Pages

Ads 468x60px

Labels

Jun 30, 2012

ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးကို မြည်းကြည့်ခြင်း (၂)


စမတ်ဖုန်းကို ၀ယ်သုံးတော့မယ်လို့ ဆုံးဖြတ်ခဲ့ရင် စမတ်ဖုန်းတွေရဲ့ အားနည်းချက် အားသာချက်တွေကို ကြိုတင်ပြီး လေ့လာသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် လောလောဆယ် ထွက်ရှိနေတဲ့ ဆမ်ဆောင်းရဲ့ ဂလက်ဇီ အက်စ်-သရီးဟာ အရောင်းအသွက်ဆုံး မိုဘိုင်ဖုန်းထဲမှာ ထိပ်ဆုံးနေယူထားတယ်လို့ ကြားသိရတယ်။ ဒါကြောင့်လည်း ဂလက်ဇီ အက်စ်-သရီးနဲ့ ပတ်သက်ပြီး လေ့လာသင့်တဲ့ အချက်အလက် ၇-ချက်ကို “ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးကို မြည်းကြည့်ခြင်း (၁)” မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် စာဖတ်သူများ ငြီးငွေ့သွားမှာ စိုးလို့ရယ်။ စာရေးသူကိုယ်တိုင် ရေးဖို့ အချိန်များများ မရတာရယ်ကြောင့် အချက်အလက် ၃-ချက်နဲ့တင် ဖော်ပြခဲ့ရပါတယ်။

နောက်ထပ် ကျန်သေးတဲ့ အချက်အလက် ၄-လက်ကို အခုအခါ ထပ်မံ တင်ပြပါမယ်။ ယင်းတို့မှာ-
၎။ ဖြေဖျော်ရေးကဏ္ဍနဲ့ ဘက္ထရီ ခံနိုင်စွမ်းရည်
၅။ ဆော့ပ်ဝဲလ်နဲ့ အသုံးချတဲ့ အပ်ပ်များ
၆။ ကင်မရာ
၇။ အသံပိုင်းဆိုင်ရာ၊ ကြိုးပေါက်နှင့် ဆက်သွယ်ရေးကဏ္ဍ-တို့ဖြစ်ပါတယ်။

၎။ ဖြေဖျော်ရေးကဏ္ဍနဲ့ ဘက္ထရီ ခံနိုင်စွမ်းရည်
ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးကို ကွာစ်ကိုးရ် ပရိုဆက်ဆာ ၁.၄ (Quad Core 1.4 GHz) နဲ့ သုံးထားတယ်။ ဒီအတွက်ကြောင့် ဗီဒီယိုနဲ့ ရုပ်ပိုင်းဆိုင်ရာ အမြင့်ဆုံး အရည်အသွေးကို မြိုင်ဆိုင်စွာ လုပ်ဆောင်နိုင်တယ်။ လာသမျှ အကြီးတန်းဂိမ်းတွေကို ဆော့ကစားနိုင်တယ်။ အများမျှော်လင့်သလိုပဲ အန်ဒရွိုက်ဖုန်းထဲမှာ ဖျော်ဖြေမှုကို အပြည့်အ၀ ပေးနိုင်စွမ်းရှိတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်တယ်။

ပရိုဆက်ဆာနဲ့ ပတ်သက်ပြီး မေးကွက် ပေါ်လာစရာ ရှိပါတယ်။ ဒီလောက်မြင့်မားတဲ့ စီပီယူကို သုံးထားခြင်းဖြင့် ဂူဂဲလ်ပလေ စတိုးမှာ တင်ထားတဲ့ အပ်ပ် (အသုံးချဆော့ပ်ဝဲလ်) တွေကကော ဒီဖုန်းနဲ့ ညီမျှတဲ့ အပ်ပ် ရှိနေပြီလားလို့ပေါ့။ ဆိုလိုတာက အွန်းလိုင်းပေါ် တင်ထားတဲ့ အသုံးချ ဆော့ပ်ဝဲလ်တွေက လိုက်မမီပဲနဲ့ ဘာလို့ အမြင့်ကြီးကို မှန်းပြီး အက်စ်-သရီးမှာ စီပီယူကို မြှင့်ထားသလဲလို့ပေါ့။

ဒီလောက်တောင် မြင့်မားတဲ့ စီပီယူကို သုံးထားမှတော့ ၀က်ပရောက်ဆာ (web browser) တွေကို မွှေနှောက်ရှာဖွေရာမှာ မမြန်ပဲ ရှိဦးမလား။ ၀က်ပရောက်ဆာထဲက စာသား၊ ပုံရိပ်၊ အသံ၊ ဗီဒီယိုတွေကို ဖွင့်လိုက်ရင် လွှတ်ကနဲ ဖျပ်ကနဲပဲပေါ့။ ၀က်ပရောက်ဆာအတွက် ဆန်းစပိုက်ဒါ ဂျဗားစကရစ်နဲ့ လုပ်ဆောင်ပေးထားတယ်။ ဒါကြောင့်လည်း ရုပ်ပေါ်ထွက်နှုန်းက ၁၄၉၈.၉ အမ်အက်စ် အထိ ဖော်ပြနိုင်စွမ်း ရှိတယ်။ ဒါပေမယ့် iPhone4s ကိုတော့ လိုက်မမီသေးပါဘူး။
အိုင်ဖုန်းက ၂၁၈၁.၆ အမ်အက်စ်အထိတောင် ပေးထားတယ်။ အဲ… ၃၄၄၅.၃ အမ်အက်စ်သာ ရှိတဲ့ ဂလက်ဇီ အက်စ်-တူးထက်တော့ နှစ်ဆနီးပါးလောက် ရှိပါတယ်။ ဘက္ထရီသက်တမ်းအတွက်တော့ ခုနဖော်ပြပါ အမြန်နှုန်း နည်းလေ ဘက္ထရီစား သက်သာလေပဲပေါ့။
[မှတ်ချက်= ဂျဗားစကရစ် ဆိုတာ ကွန်ပျူတာနားလည်တဲ့ ဘာသာဗေဒနဲ့ ရေးပြီး စက် (ဖုန်း၊ သင်ပုန်း၊ ကွန်ပျူတာ) ကို မောင်းနှင် (လည်ပတ်စေ) တယ်။ ဒီဂျဗားစကရစ်ကနေ လုပ်ဆောင်ပေးနေတဲ့ ရုပ်သံကို အကောင်းဆုံး အရည်အသွေး ထွက်ရှိဖို့ ဆန်းစပိုက်ဒါက ပံ့ပိုးပေးရတယ်။ ပင့်ကူရဲ့ မြန်ပုံ အဆိပ်ပြင်းပုံကို နမူနာယူပြီး တီထွင်ထားတာမို့လို့ ဆန်းစပိုက်ဒါ Sunspider) လို့ နာမည်ပေးထားတာပါ။]


ဝက်ပရောက်ဆာ ဖွင့်ရှာရာမှာ ဂလက်ဇီအက်စ်-တူးထက် ၂-ဆ မြန်မည့် ဂလက်ဇီအက်စ်-သရီး

တကယ့်တကယ်တော့ အပ်ပယ်လ်ရဲ့ အိုင်ပက်-သရီးထက်တောင် မြန်နှုန်းမြင့်အောင် ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးက ကြိုးစားလုပ်ဆောင်ထားတာပါပဲ။ တကယ့်ထွက်လာတဲ့ အမြန်နှုန်းကို တွက်ချက်ကြည့်တော့ အက်စ်-သရီးဟာ ၁၈၈၄.၆ လောက်ပဲ ရှိတယ်။ ဒီမြန်နှုန်းက အိုင်ပက်-တူးအဆင့်လောက်ပဲ မီတယ်။ ရေဒါဖန်သားပြင်ပေါ်မှ အလင်းပြောက် အနည်းအငယ် ရှိရုံကလွဲပြီး အက်စ်-သရီးမှာ သုံးထားတဲ့ စီပီယူကိုတော့ သံသယ၀င်စရာ မရှိပါဘူး၊ ထွက်ရှိသမျှ မိုဘိုင်ဖုန်းထဲမှာ အမြင့်ဆုံး အရည်အသွေးနဲ့ ဖြေဖျော်မှုကို ပေးနိုင်မှာ အသေအချာပါ။

မြန်နှုန်းမြင့်နေတဲ့ စီပီယူကို သုံးထားတာရယ်၊ ကြီးမားတဲ့ စကရင်းရယ်ကြောင့် အကျိုးဆက်အနေနဲ့ ဘက္ထရီရဲ့ ခံနိုင်စွမ်းရည်ကို ကျစေနိုင်မှာ အမှန်။ အက်စ်-သရီးမှာ အသွင်းအထုတ် လုပ်လို့ရတဲ့ ၂၁၀၀ mAh ဘက္ထရီကို သုံးထားတယ်။ ဒီတော့ စပယ်ယာပါတ်အနေနဲ့ နောက်ထပ် ၁-လုံး၊ သို့မဟုတ် ၂-လုံးလောက် အပိုဆောင်ထားဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ တစ်ခုခု ဖွင့်လိုက်တိုင်း အတောက်ပဆုံး လုပ်ဆောင်ချက်နဲ့ ဘက္ထရီဖန်ရှင်းကို ရွေးထားမယ်ဆိုရင် ဘက္ထရီ ပိုပြီး စားမှာ ကျိန်းသေ။ ဒီအတွက် ဘက္ထရီ ရာခိုင်နှုန်းကို ဖော်ပြပေးတဲ့ လုပ်ဆောင်ချက်ကို မျက်နှာပြင်ရဲ့ ထိပ်ဆုံးမှာ ဖော်ထားဖို့ လိုလိမ့်မယ်။ (ဘက္ထရီ ဘယ်နှစ်ရာခိုင်နှုန်း ကုန်သွားပြီလဲ ဆိုတာကို ပြပေးတဲ့ လုပ်ဆောင်ချက်ကို ရွေးထားရင် စကရင်းရဲ့ ထိပ်ပိုင်းမှာ ဖော်ပြပေးထားမယ်။)

တကယ်လို့များ အရောင်တောက်ပမှု လုပ်ဆောင်ချက် (brightness) ကို တစ်ဝက်လောက်သာ ဖွင့်ထားရင် ဘက္ထရီ စားတာ တစ်ဝက်နီးပါး သက်သာမှာပါ။ ဆိုလိုတာက အတောက်ပဆုံး ဖန်ရှင်းကို ရွေးထားတဲ့အချိန်မှာ ၆-နာရီလောက် သုံးနိုင်မယ့် ဘက္ထရီကို အရောင်တောက်ပမှု အလယ်အလတ်ကိုပဲ ရွေးချယ်ထားရင် ၁၀-နာရီလောက် သုံးနိုင်တယ်။ နွန်စတော့ပ် (တစ်ဆက်တည်း) ဖုန်းတွေကို သုံးရင် ၁၀-နာရီလောက် ဘက္ထရီသက်တမ်း ခံနိုင်တယ်လို့ ကုမ္ပဏီတွေက အာမခံထားပေမယ့် ၆-နာရီနဲ့ ၇-နာရီကြားမှာပဲ ဘက္ထရီ ခံနိုင်စွမ်းရည်ရှိတယ် ဆိုတာ သတိထားပါ။ ဖုန်းနဲ့ ဗီဒီယိုကြည့်တဲ့အခါမှာ ပိုသိသာတယ်၊ ဘက္ထရီ အကုန်မြန်တယ်ဆိုတာကို။

ဘာပဲပြောပြော ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရိးရဲ့ ဘက္ထရီ သက်တမ်းက HTC ရဲ့ Incredible S, မော်တိုရိုလာရဲ့ Milestone, LG ရဲ့ Optimus 2X နဲ့ Galaxy S2 ဖုန်းတွေထက်တော့ တာရှည်ခံပါတယ်။

၅။ ဆော့ပ်ဝဲလ်နဲ့ အသုံးချတဲ့ အပ်ပ်များ
ဆမ်ဆောင်း ဂလက်ဇီ အက်စ်-သရီးကို ဂူဂဲလ်ရဲ့ စက်လည်ပတ်မှုစနစ် ဖြစ်တဲ့ အန်ဒရွိုက်နဲ့ပဲ မောင်းနှင်ထားတယ်။ အတိအကျ ပြောရရင် နောက်ဆုံးဗားရှင်းဖြစ်တဲ့ အန်ဒရွိုက် ၄.၀ ခေါ် အိုက်စကရင်းစန်းဒ၀စ်နဲ့ မောင်းထားတယ်။ ပြီးတော့ ဆမ်ဆောင်းကုမ္ပဏီပိုင်ဖြစ်တဲ့ ကြားခံပေါင်းကူးစနစ် တစ်ခုဖြစ်တဲ့ တပ်ခ်ျဝစ် (TouchWiz) နဲ့ အရောင်စိုပြေတောက်ပအောင် လုပ်ဆောင်ပေးထားတယ်။ ဒီစနစ်ကလည်း အသစ်အဆန်းတော့ မဟုတ်ပါ။ ဂလက်ဇီ အက်စ်-တူး၊ ဂလက်ဇီ-နုတ် ဖုန်းနှစ်မျိုးလုံးမှာ သုံးထားပြီးသား ကြားခံကိရိယာပါပဲ။

အသစ်အဆန်းအနေနဲ့ အက်စ်-သရီးမှာ ထည့်သွင်းထားတာက ပေါ့ပ်အပ်ပလေး (Pop up Play) စနစ်ပါ။ ဒီစနစ်ပါဝင်ခြင်းကြောင့် ရိုးရိုးစာတွေသာ ပို့လို့ရတဲ့ခေတ်ကနေ ကြိုက်နှစ်သက်တဲ့ ဗီဒီယိုဖိုင်တွေကိုပါ ပို့ပေးနိုင်တဲ့ခေတ်ကို ရောက်နေပြီလို့ သတိပေးလိုက်တဲ့သဘောပါ။ အက်စ်ဘင်း (S Beam) လို့ ခေါ်တဲ့ တူး (Tool) ကနေ ဖိုင်တွေ အကြီးကြီး ပို့ပေးနိုင်တယ်။ တကယ်လို့များ သင့်ရဲ့ မိုဘိုင်းဆင်းကဒ်ကနေ သုံးနေတဲ့ အင်တာနက်က နှေးကွေးနေရင် ၀ိုင်ဖိုင်ကို သုံးပြီး ပို့ဖို့ မမေ့ပါနဲ့။

လက်တွေ့ စမ်းသပ်ပြီးသားပါ။ ဟိုနားဒီနား ဖုန်းကင်မရာနဲ့ အပျော်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် အတိုအစလေးတွေကို ဒီပေါ့ပ်အပ်ပလေးစနစ်နဲ့ တွစ်တာ (Twitter) မှာ တင်ကြည့်တယ်။ အဆင်ကို ချောလို့။ တင်ထားပြီးသားကို ပြန်ပြီး ဖွင့်ကြည့်တယ်၊ ပုံမှန် ပြသပေးလျှက်ပေါ့။
ပြီးတော့ ဂလက်ဇီ အက်စ်-သရီးမှာ အသံစနစ်ပါ အသစ်အဆန်းအနေနဲ့ ထပ်ပြီး မိတ်ဆက်ပေးထားတယ်။ ဒီအသံစနစ်ကိုတော့ S-Voice လို့ နာမည်ပေးထားတယ်။ အပ်ပယ်လ်ရဲ့ iPhone4s ထဲက စီရီ (Siri) အသံစနစ်နဲ့ ခပ်ဆင်ဆင်ပေါ့။ ဒီ(S-Voice) အက်စ်ဗွိုက်ကိုလည်း အိုင်ဖုန်းရဲ့ စီရီ (Siri) စနစ်ကိုပဲ အခြေခံထားတာပါ။ တိုးတူးတိုး (toe-to-toe) စနစ်နဲ့ သွားတယ်။ အက်စ်ဗွိုက် (S Voice) စနစ် ပါဝင်လာသဖြင့် မိုးလေ၀သ အခြေအနေ၊ ရှာဖွေလိုတဲ့ ၀က်ဆိုက်နာမည်၊ ခေါ်ချင်တဲ့ ဖုန်းနံပါတ်နဲ့ အမည်တို့ကို အသံနဲ့ စုံစမ်း ရှာဖွေနိုင်သလို နှိုးစက်လိုမျိုး၊ သီးချင်းလိုမျိုးကိုလည်း အသံနဲ့ ထိန်းချုပ်နိုင်ပါသေးတယ်။ ဒါပေမယ့် အင်္ဂလိပ်အသံ ပီသဖို့တော့ လိုတယ်နော်။ နို့မို့ဆို ခုတ်ရာတခြား ရှရာတခြား ဖြစ်နေမှာ။

အိုင်ဖုန်းနဲ့ ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးတို့ရဲ့ အသံစနစ် ၂-မျိုးလုံးကို စမ်းသုံးကြည့်ဖူးတယ်။ အိုင်ဖုန်းရဲ့ စီရီအသံစနစ်က ရှာဖွေရတာ လွယ်ကူသလောက် ဂလက်ဇီ အက်စ်-သရီးရဲ့ အက်စ်ဗွိုက် အသံစနစ်နဲ့ ရှာဖွေရတာ တအားကို ခက်တယ်။ ငပိနံ့ အင်္ဂလိပ်အသံကို မကျက်မိဘူး။ တော်တော်လေး ပီပီသသ အသံထွက်နိုင်မှ အမှန်ရှာဖွေပေးနိုင်တယ်။ အဲ…လွယ်တာ မလွယ်တာ အပထား၊ အသံစနစ် ထည့်ထားတာကိုက ကျေးဇူးတင်ရမှာ။ လက်မအားတဲ့ အချိန်မျိုးမှာ သုံးနိုင်တာပေါ့။


ဂလက်ဇီ အက်စ်-သရီးရဲ့ အက်စ်ဗွိုက် အသံစနစ်နဲ့ မိုးလေ၀သကို ရှာဖွေနေပုံ

အပ်ပယ်လ်စက်တွေအတွက်သာ သီးသန့် ထုတ်လုတ်ထားတဲ့ ဖလစ်ဘုတ် အပ်ပ် (Flipboard App) ကိုလည်း ဆမ်ဆောင်း ဂလက်ဇီ အက်စ်-သရီးမှာ ရနိုင်တယ်။ ဆိုရှယ်နက်ဝေါ့က်နဲ့ ချိတ်ဆက်ပြီး အဲဒီကနေတစ်ဆင့် ဒီအပ်ပ်ကို သုံးနိုင်တယ်၊ အပ်ဒိတ် (အဆင်မြှင့်) နိုင်တယ်။ ဒီအပ်ပ်ကို သုံးရင် မဂ္ဂဇင်းစတိုလ်နဲ့ ကြည့်ရှုနိုင်တယ်။ အက်စ်-သရီးမှာတော့ တော်တော်ကို ကြည့်လို့ကောင်းတဲ့ အသုံးချ အပ်ပ်တစ်ခု ဖြစ်နေတယ်။ မျက်နှာပြင်မှာလည်း တင်ထားနိုင်တယ်။

တပ်ခ်ျဝဇ် (TouchWiz) နဲ့ ပတ်သက်ရင် အငြင်းပွားစရာတော့ ရှိနေတယ်။ အပ်ပယ်လ်ရဲ့ အိုင်အိုအက်စ် စက်လည်ပတ်မှုစနစ်အတွက် ထုတ်လုပ်ထားတာလား၊ အန်ဒရွိုက် စက်လည်ပတ်မှု စနစ်အတွက် ထုတ်လုပ်ထားတာလား ဆိုတာကိုပါ။ ဒါပေမယ့် အန်ဒရွိုက်အတွက် သုံးနေတာ ကြာလှပါပြီ။ အရင်နှစ်ကတည်းက ထွက်ခဲ့တဲ့ ဆမ်ဆောင်းရဲ့ ဂလက်ဇီ နက်ဆပ် (Nexus) မှာကော၊ HTC ရဲ့ Excellent Sense မှာကော သုံးနေကြပြီလေ။ ဂလက်ဇီ အက်စ်-သရီးကျတော့ ဒီတပ်ခ်ျဝဇ်က တော်တော်လေး ညက်ညောနေပါပြီ။ အိုင်ကွန် တစ်ခုနဲ့တစ်ခု အဆွဲအငင် လုပ်ရာမှာကော၊ စာလုံးတွေကို ဖတ်ရာမှာပါ ညက်ညောစွာ အထောက်အကူ လုပ်ပေးတယ်။


ဂလက်ဇီ အက်စ်-သရီးမှာ အသုံးပြုထားတဲ့ အန်ဒရွိုက်ရဲ့ နောက်ဆုံးထုတ် အိုက်စကရင်းစန်းဝစ်

ဖုန်းကို လည်ပတ်စေတဲ့ အန်ဒရွိုက်စနစ်က ပြီးပြည့်စုံတယ်။ အပ်ပ်တွေ အရွှေ့ အပြောင်း လုပ်လွယ်တယ်။ အကြီးအသေး စိတ်ကြိုက် ရွေးချယ် ဖန်တီးလွယ်တယ်။ ဒါပေမယ့် ပေါများလွန်းလှတဲ့ အသုံးချကိရိယာ (Tools) တွေကြောင့် ဂလက်ဇီနဲ့ အကျွမ်းမ၀င်သေးတဲ့ အသစ်သမားတွေအတွက် မူးဝေသွားလောက်အောင် ရှုပ်ထွေးလှပါတယ်။ ဘယ်ဟာက အရေးတကြီး အသုံးဝင်ပြီး ဘယ်ဟာကို မသုံးရင်လည်း ချန်ထားလို့ရတယ် ဆိုတာကိုတောင် အရွှေးခက်လှတယ်။

တကယ်လို့ သင်က အလွယ်ကလေး သုံးချင်တယ်။ နက်နဲခက်ခဲတာကို အရွှေ့အပြောင်း မလုပ်ချင်ရင် အပ်ပယ်လ်ထုတ် အိုင်အိုအက်စ်စနစ်သုံး အိုင်ဖုန်းကိုသာ ၀ယ်သုံးပါလို့ တိုက်တွန်းချင်တယ်။ ဒါပေမယ့် အခမဲ့နဲ့ အပ်ပ်တွေကို အများကြီး သင့်မိုဘိုင်ဖုန်းမှာ ထည့်သွင်းထားစေချင်တယ်၊ ရှုပ်လေ ပိုတတ်လေလို့ သဘောထားရင်တော့ အန်ဒရွိုက်ကိုပဲ အားခဲလိုက်ပေါ့။ အန်ဒရွိုက်က ရွှေးချယ်စရာ အပ်ပ် တအားပေါတာကိုး။

၆။ ကင်မရာ
ဆမ်ဆောင်ဂလက်ဇီ အက်စ်-သရီးဟာ ၈-မီဂါပစ်ဇယ်လ် ကင်မရာကို ထည့်သွင်းပေးထားတယ်။ ဒါက အသစ်အဆန်းတော့ မဟုတ်ပါ။ မနှစ်က ထုတ်ခဲ့တဲ့ အက်စ်-တူးမှာကတည်းက သုံးခဲ့တဲ့ အရည်အသွေးလောက်ပါပဲ။ ဒါပေမယ့် ဂလက်ဇီ နက်ဇပ် (Nexus) လို ဇီရိုးရှတ်တာကို ထည့်ပေးထားတယ်။ ပြီးတော့ အကောင်းဆုံး ပုံအရည်အသွေး ရအောင် အလိုလို ချိန်ညှိပေးတာရယ်၊ သင့်ရဲ့ မျက်လုံးအပြုံးကို မှတ်တမ်းတင်ပေးထားတာရယ်က စပါယ်ရှယ် လုပ်ဆောင်ချက်တွေပေါ့။


ကင်မရာမှာတောင် ရွေးချယ်စရာ လုပ်ဆောင်ချက်တွေက များမှများ

ပြီးတော့ HTC ရဲ့ One X လို လုပ်ဆောင်ချက်မျိုးဖြစ်တဲ့ ဗီဒီယိုကို ရိုက်တုန်း ရုပ်ငြိမ်ဓာတ်ပုံကို ဖမ်းယူလို့ရတဲ့ လုပ်ဆောင်ချက်ကိုလည်း အသစ်အဆန်းအနေနဲ့ ဒီအက်စ်-သရီးမှာ ထည့်သွင်းပေးထားတယ်။ မြင်ကွင်းအများကြီးကို ဓာတ်ပုံ လိုက်ရိုက်မနိုင်တဲ့ အခါမျိုးမှာ ဗီဒီယိုနဲ့သာ ရိုက်ထားလိုက်ပါ။ ရုပ်ငြိမ်ဓာတ်ပုံ ပြန်လိုချင်သပဆိုရင် ဒီလုပ်ဆောင်ချက်နဲ့သာ လုပ်ချလိုက်ပါ။ ဆိုတော့ကာ ဒီလုပ်ဆောင်ချက် တော်တော်လေး အသုံးဝင်ပါတယ်။
နောက်တစ်ခုကား ကလို့စ်အပ် (Close-up) လို့ခေါ်တဲ့ အနီးကပ် အလှရိုက်ချက်အတွက်လည်း ကောင်းမွန်တဲ့ ဓာတ်ပုံအရည်အသွေးကို ထုတ်ပေးနိုင်တယ်။ အောက်ဒိုး/ အင်ဒိုး နှစ်ခုလုံးကို တူညီတဲ့ ကွာလ်လတီ ရနိုင်တယ်။


ကလို့စ်အပ် (Close-up) နဲ့ ရိုက်ထားတဲ့ ပန်းပွင့်ကို ကြည့်ရင် ကင်မရာရဲ့ ချိန်တာ (lens) ဘယ်လောက်ကောင်းလဲဆိုတာ သက်သေပြပေးနေသလိုပဲ

၇။ အသံပိုင်းဆိုင်ရာ၊ ကြိုးပေါက်နှင့် ဆက်သွယ်ရေးကဏ္ဍ
ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီးရဲ့ ဗီဒီယိုရိုက်ချက်ကိုတော့ အရည်အသွေးမြင့် ၁၀၈၀ ရီဆိုလူးရှင်းနဲ့ ပေးထားတယ်။ ရုပ်ကော အသံရောပေါ့။ ဒါပေမယ့် လက်တွေ့ စမ်းသပ်ချက်အရတော့ ရုပ်ငြိမ်ဓာတ်ပုံလောက် အရည်အသွေး မမီတာ သေချာတယ်။ ပြီးတော့ ဗီဒီယိုမှာ ပါတဲ့ အသံရော၊ အသံသက်သက် ရီကော့ဒ် လုပ်ထားတာကော၊ အသံမှန်သမျှ သိပ်ကြည်လှတယ်လို့ မဆိုနိုင်ဘူး။

ရှေ့ဘက်မှာ တပ်ဆင်ထားတဲ့ ၂-မီဂါပစ်ဇယ်လ်ရှိ ကင်မရာကိုတော့ ဗီဒီယိုနဲ့ ဖုန်းခေါ်တဲ့အလုပ် Face နဲ့ ချက်တင် ၀င်တာလောက်ပဲ သုံးလို့ရပါတယ်။ ဒါတောင် တစ်ခါတလေ အရုပ်ကျသွားပြီး စကရင်းလောက်ပဲ ပေါ်နေတတ်သေးတယ်။ သုံးသပ်ရရင် အသံပိုင်းဆိုင်ရာ အားနည်းချက် ရှိတယ်။

အပေါက်နဲ့ ပတ်သက်ရင် အက်စ်-သရီးမှာ သုံးတဲ့ ဖုန်းဆင်းကဒ်ကိုတော့ iPhone4 နဲ့ 4s လို ဆင်းကဒ်အသေး (Micro-SIM) ပါပဲ။ ဖုန်းရဲ့ထိပ်ပိုင်း ဒေါင့်ချိုးမှာ ၃ ဒသမ ၅ မီလီမီတာဆိုတဲ့ နားကြပ်ပေါက်ကို ဖောက်ပေးထားပြီး၊ အသေးစား ယူအက်စ်ဘီ (USB) အပေါက်ကိုတော့ အောက်နား ဒေါင့်ချိုးလေးမှာ ထည့်သွင်း ဖောက်ပေးထားတယ်။ ဒီအပေါက်ကို သုံးပြီး ဘက္ထရီ အားသွင်းနိုင်တယ်၊ အချက်အလက်ဖိုင်တွေကို ကူးပြောင်းနိုင်တယ်။

အက်စ်-တူး မိုဘိုင်းဖုန်းလိုပဲ အက်စ်-သရီးကိုလည်း စပိကာ ထည့်ပေးထားတယ်။ ဒါပေမယ့် နေရာတော့ လွှဲထားတယ်။ အက်စ်-တူးတုန်းက နောက်ကျော အောက်ခြေနားလေးမှာ ထည့်ထားပေမယ့် အက်စ်-သရီးရဲ့ စပိကာကို နောက်ကျောဘက် ထိပ်နားလေး ကင်မရာရဲ့ ဘေးမှာ ကပ်ပြီး ထည့်ပေးထားတယ်။ ကင်မရာရဲ့ ဟိုဘက်က ဖလက်မီး ရှိပြီး ဒီဘက်ကိုတော့ စပိကာ ထည့်ပေးထားတာပါ။ စပိကာရဲ့ အသံထွက်က မဆိုးဘူး ကောင်းပါတယ်။ ဒါပေမယ့် အသံတိုးနေတာက ပြောစရာ ဖြစ်တယ်။ အက်စ်-တူးလို စပိကာ မကြီးတာလည်း ဖြစ်နိုင်သလို နေရာ အထားမှားလို့လည်း အသံမကျယ်တာ ဖြစ်နိုင်တယ်။

အားလုံးကို ခြုံငုံပြီး သုံးသပ်ရရင်-
အခုအသစ် ထုတ်လုပ်ထားတဲ့ ဆမ်ဆောင်းဂလက်ဇီ အက်စ်-သရီး (Galaxy S3) ခေတ်မီ မိုဘိုင်ဖုန်းမှာ နည်းပညာအသစ်တွေ သိပ်တော့ မပါပါဘူး။ ဂလက်ဇီ အက်စ်-တူး (Galaxy S2) ထက် သာတဲ့အချက်က စွဲမက်ဖွယ်ကောင်းတဲ့ ဒီဇိုင်းပုံပန်းရယ်၊ ကိုင်တွယ်ရတာ ချောမွေ့နေတာရယ်၊ ဒီ၂-ချက်ကြောင့်ပါပဲ။ ဒါတောင် ဘဲဥပုံဆန်ဆန် ထိပ်ပိုင်းကိုတော့ သုံးစွဲသူရဲ့ စိတ်ကို ညှို့နိုင်စွမ်းအား မရှိသေးပါဘူး။ အဲ… အထူးတလည် သုံးစွဲထားတဲ့ CPU နဲ့TouchWiz စနစ်ကြောင့် သူ့ဈေးနဲ့သူ ထိုက်တန်တဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ကြောင်းကိုတော့ သက်သေပြနေမှာပါလေ…။

မှီငြမ်း-
http://www.trustedreviews.com/samsung-galaxy-s3_Mobile-Phone_review
http://www.techradar.com/reviews/phones/mobile-phones/samsung-galaxy-s3-1078667/review/page:2#articleContent

0 comments:

Post a Comment