော့ စကင်နာ (Scanner) နဲ့ တစ်မျက်နှာချင်း စကင် (Scan) ဖတ်ပါ။ စကင် ဖတ်တဲ့အခါမှာ တစ်ခါတည်း pdf ဖိုင်နဲ့ ရွေးချယ်ပြီး ဖတ်ပေါ့။ ပြီးရင် သိမ်းထားပါ။ ဒါလည်းပဲ E-book အမျိုးအစား ဖြစ်သွားမှာ။

3. E-book Reader
E-book Reader ဆိုတာ E-book စာအုပ်ကို ဖတ်လို့ရတဲ့ ကိရိယာ (ဒါမှမဟုတ်) စက် တစ်မျိုးမျိုးကို ဆိုလိုတာပါ။ E-book Reader ကိုလည်း အမျိုးအစား ခွဲရင် ၂-မျိုးနဲ့ ခွဲရမယ်။ ပထမ အမျိုးအစားက စက်ကိရိယာ တစ်ခုခုမှာ အသင့်သွင်းထားပြီးသား E-book တွေလောက်သာ ဖတ်နိုင်တဲ့ E-book Reader ပါ။ ဥပမာ- “Palm Dictionary” “ပိဋကတ် အိတ်ဆောင်အဘိဓာန်” “Kindle Reader” လိုမျိုးပေါ့။ ဒုတိယ တစ်မျိုးက E-book စာအုပ်အဖြစ် ပြောင်းလဲပြီး ဖတ်နိုင်တဲ့ စက်ကိရိယာဆီမှာ ထည့်သွင်းတဲ့ E-book Reader ပေါ့။ ဥပမာ-စမတ်ဖုန်း၊ သင်ပုန်း၊ ကွန်ပျူတာတွေပေါ့။ (ဒီဒုတိယ အမျိုးအစားမှာ ကိုယ်တိုင် E-book ကို ဖန်တီးထားခြင်း၊ အင်တာနက်ကနေ E-book ကို ဒေါင်းချခြင်းများ ပါဝင်တယ်။)

ကဲ… E-book က ဘာလဲ၊ E-book ကို ဘယ်လို ဖန်တီးမလဲ၊ E-book ကို ဖတ်နိုင်တဲ့ စက်အမျိုးအစားဆိုတာ ဘယ်လိုလဲ လေ့လာပြီးရင် ဆောင်းပါး ခေါင်းစီးအတိုင်း “အန်ဒရွိုက်အတွက် E-book Reader” ကို စလိုက်ကြရအောင်ပါ။

အန်ဒရွိုက် စက်လည်ပတ်မှု စနစ်နဲ့ မောင်းထားတဲ့ ဖုန်း၊ သင်ဖုန်းတွေအတွက် အကောင်းဆုံး Reader (E-book စာအုပ်ဖတ်) တစ်ခုကို ပြပါဆိုရင် Aldiko Book Reader ကိုပဲ ညွှန်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်မှာ တင်ထားတဲ့ E-book စာအုပ်အများစုက pdf ဖော်မက်နဲ့သာ ပြုလုပ်ထားပြီး ဒီ Aldiko Book Reader ကလည်း pdf ဖော်မက်ကို လက်ခံလို့ပါပဲ။

မှတ်ချက်။ E-book Reader” ကို အန်ဒရွိုက်စနစ်နဲ့ မောင်းထားတဲ့ ဖုန်း၊ သင်ပုန်းမှန်သမျှ ထည့်လို့ရတယ် ဆိုပေမယ့် Gingerbread နာမည်ရတဲ့ အန်ဒရွိုက် 2.3 ဗားရှင်းနဲ့ အထက်မှ ထည့်လို့ အဆင်ပြေတယ်။ ခုခေတ်နောက်ဆုံးထုတ် ဗားရှင်းက Ice Cream Sandwich လို့ နာမည်ပေးထားတဲ့ Android 4.0.ပါ။ E-book Reader မထည့်ခင် မိမိဖုန်း၊ သင်ပုန်းကို ဆန်းစစ်ကြည့်လိုက်ပါဦး။

Aldiko Book Reader ဆိုတဲ့ ဆော့ပ်ဝဲလ်ကို ဖုန်း (သို့မဟုတ်) သင်ပုန်းမှာ ထည့်သွင်းလိုပါက အောက်ပါအတိုင်း ဆက်လက် လုပ်ဆောင်ပါ-
(မှတ်ချက်- ဖုန်း (သို့မဟုတ်) သင်ပုန်းမှာ 3-G, EDEG, Wi-Fi အင်တာနက် တစ်မျိုးမျိုး ရှိနေရပါမယ်။)

1. Android Phone / Tablet (ဖုန်း၊ သင်ပုန်းနဲ့)
(၁) ဖုန်း (သို့မဟုတ်) သင်ပုန်းထဲရှိ Google Store App (ဈေးဝယ် ဆွဲခြင်းပုံစံ) ကို ရွေးပြီး နှိပ်လိုက်ပါ။

(၂) Application ကို ရွေးပြီး ထပ်နှိပ်လိုက်ပါ။ (Application- အသုံးချ အပ်ပ်တွေ တန်းစီပြီး အများကြီး ပေါ်လာမယ်။)

(၃) Aldiko Book Reader နာမည်နဲ့ အပ်ပ် (App) ကို တွေ့အောင် ရှာပါ။ (ရှာရခက်နေပါက မှန်ဘီလူးပုံစံ Search ကို နှိပ်ပြီး Search Box မှာ Aldiko Book Reader စာလုံးကို ရိုက်ထည့်လိုက်ရင် တန်းပေါ်လာမယ်။)

(၄) Aldiko Book Reader ဘေးနားရှိ Install စာလုံးကို နှိပ်လိုက်ပါ။ (ခဏစောင့်လိုက်ပါ- ဒေါင်းချနေပါ့မယ်။)

(၅) ဒေါင်းချလို့ ပြီးတဲ့အခါမှာ Open, Done စာနှစ်လုံးထဲက Done ကို ရွေးနှိပ်လိုက်ပါ။ ဒါဆိုရင် အသုံးချ ဆော့ပ်ဝဲလ်တစ်ခုဖြစ်တဲ့ Aldiko Book Reader မိမိတို့ရဲ့ ဖုန်း (ဒါမှမဟုတ်) သင်ပုန်းထဲ ရောက်ရှိလာပါပြီ။

2. Computer (ကွန်ပျူတာနဲ့)
 နောက်တစ်ဆင့်ကတော့ ဖုန်း (သို့မဟုတ်) သင်ပုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။ USB ကြိုးနဲ့နော်။ (မမ်မိုရီစတစ် ပုံစံ SC Card ပေါ်လာလိမ့်မယ်)

(၆) ကွန်ပျူတာမှာ သိမ်းဆည်း စုဆောင်းထားတဲ့ E-book (pdf ဖော်မက်) ဖိုလ်ဒါ၊ ဖိုင်တွေကို လိုက်ရှာပါ။ တွေ့တာနဲ့ Select မှတ်လိုက်ပါ။ (တစ်အုပ်ပဲ ထည့်လိုက တစ်ဖိုင်ပဲ ရွေး။ အကုန်လုံး ထည့်လိုပါက Folder အလိုက် ရွေးထားပါ။)

(၇) Select မှတ်ထားတဲ့ ဖိုင်/ ဖိုလ်ဒါတွေကို ဖုန်း (သို့မဟုတ်) သင်ပုန်းထဲရှိ SD Card တွင်းသို့ ဆွဲထည့်လိုက်ပါ။
(Copy / Paste နည်းနဲ့လည်း ရတယ်။)

(၈) ဖုန်း (သို့မဟုတ်) သင်ပုန်းကို ကွန်ပျူတာကနေ ဖြုတ်လိုက်ပါ။

3. Phone / Tablet (ဖုန်း၊ သင်ပုန်းနဲ့) 
မိမိတို့ ဖတ်ချင်တဲ့စာအုပ်တွေကို ဖုန်း (သို့မဟုတ်) သင်ပုန်းထဲသို့ ရောက်ရှိနေပေမယ့် SD Card မှာသာ ရှိနေသေးတယ်။ စာကြည့်တိုက် (Library) ဆီ မရောက်သေးဘူး။ စာကြည့်တိုက် (Library) ထဲ ရောက်ဖို့ရာ ထပ်သွင်းရပါဦးမယ်။

(၉) ဖုန်း (သို့မဟုတ်) သင်ပုန်းထဲရှိ Aldiko Book Reader ကို ဖွင့်လိုက်ပါ။

ပေါ်လာတဲ့ Aldiko Book Reader ရဲ့ စာကြည့်တိုက် ပုံစံ

(၁၀) ပေါ်လာတဲ့ Aldiko Book Reader ထဲက Home ကို ရွေးနှိပ်ပါ။
ပေါ်လာတဲ့ Aldiko Book Reader ရဲ့ Home ပုံစံ

(၁၁) အောက်ခြေ ဘယ်ဘက်ရှိ SD Card ကို ရွေးပြီး နှိပ်ပါ။

ပေါ်လာတဲ့ SD Card ပုံစံ

(၁၂) SD Card ထဲမှာ ဆွဲထည့်ထားတဲ့ E-book စာအုပ်တွေကို တစ်အုပ် (၁-ဖိုင်) ရွေးနှိပ်ပါ။
 အောက်ခြေရှိ Import to Aldiko (1) စာလုံးပေါ် ထပ်နှိပ်ပါ။

ဒီလိုပုံစံနဲ့ ၁၀-အုပ်ထည့်ထားရင် ၁၀-ခါ ရွေးနှိပ်လိုက်၊
၁၀-ခါ Import to Aldiko စာလုံးပေါ် နှိပ်လိုက်ပေါ့။

Aldiko Book Reader စာကြည့်တိုက်မှာ ရောက်နေတဲ့ စာအုပ်ပုံစံ

 (၁၃) သွင်းထားတဲ့ E-book စာအုပ်တွေကို ဖွင့်ဖတ်လိုပါက စာကြည့်တိုက် (Library) မှာ ပေါ်နေတဲ့ စာအုပ်တွေကို ရွေးပြီး နှိပ်လိုက်ပါ။

ပွင့်လာတဲ့ ပထမစာမျက်နှာ ပုံစံ

တကယ်လို့များ အင်္ဂလိပ်စာအုပ်ဖြစ်နေပါက နားမလည်သေးတဲ့ အဓိပ္ပါယ်တွေကို သီးသန့် အဘိဓာန် စာအုပ် ထပ်ဖွင့်စရာမလိုဘဲ နားမလည်တဲ့ စာလုံးပေါ် ကို ကလစ်ထပ်နှိပ်လိုက်တာနဲ့ အဓိပ္ပါယ် တန်းဖွင့်နိုင်တယ်။

အဓိပ္ပါယ်ရှာနည်းကတော့- နားမလည်သေးတဲ့ အင်္ဂလိပ်စာလုံးကို ရွေး၊ စာလုံးပေါ် မှာ လက်ညှိုးလေးနဲ့ ခဏလေး နှိပ်ထားပါ။ ဒီစာလုံးပေါ် ဘားတန်း တစ်ခု ပေါ်လာလိမ့်မယ်။

ပုံကိုကြည့်ပါ

အဲဒီဘားတန်းမှာ Dictionary ကို နှိပ်လိုက်ရင် စာလုံးနဲ့ သက်ဆိုင်တဲ့ အဓိပ္ပါယ် တသီတတန်းကြီး ပေါ်လာလိမ့်မယ်။

ပုံကိုကြည့်ပါ

ဒါဆိုရင် နဲ့ E-book နဲ့ သက်ဆိုင်သမျှ အားလုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ လိုက်လုပ်ကြည့်ပါ။  ပြောစရာ ရှိတာက မြန်မာ E-book တွေကိုတော့ အဲလို အဓိပ္ပါယ် ထပ်ဖွင့်လို့ မရဘူး ဆိုတာပါပဲ။
အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြပါစေ…။

Aug 23, 2012

အန်ဒရွိုက်-ကင်မရာ ထွက်ပြီ

ဂူးဂဲလ်ရဲ့ အန်ဒရွိုက် စက်လည်ပတ်မှုစနစ်နဲ့ မောင်းထားတဲ့ ဒစ်ဂျစ်တယ်ကင်မရာကို နီကွန် (Nikon) ကုမ္ပဏီကနေ ထုတ်လုပ်လိုက်ပါပြီ။ ကင်မရာလောကကို ပထဦးဆုံး ပြောင်းလဲလိုက်တဲ့ ရေစီးကြောင်းတစ်ခုပါပဲ။ ဂျပန်ကုမ္ပဏီဖြစ်တဲ့ နီကွန်ဟာ point-and-shot Coolpix S800c မိုဒယ်ဖြစ်တဲ့ “လူမှုရေးအသုံးချ ကင်မရာ” ကို ဈေးကွက်တင် ရောင်းချတော့မှာပါ။

 ခေတ်မီနေတဲ့ စမတ်ဖုန်းတွေကြောင့် ကင်မရာဈေးကွက်ဟာ နောက်ကောက်ကျနေပါတယ်။ ဒါကို နီကွန်က ဖြည့်ပေးမှာပါ။ နီကွန်ရဲ့ အဆိုအရ အခုနောက်ဆုံးပေါ် ထုတ်လုပ်ထားတဲ့ ကင်မရာမှာ ဓာတ်ပုံတွေကို တည်းဖြတ်ဖို့ အပ်ပ် (App) နဲ့ အခြားဆော့ပ်ဝဲလ်တွေကို ထည့်ပေးထားတယ်။ ပြီးတော့ မှန်ဘီလူး (Lens) ကြီးထားတာမို့ အရည်အသွေးမြင့် ရုပ်ပုံကောင်းလည်း ထွက်မှာပါတဲ့။

နီကွန်ကနေ ထုတ်ထားတဲ့ ကြေငြာချက်အရဆိုရင် ကင်မရာပါ ၀ိုင်ဖိုင်ကွန်ရက်နဲ့ အသစ်ထည့်သွင်းထားတဲ့ ဆော့ပ်ဝဲလ်တွေကနေ လူမှုရေးဝက်ဆိုက်သုံး အင်တာနက်ဆီသို့ ရိုက်ပြီးသား ဓာတ်ပုံတွေကို အလွယ်တကူ တင်ပို့နိုင်မှာပါတဲ့။

“စမတ်ဖုန်းနဲ့ သင်ပုန်းတွေမှာလိုပဲ ဒီကင်မရာကို သုံးပြီး ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရိုက်၊ အွန်းလိုင်းပေါ် ကောက်တင်နိုင်တဲ့ အခွင့်အလမ်း ရတာပါပဲ။ ဒီကင်မရာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေဆို ပိုပြီး အရည်အသွေး မြင့်သေးတယ်” လို့ နီကွန်က ပြောတယ်။

“S800c (အခုထုတ်တဲ့ ကင်မရာ) နဲ့ ဂိမ်းအများအပြား ဆော့ကစားနိုင်တယ်။ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဖန်တီးထုတ်လုပ်နိုင်တယ်။ ပုဂ္ဂလိက ဆက်သွယ်ရေးဖြစ်တဲ့ အီမေးလ်တွေ လှမ်းပို့နိုင်တယ်။ ဒါ့အပြင် နီကွန်ဓာတ်ပုံစတူဒီယို (အွန်းလိုင်း) မှာ ဓာတ်ပုံ၊ ဗီဒီယိုတွေ သိမ်းဆည်းထားနိုင်တယ်။ အဲဒီကနေတစ်ဆင့် သူငယ်ချင်းတွေဆီ လှမ်းရှယ်နိုင်သေးတယ်” လို့ နီကွန်က ထပ်ဖြည့် ပြောပါတယ်။

အသစ် ထုတ်လုပ်ထားတဲ့ နီကွန်ကင်မရာ Coolpix S800c ကို အမေရိကန်ဒေါ်လာ ၃၅၀ (စတာလင်ပေါင် ၂၂၀) နဲ့ ဈေးကွက်မှာ တင်ရောင်းနေပါတယ်။ ဒီဈေးနှုန်းကို ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီး (SIII) နဲ့ HTC One X တို့ရဲ့ ဈေးနှုန်းနဲ့ နှိုင်းကြည့်ရင် တစ်ဝက်လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ဒီကင်မရာကို အသုံးချနိုင်ဖို့ ဘယ်အွန်းလိုင်းစတိုးတွေက တာဝန်ယူမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါလို့ ဝေဖန်ရေးသမားတစ်ယောက်က ထောက်ပြတယ်။

ပိုပြီး ရေပန်းစားနေတဲ့ Nikon ရဲ့ D90 SLR

“စန်းထနေတဲ့ စမတ်ဖုန်းကြောင့် တိမ်မြှပ်နေတဲ့ ဒစ်ဂျစ်ကင်မရာ ထုတ်ကုန်ပစ္စည်းတွေဟာ ဒီနီကွန်ကင်မရာကပဲ အဆုံးသတ်ပေးနိုင်မလားဆိုတာ အကဲဖြတ်ရဦးမှာပါ။ ဒီလိုဘက်ပေါင်းစုံ သုံးနိုင်တဲ့ ကင်မရာကို ထုတ်လုပ်ရောင်းချတာ နောက်တောင်ကျနေပြီ” လို့ ဖောရက်စတာ သုတေသနစင်တာက မာတင်ဂီလ်က ထုတ်ပြောတယ်။

“ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာ နေရာတိုင်းလိုလို မိုဘိုင်းမှ မိုဘိုင်းပါ၊ ပြီးတော့ စမတ်ဖုန်း အသုံးပြုတဲ့နှုန်းက ပင်မရေစီးကြောင်းလို တအားကို မြှင့်တက်လာတယ်။ လူတွေက သူတို့ သွားလေရာ တစ်ပါးတည်း သယ်သွားတတ်တာက စမတ်ဖုန်းပါ။ အခု အသစ်ထုတ်လုပ်လိုက်တဲ့ point-and-shoot ကင်မရာကိုလည်း အဲလိုပဲ လူနဲ့တစ်ပါးတည်း သယ်သွားမယ်လို့ မျှော်လင့်ပါတယ်” လို့ ဆက်လက် ပြောပါတယ်။

SLR အန်ဒရွိုက်ခေတ် ဖြစ်လေမလား? 
ရာဟူး (Yagoo) ရဲ့ ဖလစ်ကာ ဖိုတို (Flickr Photo) စစ်တမ်းအရဆိုရင်- ဆိုရှယ်နက်ဝေါ့က် (လူမှုရေးကွန်ရက်) မှာ စမတ်ဖုန်း ဒါမှမဟုတ် သင်ပုန်းတစ်ခုခုကို သုံးစွဲကြမြဲ ဖြစ်တယ်တဲ့။ သူတို့ရဲ့ အရွေးချယ်ခံ ထိပ်တန်း ဆက်သွယ်ရေးပစ္စည်း ၅-မျိုးထဲမှာ အပ်ပယ်လ်ရဲ့ အိုင်ဖုန်း ၂-လုံး (iPhone4, iPhone4s)၊ ကင်နွန်ရဲ့ SLR မိုဒယ် ၂-လုံး (ရိုးရိုးမှန်ဘီလူးနဲ့ အထူးမှန်ဘီလူး)၊ နီကွန်ရဲ့ SLR မိုဒယ် ၁-လုံးတို့ ပါဝင်ပါတယ်။ အခုလည်း နီကွန်ရဲ့ ကင်မရာအသစ်တစ်လုံး ထုတ်လုပ်ပြန်ပြီ။ ဒါကြောင့် “SLR အန်ဒရွိုက်ခေတ်” ဖြစ်လေမလားလို့ မေးခွန်း ထုတ်ကြတာပါ။

ဒါပေမယ့် ယူကေ (ယူနိုက်တက်ကင်းဒမ်) နိုင်ငံ၊ ၀ါသနာရှင် ဓာတ်ပုံအသင်း မဂ္ဂဇင်းရဲ့ အယ်ဒီတာ ဒမ်မီယင်း ဒီမိုလ်ဒါက “ဒီလိုမျိုးကင်မရာ ထုတ်လုပ်ရောင်းချတာကို မပစ်ပယ်သင့်ဘူး၊ ဒီကင်မရာက ဆုတ်ယုတ်လာတဲ့ ကင်မရာဈေးကွက် ပြန်မြဲမြံလာအောင် ဆုပ်ကိုင်ပြလိုက်တာပါပဲ” လို့ ကောက်ချက် ချတယ်။

သူကပဲ ဆက်ပြီး “နောက်ထပ် ဘာမြင်လာရဦးမလဲဆိုတော့ ဒီလိုမျိုးနည်းပညာနဲ့ အခြားထုတ်ကုန်ပစ္စည်းတွေမှာလည်း ကျယ်ပြန့်လာမှာ။ လေဆာဈေးကွက်မှာကော၊ SLR ကင်မရာ ဈေးကွက်မှာပါ၊ နှစ်မျိုးလုံးပေါ့” လို့ ထပ်ဆိုသေးတယ်။

“အသစ်ထပ်တိုးထားတဲ့ လုပ်ဆောင်ချက်တွေဆိုရင် အသုံးပြုတွေအတွက် တအားကို အထောက်အကူ ပြုတယ်။ အသုံးပြုရတာ အရမ်းလွယ်တယ်။ အခုပဲ ကြည့်ပါ၊ ကင်မရာရဲ့ အရေးပါမှုက ပျောက်လုနီးပါး ဖြစ်နေပြီ။ ပရိုဂရမ်တွေကို မောင်းထည့်ပြီး အသုံးပြုရတဲ့ခေတ်ကို ရောက်နေပြီ။ ဒီလိုဖန်တီးနိုင်မှု ရှိမှ သုံးရတာ လွယ်တယ်မို့လား” လို့ အယ်ဒီတာက ထပ်ဖြည့် ဆိုလိုက်သေးတယ်။

 point-and-shot Coolpix S800c ရဲ့ ရှေ့ / နောက် ပုံစံ

 မတ်ခ်ျလတုန်းက ထုတ်ဝေခဲ့တဲ့ အင်ဂက်ဂျက် (Engadget) ရဲ့ နည်းပညာစာစောင်မှာ ဆမ်ဆောင်းက သာဒ်ပါတီလို့ခေါ်တဲ့ အပ်ပ် (Apps) တွေကို သူရဲ့ကင်မရာမှာ အသုံးပြုဖို့ စဉ်းစားထားတယ်လို့ ရေးသားဖော်ပြထားတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကိုတော့ မချရသေးဘူး ဆိုပဲ။

ဂူးဂဲလ်က သူရဲ့ သာဒ်ပါတီ (Apps) ဆော့ပ်ဝဲလ်တွေကို အသုံးပြုခွင့်ပေးထားတယ်။ အခကြေးငွေ မယူဘူးတဲ့။ ဒါပေမယ့် မိုက်ခရိုဆော့ပ်ကတော့ အန်ဒရွိုက် နည်းပညာသုံး ထုတ်ကုန်ပစ္စည်းမှန်သမျှ သူရဲ့ ဆော့ပ်ဝဲလ်အသုံးပြုခွင့် မူပိုင် လိုင်စင်ကို လျှောက်ရမယ်တဲ့။ အခုလောလောဆယ် အနေအထားအရတော့ မိုက်ခရိုဆော့ပ်ကော နီကွန်ကော တစ်ယောက်နဲ့တစ်ယောက် စကားမပြောရသေးပါဘူး။ သဘောတူညီချက်စာချုပ် မချုပ်ကြသေးပါဘူး။

point-and-shot Coolpix S800c ရဲ့ တို့ထိမျက်နှာပြင်

 အောက်ဖော်ပြပါ အချက်အလက်များဟာ နီကွန်ကင်မရာဖြစ်တဲ့ point-and-shot Coolpix S800c မိုဒယ်ရဲ့ အသေးစိတ် အချက်အလက်တွေပါ-

1. Android OS (စက်လည်ပတ်မှုစနစ်) 
သုံးလိုတဲ့ အသုံးချအပ်ပ် (Apps) တွေကို Google Play အွန်းလိုင်းစတိုးကနေ ကင်မရာထဲကို တိုက်ရိုက်မောင်းထည့်ပါ။ အသင့်ထည့်သွင်းထားတဲ့ အပ်ပ် (Apps) တွေကတော့- photo apps, social media apps, games တွေပါ။

2. Share your world 
ဝိုင်ဖိုင်ကနေတစ်ဆင့် အင်တာနက်ကို ချိတ်ဆက်နိုင်တယ်။ ရိုက်ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို လူမှုရေးဝက်ဆိုက်မှာ တင်နိုင်တယ်။ စမတ်ဖုန်း၊ သင်ပုန်းတွေနဲ့ ဓာတ်ပုံ၊ ဗီဒီယို အကူးအပြောင်း လုပ်ဆောင်နိုင်တယ်။

3. Back-illuminated 16-MP CMOS sensor 
EXPEED ပရိုဆက်ဆာကို သုံးထားတဲ့အတွက် ဘယ်အလင်းရောင်နဲ့ မဆို အရည်အသွေးမြင့် ရုပ်ငြိမ်-ဓာတ်ပုံ၊ ရုပ်ရှင်-ဗီဒီယိုတွေကို ကောင်းကောင်း တည်းဖြတ်နိုင်တယ်။

4. Stunning images (ရင်သပ်ရှုမော) 
NIKKOR wide-angle 10x optical zoom lens (25–250mm) ကို ED glass မှန်နဲ့ အသုံးပြုထားတယ်။ ဒါကြောင့်လည်း အနီးကပ်ပဲ ရိုက်ရိုက်၊ အဝေးပဲ ရိုက်ရိုက် ပြတ်သားတဲ့ ပုံရိပ်၊ စိုပြေတဲ့ အရောင်အဆင်း၊ ရပ်သပ်ရှုမောတဲ့ ဓာတ်ပုံကောင်းတွေ ထွက်လာမှာပါ။

5.Touch control
 ခေတ်မီတဲ့ စမတ်ဖုန်းလိုပဲ တို့ထိမျက်နှာပြင် ချောမွေ့တယ်။ အလင်းပြန် မရှိဘူး၊ ၃-လက်မခွဲ OLED အမျိုးအစား တို့ထိမျက်နှာပြင် (touch screen) ကို သုံးထားတယ်။

6. myPicturetown.com 
ဘယ်ကိုပဲ ရောက်ရောက် myPicturetown.com ၀က်ဆိုက်ကိုသာ ၀င်လိုက်ပါ။ Photo gallery မှာ တင်ထားတဲ့ ဓာတ်ပုံတွေကို အချိန်မရွေး ၀င်ကြည့်နိုင်ပါတယ်။ မိမိရဲ့ ကိုယ်ပိုင်ဓာတ်ပုံတွေကို အွန်းလိုင်းပေါ် တင်ပြီး သိမ်းထားလိုပါက Nikon’s Internet-based photo storage service မှာ သွားပြီး ကလစ်လိုက်ရုံပါပဲ။

7. Built-in GPS 
 မြေပုံစနစ်ကိုလည်း ထည့်သွင်းထားတယ်။ မိမိဓာတ်ပုံ ဘယ်မှာ ရိုက်ထားတယ်ဆိုတာကို နေရာအတိအကျ ဖော်ပြပေးနိုင်တဲ့ မြေပုံစနစ်လည်း ပါဝင်တယ်။

8. Full HD (1080p) movie with stereo sound 
အရည်အသွေးပြည့် ၁၀၈၀ မီဂါပစ်ဇယ်လ် သုံးထားတာရယ်၊ ၁၀-ဆ ချုံ့ / ချဲ့နိုင်တဲ့ ဇွန် (zoom) ရယ်ကြောင့် ဓာတ်ပုံကောင်း ထွက်နိုင်သလို၊ ရုပ်ရှင်-ဗီဒီယိုကိုလည်း ဖရိန်နှုန်း၂၄၀ သုံးထားအတွက် အပြေးနှုန်း သွက်လက်တယ်။ အသံစနစ်ကိုလည်း စတီရီယို (သံစုံ) စနစ်နဲ့ ဖန်တီးထားတယ်။

9. Easy Panorama 360°/180°
 ရေပြင်ညီ အလျားလိုက်နဲ့ ဖြစ်ဖြစ်၊ ထောင်လိုက်နဲ့ ဖြစ်ဖြစ် မြင်ကွင်းကျယ်ကို ရိုက်နိုင်အောင် ဖန်တီးထားတယ်။ တစ်ပတ်လည် အစောင်း ၃၆၀ ဒီဂရီ၊ တစ်ဝက်လည် အစောင်း ၁၈၀ ဒီဂရီ မြင်ကွင်းကျယ်ပေါ့။

10. 2-GB internal memory 
ကင်မရာတွင်း သိုလှောင်နိုင် ပမာဏကိုတော့ ၂-ဂျီဘီနဲ့ ထည့်ထားတယ်။ အပြင် SD ကဒ်နဲ့ စိုက်မယ်ဆိုရင် ၃၂-ဂျီဘီအထိ စိုက်ထည့်ပြီး သုံးနိုင်ပါတယ်။

11.USB and AC charging 
ကင်မရာရဲ့ ဘက္ထရီကို အားသွင်းရင် ကွန်ပျူတာနဲ့ ချိတ်ဆက်လို့ပဲ ဖြစ်ဖြစ်၊ အပြင်လျှစ်စစ်နဲ့ပဲ ဖြစ်ဖြစ် USB အပေါက်ကို သုံးပြီး အားသွင်းနိုင်ပါတယ်။

မှီငြမ်း- 
- http://www.bbc.co.uk/news/technology-19342708
- http://www.europe-nikon.com/en_GB/product/digital-cameras/coolpix/style/coolpix-s800c

Aug 19, 2012

ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁

ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ 
မ၀ယ်မီ သိသင့်တဲ့ အချက်အလက်များ 
ဆမ်ဆောင်းကုမ္ပဏီက ဂလက်ဇီနုတ် ၁၀.၁ (Samsung Galaxy Note 10.1) ကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ နိုင်ငံကြီးတွေရဲ့ လက်လီအရောင်းဆိုင်တိုင်းမှာ ၀ယ်ယူရရှိနိုင်ပါပြီ။ အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ပါ။ အသစ်ထွက်လာတဲ့ ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ သင်ပုန်းဟာ ဟင်းပေါင်းအိုး ဖြစ်နေတယ်။ ဒါကြောင့်လည်း ဝေဖန်မှု များစွာ ထွက်လာတယ်။ ပီစီဝါးလ်ရဲ့ မေလစ်စာကတော့ ဒီသင်ပုန်းကို “ဗျက်ကျယ်တဲ့ ဆွဲဆောင်မှုနဲ့ ကျစ်လစ်တဲ့ ဖြေဖျော်မှု”လို့ အမည်တပ်တယ်။ ဒါပေမယ့် တစ်ချို့ဝေဖန်ရေးသမားတွေကတော့ “ကြိုက်စရာ မကောင်းတဲ့ သင်ပုန်းကြီး”၊ “လုပ်ကွက်များနဲ့ အလေး သင်ပုန်းကြီး”လို့ သမုတ်ကြတယ်။

အကယ်၍သာ သင်ပုန်း တစ်ချပ်ချပ်ကို ၀ယ်သုံးဖို့ ဆုံးဖြတ်မယ်ဆိုရင် ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ ဟာ သင့်အတွက် ရွေးဝယ်စရာ သင်ပုန်း (Tablet) ပါ။ ဒါပေမယ့် အိုင်ပက် (iPad) မဟုတ်ဘူးဆိုတာကိုတော့ သိထားနှင့်ပါ။ အဲ… သင်ပုန်းအရောင်းဆိုင်ကို အပြေးကလေး မသွားမီ၊ အမေဇုန် (Amazon) စတဲ့ အွန်းလိုင်းအရောင်းဆိုင်ထဲ လော့ဂ်အင်း မလုပ်ခင် ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ ရဲ့ ကောင်းကွက် ဆိုးကွက်ကို ကြိုတင်လေ့လာထားသင့်တယ်။ နည်းနည်းလေးဖြစ်ဖြစ်ပေါ့။

အခု ရေးတင်လိုက်တဲ့ အချက်အလက်ဟာ သိသင့်သိထိုက်တဲ့ ဂလက်ဇီနုတ် ၁၀.၁ ရဲ့ အချက်အလက်ထဲက တစ်ချို့တစ်ဝက်ပါ-

ပုံစံဟန်ပန် 
ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ ရဲ့ ရုပ်ပြ အရည်အသွေးဟာ ၁၂၈၀ x ၈၀၀ ရီဆိုလူးရှင်းနဲ့ပါ။ ပရိုဆက်ဆာကိုတော့ ကွာဇ်ကိုး (Quad-Core 1.4) နဲ့ သုံးထားပြီး၊ မန်မိုရီကို ၂-ဂျီဘီ သုံးထားတယ်။ စက်ပါ-သိုလှောင်မှု ပမာဏကို ၁၆-ဂျီဘီနဲ့ ၃၂-ဂျီဘီ ဆိုပြီး ၂-မျိုး ခွဲထုတ်ထားတယ်။ အပြင်မန်မိုရီ (Micro SD) ကဒ်နဲ့ ထည့်သုံးချင်ရင် ၃၂-ဂျီဘီအထိ စိုက်ထည့်လို့ရတယ်။ ဓာတ်ပုံရိုက် ကင်မရာကို ၅-မီဂါပစ်ဇယ်လ်နဲ့ သုံးထားပြီး ၀က်ကမ် (မျက်နှာပြ) ကင်မရာကိုကား ၁.၉ မီဂါပစ်ဇယ်လ်နဲ့ အသုံးပြုထားတယ်။ သင်ပုန်းမှာ မရှိမဖြစ်တဲ့ ၀ိုင်ဖိုင် (Wi-Fi)၊ ဘလူးတု (Bluetooth 4.0) ပါမယ်၊ ယူအက်ဘီ (USB 2.0) အပေါက် ပါမယ်။ အပြင်က တီဗီနဲ့ ချိတ်ဆက်မယ့် အင်ဖရာကြိုး (IR) ပါမယ်။ စက်လည်ပတ်မှုစနစ်ကိုတော့ အန်ဒရွိုက် ၄.၀ လို့ခေါ်တဲ့ အိုက်စကရင်းဆန်းဒ၀စ်နဲ့ မောင်းထားတယ်။ (အခုသုံးနေတဲ့ အန်ဒရွိုက် ၄.၁ ခေါ် ဂျယ်လီဘင်း (Jelly Bean) အထိ မြှင့်တင်လို့ ရတယ်လို့ ကြေငြာထားတယ်။) ပေါ်ပင်နဲ့ နှိပ်ပြီး သုံးရတဲ့ သင်ပုန်း အမျိုးအစားပါ၊ ဒါကို S Pen Stylus လို့ ခေါ်တယ်။

အသုံးချဆော့ပ်ဝဲလ် 
ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ မှာ အသုံးချဆော့ပ်ဝဲလ်လို့ ခေါ်နေကြတဲ့ အပ်ပ် (Apps) တွေ အများအပြား ထည့်ပေးထားတယ်။ ဒီထဲ အဖိုးတန်ဆုံးက ဖိုတိုရှော့-တပ်ခ်ျ (Adobe Photoshop Touch) ကို ထည့်ပေးထားခြင်းပဲ ဖြစ်တယ်။ ဂူးဂဲလ်ပလေး (Google Play) စတိုးမှာ ဖိုတိုရှော့-တပ်ခ်ျကို အမေရိကန်ဒေါ်လာ ၁၀ နဲ့ ၀ယ်သုံးရတယ်လေ။ ဒါပေမယ့် ဂလက်ဇီနုတ် ၁၀.၁ မှာတော့ အခမဲ့ တင်ပေးထားတယ်။ သိမ်းထားချင်တဲ့ ဖိုင်တွေကို Drop Box မှာ 50 GB အထိ သိမ်းထားနိုင်တယ်။ အခမဲ့ပဲ။ ဒါပေမယ့် ၂-နှစ်အတွင်းသာ ခွင့်ပြုထားတယ်။ စာစီစာရိုက်အတွက် ပိုလာရစ် အော့ပ်ဖစ် (Polaris Office) အပြင် အခြား အသုံးများနေတဲ့ အပ်ပ်(Apps) ပေါင်းများစွာကိုလည်း ထည့်သွင်းပေးထားတယ်။

ရနိုင်မယ့်နေရာ 
စဖြန့်တုန်းက အွန်းလိုင်းစတိုးဆိုင်တွေဖြစ်တဲ့ Amazon, Best Buy, BrandSmart, CDW, Conn’s, Fry’s, HH Gregg, and Tiger Direct တို့မှာသာ မှာယူလို့ ရပါတယ်။ အခုတော့ လက်လီအရောင်းဆိုင် တော်တော်များမှာ တင်ရောင်းနေကြပါပြီ။ 16GB ဂလက်ဇီနုတ်ကိုတော့ အမေရိကန်ဒေါ်လာ ၅၀၀၊ 32GB ကို အမေရိကန်ဒေါ်လာ ၅၅၀ နဲ့ တိုက်ရိုက် ၀ယ်ယူသုံးစွဲနိုင်ပါတယ်။

S Pen နဲ့လည်း သုံးလို့ ရတဲ့ ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ 

 S Pen (ပေါ်ပင်) 
အပ်ပယ်လ်ကုမ္ပဏီက ပေါ်ပင်နဲ့ တို့ထိရတဲ့ မျက်နှာပြင်ခေတ်ကို ပြန်သွားကောင်း သွားပေမယ့် ဆမ်ဆောင်းကတော့ တဖြေးဖြေးချင်း သွားနေပါပြီ။ တို့ထိမျက်နှာပြင် အမျိုးအစားဖြစ်တဲ့ စမတ်ဖုန်းနဲ့ သင်ပုန်းမှာ တကယ့်တကယ်တော့ ပေါ်ပင်ဆိုတာ အပိုအလုပ်ပါ။ မလိုအပ်ပါဘူး။ အဲ.. သေးသေးမွှားမွှား အရုပ်လေးတွေ ရေးဆွဲတာက လွဲရင်ပေါ့။ ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ မှာ ပေါ်ပင်နဲ့ အသုံးဝင်တဲ့ နေရာကတော့ အက်စ်နုတ် (S Note) နဲ့ ဖိုတိုရှော့-တပ်ခ်ျ (Photoshop Touch) လုပ်ဆောင်တဲ့ ၂-နေရာမှာသာ။ ပေါ်ပင် ပါလာတာကို မကြိုက်တဲ့သူတွေကတော့ အလုပ်ရှုပ်တယ်။ ပေါ်ပင် မပျောက်အောင် တာဝန် ယူရတာကိုက အလုပ်တစ်ခုလို့ မြင်တယ်။ ဆမ်ဆောင်းကတော့ ၅-လက်မအရွယ်ရှိတဲ့ ဂလက်ဇီနုတ် (ဖုန်း+သင်ပုန်း ၂-မျိုးသုံး) မှာကတည်းက ပေါ်ပင်နဲ့ မျက်နှာပြင်ကို တို့ရတဲ့ အလေ့အထကို အစပျိုးခဲ့တယ်။ ဝေဖန်သံတွေ ဘယ်လိုပဲ ဆူညံထွက်လာပါစေ၊ အခု ၁၀-လက်မကျော်ရှိတဲ့ ဂလက်ဇီနုတ် အကြီးမှာလည်း ပေါ်ပင်ကို ထပ်ပြီး သုံးခိုင်းဆဲပါပဲ။

မျက်နှာပြင်စုံ လုပ်ဆောင်ချက် 
ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ မှာ ဘယ်အပ်ပ် (App) တစ်ခုမှ ထပ်ထည့်စရာ မလိုလောက်အောင် အစုံ မောင်းထည့်ပေးထားတယ်။ (အသင့်သွင်းထားတယ်။) မျက်နှာပြင်စုံ လုပ်ဆောင်ချက်လို့ခေါ်တဲ့ ၀င်ဒိုးစနပ်လို လုပ်ဆောင်ချက်မျိုးကို အသုံးပြုထားတယ်။ အပ်ပ် ၂-ခုကို တပြိုင်တည်း ဖွင့်လို့ရတယ်။ ဟိုဘက် ဒီဘက် ပေါ်ပေးလိမ့်မယ်။ ဒါပေမယ့် အပ်ပ် (App) တိုင်းကိုတော့ ခွင့်မပြုပါ။ Web browser, S Note, Video Player, e-mail, Gallery, and Polaris Office စတဲ့ အပ်ပ် (အသုံးချ) အမျိုးအစားတွေကိုသာ တစ်ပြိုင်တည်း ၂-ခု ဖွင့်လို့ရမယ်။ ဥပမာ- ဒီဘက်ခြမ်းကို Web browser ကို ဖွင့်ထားမယ်။ ဟိုဘက်ခြမ်းကိုတော့ S Note ကို ဖွင့်ထားတယ်။ Web browser ထဲက လိုချင်တဲ့ စာ၊ အချက်လက်တွေကို အင်တာနက်မှာ ရှာမယ်။ စိတ်ကြိုက်တွေ့တာနဲ့ Select မှတ်ပြီး Copy ကူးယူမယ်။ ကူးထားတဲ့ ကော်ပီကို တစ်ဘက်ခြမ်းမှာ ပြိုင်တူ ဖွင့်ထားတဲ့ S Note ထဲသို့ paste ထည့်လိုက်မယ်။ (အရင်ထုတ်ခဲ့တဲ့ သင်ပုန်းတွေတုန်းကလို တစ်ခုဖွင့်၊ တစ်ခုပိတ်စရာ မလိုပဲ Apps ၂-ခုကို ပြိုင်တူ အလုပ် လုပ်နိုင်တာပါ။) ပြီးတော့ ဂလက်ဇီနုတ် ၁၀.၁ ရဲ့ video player ကို ဖွင့်လိုက်တိုင်း လုပ်ဆောင်ချက်တွေက ထိပ်ပိုင်းမှာ ပေါ်ပေးတယ်။ ဒီ video player နဲ့ ပြိုင်တူ ဖွင့်ထားတဲ့ App တစ်ခုခုပေါ်သို့ ဆွဲပြီး သွားတင်ထားလို့ ရတယ်။ (ဖွင့်ထားတဲ့ အပ်ပ်တစ်ခုပေါ်မှာ ထပ်လိုက်တဲ့သဘောပါ။)

ဖေဖော်ဝါရီလတုန်းက ထုတ်ရောင်းခဲ့တဲ့ ဆမ်ဆောင်း ဂလက်ဇီနုတ် 

ဘက္ထရီ သက်တမ်း 
အလင်းတောက်ပအား ၂၀၀ နဲ့ ချိန်ပြီး ဗီဒီယို ကလစ်တစ်ခုကို ဖွင့်ပြီး စမ်းသပ်ရာမှာ ၈-နာရီနဲ့ ၂၄ မိနစ် ဘက္ထရီ သက်တမ်း ခံပါတယ်။

ဟာ့ဒ်ဝဲလ် 
ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ ရဲ့ ကိုယ်ထည်ပိုင်းကတော့ ပေါ့ပြီး ပါးလွှားတယ်လို့ ဆိုရမှာပါ။ တကယ်လို့ အိုင်ပက်နဲ့ ယှဉ်ကြည့်ရင်ပေါ့။ ၁. ၃၂ ပေါင်သာ အလေးချိန် ရှိတာမို့ ပေါ့တယ်။ ၀.၃၅ လက်မ (လက်မ၀က်တောင် မပြည့်) အထူသာ ရှိတာမို့ ပါးလွှားတယ်။ အပ်ပယ်လ်ရဲ့ နယူးအိုင်ပက်ကား အထူ ၀.၃၇ ရှိပြီး အလေးချိန်က ၁.၄၄ ပေါင် (၁-ပေါင်ခွဲနီးပါး) ရှိတယ်။ ဒါပေမယ့် ပါးတယ်၊ ထူတယ်၊ ပေါ့တယ်၊ လေးတယ်ဆိုတာက ဈေးနှုန်းနဲ့လည်း အများကြီး ဆက်စပ်တယ်လို့ ပီစီဝါးလ်က သုံးသပ်ထားတယ်။ ဂလက်ဇီနုတ် ၁၀.၁ ရဲ့ ကိုယ်ထည်ပိုင်းဟာ ပလပ်စတစ်နဲ့သာ အုပ်ထားတယ်။ ဒါကြောင့် ဈေးချိုမယ်၊ ပေါ့ပါးသွားမယ်ပေါ့။ Verge နဲ့ The New York Times နှစ်ခုစလုံးက နောက်ဖုံးပလပ်စတစ်က ပျက်စီးလွယ်မယ်လို့ မှတ်ချက်ချထားလေရဲ့။ The New York Times က ဒေးဗစ်ပိုဂူ အကြံပြုထားတာက ဂလက်ဇီနုတ် ၁၀.၁ ကို မ၀ယ်ခင် စမ်းသပ် ကိုင်တွယ်ကြည့်သင့်တယ်လို့။ ဘာလို့လဲဆိုတော့ နောက်ဖုံးကို ကိုင်လိုက်တဲ့အချိန်မှာ အတွင်းက ဆားကစ်ပြားတွေနဲ့ ထိတွေ့ရသလို ခံစားနေရလို့ပါတဲ့။

ဆမ်ဆောင်း ဂလက်ဇီနုတ် ၁၀.၁ ရဲ့ ထွက်ပေါ်လာတဲ့ သုံးသပ်ချက် အသံတွေကို နားထောင်ရင်တော့ သိပ်အားရစရာ မရှိဘူးပေါ့။ ဒါပေမယ့် ဘာပဲပြောပြော အားလုံးကို ခြုံငုံပြီး သပ်သပ်ရရင် ၀ယ်သင့်တဲ့ သင်ပုန်း (Tablet) တစ်ချပ်ပါပဲ။ တကယ်လို့များ အကြောင်းအမျိုးမျိုးကြောင့် အိုင်ပက် (iPad) ကို ၀ယ်မသုံးချင် / ၀ယ်မသုံးနိုင်သူများအတွက်ပေါ့။

မှီငြမ်း- 
လန်ပေါလ် (Lan Paul) ရဲ့ ပီစီဝါးလ် (PC World) မဂ္ဂဇင်း သြဂုတ်လ ၁၆၊ ၂၀၁၂

Aug 15, 2012

၆၅-နှစ်မြောက် အိန္ဒိယ လွတ်လပ်ရေးနေ့


အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ (The Independence Day) ကို နှစ်စဉ် သြဂုတ်လ ၁၅ ရက်နေ့မှာ ကျင်းပမြဲ ဖြစ်ပါတယ်။ ၁၉၄၇-ခုနှစ်၊ သြဂုတ်လ ၁၅-ရက်နေ့မှာ ဗြိတိသျှကိုလိုနီ လက်အောက်ကနေ လွတ်မြောက်ပြီး ကိုယ်ပိုင်အချုပ်အခြာ အာဏာနဲ့ အုပ်ချုပ်ခွင့်ရတာကို အကြောင်းပြုပြီး နှစ်စဉ် လွတ်လပ်ရေး အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်တယ်။ အိန္ဒိယနိုင်ငံရဲ့ ဒီ (၂၀၁၂) နှစ် လွတ်လပ်ရေးနေ့သည် ၆၅-နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သည်။

၁၉၄၇-ခုနှစ်၊ (အကြိုဖြစ်တဲ့ ၁၄-ရက်ည)  သြဂုတ်လ ၁၅ ရက်နေ့၊ သန်းခေါင်အချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံး ၀န်ကြီးချုပ်ဖြစ်တဲ့ ဂျဝါဟလာလ် နေရူး (Jawahar Lal Nehru) က နယူးဒေလီမြို့ အနီရောင်ခံတပ် (Red Fort) မှာ (ရွှေဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင်) သုံးရောင်ချယ် နိုင်ငံတော်အလံကို လွှင့်ထူခဲ့တယ်။ ပြည်သူလူထုကိုလည်း မိန့်ခွန်း ချွေခဲ့ပါတယ်။ ၀န်ကြီးချုပ်ရဲ့ မိန့်ခွန်း ကောက်နှုတ်ချက်မှာ-

ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ နှစ်ပေါင်း မြောက်များစွာ ကျွန်ုပ်တို့ ကြိုးစားခဲ့ရတယ်။ ကျွန်ုပ်တို့ ကတိပြုထားသည့်အတိုင်း အခုအခါ တိုင်းပြည်ကို ကယ်တင်နိုင်ခဲ့ပါပြီ။ တင်းပြည့်ကျပ်ပြည့် (သို့မဟုတ်) အလုံးစုံ မဟုတ်သည့်တိုင် အနှစ်သာရတော့ ပြည့်ဝပါတယ်။ သန်းခေါင်ယံ မှန်နာရီ တီးတဲ့အခါ တစ်ကမ္ဘာလုံးက အိပ်မောကျနေချိန်မှာ အသက်သွေးချွေးနဲ့ ရင်းနှီးခဲ့ရတဲ့ အိန္ဒိယက လွတ်လပ်ရေးအတွက် နိုးထလာကြတယ်။ တစ်ခါတရံမှ လွတ်လပ်တဲ့ သမိုင်းထဲက လွတ်လပ်ရေး အချိန်တန်လာပါပြီ။ အဟောင်းကနေ အသစ်ဆီသို့ ခြေလှမ်း လှမ်းတိုးခဲ့တဲ့ အချိန်၊ အသက်သွေး ပေးလှူခဲ့တဲ့ အချိန်၊ နိုင်ငံရဲ့ဝိညာဉ် ရှင်သန်ထမြောက်တဲ့ အချိန်၊ ကြာရှည်စွာ အဖိနှိပ်ခံခဲ့တဲ့ အချိန်၊ အဲဒီအချိန်တွေ ကုန်ဆုံးခဲ့ပါပြီ။ …….. ကံကြမ္မာဆိုးကနေ ဒီကနေ့ ကျွန်ုပ်တို့ လွတ်မြောက်ခဲ့ပါပြီ။ ကိုယ်ပိုင်ကံကြမ္မာနဲ့သာ ရှေ့ဆက် ရှင်သန်ထမြောက်ကြပါစို့။
(၁၉၄၇၊ သြဂုတ်လ ၁၅၊ လွတ်လပ်ရေးနေ့ မိန့်ခွန်း)

လွတ်လပ်ရေးနေ့ကို တစ်နိုင်ငံလုံး အကြီးအကျယ် ပြုလုပ်ကြတယ်။ အစိုးရနဲ့ ပြည်သူ ပူးပေါင်းပြီး တက်ကြွစွာ လွတ်လပ်ရေးပွဲကို ပါဝင်ဆင်နွှဲကြတယ်။ လွပ်လပ်ရေးနေ့မှာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတစ်လျှောက် အသက်သွေး ပေးဆပ်ခဲ့ကြသည့် အာဇာနည်များကို ဂုဏ်ပြုကြတယ်။ အဓိကအကျဆုံး လွတ်လပ်ရေး အခမ်းအနားကိုတော့ ၀န်ကြီးချုပ် ရုံးစိုက်ရာ မြို့တော်နယူးဒေလီမှာ ကျင်းပပါတယ်။ အနီရောင်ခံတပ် ၀င်းအတွင်း ၀န်ကြီးချုပ်ကိုယ်တိုင် လွတ်လပ်ရေးအလံကို စိုက်ထူကာ ဂုဏ်ပြုတပ်ဖွဲ့များက သေနတ် ပစ်ဖောက် ဂုဏ်ပြုကြပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ အသီးအသီးက နိုင်ငံတော်သီချင်း သီဆိုကာ  စစ်ရေးပြ အခမ်းအနား ပြုလုပ်ကြတယ်။

လက်ရှိ ၀န်ကြီးချုပ် မိုမန်းဟန်ဆင်း ကိုယ်တိုင် လူထုကို တိုက်ရိုက် မိန့်ခွန်း ပြောကြားသလို၊ ပါတီအသီးအသီးက ခေါင်းဆောင်ကြီးများကလည်း လူထုကြား ထွက်လာကာ နိုင်ငံအနှံ့အပြားမှာ ဟောပြောပွဲ လုပ်ကြတယ်။ ပါတီခေါင်းဆောင်များ ဟောပြောကြသည့် သြ၀ါဒအများစုမှာ- အမွေအနှစ်ကို ထိန်းသိမ်းဖို့၊ တရားဥပဒေကို လေးစားလိုက်နာဖို့၊ အတိက်သမိုင်းကြောင်းကို မမေ့ဖို့၊ ပစ္စုပ္ပန်သမိုင်း ကောင်းအောင် လုပ်ဖို့၊ အနာဂတ်တိုင်းပြည် ဘက်စုံ တိုးတက်ရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်ဖို့ တိုက်တွန်းကြပါတယ်။

လွတ်လပ်ရေးနေ့ကို အများပြည်သူ ရုံးပိတ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့တယ်။ ထိုကြောင့်လည်း ပြည်သူများ အိမ်ပြင်ထွက်ကြကာ ပျော်ပွဲရွှင် ဆင်နွှဲကြတယ်။ တီးမှုတ် ကခုန်ကြတယ်။ ပြိုင်ပွဲ အမျိုးအစားစုံ ကျင်းပကြတယ်။ ကလေးများ စွန်ကို ရောင်စုံကာလာ ချယ်ကာ လွှတ်ကြတယ်။ လွတ်လပ်ရေးပီပီ လွတ်လွပ်စွာ အပျော်ကြီး ပျော်ကြသည်။

မှီငြမ်း-
http://www.calendarlabs.com/holidays/india/independence-day.php

Aug 12, 2012

အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၂)

ကနေ့ ရေးသား တင်ပြမှာကတော့ အိုင်ပက် (iPad) ရဲ့ အပ်ပ် (App) အကြောင်းတွေပါ။ အပ်ပ်ဆိုတာ Application ရဲ့ ရှေ့ဆုံး စာလုံး ၃-လုံးဖြစ်တဲ့ App ကို ယူသုံးထားတာ ဖြစ်ပြီး၊ အသုံးချ ဆော့ပ်ဝဲလ် အမျိုးအစား ဖြစ်တယ်။ Apps (S-ပါတဲ့ ဗဟူဝုစ်) ကို သုံးထားရင် အသုံးချ ဆော့ပ်ဝဲလ် အများကြီးကို ဆိုလိုတာပါ။ ကွန်ပျူတာ ဝေါဟာရနဲ့ နှိုင်းရင် အိုင်ကွန် (icon) နဲ့ ခပ်ဆင်ဆင်ပါပဲ။ ကွန်ပျူတာမှာ Office ရဲ့ icon ကို ကလစ်နှိပ်လိုက်ရင် စာစီစာရိုက် လုပ်ငန်း လုပ်နိုင်မယ်။ Window Media Player ရဲ့ icon ကို ကလစ်နှိပ်လိုက်ရင် သီးချင်း နားထောင်နိုင်မယ်၊ ဗီဒီယို ကြည့်နိုင်မယ်ပေါ့။ ဒီလိုပါပဲ၊ အိုင်ပက်မှာလည်း Safari ဆိုတဲ့ App ကို ကလစ်နှိပ်လိုက်ရင် အင်တာနက် အဖွင့်မျက်နှာ ရောက်သွားပြီး ကြိုက်ရာ ၀က်ဆိုက်ကို ဖွင့်ကြည့်နိုင်တယ်။ You Tube App ကို ကလစ်နှိပ်လိုက်ရင် အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ဗီဒီယို၊ သီးချင်း သိန်းသန်းချီကို ကြည့်ရှုနိုင်မှာ ဖြစ်တယ်။ App ကို “အသုံးချ”လို့ ဘာသာပြန်ကြပေမယ့် အရပ်သုံး စကားလုံးနဲ့ဆို ကိရိယာ၊ တန်ဆာပလာ-လို့ ခေါ်ရမယ် ထင်တယ်။ လက်သမားဆရာ တစ်ယောက်မှာ ကိရိယာလို့ ခေါ်တဲ့ ဆောက်၊ တူ၊ ပေါက်ဆိန်တို့ မရှိရင် အလုပ် မလုပ်နိုင်သလို သင်ပုန်း (Tablet) လောကမှာလည်း App ဟာ မရှိမဖြစ် ကိရိယာတွေပါ။  

အိုင်ပက် (iPad) အတွက် အပ်ပယ်လ်ရဲ့ App Store မှာ တင်ထားတဲ့ App အမျိုးအစားပေါင်း သိန်းချီ ရှိပါတယ်။ App တစ်ခုချင်းစီမှာ သီးသန့် လုပ်ဆောင်ချက် ရှိကြတယ်။ ကိုယ်စီ လက္ခဏာရပ်တွေနဲ့ပေါ့။ စာဖတ်တဲ့ App၊ အဘိဓာန် App၊ သီးချင်းနာထောင်တဲ့ App၊ ဗီဒီယို App၊ မြေပုံကြည့်တဲ့ App၊ မှတ်စုသိမ်းတဲ့ App စတာတွေပေါ့။ App ကို အခမဲ့ ပေးတာ ရှိသလို ပိုက်ဆံပေး ၀ယ်ရတာလည်း အများကြီးပါ။ အခမဲ့ ရရှိတဲ့ App အများစုကိုတော့ အပြည့်အစုံ မပါတတ်ပါ။ သုံးရရုံလေးသာ အခမဲ့ ပေးထားတာပါ။ ၀ယ်သုံးရတဲ့ App တွေကလည်း ဈေးကြီးရင် ကြီးသလောက် ပိုပိုပြီး ပြည့်စုံတယ်။ ဥပမာအနေနဲ့ အဘိဓာန် အပ်ပ် (Dictionary App) ဆိုပါစို့- ပေးထားတဲ့ ဖရီးဗားရှင်း(အခမဲ့မူ) ဆိုရင် မီနင်း (အဓိပ္ပါယ်) တစ်ခုလောက်ပဲ ဖွင့်ပေးထားတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာ ၁၀ လောက် ပေးဝယ်ရတဲ့ အောက်စဖို့ အဘိဓာန် အပ်ပ် (Oxford Dictionary App) ဆိုရင် အပြင်မှာ ထုတ်ရောင်းနေတဲ့ စာအုပ်အတိုင်း တအားကို ပြည့်စုံတယ်။ 

အပ်ပ် (App) သိန်းချီ ရှိတဲ့ကြားက အိုင်ပက် (iPad) ၀ယ်ကတည်းက အလိုလို ပါလာပြီးသား အပ်ပ် (App) အကြောင်းတွေနဲ့ စလိုက်ကြရအောင်…။ အိုင်ပက် (iPad) မှာ အော်တိုမတစ် ပါလာတတ်တဲ့ အပ်ပ် (App) ဟာ အမျိုးအစား ၁၇-မျိုးလောက် ရှိတယ်။ အပ်ပ် (App) တွေရဲ့ ပုံပန်း၊ အသုံးပြုနိုင်စွမ်းနဲ့ လုပ်ဆောင်ချက်တွေကို တစ်ခုချင်းစီ ရှင်းပြသွားမှာပါ- 
1. Safari 
2. Mail 
3. Photos 
4. iPod 
5. Calendar 
6. Contacts 
7. Notes 
8. Maps 
9. Videos 
10. You Tube 
11. iTunes 
12. App Store 
13. Game Center 
14. FaceTime 
15. Camera 
16. Photo Booth 
17. Settings
1. Safari (ဆာဖာရီ- အင်တာနက် ဘရောက်ဆာ) 
 အိုင်ပက်နဲ့ အင်တာနက်ကို ချိတ်ဆက်ထားပြီး သုံးတော့မယ်ဆိုရင် အမြဲတန်း ကလစ်နှိပ် ဖွင့်ရတဲ့ အပ်ပ် (App) တစ်ခုပါ။ အိုင်ပက်ကို အလျားလိုက် လှဲထားတာပဲ ဖြစ်ဖြစ်၊ ဒေါင်လိုက် ထောင်ထားတာပဲ ဖြစ်ဖြစ် ဆာဖာရီ (Safari) ကို ဖွင့်လိုက်ရင် မျက်နှာပြင် အပြည့် အလိုလို ပေါ်ပေးတယ်။ ဘယ်လောက်ပဲ ကြီးတဲ့ ၀က်ဆိုက်ဖြစ်ဖြစ်၊ ဘယ်လိုပဲ သေးငယ်တဲ့ ၀က်ဆိုက်ဖြစ်ဖြစ် အပြည့် ပေါ်နေမှာပဲ။ အလျားလိုက်ကို လန်းစကိတ် (Landscape) လို့ သုံးနှုန်းပြီး ဒေါင်လိုက်ကို ပေါ့ထရိတ် (Portrait) လို့ သုံးပါတယ်။ (အဲ… ၀က်ဆိုက်တစ်ခုခုရဲ့ လိပ်စာ မပါရင် အဖြူထည်ကြီးပဲ ပေါ်နေမှာနော့်။) 

ဆာဖာရီကို ဖွင့်လိုက်တာနဲ့ အင်တာနက် စာမျက်နှာ ပွင့်လာမှာပါ။ အင်တာနက် စာမျက်နှာရဲ့ ထိပ်ဆုံးမှာ အလွတ်ကွက် ၂-ခုနဲ့ ဘားတန်းရယ်၊ အပေါင်းလက္ခဏာ (+) ပါတဲ့ ဘားတန်းရယ် ဆိုပြီး ဘားတန်း ၂-ခု ပေါ်လာမယ်။ ထိပ်ဆုံး ဘားတန်းထဲက အလွတ်ကွက် ၂-ကွက်မှာ ရှည်တဲ့ (ဘယ်ဘက်) အကွက်ဟာ ၀ပ်ဆိုက် တစ်ခုခုရဲ့ လိပ်စာ အပြည့်အစုံကို ဖော်ပြပေးတဲ့ အကွက်ဖြစ်ပြီး၊ တိုနေတဲ့ အကွက် (ညာဘက်) ကိုတော့ မသိသေးတဲ့ ၀က်ဆိုက်တစ်ခုခုကို ရှာဖွေရာမှာ အသုံးပြုတဲ့ အကွက် ဖြစ်တယ်။ 

အဲဒီ အလွတ်ကွက် ၂-ကွက်အပြင် ညာဘက်ဒေါင့်နားမှာ အခြား လုပ်ဆောင်ချက်များလည်း ရှိသေးတယ်။ အဲဒါတွေကတော့ နောက်သို့ / ရှေ့သို့ကို ညွှန်ပြတဲ့ မျှား ၂-ခုရယ်၊ ဖွင့်ထားတဲ့ စာအုပ်ပုံစံရယ်၊ စာအုပ်အလယ်ကနေ ဖောက်ထွက်လာတဲ့ မျှားရယ် ဆိုပြီး နောက်ထပ် အပိုဆောင်း လုပ်ဆောင်ချက် ၃-ခု ပါသေးတယ်။ အင်တာနက် စာမျက်နှာ တစ်ခုအတွင်းမှာ ဟိုဟာကြည့်လိုက်၊ ဒီဟာဖတ်လိုက် ထပ်ခါထပ်ခါ နှိပ်ရှာတဲ့အခါမှာ (စာအုပ်ကို လှန်လှောသလို) ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်နေမယ်။ အဲဒီအခါ ရှေ့ကို ဆက်သွားချင်ရင် ရှေ့ဘက်ကို ညွှန်ပြထားတဲ့ မျှားကို နှိပ်၊ နောက်ကို ပြန်ဆုတ်ချင်သပဆိုရင် နောက်ဘက်ကို ညွှန်ထားတဲ့ မျှားကို နှိပ်လိုက်ရုံပါ။ ဒီမျှားတွေကို ကက်ဆက်၊ အောက်စက်တွေမှာ သုံးတဲ့ Previous နဲ့ Next တို့ရဲ့ ပုံစံနဲ့ တစ်ထေရာတည်းပါ။ အလယ်မှာရှိတဲ့ စာအုပ်ဖွင့်ထားတဲ့ ပုံစံက ဘွတ်မာ့က် (Bookmarks) ပါ။ ကြိုက်တဲ့ ၀က်ဆိုက်တွေကို မှတ်ထားတဲ့ လင့် (Link) စာရင်းလို့ ပြောရင် ရမလားပဲ။

 နောက်ဆုံးတစ်ခု ဖြစ်တဲ့ စာအုပ်အလယ်ကနေ မျှားဖောက်ထွက်သွားတဲ့ ပုံစံဟာ ကြိုက်တဲ့ ၀က်ဆိုက်ကို မှတ်ထားဖို့ရယ်။ ဟုမ်း (Home) ဆိုတဲ့ မူလမျက်နှာမှာ အပ်ပ် (App) တစ်ခုအနေနဲ့ သိမ်းထားဖို့ရယ်။ အီမေးလ်ကနေတစ်ဆင့် အများကို မျှဝေ ပို့ပေးဖို့အတွက်ရယ်ပါ။ အောက်ဘားတန်းမှာကျတော့ လက်ရှိ ဖွင့်ထားတဲ့ စာမျက်နှာရယ် ဘေးမှာ အပေါင်းလက္ခဏာ (+) ရယ် ရှိတယ်။ အပေါင်းလက္ခဏာ (+) ကို နှိပ်လိုက်ရင် နောက်ထပ် အလွတ် စာမျက်နှာတစ်ခု ပေါ်လာမယ်။ နောက်ထပ် ၀က်ဆိုက်တစ်ခုကို ထပ်ရှာလို့ ရတယ်ပေါ့။ အပေါင်းလက္ခဏာကို နှိပ်တိုင်း နှိပ်တိုင်း နောက်ထပ် နောက်ထပ် စာမျက်နှာ အလွတ် အများကြီး ပေါ်လာမှာပါ။ ကွန်ပျူတာမှာလိုပဲ အိုင်ပက်မှာလည်း အင်တာနက် စာမျက်နှာ (Web Pages) မြောက်များစွာ တပြိုင်တည်း ဖွင့်ထားနိုင်ပါတယ်။ ကြည့်ချင်တဲ့ မျက်နှာကို ကလစ်ထပ်နှိပ်လိုက်ရုံပဲ။ Active (နည်းနည်းလင်း) နေတဲ့မျက်နှာဟာ ဖွင့်ထားတဲ့ မျက်နှာပေါ့။ 

မသိသေးတဲ့ ၀က်ဆိုက်တစ်ခုခုကို ရှာချင်တော့မယ်ဆိုရင်- 
(၁) ဘားတန်း ၂-ခုထဲက အပေါ်ကို ရွေး၊ အလွတ်ကွက် ၂-ကွက်ထဲက ညာဘက်ဒေါင့်ကွက်ကို ရွေးပါ။ 
(၂) ညာဘက် အလွတ်ကွက်မှာ ကလစ် ၁-ချက်နှိပ်လိုက်ပါ။ အောက်ကနေ လက်ကွက် (ကီးဘုတ်) အလိုလိုပေါ်လာမယ်။ 
(၃) ကြိုက်တဲ့ စာလုံးပေါင်းတစ်ခုခုကို ရိုက်လိုက်ပါ။ (ဥပမာ book ရိုက်လိုက်တယ် ဆိုပါစို့၊ book နဲ့စတဲ့ စာလုံးတွေ တသီတတန်းကြီး ပေါ်လာမယ်။ အဲဒီထဲမှာမှ ကြိုက်တဲ့တစ်ခုကို ဖွင့်လိုက်ပေါ့။) 

အဲ.. တစ်ခုတော့ သတိထားရမှာက ဇော်ဂျီဖောင့်နဲ့ ရေးတင်ထားတဲ့ မြန်မာဘလော့ဂ် (BlogSpot) တွေကိုတော့ ဖတ်လို့ရမှာ မဟုတ်ဘူး။ ဖွင့်လိုက်ရင် လေးကွက် အလုံးတွေပဲ ပေါ်လာမယ်။ မြန်မာဘလော့ဂ်တွေကို ဖတ်ချင်ရင် မိုးကုတ် (Mogok) လို့ခေါ်တဲ့ ၀က်ဘရောက်ဆာကို ဒေါင်းလုတ်ထားရပါမယ်။ 

Tab (အင်တာနက် မျက်နှာ) အများကြီး ဖွင့်ထားတဲ့ အိုင်ပက်ပုံစံ 

ဆက်စပ်လို့ မိုးကုတ် (Mogok) ဒေါင်းလုတ် လုပ်ပုံကို တစ်ခါတည်း တင်ပြသွားပါ့မယ်။ အင်္ဂလိပ် “A” အက္ခရာလို အပြာရောင်နဲ့ App Store ဆိုတဲ့ အပ်ပ်ကို မူလမျက်နှာမှာ ရှာပါ။ 
(၁) App Store (ဒီစာရင်းထဲမှာ နံပါတ် ၁၂ ခုမြောက်) ကို တွေ့တာနဲ့ ၁-ချက် ကလစ်လိုက်ပါ။ (၂) ပေါ်လာတဲ့ မျက်နှာရဲ့ ညာဘက် (အလွတ်) အကွက်မှာ ၁-ချက် နှိပ်ပါ။ (အောက်ဘက်မှာ ကီးဘုတ် ပေါ်လာမယ်) 
(၃) Mogok လို့ ရိုက်ထည့်လိုက်ပါ။ (Mogok web browser စာတန်းပေါ်လာမယ်။ ရွေးပြီး နှိပ်လိုက်ပါ) 
(၄) အင်္ဂလိပ်လို “M” အကြီးနဲ့ အနီရောင် အကွက် တစ်ကွက်ပေါ်လာမယ်။ 
(၅) (ဘေးနားမှာရှိတဲ့) FREE ကို ၁-ခါနှိပ်၊ ပြီးရင် INSTALL APP ကို ထပ်နှိပ်။ 
(၆) (Apple ID အကောင့် ရှိသူများအတွက်) ပတ်စဝေါ့ (Password) တောင်းလိမ့်မယ်။ ပတ်စဝေါ့ ရိုက်ဖြည့်လိုက်ပါ။ ခဏလေးစောင့် ဒေါင်းလုတ် လုပ်ပေးပါလိမ့်မယ်။ 

ပြီးသွားရင် အဲဒါကို နှိပ်ပြီး ဖွင့်။ ဒါဆိုရင် ဘယ်မြန်မာဝက်ဆိုက်ကို မဆို မြန်မာလို ဖတ်လို့ ရပါပြီ။ (မှတ်ချက်။ ID အကောင့် ရှိသူများအတွက်သာ ဒေါင်းလုတ်လုပ်လို့ ရမယ်။ မရှိသူများအတွက် ထည့်ထားပြီးသား အပ်ပ်တွေကိုသာ သုံးလို့ ရမယ်။ ID အကောင့် ဖွင့်ပုံကို သီးခြား ထပ်ဖော်ပြပါမယ်။)

2. Mail (အီမေးလ်)  
ဘယ်အီမေးလ် အကောင့်ကနေမဆို အီမေးလ် လက်ခံရယူခြင်း၊ ဖတ်ခြင်း၊ ပေးပို့ခြင်းတို့ကို လုပ်ဆောင်နိုင်တဲ့ အပ်ပ် (App) တစ်ခုပါ။ ဓာတ်ပုံ၊ PDF ဖိုင်တွေကိုလည်း တွဲပို့နိုင်တယ်။ ပေးပို့လာတဲ့ ဓာတ်ပုံ၊ PDF ဖိုင်တွေကိုလည်း ပရင်တာ တစ်ခုခုကို ထည့်ထားပါက ပရင့်လည်း ထုတ်နိုင်သေးတယ်။ PDF Creator ထည့်ထားရင် PDF ဖိုင်ပါ လုပ်လို့ရသေးတယ်။ မေးလ်လုပ်ဆောင်ချက်ဖြစ်တဲ့ မိုဘိုင်းမီ၊ မိုက်ခရိုဆော့အိတ်စ်ချိန်းကနေ တစ်ဆင့် အသုံးများနေတဲ့ ရာဟူမေးလ် (Yahoo)၊ ဂူးဂဲလ်မေး (Google)၊ အေအိုအယ်လ် (AOL) မေးလ်၊ ဟော့မေးလ် (Hotmail) တွေကို သုံးနိုင်ပါတယ်။

 
Mail (အီမေးလ်) အကောင့်တစ်ခုခုကို ၀င်ထားတဲ့ အိုင်ပက်ပုံစံ 

 မေးလ်ကို ဖွင့်နိုင်ဖို့ လုပ်ဆောင်ရမယ့် အဆင့်အဆင့်- 
(၁) ဟုမ်း (Home) မှာ ရှိနေတဲ့ (ခွေးစိတ်သွား) Setting ကို နှိပ်ပါ 
(၂) ဘယ်ဘက်ကော်လံမှာ ရှိနေတဲ့ Mail, Contacts, Calendars ကို နှိပ်ပါ။ 
(၃) ညာဘက်ကော်လံမှာ ရှိနေတဲ့ Add Account ကို နှိပ်ပါ။ 
(၄) ညာဘက်ကော်လံမှာ ပြထားတဲ့ မေးလ်အများစုထဲက မိမိသုံးမယ့် Yahoo, Google, Hotmail တစ်ခုခုကို နှိပ်ပါ။ (ဘောက်တစ်ခု ပေါ်လာလိမ့်မယ်။) 
(၅) Name = ……………………, မိမိနာမည် 
Email = ……………………, လက်ရှိသုံးနေတဲ့ အီမေးလ် 
Password = ……………………, လျို့ဝှက်စာဂဏန်း 
Description = ……………………, Yahoo, Google တစ်ခုခုကို ရွေးပါ။ 
(၆) ညာဘက်အပေါ်ထောင့်မှာ ရှိတဲ့ Next ကို ဆက်နှိပ်ပါ။ 
(၇) Save လိုက်ပါ။ ရွေးချယ်ထားတဲ့ မေးလ် အော်တို ၀င်သွားပါပြီ။ 

ဘယ်အချိန်ဖြစ်ဖြစ် မေးလ်ကို သုံးချင်ရင် Mail ဆိုတဲ့ App ကိုသာ နှိပ်လိုက်ပါ။ အလိုလို မေးလ်ထဲ ရောက်သွားလိမ့်မယ်။ ဘယ်ဘက်ကော်လံမှာ ရှိတဲ့ ဇယားတွေက ကွန်ပျူတာမှာ သုံးနေတဲ့ အီမေးလ်အတိုင်းပါပဲ။ (မှတ်ချက်= ဖွင့်ထားတဲ့ မေးလ်အကောင့် အမြဲတန်းလိုလို အော်တို ၀င်နေမှာနော့်။ အိုင်ပက် ပါဝါ မပိတ်မချင်း သူများတွေရဲ့ မေးလ်ထဲမှာ မိမိရဲ့ အီမေးလ်အကောင့် Always ဖြစ်နေမယ်။ စိမ်းနေမယ်။) 

3. Photos (ဓာတ်ပုံ)  

နေကြာပန်းပုံနဲ့ လုပ်ထားတဲ့ အပ်ပ် (App) ကို Photos (ဓာတ်ပုံ) လို့ ခေါ်တယ်။ ဒီ Photos (ဓာတ်ပုံ) ကို နှိပ်ပြီး ဖွင့်လိုက်တာနဲ့ ခေါင်းစီး ၃-ခုရှိတဲ့ စာမျက်နှာ တစ်ခု ပေါ်လာလိမ့်မယ်။ ခေါင်းစီး ၃-ခုကတော့- Photos, Albums နဲ့ Place ပါ။ 

Photos ခေါင်းစီးအောက်ကနေ အိုင်ပက်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ၊ အင်တာနက်ကနေ သိမ်းထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရှုနိုင်တယ်။ Albums ခေါင်းစီးအောက်ကနေ အယ်လ်ဘမ်တစ်ခုအနေနဲ့ သိမ်းထားပေးတယ်။ Place ခေါင်းစီးအောက်ကနေ ရောက်ရှိတဲ့ နေရာကို ပြပေးတဲ့ မြေပုံလည်း ရှိတယ်။ မိမိရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ ဘယ်နေရာလဲရှိတာကို ပြသပေးတဲ့ သဘောပါ။


ဓာတ်ပုံတွေကို Slideshow လုပ်ထားတဲ့ နမူနာပုံစံ

 ပြီးတော့ ဒီခေါင်းစီး ၃-ခုဘေးနားမှာ ရှိနေတဲ့ နောက်ထပ် ရှိပါသေးတယ်။ Slideshow နဲ့ မျှားခေါင်းလေးပါ။ Slideshow ဟာ ဓာတ်ပုံတွေကို စလိုက်ရှိုးအနေနဲ့ ကြည့်နိုင်ဖို့ လုပ်ဆောင်ချက်တွေ ထည့်ပေးထားတယ်။ စလိုက်ရှိုးအတွက် ဓာတ်ပုံ တစ်ပုံနဲ့တစ်ပုံ အကူးအပြောင်း လုပ်ပေးတဲ့ ထရန်စီရှင်း (Transition) နဲ့ ထည့်သွင်းရမယ့် နောက်ခံသီချင်း (Music) လည်း ပါဝင်သေးတယ်။ 

Slideshow ရဲ့ ဘေးနားမှာ ရှိနေတဲ့ မျှားခေါင်းကို နှိပ်ပါက ဓာတ်ပုံကို Share လုပ်ဖို့ (အများဆီကို မေးလ်ကနေတစ်ဆင့် ပို့ပေးဖို့) လုပ်ဆောင်ချက်ရယ်၊ ကော်ပီ (Copy) ရယ်၊ ဖျက်ဖို့ (Delete) ရယ်ဆိုပြီး နောက်ထပ် ၃-ခု ရှိပါသေးတယ်။ အဲ…ထူးဆန်းတာ တစ်ခုက အခုနောက်ပိုင်း (iOS.5.1.1 စက်လည်ပတ်မှုစနစ် မြှင့်တင်ပြီး နောက်ပိုင်း) အိုင်ပက် လော့ဂ်ကျနေသည့်တိုင် (အိုင်ပက်ကိုဖွင့်တဲ့ မျှားခေါင်းဘေးမှာ ရှိနေတဲ့) နေကြာပန်းပုံကို နှိပ်ပါက ဓာတ်ပုံကို ကြည့်ရှုနိုင်ပါသေးတယ်။ 

4. iPod (အိုင်ပေါ့)  
iTunes ကနေတစ်ဆင့် ကိုယ်ပိုင် ထည့်သွင်းထားတဲ့ သီးချင်း၊ အင်တာနက်ကနေ ဒေါင်းလုတ်ထားတဲ့ သီချင်း၊ ရီကော့ လုပ်ထားတဲ့ အသံတွေကို စုစည်းပေးထားတဲ့နေရာကို iPod (အိုင်ပေါ့) လို့ ခေါ်ပါတယ်။ iPod (အိုင်ပေါ့) ကို အသံပိုင်းဆိုင်ရာ ဖွင့်တဲ့ ပလေယာ တစ်ခုအနေနဲ့ သုံးပါတယ်။ စမတ်ဖုန်းမှာ ပါတတ်တဲ့ MP3 ပလေယာပါပဲ။ (အရုပ်မပါ၊ သီချင်း အသံသက်သက် ဖွင့်တဲ့ ကိရိယာပေါ့။) iPod (အိုင်ပေါ့) ကို ဖွင့်ပြီး နားထောင်မယ်ဆိုရင် အောက်ပါ ပေးထားတဲ့ နည်းလမ်း ၂-မျိုးထဲက တစ်မျိုးမျိုးနဲ့ သီးချင်း၊ အသံတွေကို အရင်ထည့်သွင်းထားရပါမယ်။ 

နည်း (၁)
-အိုင်ပက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။ 
-iTunes ဆိုတဲ့ ဆော့ပ်ဝဲလ်ကို ဖွင့်လိုက်ပါ။ (ကွန်ပျူတာမှာ iTunes အင်စတောလ် ထားပြီးသား ဖြစ်နေရပါမယ်။) 
- (iTunes ပွင့်လာရင်) File > Add file to Library ကို ရွေးနှိပ်ပါ။ (Add file to Library ဆိုတဲ့ ဘောက်တစ်ခု ထပ်ပေါ်လာမယ်။) 
- (ကွန်ပျူတာမှာ သိမ်းဆည်းထားတဲ့) သီးချင်းရှိတဲ့ ဖိုင်ကို ရှာရွေးပါ။ တွေ့ရင် ကလစ် ၂-ချက် အမြန်နှိပ်ပါ (သို့မဟုတ်) ကလစ် ၁-ချက်နှိပ်ပြီး ဘောက်ထဲက Open ကို ထပ်ဖွင့်ပါ။ ဒါဆိုရင် မိမိရွေးထားတဲ့ သီချင်း၊ အသံက iTunes ထဲ ရောက်လာပြီ။ 
- iTunes ရဲ့ ညာဘက်အောက်ဆုံးဒေါင့်မှာ ရှိနေတဲ့ Sync ကို နှိပ်လိုက်ပါ။ (အိုင်ပက်ထဲ သီချင်း၊ အသံ ၀င်သွားနေတာကို တွေ့ရမှာပါ။ ကြိုက်သလောင် သွင်းပြီးရင် အိုင်ပက်ကို ကြိုးဖြုတ်၊ အိုင်ပက်ထဲက iPod (အိုင်ပေါ့) ကို ဖွင့်လို့ ရပါပြီ။ 

နည်း (၂) 
-အိုင်ပက်ထဲက ဟုမ်း (မူလမျက်နှာ) မှာ ရှိတဲ့ iTunes ကို ဖွင့်ပါ။ (Apple ရဲ့ iTunes Store ရောက်သွားမယ်။) - iTunes Store ရဲ့ စာမျက်နှာ အောက်ခြေမှာ Podcasts, iTunes U, Dowloads ဆိုပြီး စာတန်း သုံးမျိုး ရှိနေမယ်။ အဲဒီသုံးခုထဲက ပထမ ၂-ခုအနက် တစ်ခုခုကို ရွေးပြီး သက်ဆိုင်ရာ အသံဖိုင်၊ သီးချင်းတွေ ရလာလိမ့်မယ်။ ဒေါင်းလုတ် လုပ်ချင်ရင်တော့ နောက်ဆုံးဖြစ်တဲ့ Dowloads ကို ရွေးပေါ့။ iPod (အိုင်ပေါ့) နဲ့ သီးချင်း၊ အသံတွေကို ဖွင့်မယ်၊ ပိတ်မယ်၊ ကျော်မယ်၊ ပြန်ရစ်မယ်ဆိုရင် MP3 Player မှာ လုပ်နေတဲ့ လုပ်ပုံလုပ်နည်းအတိုင်းသာ လုပ်လိုက်ပါ။
5. Calendar (ပြက္ကဒိန်) 
စာရင်းဇယားနဲ့ အစီအစဉ်တွေကို ချမှတ်ဖို့အတွက် အိုင်ပက်မှာ ပြက္ကဒိန်ကို ထည့်ပေးထားတယ်။ နေ့၊ လနဲ့ နှစ်အလိုက် ပြက္ကဒိန်ကို ထည့်ပေးထားသဖြင့် နှစ်ပေါင်းများစွာကို ကြိုတင် ကြည့်နိုင်သလို တရက်တည်းမှာပင် ဖြစ်စဉ် တစ်ခုချင်းစီကိုလည်း ပြည်လည် ကြည့်ရှုနိုင်ပါသေးတယ်။ ဥပမာ- လာမယ့် အောက်တိုဘာလ ၃၁-ရက်နေ့မှာ သီတင်းကျွတ် မီးထွန်းပွဲတော် နွှဲမယ် ဆိုပါစို့။

ဒီဖြစ်စဉ်ကို ပြက္ကဒိန်မှာ မှတ်တမ်းတင် ထည့်သွင်းထားလိုပါက- 
(၁) ပြက္ကဒိန်ရဲ့ ထိပ်ပိုင်းမှာ ရှိနေတဲ့ Day, Week, Month, Year, List မီနူထဲက Month ကို ရွေးနှိပ်ပါ။ (၂) အောက်တိုဘာလ ၃၁ ကို ရွေးပါ။ 
(၃) ပြက္ကဒိန်ရဲ့ အောက်ခြေမှာ ရှိနေတဲ့ အပေါင်းလက္ခဏာ (+) ကို နှိပ်ပါ။ (ဇယားတစ်ခု ကျလာလိမ့်မယ်။) (၄) Title နေရာမှာ ပါဝင်ဆင်နွှဲမယ့် အဖြစ်အပျက်ကို နာမည်ပေး ရိုက်ထည့်ပါ။ (ဥပမာ Lighting Festival) -Location နေရာမှာ ပါဝင်ဆင်နွှဲမယ့် နေရာကို နာမည်ပေး ရိုက်ထည့်ပါ။ (ဥပမာ-Shwedagon) -Start, Ends, Time Zone ကို ထပ်နှိပ်ပါ။ (နေ့၊ အချိန်၊ နာရီ ပြောင်းရန်) 
-ဇယားအောက်တွဲမှာ ထပ်ပေါ်လာတဲ့ နေ့ရက်၊ နာရီ၊ အချိန် (မနက် / ညနေ) တွေကို ထပ်ရွေးပါ။ (ဥပမာ Web, 7 PM – 9 PM) ရွေးပြီးပြီဆိုရင်- 
-(ဇယားထိပ်ဆုံးမှာ ရှိနေတဲ့) Done ကို နှိပ်လိုက်ပါ။ 

ဒါဆိုရင် ပါဝင်ဆင်နွှဲမယ့် သီတင်းကျွတ် မီးထွန်းပွဲတော် အကြောင်းကို ဦးဏှောက်နဲ့၊ မှတ်စုစာအုပ်နဲ့ မှတ်သားစရာ မလိုတော့ဘဲ၊ ပြက္ကဒိန်ကို ကောက်ကြည့်လိုက်တာနဲ့ ပွဲတော်ကို ဆင်နွှဲရမယ့်အချိန်ကို တန်းသိမှာပါ။ ဆိုလိုတာက ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ ၃၁ (သီတင်းကျွတ်လပြည့်) နေ့၊ ညပိုင်း ၇-နာရီကနေ ၉-နာရီအထိကို အိုင်ပက်ရဲ့ ပြက္ကဒိန်ဇယားကွက်ထဲမှာ ထည့်သွင်းလိုက်တာပါ။ 

-အပိုင်း-၃ ကို ဆက်လက်ဖော်ပြပါမယ်-

Aug 6, 2012

အိုင်ပက် (iPad) အသုံးပြုနည်း (အပိုင်း-၁)


အခုတစ်ခါ အိုင်ပက် (iPad) အသုံးပြုတဲ့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။ အိုင်ပက် (iPad) အသုံးပြုပုံကို ဖော်ပြချင်တာ ကြာလှပါပြီ။ သို့သော် စိတ်ကူးရုံ သက်သက်လေး။ စိတ်ကူးကို အကောင်အထည် မဖော်နိုင်သေး။ မဖော်နိုင်တဲ့ အကြောင်းကလည်း အများကြီးလေ။ အိုင်ပက် (iPad) ကို သုံးတဲ့လူ နည်းနေတာကြောင့်ရယ်။ သုံးနေကြတဲ့ အနည်းငယ်သော သူတွေကလည်း အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ လမ်းညွှန်းကို ဖတ်ပြီး သုံးနိုင်ကြတာရယ်ကြောင့်ပါ။

အဲလို ခပ်ဆိတ်မ နေလာခဲ့တာ…။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ မိတ်ဆွေတစ်ဦးက နယူးအိုင်ပက် (The New iPad) ကို ၀ယ်သုံးတယ်။ သင်ပုန်း (Tablet) တစ်မျိုးမျိုးကို ၀ယ်သုံးဖို့ သူ စိတ်ကူးနေတာ ကြာလှပြီ။ ဒါပေမယ့် ဘာဝယ်ရမှန်း မသိဘူး။ အိုင်ပက်က ကောင်းနိုးနိုး၊ ဆမ်ဆောင်းကပဲ ဟိုလိုလိုနဲ့ပေါ့။ နောက်ဆုံးတော့ အိုင်ပက် ကောင်းတယ်လို့ ဘယ်သူကများ ညွှန်းသလဲတော့ မသိပါ။ စာရေးသူရဲ့ ဘလော့ထဲက အိုင်ပက်အကြောင်းကို သူ ဖတ်ဖြစ်ချင်လည်း ဖြစ်မှာပါ။ နောက်ဆုံးမှာတော့ ၀ယ်လိုက်ပါပြီ။ မျောက် အုန်းသီး ရသလို ဟိုပြေးဒီလွှား နေရသလားတော့ မပြောတတ်ပါ။ အိုင်ပက် ရရချင်း စာရေးသူဆီ လှမ်းဆက်သွယ်လာတယ်။ အိုင်ပက်အကြောင်းနဲ့ ပတ်သက်ပြီး မေးလိုက်တာများ တပုံတစ်ခါကြီး။ စာရေးသူကလည်း တတ်သမျှ မှတ်မိသလောက် ဖောက်သည်ချပေးပါတယ်။

အဲ…အဲမိတ်ဆွေက အင်္ဂလိပ်စာကို တီးမိခေါက်မိရုံလေးပါ။ သူ့လိုပဲ အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်တဲ့ အိုင်ပက်သုံးသမား မြန်မာပြည်မှာ အများကြီး ရှိတယ်တဲ့။ သူ သိတဲ့ အိုင်ပက်သုံး လူတွေလည်း တပုံကြီး၊ ဆယ်ဂဏန်းချီ ရှိတယ်လို့ ပြောတယ်။ လမ်းညွှန်းကို မဖတ်တတ် ဖတ်တတ်နဲ့ လမ်းညွှန်းချက်အတိုင်း လိုက်လုပ်တာ တလွဲချည်းပဲတဲ့။ အမြဲတန်းလိုလို အိုင်ပက် အရောင်းဆိုင်တွေနဲ့ နှစ်ပါးသွားနေရသတဲ့။ စာရေးသူကိုလည်း အွန်လိုင်းမှာ ဆုံဖြစ်မှ မေးရမြန်းရတယ်ဆိုတော့ မဆုံဖြစ်တဲ့အခါ အဆင်မပြေဘူး။ ဒါကြောင့် အိုင်ပက် သုံးပုံ သုံးနည်း မြန်မာလို ရေးထားတဲ့ ၀က်ဆိုက်တွေ ရှိရင် ညွှန်းစမ်းပါဦး၊ စာရေးသူကိုလည်း သူ့ကို ရှင်းပြသလို အခြားသူတွေကို ထပ်ရှင်းစရာ မလိုအောင် အိုင်ပက်အကြောင်း ရေးတင်ပါဦးလို့ တောင်းဆိုတယ်။ ဒီလို အကြောင်းလေးတွေကြောင့် ကောက်ကာငင်ကာ အိုင်ပက် အသုံးပြုနည်းကို တင်လိုက်ပါတယ်။

အိုင်ပက် အသုံးပြုနည်း (အပိုင်း-၁) မှာ အိုင်ပက်ရဲ့ မူလမျက်နှာ (စကရင်း) ထိပ်ဆုံးပိုင်း ဘားတန်း တစ်လျှောက်မှာ ရှိနေတဲ့ လုပ်ဆောင်ချက် (Functions) များကိုပဲ ဦးစွာ တင်ပြပါမယ်။ နောက်ကျမှ အခွင့်သင့် အခါသင့် အပိုင်း-၂၊ အပိုင်း-၃ တို့ကို ဆက်လက်ပြီး ဖော်ပြပါမယ်။
(အမှာ= အိုင်ပက်အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြထားပေမယ့် အိုင်ဖုန်း (iPhone) အိုင်ပေါ့တ် တပ်ဂ်ျ (iPod Toch) တို့မှာလည်း အသုံးပြုလို့ ရပါတယ်။ အသုံးပြုနိုင်ခြင်း အကြောင်းရင်းက iPad, iPhone, iPod Touch သုံးခုလုံးဟာ စက်လည်ပတ်မှုစနစ် တစ်မျိုးထဲ တစ်ပုံစံထဲကြောင့်ပါ။)


အိုင်ပက်ရဲ့ မူလမျက်နှာလို့ခေါ်တဲ့ ဟုမ်း-စကရင်းပေါ်က အခေါ်အဝေါ်နဲ့ လုပ်ဆောင်ချက်များ

1. Home (ဟုမ်း-ခလုတ်)
Home (ဟုမ်း-ခလုတ်) ကို မူလစာမျက်နှာလို့ ပြောရင် ပိုသင့်တော်မယ် ထင်တယ်။ ဘာဖြစ်လဲဆိုတော့ ဘယ်မျက်နှာကိုပဲ ဖွင့်ထားဖွင့်ထား ပြန်ဖျောက်ချင်လို့ပဲ ဖြစ်ဖြစ်၊ ပြန်ပိတ်ချင်လို့ပဲ ဖြစ်ဖြစ် ဒီ Home (ဟုမ်း-ခလုတ်) ကိုသာ နှိပ်လိုက်ပါ။ အဲဒီအခါကျရင် မူလစာမျက်နှာကိုပဲ ပြန်ရောက်သွားမှာမို့လို့ပါ။
Home (ဟုမ်း-ခလုတ်) ကို သွားပြီးနှိပ်စရာ မလိုဘဲနဲ့ မူလမျက်နှာကို ပြန်ရောက်သွားတဲ့ နည်းလမ်းကလည်း ရှိသေးတယ်။ အဲဒါက- လက်ရှိ ဖွင့်ထားတဲ့ မျက်နှာ (Tab) ပေါ်ကို လက်ငါးချောင်းလုံးကို စကရင်းပေါ် ဖြန့်တင်လိုက်ပါ။ ပြီးရင် လက်ငါးချောင်းလုံးကို အတွင်းဘက်သို့ ဆွဲစိ (ဆွဲစု) လိုက်ပါ။ ဒါဆိုရင် လက်ရှိ ဖွင့်ထားတဲ့ မျက်နှာ (Tab) က ပျောက်သွားပြီး မူလမျက်နှာ အဖွင့်-စကရင်းသို့ ပြန်ရောက်သွားမယ်။ ဒီနည်းက Home (ဟုမ်း-ခလုတ်) ကို ချွေတာတဲ့ သုံးနည်းလည်း ခေါ်တယ်။ Home (ဟုမ်း-ခလုတ်) ကို အမြဲတန်း နှိပ်နေရင် ခလုတ် ပျက်သွားမှာကို ကြောက်တဲ့သူတွေအတွက် ဒီနောက်နည်းကို သုံးပါ။

2. Airplane mode (လေယာဉ်-စနစ်)
Airplane mode (လေယာဉ်-စနစ်) ဆိုတာ လေယာဉ်ပျံ ပုံစံဖော်ထားတဲ့ စကရင်းအတွင်းက အွန်/အော့ပ် (On/ Off) ခလုတ်ပါ။ ဒီခလုတ်ကို အွန်-ထားရင် (ဖွင့်ထားရင်) ချိတ်ဆက်ထားတဲ့ အင်တာနက် ကွန်နက်ရှင်းတို့၊ ဘလူးတု(တ်) စနစ်တို့ အလုပ် မလုပ်တော့ပါ။ ၀ိုင်ဖိုင် (Wi-Fi) နဲ့ ပတ်သက်တဲ့ ကွန်ယက်အားလုံးကို ပြတ်တောက်လိုက်တာပါ။ ကွန်ပျူတာမှာ တို့တစ်တွေ သုံးနေကျ Stand by, Sleep စနစ်တို့နဲ့ ချွတ်စွတ်ပဲ။
လေယာဉ်နဲ့ ခရီးသွားရတဲ့အခါ လေယာဉ်ပေါ် ဖုန်း/သင်ပုန်းတွေကို အသုံးပြုခွင့် မပေးပါ။ ထိုအခါ ဖုန်း/သင်ပုန်းကို ပါဝါ-ပိတ်နေရရင် ကြန့်ကြာတတ်တယ်။ လေယာဉ်ပေါ်က အဆင်း ဖုန်း/သင်ပုန်းကို ပြန်ဖွင့်တဲ့အခါမှာလည်း ပြန်ပွင့်လာဖို့ စောင့်ရတာလည်း နည်းနည်းတော့ ကြာတယ်မဟုတ်လား။ ဒါကြေည့်လည်း ပါဝါကို ဖွင့် / ပိတ် လုပ်နေရမယ့်အစား Airplane mode (လေယာဉ်-စနစ်) ကိုသာ ရွေးနှိပ်လိုက်ပါ။ ဒါဆိုရင် ပါဝါအဖွင့် / အပိတ်အတွက် အချိန်ကုန် သက်သာတယ်။
ကားနဲ့ ခရီးဝေး သွားရမယ့် အချိန်မှာလည်း Airplane mode (လေယာဉ်-စနစ်) ကို အွန်-ထားရင် ဘက္ထရီ အားကုန် သက်သာတယ်။ ဖြတ်သန်းသွားလာတဲ့ လမ်းတစ်လျှောက်က တာဝါတိုင်တွေရဲ့ ဆွဲအားနဲ့ အိုင်ပက်ထဲက ဆက်သွယ်ရေးစနစ်တို့က အော်တိုမတစ် ချိတ်ဆက်နေကြတယ်။ ဒီ Airplane mode နဲ့သာ ပိတ်မထားရင် ဘက္ထရီအား ဆွဲစားသွားမယ်။ ဘက္ထရီအား ချွေတာလိုတဲ့အခါ ဒီမုဒ်ကိုသာ ဖွင့် (On) လိုက်ပါ။

အိုင်ပက်ရဲ့ နောက်ကျောနဲ့ ဘေးနှစ်ဘက်ရှိ အခေါ်အဝေါ်နဲ့ လုပ်ဆောင်ချက်များ

Airplane mode (လေယာဉ်-စနစ်) ကို အွန်-ထားရင် အောက်ပါ အချက်အလက်များ အသုံးပြုလို့ မရပါ-
၁။ အီးမေးလ် ပေးပို့ခြင်း၊ လက်ခံခြင်း။
၂။ အင်တာနက် ဘရောက်ဆာကို ဖွင့်ခြင်း။
၃။ ဖုန်းနံပါတ်၊ အီးမေးလ် အကောင့်၊ ပြက္ကဒိန်တွေကို စင်းခရိုနိုက် (သိမ်းဆည်း) ခြင်း။
၎။ ယူတျုစ် (Youtube) ကနေ ဗီဒီယို တင်ခြင်း၊ ဖွင့်ကြည့်ခြင်း။
၅။ ရာသီဥတု သတင်းအချက်အလက်။
၆။ မြေပုံစနစ်။
၇။ အပ်ပ်စတိုး (Apps Store) ကို ဖွင့်ခြင်း။
၈။ အင်တာနက်ကနေ ပေးထားတဲ့ ဂိမ်းတွေကို ဆော့ကစားခြင်း-တို့ ဖြစ်တယ်။

3. 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီစနစ်)
အိုင်ပက်ရဲ့ စကရင်း ထိပ်ဆုံးပိုင်းမှာ ပြသပေးနေတဲ့ 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) သင်္ကေတဟာ တို့တစ်တွေ အသုံးပြုနေတဲ့ ဖုန်းဆင်းကဒ်ရဲ့ လုပ်ဆောင်မှုစနစ်ကို ပြသပေးတယ်။ ၀ိုင်ဖိုင် (Wi-Fi) သက်သက် သရီး-ဂျီ (3G) ဖိုး-ဂျီစနစ် (4G) မပါတဲ့ အိုင်ပက်မှာတော့ ဒီစနစ် ပါဝင်မှာ မဟုတ်ပါ။
ထပ်ရှင်းရရင်- အိုင်ပက် (iPad) တိုင်းမှာ အမျိုးအစား ၂-မျိုး ကွဲပြားတယ်။
၁။ ၀ိုင်ဖိုင် (Wi-Fi) သက်သက်ရယ်၊
၂။ ၀ိုင်ဖိုင်+သရီး-ဂျီ (အိုင်ပက်တူး အတွက်) ၀ိုင်ဖိုင်+ဖိုး-ဂျီ (အိုင်ပက်-သရီး အတွက်) ဆိုပြီး ခွဲထားတယ်။
အဲဒီ ၂-မျိုးကိုသာ သိုလှောင်နိုင်တဲ့ ပမာဏ ၁၆-ဂျီဘီ၊ ၃၂-ဂျီဘီနှင့် ၆၄-ဂျီဘီ ဆိုပြီး ၃-မျိုးစီ ပြန်ကွာဟသွားတယ်။ (အိုင်ပက် အမျိုးအစားပေါင်း ၆-မျိုး ကွဲသွားတာပေါ့)

အခုဖော်ပြတဲ့ 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီစနစ်) ကိုတော့ ဒုတိယအမျိုးအစားဖြစ်တဲ့ WiFi+3G (4G) အိုင်ပက် အမျိုးအစားကိုသာ ရည်ရွယ်တာပါ။ ပထမအမျိုးအစားဖြစ်တဲ့ ၀ိုင်ဖိုင် (Wi-Fi) သက်သက် အိုင်ပက်နဲ့ မဆိုင်ပါ။ (ရေးတင်ထားပြီး ဖြစ်သည့် “အိန္ဒိယအတွက် အိုင်ပက်-သရီး” သတင်းကို ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်- http://ayechanmon.blogspot.in/2012/04/ipad3_17.html)

အိုင်ပက်ရဲ့ ထိပ်ပိုင်း ဘားတန်းပေါ်က လုပ်ဆောင်ချက်များ

ဝိုင်ဖိုင် (Wi-Fi) သက်သက် ပါတဲ့ အိုင်ပက်ကို ၀ိုင်ဖိုင် မိတဲ့နေရာလောက်သာ အသုံးပြုလို့ ရတယ်။ ၀ိုင်ဖိုင် လွင့်ထားတဲ့ နေရာ (ဥပမာ-အိမ်၊ ရုံးခန်း၊ ပလာဇာ၊ လေဆိပ်) လောက်မှာသာ အင်တာနက်ကို အသုံးပြုနိုင်တယ်။ (ဒါတောင် အခမဲ့ ပေးထားဦးမှ။ အများစုက ပတ်စဝေါ့ (Password) နဲ့ ၀င်သုံးရတဲ့ ၀ိုင်ဖိုင်သာ များတယ်။) ဒါပေမယ့် ၀ိုင်ဖိုင်+သရီး-ဂျီ (ဒါမှမဟုတ်) ၀ိုင်ဖိုင်+ဖိုး-ဂျီ အိုင်ပက်ဟာ ၀ိုင်ဖိုင် မိတဲ့ နေရာတိုင်း အသုံးပြု ရရုံသာမက ဆင်းကဒ် (SIM) သီးသန့် ပါတဲ့အတွက် ဆင်းကဒ်ကနေတစ်ဆင့် ချိတ်ဆက်ထားတဲ့ အင်တာနက် ကွန်ယက်တွေ အားလုံး အသုံးပြုလို့ ရတယ်။ ဆိုလိုတာက ဖုန်းလိုင်း ၀င်တဲ့နေရာတိုင်းမှာ ဖုန်းလိုင်းကနေတစ်ဆင့် အင်တာနက်ကို အသုံးပြုလို့ ရတယ်။ အဲလို ကွန်ရက်ကို အသုံးပြုတဲ့နေရာမှာ ဆင်းကဒ်ကုမ္ပဏီကနေတစ်ဆင့် မိမိယူထားတဲ့ သရီး-ဂျီ/ ဖိုး-ဂျီရဲ့ ပက်ကေ့ (Package) အလိုက် အသုံးပြုလို့ ရပါတယ်။
ဒီသရီး-ဂျီစနစ်ကိုတော့ မြန်မာပြည်ကလွဲရင် နိုင်ငံတိုင်းလိုလိုက ချိတ်ဆက် အသုံးပြုနေကြပါပြီ။ သို့သော် ဖိုး-ဂျီစနစ်ကိုတော့ စက်မှုထွန်းကားတဲ့ အရှေ့အာရှ၊ ဥရောပနဲ့ အမေရိကလောက်သာ အသုံးပြုလို့ အဆင်ပြေသေးတယ်။ (ဒီနေရာမှာ သတိထားရမှာက နယူးအိုင်ပက်လို့ ခေါ်တဲ့ အိုင်ပက်-သရီး (The New iPad) ကို ၀ယ်သုံးတဲ့အခါမှာ နံပါတ် ၂ အမျိုးအစားဖြစ်တဲ့ ၀ိုင်ဖိုင်+ဖိုး-ဂျီ ၀ယ်ထားပေမယ့် မိမိနိုင်ငံမှာ သုံးလို့ မရသေးရင် ဒီဖိုး-ဂျီအတွက် ငွေပိုကုန်တာပဲ အဖတ်တင်မယ်။ တိုးတက်ပါတယ်ဆိုတဲ့ သြစတေးလျနိုင်ငံမှာတောင် ဖိုး-ဂျီ အသုံးပြုလို့ မရဘူး ဆိုပြီး အိုင်ပက်-သရီး အများကြီးကို အပ်ပယ်လ်ကုမ္ပဏီဆီ ပြန်အမ်းလိုက်သေးတယ်လေ။)

4. EDGE (အက်ဂ်ျ)
စကရင်း ထိပ်ဆုံးပိုင်းမှာ ပြသပေးနေတဲ့ 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) စနစ်ရဲ့ နေရာမှာပဲ ဒီ EDGE (အက်ဂ်ျ) စနစ်ကို ဖော်ပြပေးတယ်။ ၀ိုင်ဖိုင် (Wi-Fi) + သရီး-ဂျီ (3G) / ဖိုး-ဂျီစနစ် (4G) ပါတဲ့ အိုင်ပက်မှာသာ ဒီစနစ်ကို သုံးနိုင်မှာပါ။ အင်တာနက်ရဲ့ ကွန်ယက်စနစ် ဖြန့်ကျက်တဲ့ နိုင်ငံပေါ်မှာ မူတည်ပြီး 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) စနစ်နဲ့ EDGE (အက်ဂ်ျ) စနစ် ကွာခြားသွားတာပါ။ ခုလောလောဆယ်ဆယ် မြန်မာပြည်က ဒီ EDGE (အက်ဂ်ျ) စနစ်ကို ကျင့်သုံးနေတယ်။ သရီးဂျီ/ ဖိုးဂျီ မရသေးတဲ့အတွက် EDGE (အက်ဂ်ျ) စနစ်ကို သုံးရတယ်လို့ ခန့်မှန်းရတယ်။ အင်တာနက်ကို သုံးစွဲတဲ့အခါမှာ 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) စနစ်က EDGE (အက်ဂ်ျ) စနစ်ထက် အများကြီး သာတယ်။ မြန်နှုန်း မြင့်တယ်။ အိန္ဒိယမှာတောင် တစ်ချို့ပြည်နယ်တွေက 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) စနစ် မရသေးပဲ၊ EDGE (အက်ဂ်ျ) စနစ်နဲ့သာ စခန်းသွားနေရတယ်။ ဗုဒ္ဓဂယာ ဘုရားဖူးထွက်တဲ့အခါ ပိုသိသာတယ်။ နယူးဒေလီ၊ မွန်ဘိုင်းတို့က 3G ရနေပေမယ့် ဗိဟာရ်၊ ယူပီ-ပြည်နယ်တွေမှာ EDGE သာ လိုင်းဝင်တယ်။ သုံးနေတဲ့ အိုင်ပက်မှာ ဒီ EDGE (အက်ဂ်ျ) စနစ် ၀င်လာရင် အပေါ်ပိုင်း ဘားတန်းပေါ်မှာ E အတိုကောက် စာလုံးနဲ့ ပေါ်နေတတ်တယ်။ ဖုန်းလိုင်းကို ပြသပေးတဲ့ လိုင်းတန်းရဲ့ ဘေးနားမှာဖြစ်ဖြစ်၊ ဘက္ထရီ သက်တမ်းကို ဖော်ပြပေးတဲ့ လိုင်းတန်းနားမှာ ဖြစ်ဖြစ် E စာလုံး ပေါ်နေရင် EDGE (အက်ဂ်ျ) ကွန်နက်ရှင်းလို့သာ မှတ်ထားလိုက်ပါ။

5. GPRS (ကွန်ယက်)
GPRS ဆိုတာလည်း ချိတ်ဆက်မှု ကွန်ယက်တစ်ခုပါပဲ။ GPRS ရဲ့ အရှည်စာလုံးကိုတော့ General Packet Radio Service ဖြစ်ပြီး ၀-လုံးပုံသဏ္ဌာန်နဲ့ စကရင်းရဲ့ထိပ်ပိုင်းမှာ ပေါ်နေတတ်တယ်။ 3-G စနစ်မပေါ်ခင်က သုံးစွဲခဲ့တဲ့ 2.5-G စနစ် တစ်ခုပါ။ GSM စနစ်သုံး ဖုန်းကွန်ယက်ကနေတစ်ဆင့် သတင်းအချက်အလက်တွေ လက်ခံ / ပေးပို့တဲ့ စနစ်ဆိုလည်း ပြောလို့ရတယ်။ EDGE (အက်ဂ်ျ) လိုပဲ ၀ိုင်ဖိုင် (Wi-Fi) + သရီး-ဂျီ (3G) / ဖိုး-ဂျီစနစ် (4G) ပါတဲ့ အိုင်ပက်မှာသာ ဒီစနစ်ကို သုံးနိုင်မှာပါ။

6. Wi-Fi (၀ိုင်ဖိုင်)
Wi-Fi (၀ိုင်ဖိုင်) ကတော့ ရှင်းပါတယ်။ ဘယ်အိုင်ပက် အမျိုးအစားမှာမဆို မပါမဖြစ် ပါဝင်ရတဲ့ စနစ်တစ်ခုပါ။ အင်တာနက် ချိတ်ဆက်ဖို့ရာ သုံးရတဲ့ လုပ်ဆောင်ချက် တစ်ခုပါပဲ။ ကွန်ပျူတာ အများစုမှာ ကြိုးသုံးပြီး အင်တာနက် ချိတ်ဆက်ရပေမယ့် သင်ပုန်း (Tablet) တိုင်းမှာတော့ ကြိုးမလိုပဲ ကြိုးမဲ့နဲ့ အင်တာနက် ချိတ်ဆက်မြဲ ဖြစ်တယ်။ ဒါကို ၀ိုင်ယာလက် (ကြိုးမဲ့) ဆက်သွယ်မှုလို့ ခေါ်တယ်။ မိမိတို့ရဲ့ အိမ်၊ ရုံခန်းမှာ ဒါမှမဟုတ် အများနဲ့ သက်ဆိုင်တဲ့ ဈေးဆိုင်၊ ဟိုတယ်၊ လေဆိပ်တွေမှာ ၀ါယာလက် ကွန်နက်ရှင်း လွင့်ထားရင် ဒီဝိုင်ဖိုင်ကို ဖွင့်ပြီး အင်တာနက် သုံးနိုင်ပါတယ်။ အခမဲ့ ပေးထားတဲ့ နေရာတိုင်းမှာတော့ ၀ိုင်ဖိုင်ကို ဖွင့်ရုံလေး အင်တာနက် တန်းဝင်လာမှာ ဖြစ်ပေမယ့် ကန့်သတ်ထားရင်တော့ ပတ်စဝေါ့ (Password) နဲ့ ၀င်ရတယ်။ ၀ိုင်ဖိုင်ကို တခြမ်းပဲ့ လိုင်း ၄-ထပ် သင်္ကေတနဲ့ ပြသပေးလေ့ ရှိတယ်။ လိုင်းများလေ ကွန်နက်ရှင်း ပိုမိလေလေပဲ။

Wi-Fi (၀ိုင်ဖိုင်) ကို သုံးနိုင်အောင် အောက်ပါအတိုင်း လုပ်ဆောင်ပါ-
မူလမျက်နှာ (Home Screen) မှာ ရှိနေတဲ့ Setting (ခွေးသွားစိတ်နဲ့ ရုပ်ပုံ) ကို နှိပ်လိုက်ပါ။ နောက်မျက်နှာတစ်ခု ထပ်ပွင့်လာလိမ့်မယ်။ အဲဒီမှာ Setting နဲ့ General ဆိုပြီး ကော်လံ ၂-ခု ဖြစ်နေမယ်။ ဘယ်ဘက်မှာ ရှိတဲ့ ကော်လံထဲက Wi-Fi (တခြမ်းထဲ လိုင်း၎-ထပ်ရုပ်ပုံ) ကို ထပ်နှိပ်။ ပြီးရင် Wi-Fi ကို On လိုက်ပါ။ အောက်မှာ ရှိတဲ့ Choos A Network ကို နှိပ်ပါ။
တကယ်လို့များ ဖရီးပေးထားတဲ့ Wi-Fi (၀ိုင်ဖိုင်) ဖြစ်မယ်ဆိုရင် ပေါ်လာတဲ့ Network အမည်ထဲက တစ်ခုခုကို ကောက်ရွေးလိုက်ရုံနဲ့ အင်တာနက် ကွန်နက်ရှင်း ရပါပြီ။ ဒါပေမယ့် ထိန်းချုပ်ထားတဲ့ Network ဆိုရင် Password (ပစ်စဝေါ့) ကို ထပ်ရိုက်ထည့်ရဦးမှာပါ။

ဝိုင်ဖိုင် အသုံးပြုပုံ အဆင့်ဆင့်

7. Activity (လုပ်ဆောင်ချက်)
Activity (လုပ်ဆောင်ချက်) ဆိုတာ တစ်စုံတစ်ရာကို လုပ်ဆောင်နေဆဲ (လုပ်နေတုန်း) ကို ဆိုလိုတာပါ။ အင်တာနက် ကွန်ရက် ၀င်နေတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် သာဒ်ပါတီလို့ခေါ်တဲ့ အသုံးချဆော့ပ်ဝဲလ် (Apps) တစ်ခုခုကို ဒေါင်းလုတ်နေတာပဲ ဖြစ်ဖြစ် ဒီသင်္ကေတကို ပြလေ့ရှိပါတယ်။ မြန်မာပြည်မှာဆို ၀က်ဘရောက်ဆာ (အင်တာနက် စာမျက်နှာ) တစ်ခုခုကို ဖွင့်ရင်တောင် ဒီ Activity (လုပ်ဆောင်ချက်) က လည်ပြီးမှ ပွင့်လာတတ်တယ်။ သဘောက အင်တာနက် နှေးလေ သူ့လုပ်ဆောင်ချက်က များလေပဲ။ ဒီသင်္ကေတ လည်နေတဲ့အချိန်မှာ လုပ်ဆောင်ဆဲ ဖြစ်တဲ့အတွက် စောင့်ပေးရပါတယ်။ လုပ်ဆောင်ချက် ပြီးတာနဲ့ ချက်ချင်း ပျောက်သွားမယ့် သင်္ကေတပါ။

8. VPN (သီးခြားကွန်ယက်)
Virtual Private Network ရဲ့ စာလုံးကို အတိုကောက်ဖြင့် VPN (သီးခြားကွန်ယက်) လို့ ခေါ်တယ်။ “သီးခြားကွန်ယက် အတု” လို့ ဘာသာပြန်ရလေမလားပဲ။ အများသုံး ကွန်ရက်ကနေ တကိုယ်ရေ တစ်ကာယ သီးခြားကွန်ယက်အဖြစ် ဖန်တီးတာကို ဆိုလိုတာပါ။ ဥပမာ အင်ဖရာနက် (အင်တာနက် မဟုတ်ပါ) အဖြစ် သီးခြား ပံ့ပိုးပေးတဲ့ လုပ်ဆောင်ချက်၊ အင်ဖရာနက်အတွင်းမှာ အမျိုးအစားတူ သင်ပုန်း (Tablet) အချင်းချင်း၊ ဖုန်းအချင်းချင်း သတင်းအချက်အလက်များ ပေးပို့ / လက်ခံရယူနိုင်တဲ့ လုပ်ဆောင်ချက်တွေကို VPN (သီးခြားကွန်ယက်) လို့ ခေါ်တယ်။
အကြမ်းဖျဉ်း ပြောရရင် အင်တာနက် မရှိ၊ ပြင်ပ ကွန်နက်ရှင်းကို မသုံးဘဲ အိုင်ပက် ၂-လုံးကြား အချင်းအချင်း ဆက်သွယ်နိုင်ဖို့ ဖန်တီးပေးထားတဲ့ လုပ်ဆောင်ချက် တစ်ခုပဲ ဆိုပါစို့။

9. Lock (သော့)
အိုင်ပက် တစ်လုံးကို စတင်ပြီး အသုံးပြုတဲ့အခါတိုင်း ဒီ Lock (သော့) ကို အမြဲတန်း ဖွင့်ပေးရတယ်။ အသုံးပြုနေဆဲ ဖြစ်တာတောင် ခဏရပ်ထားရင် ပြန်ပြီး ဖွင့်ရပါတယ်။ ၂-မိနစ်အတွင်း အိုင်ပက်ကို အသုံးမပြုရင် အဲဒီ Lock (သော့) က အော်တို အလိုလို ကျသွားပြီး အိုင်ပက် ပိတ်သွားလိမ့်မယ်။ ပြန်သုံးချင်ရင် ပြန်ဖွင့်ရတယ်။ အဲဒီ Lock (သော့) ကို မိမိစိတ်ကြိုက် ၅-မိနစ်၊ ၁၀-မိနစ် စသည်ဖြင့် ပြန်ချိန်ယူလို့ ရတယ်။ အိုင်ပက်ကို မတို့မထိတဲ့ အချိန်မှာ အလိုလို ပိတ်သွားတာကို လော့ဂ်ချတယ်လို့ ပြောကြတယ် မဟုတ်လား။ ဘက္ထရီအားကို ချွေတာပေးတဲ့ သဘောပါ။

လော့ဂ် ၄-မျိုးကို တွေ့ရပုံ

Lock (သော့) တွင်- Auto Lock, Passcode Lock, iPad Cover Lock, Lock Rotation ဆိုပြီး ၄-မျိုး ရှိတယ်။ ယင်း Lock တို့ရဲ့ လုပ်ဆောင်ချက်များမှာ-
၁။ Auto Lock
အိုင်ပက်ကို အသုံးမပြုတော့တဲ့ အချိန်မှာ မီးအလိုလို ပိတ်သွားတတ်တယ်။
ပြန်ဖွင့်ချင်ရင် Home ခလုတ်ကို နှိပ်၊ လော့ဂ်ကို စလိုက်ခြစ် ခြစ်လိုက်ခြင်းဖြင့် ဖွင့်ပါ။ (ခေါင်းပါတဲ့ မျှား ပေါ်လာလိမ့်မယ်။ မျှားပြရာဘက်ကို လက်ညှိုးတင်ပြီး ဆွဲလိုက်ပါ။ အိုင်ပက် ပွင့်လာပါလိမ့်မယ်။

၂။ Passcode Lock
အိုင်ပက် လုံခြုံမှုအတွက် သော့ခတ်ရပါတယ်။ မိမိရဲ့ အိုင်ပက်ထဲမှာ သိမ်းဆည်းထားတဲ့ သတင်း အချက်အလက်၊ ဓာတ်ပုံ၊ အသံ၊ သီချင်း၊ ဗီဒီယိုဖိုင်တွေကို မိမိကလွဲရင် ကျန်သူများ ဖွင့်လို့ မရအောင် သော့ခတ်တာပါ။
လုပ်နည်းကတော့-
Setting (ပင်နီယံ- ခွေးသွားစိတ်လို ရုပ်ပုံ) ကို နှိပ်ပါ။
-ပွင့်လာတဲ့ နောက်တစ်မျက်နှာမှာ ဘယ်ဘက်အခြမ်းက General ကို ထပ်နှိပ်ပါ။
-ညာဘက်အခြမ်း လေးကွက်မြောက် Passcode Lock (Off) ကို နှိပ်လိုက်ပါ။
-အပေါ်ဆုံးစာသားဖြစ်တဲ့ Turn Passcode On ကို ထပ်နှိပ်ပါ။ (ဇယားကွက်တစ်ခု ပေါ်လာလိမ့်မယ်။)
-ဇယားကွက်ပေါ်မှာ စိတ်ကြိုက် ဂဏန်း ၄-လုံးကို ရိုက်ထည့်လိုက်ပါ။ ဒါဆို ရပါပြီ။
အဲ…အိုင်ပက် ဖွင့်တိုင်း ဒီဂဏန်း ၄-လုံးကို မှန်အောင် နှိပ်နိုင်မှ ပွင့်လာမယ်။

ပတ်စ်ကုဒ် လုပ်ရမယ့်ပုံစံ (ပုံ-၆)

၃။ iPad Cover Lock
အိုင်ပက် အဖုံးကို ၀ယ်သုံးတဲ့သူအတွက်သာ အသုံးဝင်တာပါ။ အိုင်ပက်ကို အသုံးပြုပြီးတိုင်း အဖုံးကို ပိတ်လိုက်တဲ့အခါမှာ အလိုလို မီးပိတ်သွားတာကို iPad Cover Lock လို့ ခေါ်တယ်။ 

ဒါကိုလည်း Setting > General > iPad Cover Lock / Unlock > On ကို ရွေးလိုက်ပါ။
 

၎။ Lock Rotation
Rotation ဆိုတာ အလိုလိုလှည့်ပေးတဲ့စနစ်ကို ဆိုလိုတာပါ။ ဥပမာ-ဗီဒီယိုကို အလျားလိုက် ကြည့်နိုင်အောင်၊ စာအုပ်တွေကို ဒေါင်လိုက် ဖတ်နိုင်အောင်ဆိုပြီး ဒီ Rotation စနစ်ကို ထည့်သွင်းပေးထားတယ်။ ဒီစနစ်ကို မလိုချင်တဲ့အခါ Lock Rotation ကို ရွေးထားရပါမယ်။
လုပ်ဆောင်ချက်ကတော့- ရုပ်ပုံ၊ စာ၊ ဗီဒီယို-စသည်တို့ ဒေါင်လိုက်၊ အလျားလိုက် ဟိုဘက်ဒီဘက် အလိုလို လှည့်သွားတာကို မလိုချင်တဲ့အခါ -
Setting > General > Lock Rotation > On ကို အရင်လုပ်ထားပါ။
ပြီးမှ အိုင်ပက်ကို ဒေါင်လိုက် ကြည့်ချင်တယ်ဆိုရင် ဒေါင်လိုက် ဖြစ်နေတဲ့အချိန်၊ အလျားလိုက် ကြည့်ချင်တယ်ဆိုရင် အလျားလိုက် ဖြစ်နေတဲ့အချိန်မှာ အိုင်ပက်ရဲ့ အပေါ်ပိုင်း ညာဘက်က Side Switch ဆိုတဲ့ အပေါ်ခလုတ် အသေးလေးကို အောက်ဘက်သို့ ဆွဲချလိုက်ပါ။
ဒါဆိုရင် မိမိ ရွေးချယ်ထားတဲ့ (ဒေါင်ဆို ဒေါင်လိုက်၊ အလျားဆို အလျားလိုက်ရဲ့) အနေအထားနဲ့ပဲ ငြိမ်နေလိမ့်မယ်။ ဘယ်လိုစောင်းစောင်း လှည့်လှည့် လိုက်မလည်တော့ပါ။ သူရဲ့ သင်္ကေတက အ၀ိုင်းမျှားရဲ့ အလည်တည့်တည့်မှာ သော့ခတ်ထားတဲ့ ပုံပါ။

10. Play (ဖွင့်ပြ)
iTune, Music အပ်ပ် (ရုပ်ပုံ) ကနေ သီးချင်း တစ်ပုဒ်၊ အသံဖိုင် တစ်ခု၊ အသံပါ-စာအုပ် တစ်အုပ် ဖွင့်ပြနေခြင်းကို ပြသပေးတဲ့ သင်္ကေတ ဖြစ်တယ်။ အသံ တစ်သံ ဖွင့်ဖွင့်ခြင်း ဒီသင်္ကေတ ဘားတန်း ထိပ်ပေါ်မှာ အမြဲတမ်း ပြသပေးတယ်။ အခြား အပ်ပ်တစ်ခုခုကို ပြန်ဖွင့်ပေမယ့် Stop နဲ့ Pause ကို မနှိပ်မချင်း အသံပျောက်သွားမှာ မဟုတ်ပါ။

11. Bluetooth
ဘလူးတု(တ်) ဆိုတာ အိုင်ပက် အချင်းချင်း၊ အမျိုးအစားတူတဲ့ iOS (စက်လည်ပတ်မှုစနစ်) အချင်းချင်း သတင်းအချက်အလက် စသည်များ ပေးပို့ရာမှာ အသုံးပြုတဲ့ ကိရိယာ တစ်ခုဖြစ်တယ်။ ဘလူးတု(တ်) ကို ဖွင့်ချင်ရင်-
Setting > General > Bluetoth > On ကို ရွေးလိုက်ပါ။ (အသုံးမလိုတဲ့အချိန်တော့ ပြန် Off ထားပေါ့။)

12. Battery
ပုံမှန်ဆိုရင် အိုင်ပက်ရဲ့ ဘတ္ထရီကို ဓာတ်ခဲပုံစံနဲ့သာ ပြသပေးတယ်။ ဘက္ထရီအား ဘယ်လောက်ရှိတယ် သိနိုင်ဖို့ ဓာတ်ခဲပုံစံထဲက လျှော့ကျသွားတဲ့ အဖြူလိုင်းကိုသာ မှန်းဆရတယ်။ အဖြူနည်း အမည်းကျန်များရင် ဓာတ်ခဲ အားနည်းနေပြီ။ ဓာတ်ခဲကို အနီရောင်နဲ့ ပြရင် ဆက်မသုံးနဲ့တော့။ အားသာ ပြန်သွင်းလိုက်ပေါ့။
ဒါပေမယ့် ဘက္ထရီရဲ့အားကို ရာခိုင်နှုန်းနဲ့ ဖော်ပြထားရင် အား ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ သိနိုင်တာပေါ့။ ဘက္ထရီအားကို ရာခိုင်နှုန်းနဲ့ ဖော်ပြလိုပါက-
Setting > General > Usage > Battery Percentage ကို ရွေးလိုက်ပါ။ ဒါဆိုရင် ဘက္ထရီရဲ့အားကို ဖော်ပြပေးတဲ့ ဓာတ်ခဲရုပ်ပုံနားမှာ ရာခိုင်နှုန်းကို ဖော်ပြပေးလိမ့်မယ်။

အိုင်ပက်ရဲ့ အသုံးဝင်တဲ့ အပ်ပ် (App) များကို အပိုင်း-၂ မှာ ဆက်လက် ဖော်ပြပါမယ်