Pages

Ads 468x60px

Labels

Jul 30, 2012

မိုဘိုင်းဖုန်းအလွမ်း


၂၀၁၁-ခုနှစ်နဲ့ ၂၀၁၂-ခုနှစ် အတောအတွင်း မြန်မာပြည်သူ ပြည်သားများ မိုဘိုင်းဖုန်းကို တော်တော် သုံးနိုင်ကြပြီး ဖြစ်တယ်။ လူတိုင်းနီးပါး ၀ယ်ယူသုံးစွဲနိုင်ကြပါပြီ။ (၀ယ်ယူသုံးစွဲတယ် ဆိုပေမယ့် မြန်မာ့ဆက်သွယ်ရေးကတော့ “ဌားရမ်းအသုံးပြုတယ်” လို့ပဲ သုံးနှုန်းတယ်နော်) လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်တုန်းက မီးလင်းရွှေ တဖြစ်လဲ မိုဘိုင်ဖုန်းဟာ ၂၀၁၂-ခုနှစ်လည်း ရောက်ရော ရွှေရည်ပွတ် လုနီးပါး ဘ၀ပြောင်းသွားရှာပါပြီ။ ဆင်းကဒ်ကို အခမဲ့ ပေးနေတဲ့ နိုင်ငံတကာ စံနှုန်းနဲ့ မယှဉ်ကြေး ဆိုရင်၊ မြန်မာပြည် မိုဘိုင်းဖုန်း ခေတ်ဦးတုန်းကလို မနှိုင်းကြေး ဆိုရင် ၂-သိန်းတန် ဆင်းကဒ်ကိုတော့ အားပေးရမှာပါ။

ရွှေပြည်တန် ကုမ္ပဏီရဲ့ ကျပ်ငွေ ငါးထောင် (၅၀၀၀) တန် ဆင်းကဒ် မထုတ်ရောင်းသေးသမျှ ကာလပတ်လုံး ၂-သိန်းတန် ဆင်းကဒ်ကိုတော့ ဈေးချိုတဲ့ ဆင်းကဒ်လို့ပဲ သတ်မှတ်ရဦးမှာပါ။ ပြည်တွင်း သတင်းအများစုမှာ “တန်ဘိုးနည်း (တန်ဘိုးနိမ့်) ဖုန်း” လို့ သုံးနှုန်းပေမယ့် စာရေးသူကတော့ “ဈေးချို ဆင်းကဒ်” လို့ပဲ သုံးနှုန်းမှာပါ။ ဘာလို့လဲ ဆိုတော့ မြန်မာ့ဆက်သွယ်ရေးကနေ တရားဝင် ၅-သိန်းတန် ဆင်းကဒ်၊ ၁၀-သိန်းတန် ဆင်းကဒ်၊ ၁၅-သိန်းတန် ဆင်းကဒ်ကနေ အလှည့်အပြောင်းအဖြစ် ၂-သိန်းတန်အထိ ချိုသာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့အတွက် “ဈေးချို ဆင်းကဒ်” လို့ သုံးရင် ပိုကောင်းမယ် ထင်လို့ပါ။ အမယ်… ဆင်းကဒ် ဈေးချိုသွားလို့ ၀မ်းနည်းနေတဲ့ လူလည်း အရှိသား။ ၁၅-သိန်းတန် ဆင်းကဒ်ကို မကိုင်ရကောင်းလား ဆိုပြီးတော့လေ။ ပြီးတော့ ၁၅-သိန်းတန်သုံး ဆင်းကဒ်သမားတွေကလည်း သူတို့ ဖုန်းအိမ် (ဟန်းဆက်) ဘယ်လောက်ပဲ စုတ်ပြတ်နေပါစေ လေသံက ဘ၀ဂ်ညံဆဲပါ။ အော်… အံ့မခန်းဖွယ်ရာ မြန်မာပြည် မိုဘိုင်းခေတ်ကြီးလို့ ညည်းရကောင်းမလားပဲ။

အဲ.. စကားစပ်လို့ ဖြတ်ပြောရဦးမယ်။ ဖုန်းနဲ့ ဆင်းကဒ် မရောမိစေဖို့ပါ။ နိုင်ငံတကာမှာတော့ ဆဲလ်ဖုန်း၊ မိုဘိုင်းဖုန်း၊ စမတ်ဖုန်း-စတဲ့ “ဖုန်း” အသုံးအနှုန်းနဲ့ ခေါ်ဝေါ်သုံးစွဲကြရင် ဆင်းကဒ် ထည့်သွင်းရမယ့် ဖုန်းအိမ် (Hand Set) ကို ဆိုလိုတာပါ။ ဥပမာ-အိုင်ဖုန်း (iPhone) နိုကီယာဖုန်း (Nokia) ၊ ဆမ်ဆောင်းဖုန်း (Samsaung)၊ အိစ်ခ်ျတီစီဖုန်း (HTC) စတာတွေပေါ့။ ဆင်းကဒ် (Sim Card) လို့ ပြောရင် ဆက်သွယ်ရေး (နက်ဝေါ့) ကုမ္ပဏီ ကနေ ထုတ်လုပ်ထားတဲ့ ဆယ်ပြားစေ့ ထက်ခြမ်း အပြားလေးကို ဆိုလိုတာပါ။ ဒါတောင် ဆင်းကဒ်ကို ကဒ် (Card) မထည့်ပဲ (Sim) လောက်သာ သုံးတဲ့ နိုင်ငံ အများကြီးပါ။ ဒါကြောင့်လည်း “တန်ဘိုးနည်း (တန်ဘိုးနိမ့်) ဖုန်း” လို့ သုံးလိုက်ရင် ဈေးနည်းတဲ့ ဈေးနိမ်တဲ့ တရုတ်ကနေ ထုတ်လုပ်တဲ့ ဟွာဝေဖုန်း (Huawei) ဟန်းဆက်တို့ မိုက်ခရိုမက်ဖုန်း (Micromax) ဟန်းဆက်တို့ကို ဆိုလိုရာ ရောက်သွားလိမ့်မယ်။


ဆင်းကဒ်+ဟန်းဆက် တွဲရက် မြန်မာ့ပြည်ရဲ့ ပထမဦးဆုံး GSM ဖုန်း (Siemens တံဆိပ်)

စာရေးသူတို့ မိုဘိုင်ဖုန်း သုံးစွဲခွင့် ရခဲ့သည့် ၂၀၀၂-ခုနှစ်၊ ဧပြီလတုန်းကဆို မြန်မာပြည် မိုဘိုင်ဖုန်းရဲ့ ဈေးနှုန်းက ကျပ်ငွေ ၄၈-သိန်းနဲ့ သိန်း-၅၀ ကြားမှာ ပေါက်နေတယ်။ (အပြင် ပေါက်ဈေးကို ဆိုလိုတာပါနော့်။) အဲဒီတုန်းက အစိုးရကနေ ရောင်းချ (တရားဝင် ဌားရမ်းအသုံးပြုခွင့်) တာက ၅-သိန်းထဲပါ။ ဒါပေမယ့် ငွေဘယ်လောက်ရှိရှိ ရာထူးဌာနန္တရ မရှိတဲ့သူက ဘယ်လိုမှ ၀ယ်သုံးလို့ မရတဲ့ခေတ် ဖြစ်နေတာကြောင့် အဲလောက်အထိ ဈေးမြင့်တက်သွားတာ ဖြစ်မှာပါ။ စာရေးသူရဲ့ (ဆင်းကဒ် အပြီးထည့်ထားတဲ့ Siemens C-35 ဟန်းဆက်) ဖုန်း ကို ၄၈-သိန်းနဲ့ ကုန်သည်တစ်ယောက်က လာဝယ်သေးတယ်။ ပုံပြင် မဟုတ်ပါ။ တကယ် အဟုတ်။ အဲဒီကုန်သည်က တအားရင်းနှီးသူမို့ မရမက တတွတ်တွတ် တောင်းဝယ်တာပါ။ စာရေးသူ မရောင်းဖြစ်ခဲ့ပါ။ အကြောင်းကတော့ မျိုးစုံပေါ့။ ကိုယ့်နာမည် ပေါက် ဖုန်းကို သူများဆီရောက်တဲ့အခါ မသမာတဲ့နေရာမှာ သုံးလိုက်မှာကို စိုးတာရယ်။ တိုက်ဆိုင်စွာပဲ အဲဒီတုန်း ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ဖော်အဲဗာကုမ္ပဏီတို့ ပူးပေါင်း ဖွင့်လှစ်ထားတဲ့ အနုပညာကွန်ပျူတာ ဒီပလိုမာကိုလည်း သင်ကြားနေတဲ့အချိန်ပါ။ ဆိုရရင် ပရိုဂျက် လုပ်တဲ့အချိန်မှာ အဖွဲ့သားတွေကို စုဖို့ လိုအပ်နေတဲ့ အချိန်မို့လို့ပါ။ အဲဒီလို မတော်မတရား ၀ယ်လိုအား ကောင်းနေတဲ့ မြန်မာ့မိုဘိုင်ဖုန်းဟာ နောက်ထပ် နှစ်အနည်းငယ်မှာ ၁၀-သိန်းတန် ဖြစ်သွားတယ်။ နောက်တော့ ၁၅-သိန်းတန်ပေါ့။

စကားစပ်လို့ အဖြစ်အပျက်တစ်ခုကို ဖောက်သည်ချ ပါရစေ..။ မြန်မာ့မိုဘိုင်းဖုန်း ကမ္ဘာကို တုန်လှုပ်သွားစေတဲ့ အကြောင်းပေါ့။ ချမ်းသာပါတယ်ဆိုတဲ့ စင်္ကာပူက တရုတ်သူဌေးတောင် ထိတ်လန့်သွားရတဲ့ အနေအထားပါ။ ၂၀၀၃-ခုနှစ်ကပေါ့။ ရင်းနှီးနေတဲ့ မိတ်ဆွေတစ်ယောက်က စင်္ကာပူကနေ ပြန်လာပြီး ယုဇနပလာဇာမှာ အလှကုန်ဆိုင် တစ်ဆိုင်ဖွင့်ဖို့ စာရေးသူထံ လိုဂို၊ ဆိုင်းဘုတ်၊ ကြေငြာတွေ လာအပ်တယ်။ တတ်သမျှ မှတ်သမျှ အကုန်လိုက်လုပ်ပေးတယ်။ အားလုံး အဆင်ပြေနေပြီလို့ ထင်ရတဲ့အချိန်မှာ အဲဒီမိတ်ဆွေက ပေါက်ချလာတယ်။ သူမျက်နှာက မသာမယာနဲ့မို့ စာရေးသူ မျက်လုံး ပြူးသွားရပါတယ်။ ဘာအလိုမကျသလဲပေါ့။ လုပ်ပေးထားတဲ့ ဒီဇိုင်းကိုများ သူက ဘ၀မခိုက်လို့လား။ ဇဝေဇ၀ါနဲ့ပေါ့။ ဒါနဲ့ သူထိုးပြတဲ့ ဘောက်ချာကို ကြည့်ပြီးမှ စာရေးသူ သဘောပေါက်သွားတယ်။ သူဝယ်ထားတဲ့ ဖုန်းက ၃၇-သိန်းကြီးများတောင်ကိုး။

အဲဒီတော့ စာရေးသူက အကျိုးအကြောင်း ရှင်းပြရတယ်။ ဒီမှာက ဒီလိုပဲပေါ့လေ။ ဒါပေမယ့် ဒီမြေမှာ မွေးတဲ့ ဒီမိတ်ဆွေက ဒီကအနေအထားကို သဘောပေါက်နေပါတယ်။ ခက်တာက သူက သူဌေးရဲ့ အေဂျင့်ပုံစံနဲ့ ဆိုင်ကို တည်မယ်။ ကုန်ကျစရိတ် မှန်သမျှကို ကျပ်ပြားမကျန် စင်္ကာပူသူဌေးဆီ အကုန်တင်ပြရမယ်။ မိုဘိုင်းဖုန်းတစ်လုံးအတွက် ကုန်ကျစရိတ်ကို တင်ပြတဲ့အခါမှာ ပြဿနာက စတော့တာပဲတဲ့။ ဖုန်းတစ်လုံးကို မြန်မာကျပ်ငွေ ၃၇-သိန်းဆိုတော့ စင်္ကာပူဒေါ်လာ ၄၄၀၀ (လေးထောင်လေးရာ) နီးပါး ဖြစ်နေတယ်။ စင်္ကာပူမှာ အဲဒီတုန်းက ဆင်းကဒ်တစ်ခုကို စင်္ကာပူဒေါ်လာ ၂၅ ၀န်းကျင်လောက်နဲ့ ဟန်းဆက်အကောင်းစား နိုကီယာကို ၀ယ်ကိုင်တာတောင်မှ စင်္ကာပူဒေါ်လာ ၈၀၀ လောက်သာ။ ဒီတော့ သူဌေးနဲ့ တော်တော်လေးကို ကွိုင်တက်ခဲ့ရတယ်ပေါ့။ သူ့မျက်နှာကို မြင်တာနဲ့တင် မှန်းလို့ရတယ်။ အဲဒါနဲ့ သူ့သူဌေးကြီးဆီ ကိုယ်စားလှယ်သဘောနဲ့ စာရေးသူက ဖုန်းကနေတစ်ဆင့် အကျိုးအကြောင်းသင့် ရှင်းပြပေးရတယ်။ နောက်ဆုံး သူဌေးက မယုံတစ်ဝက် ယုံရခက်ကြီးနဲ့ အိုကေလိုက်ရတော့တယ်။ ဒီလို အဖြစ်အပျက်မျိုး အဲဒီတုန်းက မိုဘိုင်ဖုန်း သုံးစွဲတဲ့ သူတိုင်း ကြုံရတဲ့ တကယ့်အခက်အခဲပါပဲ။ စာရေးသူကိုတောင် အသိ ထိုင်းဘုန်းကြီးတစ်ပါးက လှမ်းနောက်ဖူးတယ်။ မင်းတို့ဖုန်းက ရွှေနဲ့လုပ်ထားပြီး စိန်နဲ့ကွပ်ထားတာလားလို့ပေါ့။

မြန်မာ့ပြည်ရဲ့ ပထမဦးဆုံး (ဆင်းကဒ်-မပါ) ဆယ်လူလာဖုန်း

အဲဒီတုန်းက မိုဘိုင်းဖုန်းကို ရည်ရွယ်ပြီး တန်ဘိုးကြီးဖုန်း၊ တန်ဖိုးနည်းဖုန်းလို့ “ဖုန်း” အသုံးနှုန်းနဲ့ သုံးရင် သင့်ပါတယ်။ ငြင်းစရာ မရှိပါ။ ဘာလို့လဲဆိုတော့-
၁။ ဆယ်လူလာဖုန်းတွေကို ဆင်းကဒ်မပါပဲ ဖုန်းအိမ်သက်သက်နဲ့ လိုင်းချိတ်ထားတယ်။
၂။ ဂျီအက်စ်အမ်ဖုန်းတွေကို ဆင်းကဒ် အပြီးထည့်ထားတဲ့ ဖုန်းအိမ်နဲ့ တပါတည်း ပူးတွဲ ရောင်းချတယ် (ဆင်းကဒ်ကို ဖုန်းအိမ်ကနေ လုံးဝ ပြောင်းလို့ မရပါ)။
၃။ ခြင်းဖုန်းလို့ ခေါ်တဲ့ စီဒီအမ်အေဖုန်းတွေကို ဖုန်းအထိုင်အိမ်နဲ့ တစ်ခါတည်း တွဲပြီး ရောင်းချတယ်။ အဲဒီလို ဖုန်းအိမ်နဲ့ ဆင်းကဒ် တွဲရက် ရောင်းချတဲ့အတွက် “ဖုန်း” လို့ ပြောရင် အစုံ (ဖုန်းအိမ်နဲ့ ဆင်းကဒ် တွဲရက်) ပါလာတဲ့အတွက် မှန်တယ်။ အဲဒီခေတ်က ဖုန်းအိမ်ရယ် ဆင်းကဒ်ရယ် ခွဲခြားပြီး ပြောစရာ မလိုတော့လို့ပါ။

သို့သော် ကနေ့ခေတ်လို ဆင်းကဒ်ကို အခမဲ့ ပေးနေသည့် နိုင်ငံတကာ၊ ၁၅-သိန်း ကနေ ၂-သိန်း စသဖြင့် ဆင်းကဒ်ကို ရောင်းချ (ဌားရမ်း) သည့် မြန်မာနိုင်ငံရဲ့ ဖုန်းလောကမှာ ဆင်းကဒ်ကို သက်သက်၊ ဖုန်းအိမ်ကို သက်သက် ခွဲပြီး ရောင်းချနေကြတယ်လေ။ ဆိုတော့ကာ ဆင်းကဒ် သက်သက် ရှိရုံလေး၊ ဖုန်းအိမ် သက်သက် ရှိရုံလေးနဲ့ ဖုန်းကို အဆက်အသွယ် ပြုလို့ မရတော့ပါ။ ဖုန်းအိမ်လို့ ခေါ်တဲ့ စမတ်ဖုန်း ခေတ်မီဖုန်းတွေ အရင်ဝယ်ပြီး ဒီဆင်းကဒ်တွေကို ထည့်သွင်းပြီးမှ ဆက်သွယ်လို့ ရမယ်လေ။ ဒါကြောင့် ဖုန်းနဲ့ ပတ်သက်လာရင် ဖုန်းအိမ် ထုတ်လုပ် ရောင်းချတဲ့ ကုမ္ပဏီရယ်၊ ဖုန်းဆင်းကဒ်ကို ထုတ်လုပ်ပြီး (အခမဲ့ ပေးပြီး) လိုင်းရောင်းချတဲ့ ကုမ္ပဏီရယ် ဆိုပြီး တခြားစီ ခွဲမြင်ရမယ်။

ဖုန်းအိမ် (ဟန်းဆက်) ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဖုန်းအိမ်တွေ ခေတ်မီသထက် မီအောင် စမတ်ကျသထက် ကျအောင်၊ လုပ်ဆောင်ချက် များသထက် များလာအောင် ထုတ်လုပ်ရောင်းချပြီး အမြတ်အစွန်း ရယူကြတယ်။ ဒါကြောင့်လည်း ဂျဗားသုံး ရိုးရိုးဖုန်းကနေ အန်ဒရွိုက်သုံး တို့ထိမျက်နှာပြင်ဖုန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြတာပေါ့။ ဖုန်းဆင်းကဒ်ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း ဆင်းကဒ်ကို ငါးမျှားစာအဖြစ် အခမဲ့ပေးပြီး တာဝါတိုင်တွေကို ထူ၊ ဆင်းကဒ်သုံးသူတွေရဲ့ အသုံးပြုခကို အမြတ်အစွန်း ယူကြတယ်။ ဒါကြောင့်လည်း ရိုးရိုးလိုင်းကနေ ၀မ်း-ဂျီ (ပထမမျိုးဆက်)၊ တူး-ဂျီ (ဒုတိယမျိုးဆက်)၊ သရီး-ဂျီ (တတိယမျိုးဆက်) အထိ ကွန်ရက်တွေကို တိုးမြှင့်နိုင်ကြတယ်။ အမြတ်အစွန်း ထွက်လို့ပေါ့။ ဒီလိုင်းကနေ အကျိုးအမြတ် မရရင် ဘယ်ကုမ္ပဏီကမှ ဆင်းကဒ်ကို အခမဲ့ ပေးဝေမှာ မဟုတ်တာ အသေအချာ။

ဆင်းကဒ်+ဟန်းဆက် တွဲရက် ခြင်းဖုန်း (Huawie တံဆိပ်)

ဒီလိုဆို ဖုန်းနဲ့ပတ်သက်ရင် မြန်မာ့ဆက်သွယ်ရေးရဲ့ လုပ်ငန်းက ဘာလဲပေါ့။ အဖြေကတော့ ဝေး၀ါးဆဲပါ။ အဲ… ဖြစ်စဉ်ကို စိစစ်ကြည့်ရင် မြန်မာ့ဆက်သွယ်ရေးရဲ့ လုပ်ငန်းက ဖုန်းတစ်လုံးကို ၁၅-သိန်း၊ ၁၀-သိန်း၊ ၅-သိန်း၊ ၂-သိန်းနဲ့ ရောင်းချတယ်။ ဒီဖုန်းတွေကို ဖုန်းလို့ အမည်တပ် ခေါ်ခဲ့ပေမယ့် ဆင်းကဒ် သက်သက်ကိုသာ ရောင်းချတာပါ။ မိုဘိုင်းဖုန်းခေတ်ဦး ပထမအသုတ်လောက်ကသာ ဆင်းကဒ်+ဖုန်းအိမ် တွဲရက် ရောင်းချခဲ့ဖူးတယ်။ နောက်ပိုင်းမှာတော့ ဖုန်းအိမ်မပါ ဆင်းကဒ်သက်သက်ကိုသာ တောက်လျှောက် ရောင်းချတယ်။ ၀ယ်ယူသုံးစွဲသူတွေက ဆင်းကဒ်ထည့်မယ့် စိတ်ကြိုက် ဖုန်းအိမ်ကို မိမိဘာသာ ၀ယ်ယူပေါ့။ ဟိုတုန်းက ဖုန်းလိုင်း အသုံးပြုခကို တစ်မိနစ်၂၀-ကျပ်နှုန်းနဲ့ ချိတ်ဆက် ခွင့်ပြုခဲ့ပြီး ဖုန်းဆက်ရုံလေးသာ အသုံးပြုလို့ ရခဲ့တယ်။ ခုခါမှာတော့ ဖုန်းလိုင်း အသုံးပြုခကိုလည်း တစ်မိနစ်-၅၀ နှုန်းနဲ့ တိုးမြှင့်လိုက်သလို၊ အင်တာနက် ကွန်ရက်ကိုလည်း တိုးချဲ့ပေးခဲ့တယ်။

မြန်မာ့ဆက်သွယ်ရေးရဲ့ လုပ်ငန်းစဉ်ကို သုံးသပ်ရရင် နိုင်ငံတကာမှာ နက်ဝေါ့လို့ ခေါ်တဲ့ လိုင်းချိတ်ဆက်မှုလုပ်ငန်းကို ၀န်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်း သဘောတရားအတိုင်းပါပဲ။ ထူးမခြားနားပါ။ သို့သော် ထူးခြားမှုကတော့ နိုင်ငံတကာမှ ဖုန်းကွန်ရက်က လူတိုင်း သုံးစွဲကောင်းတဲ့ မရှိမဖြစ် အထောက်အကူစနစ်အနေနဲ့ အသုံးပြုခိုင်းတာ ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍကတော့ နန်းတော်နဲ့မှ ထိုက်တန်တဲ့ တော်ဝင်သဇင်ပန်းလို ဖြစ်နေတယ်။ ဆက်သွယ်ရေးကနေ ကန့်သတ်ချက် မထားပေမယ့် “မပြေးသော် ကန်ရာရှိ” စကားပုံကဲ့သို့ မြင့်မားနေတဲ့ ဈေးနှုန်းကြောင့် သာမန်လူတန်းစားတွေကို အလိုလို ကန့်သတ်ပိတ်ပင်ရာ ရောက်သွားတယ်။ ဒါကြောင့်လည်း ဈေးချိုချိုနဲ့ ဆက်သွယ်ရေး ပေးဆောင်နိုင်တဲ့ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ယိုဒယားတို့ရဲ့ မိုဘိုင်းဖုန်းလိုင်းတွေက အလိုလို အစားထိုး နေရာယူလာကြတယ်။ အကျိုးဆက်ကတော့ မိအေး နှစ်ခါနာပေါ့။ အခွန်အခလည်း ရှုံး။ ဖုန်းသုံးခလည်း မရ။

မြန်မာ့ပြည်ရဲ့ စီဒီအမ်အေစနစ်သုံး ဖုံးဟန်းစက်များ (CDMA 450, CDMA 450,)

မြန်မာနိုင်ငံမှာ မိုဘိုင်းဆိုတဲ့ လက်ကိုင်ဖုန်းစနစ်ကို ၁၉၉၃-ခုနှစ်မှာ ဆယ်လူလာ စနစ်နဲ့ စတင် စမ်းသပ် အသုံးပြုခဲ့ပြီး၊ ၁၉၉၇-ခုနှစ်မှာ CDMA ဖုန်းစနစ်ကို ချဲ့ထွင် သုံးစွဲခဲ့ပြန်တယ်။ ၂၀၀၂ ခုနှစ်တွင် GSM ဖုန်းစနစ်ကို စတင်ပြီး၊ စာရေးသူတို့ကို ဖုန်းချပေးခဲ့သည်။ WCDMA ဖုန်း အမျိုးအစားကိုတော့ ၂၀၀၈-ခုနှစ် နာဂစ်အလွန်မှာ အများပြည်သူထံသို့ စတင်ရောင်းချခွင့် (ဌားရမ်း သုံးစွဲခွင့်) ပေးခဲ့တယ်။ CDMA 800 MHz ဖုန်းလိုင်းများကိုမူ ၂၀၁၀-နှစ် ဆန်းပိုင်းလောက်ကမှ စတင်သုံးစွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။ ခုနှစ်တွေကို တန်းစီ ကြည့်ရင် မြန်မာ့ဆက်သွယ်ရေးကတော့ ဖုန်းစနစ် အမျိုးအစားစုံကို တင်သွင်းပြီး အသုံးပြုခဲ့သလို၊ ဆင်းကဒ်ကိုလည်း မတူညီတဲ့ ဈေးနှုန်းနဲ့ အမျိုးအမျိုး ရောင်းချ (ဌားရမ်းခွင့်ပြု) ခဲ့တယ်။ ဖုန်းဝန်ဆောင်မှု လုပ်ပေးခဲ့တယ်။

ဒီလိုဆို- မြန်မာပြည် ဖုန်းဆက်သွယ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ဖို့ရာ အသုံးပြုသူ (ဖုန်းလက်ဝယ်ရှိသူဘက်က) ဖုန်းဆက်ရုံလေး ပဲလား၊ ဖုန်းနဲ့ အင်တာနက် ချိတ်ဆက်ပြီး နိုင်ငံတကာရောက် မိမိအမျိုးများကို ချက်တင် လုပ်ဦးမှာလား၊ နိုင်ငံတကာလို မြန်နှုန်းမြင့် ကွန်ရက်နဲ့ (ပညာရေး လူမှုရေး) ကဏ္ဍစုံ အသုံးပြုချင်သေးသလား ဆိုတာကိုတော့ မြန်မာ့ဆက်သွယ်ရေးရဲ့ မူအရ ဆက်လက်ဝန်ဆောင်မှု ပေးလာမယ့် အချက်ပေါ်မှာကော ဖုန်းသုံးတဲ့သူက ရွေးချယ်တဲ့ ဆင်းကဒ်စနစ်၊ ဖုန်းအိမ်အမျိုးအစားမှာကော မူတည်နေတယ်။ ဒါမှမဟုတ် ဆက်သွယ်ရေးကဏ္ဍကို ပုဂ္ဂလိလက်သို့ ၀ကွက်အပ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လျှောက်ကြမလား။
 

. . . ဘာပဲပြောပြော ကျပ်တစ်သောင်းတန် ငွေစက္ကူ ရှိနေတဲ့ ခေတ်မှာ ကျပ်တစ်သောင်းရဲ့ ထက်ဝက် (ကျပ်ငါးထောင်) တန်တဲ့ ဆင်းကဒ်တစ်ခုကိုတော့ မျှော်လင့်နေမိသလို အတိတ်က ကျပ်သိန်း-၅၀ နီးပါးတန် ဖုန်း-ခေတ်ကိုလည်း လွမ်းမိနေလေရဲ့။

0 comments:

Post a Comment