Pages

Ads 468x60px

Labels

Apr 30, 2012

အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ် (အပိုင်း ၁)


CNet မဂ္ဂဇင်းရဲ့ စီနီယာအယ်ဒီတာ “အဲရစ်ဖရန့်ကလင်” သုံးသပ်ဖော်ပြထားတဲ့ ထွက်ပြီးသမျှ သင်ပုန်း (Tablet) ထဲက အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ်ကို ဖော်ပြလိုက်ပါတယ်။ ရွေးချယ်တဲ့နေရာမှာ ကြယ်ပွင့်တွေနဲ့ အမှတ်ပေး ဖော်ပြထားပါတယ်။ ကြယ်ငါးပွင့် သတ်မှတ်ထားပေမယ့် ဘယ်သင်ပုန်း (Tablet) ကမှ ဒီအဆင့်ကို မရောက်ကြပါဘူး။ ၀ယ်ယူမှုနဲ့ သုံးစွဲရတဲ့ပစ္စည်းကပဲ မတန်လေရော့သလားတော့ မသိပါ။ ပြောနိုင်တာ တစ်ခုကတော့ သင်ပုန်း (Tablet) လောကမှ ခြောက်ပြစ်ကင်း သဲလဲစင် မရှိသေးတာကို ညွှန်းပြတယ်လို့ အယ်ဒီတာက ဆိုလိုတာ ဖြစ်မှာပါ။

အမြင့်ဆုံး ကြယ် ၄-ပွင့် ရတဲ့ သင်ပုန်း (Tablet) အဆင့်ကတော့ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်သော်ငြား အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေဦးမှာပါ။ ဘာလို့လဲ ဆိုတော့ ဒီကြယ် ၄-ပွင့်ထက် သာတဲ့ သင်ပုန်း (Tablet) ထွက်မလာသေးလို့ပါပဲ။ ကြယ် ၃-ပွင့်သာ ရတဲ့ သင်ပုန်း (Tablet) ကိုတော့ ရွေးချယ် မ၀ယ်ယူသင့်တဲ့ သင်ပုန်း (Tablet) အမျိုးအစား ဖြစ်နေသည့်တိုင် ငွေကြေး ချွှေတာစွာ သုံးစွဲရေးကို ဦးစားပေးလိုပါက ၀ယ်သင့်ဝယ်ထိုက်တဲ့ သင်ပုန်း (Tablet) ဖြစ်ပါသေးတယ်။ သို့မို့လည်း အကောင်းစားထဲက အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ်ကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

၁။ နယူးအိုင်ပက် / အိုင်ပက်သရီး (The New iPad / iPad3)
ရုပ်ပုံ ကြည်လင်ပြတ်သားမှု၊ ဖိုးဂျီ-၀ါယာလက်၊ မီဂါပစ်ဇယ် မြှင့်တင်ထားတဲ့ ကင်မရာ၊ ရွှန်းစိုနေတဲ့ မျက်နှာအသွင်အပြင် စတာတွေကြောင့် မတ်ခ်ျလ ၁၆-ရက်နေ့က ဖြန့်ချိခဲ့တဲ့ နယူးအိုက်ပက် ခေါ်ခေါ် အိုင်ပက်သရီး ပြောပြော ဒီအပ်ပယ်လ်ရဲ့ သင်ပုန်း (Tablet) ကတော့ အပျံစားပါပဲ။
 

အဆင့် = ကြယ် ၄-ပွင့်
ဈေးနှုန်း = ၄၉၉ အမေရိကန်ဒေါ်လာ (၁၆-ဂျီဘီ၊ ၀ိုင်ဖိုင်မျှသာ)
(မှတ်ချက်- နယူးအိုင်ပက်မှာ ၂-မျိုး ရှိပါတယ်။ ၀ိုင်ဖိုင်သတ်သတ် (စင်းကဒ်မပါ) ၁-မျိုးနဲ့ ၀ိုင်ဖိုင်+ဖိုးဂျီ (စင်းကဒ်ပါ) ၁-မျိုးတို့ ဖြစ်တယ်။ ဒီ၂-မျိုးကို သိုလှောင်နိုင်တဲ့ ပမာဏ ၃-မျိုးဖြစ်တဲ့ ၁၆-ဂျီဘီ၊ ၃၂-ဂျီဘီ၊ ၆၄-ဂျီဘီတို့နဲ့ ခွဲလိုက်လို့ ၆-မျိုးကွဲသွားတယ်။ အဖြူနဲ့ အမည်း ၂-မျိုးနဲ့ ထပ်မြှောက်ကြည့်ရင် ၁၂-မျိုး ကွဲသွားဦးမှာ။ ဒါပေမယ့် အဖြူနဲ့အမည်း ဈေးနှုန်းကတော့ အတူတူပါပဲ။)

အားသာချက်
နည်းပညာအသစ်နဲ့ တောက်ပတဲ့ မျက်နှာသွင်ပြင်၊ သုံစွဲထားတဲ့ A5x ပရိုဆက်စာ၊ စတိုးဆိုင်တိုင်းမှာ အလျှံပယ် ဒေါင်းလုတ်ယူနိုင်တဲ့ အပ်(Apps)၊ ၅-မီဂါပစ်ဇယ် ကင်မရာ၊ ရုပ်ဖမ်း ၁၀၈၀၊ ရီဆိုလူရှင်း ၂၀၄၈၊ ဖိုး-ဂျီ ဆက်သွယ်ရေးစနစ်တို့ဟာ နယူးအိုင်ပက်ရဲ့ အားသာချက် ကောင်းကွက်ပါ။

အားနည်းချက်
ဖုန်းစင်းကဒ် ထည့်ရတာ ခက်ခဲခြင်း၊ မြှင့်တက်နေတဲ့ အရည်အသွေးကြောင့် ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေ နေရာများများ ပေးရခြင်း၊ HDMI, USB, SD Card တွေအတွက် ထိုးပေါက် မရှိပဲ တစ်ဆင့်ခံ သုံစွဲနေရခြင်း၊ ဖိုး-ဂျီစနစ်က အဆင်မပြေသေးခြင်း၊ မူလ အိုင်ပက်တူးထက် ထူခြင်း၊ အပူများခြင်း-စသည်တို့များမှာ နယူးအိုင်ပက်ရဲ့ အားနည်ချက်ပင် ဖြစ်တယ်။

သုံးသပ်ချက်
အပ်ပယ်လ်ရဲ့ နယူးအိုင်ပက်ဟာ ရင်းနှီးပြီးသား နည်းပညာဟောင်းနှင့် အနာဂတ် အလားအလာ နည်းပညာတွေကို ပေါင်းစပ် ထည့်သွင်းသုံးစွဲထားတယ်။ အပြင်ပိုင်း ပုံစံကတော့ မနှစ်က အိုင်ပက်တူးအတိုင်းပဲ မပြောင်းလဲသေးပါဘူး။ အတွင်းထဲက အရည်အသွေးကိုကျတော့ နှစ်ဆလောက်ကို မြှင့်ထားတယ်။ နယူးအိုင်ပက်ကို ဖွင့်လိုက်ရင် အပ်ပယ်လ်ဟာ ဒီပုံသဏ္ဌာန် အိပ်မက်ထဲမှာပဲ အိပ်မောကျနေဆဲလို့ သင် တွေးနေမိမှာ။

အိုင်ပက်သရီးရဲ့ ဈေးနှုန်းသတ်မှတ်ချက်

ဘာပဲပြောပြော အရာအားလုံးနီးပါးကို နှစ်ဆ ထပ်တိုးထားတဲ့ ဒီနယူးအိုင်ပက်ရဲ့ စွမ်းဆောင်ရည်ကိုတော့ မချီးကျူးပဲ မနေနိုင်ပါဘူး။ ၂၀၄၈x၅၃၆ ရှိတဲ့ စကရင်း အရည်အသွေးဟာ သင့်အိမ်မှာ သုံးစွဲနေတဲ့ ဘယ်လက်တော့ပ်၊ ဒက်စတော့ပ် (ကွန်ပျူတာ)၊ ဘယ်တီဗီကမှ အဲလောက် စွမ်းဆောင်ရည် မရှိသေးပါဘူး။ အခုထွက်နေတဲ့ အကောင်းဆုံး မော်နီတာတွေတောင်မှ ၁၆၈၀x၁၀၅၀ အရည်အသွေးပဲ ရှိသေးတာ။ ပေးရတဲ့ ငွေကြေး ဒေါ်လာ ၄၉၉-ကတော့ ထည့်ပြောစရာကို မလိုလောက်တော့ဘူး။

ငွေကြေးအကြောင်း ပြောရရင် ၂၀၁၀-ခုနှစ်ကတည်းက ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ အပ်ပယ်လ်ရဲ့ ပထမဦးဆုံး အိုင်ပက် ဈေးနှုန်းဟာ ကနေ့ ရောင်းချနေတဲ့ နယူးအိုင်ပက် ဈေးနှုန်းနှင့် တစ်ဈေးတည်းပါ။ ဈေးနှုန်း မပြောင်းလဲပဲ တသမတ်တည်း ရောင်းချခဲ့တယ်။

နယူးအိုင်ပက်ရဲ့ အသွင်သဏ္ဌာန်ကို ငဲ့ကြည့်လိုက်ရင် ဆိုင်ရှင်တွေက သင့်ကို လှည့်စား ရောင်းချနေတယ်လို့ပဲ ယူဆစရာ ရှိတယ်။ ဘာလို့လဲဆိုတော့ မနှစ်က ထွက်ခဲ့တဲ့ အိုင်ပက်တူးနဲ့ ဒီနယူးအိုင်ပက်နဲ့က တစ်ထေရာထဲ တူနေလို့ပါပဲ။ မှန်နှင့်အလူမီနီယံ တည်ဆောက်ပုံကော၊ အလျား ၉.၅ လက်မ၊ အနံ ၇.၃ လက်မရော ထပ်တူထပ်မျှပါပဲ။ အဲ ဇောက်သာ အနည်းငယ် ထူသွားရုံလေးပါ။ (ဆိုလိုတာက အိုင်ပက်တူးထက် နယူးအိုင်ပက်က ထူသေးတယ်။)

အသစ်ထွက်လာတဲ့ ဒီနယူးအိုင်ပက်ရဲ့ အသွင်သဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် သင်ပုန်း (Tablet) လောကမှာ “အပါးလွှာဆုံး၊ အပေါ့အပါးဆုံး”လို့ ကြွေးကြော်ထားတဲ့ အပ်ပယ်လ်ရဲ့ လေသံကိုတော့ နောင်တစ်ချိန်မှာ ပြန်ရုပ်သိမ်းရမည့်ကိန်း ဆိုက်နေပါတယ်။ ဘာလို့လဲဆိုတော့ တိုရှီဘာက ထုတ်လုပ်မယ့် အိတ်စ်ဆိုက် (Excite X10LE) သင်ပုန်း (Tablet) ဟာ အိုင်ပက်တူးထက် ပိုပြီး ပါးလွှားမယ်၊ ပိုပြီး ပေါ့ပါးမယ် ဆိုပဲ။

မထွက်ခင်တုန်းကတော့ နယူးအိုင်ပက်မှာ ရှေ့ကမျက်နှာပြင် ပုံသဏ္ဌာန်အတိုင်း နောက်ဖက်ကို လှန်ချထားမယ်လို့ ကြားရပါတယ်။ [နောက်ဘက်ကို အခုပုံစံလို ဒေါင့်ချွန်းနဲ့ လျှောမချပဲ အရှေ့ဘက်မျက်နှာအတိုင်း (iPhone4s လိုမျိုး) ဒေါင့်ချိုးနဲ့ ၀ိုက်ချမယ်လို့ သတင်းထွက်လာသေးတယ်။] ဒါပေမယ့် ဖြစ်မလာဘူး။ နောက်တစ်ခုက နောက်ကျော ဘယ်ဘက်ထိပ်နားလေးက ကင်မရာပါပဲ။ အလင်းရဖို့နဲ့ ဆင်ဆာဖြတ်ဖို့ ရည်ရွယ်ထားပုံရတယ်၊ အိုင်ပက်တူးထက် အနည်းငယ် ကြီးထားတယ်။ ဒီကင်မရာကိုတော့ iPhone4s ကနေ အမွေ ဆက်ခံထားပုံရတယ်။ အိုက်ဆိုက်လို့ခေါ်တဲ့ ရှေ့ကင်မရာကတော့ တော်တော်လေး ကောင်းပါတယ်။ ပုံရိပ်တွေရဲ့ မီဂါပစ်ဇယ်လ်ဟာ အိုင်ပက်တူးထက်ကို အများကြီး သာပါတယ်။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ ကင်မရာကို သင်ပုန်း (Tablet) လိုဟာမျိုးမှာ ထည့်သွင်းဖို့ မလိုလောက်ဘူးလို့ ထင်တာပဲ။



အိုင်ပက်သရီးရဲ့ ပရိုဆက်ဆာ

ပရိုဆက်ဆာလို့ခေါ်တဲ့ စက်လည်ပတ်မှုစနစ်ကို ၂-ဆ မြှင့်ထားတယ်လို့ ပြောတယ်။ ဒါပေမယ့် A5X လို့ အပ်ပယ်လ်က နာမည်တပ်ထားတဲ့ စီပီယူဟာ ဒျူရယ်ကိုးလ် (Dual Core- မြန်နှုန်း ၂-ဆ) အဆင့်ပဲ ရှိပါသေးတယ်။ ကိုးလ်ကွစ် (Core Quad-မြန်နှုန်း ၄-ဆ) အဆင့်ကို မရောက်သေးပါဘူး။ A5X သာမှန်လျှင် ဂိမ်းဆော့ရာမှာ ဖြစ်စေ၊ ဖြေဖျော်ရေး အသုံးပြုရာမှာ ဖြစ်စေ ရှေးကမိုဒယ် (အိုင်ပက်တူး) ထက် အရည်အသွေးကော မြန်နှုန်းရော ၄-ဆ မြန်ရမှာပေါ့။

နောက်တစ်ခုကတော့ အများမျှော်လင့်တာကို ဆန့်ကျင်ပြီး ဆီရီ (Siri- အသံနဲ့ ထိန်းကျောင်းမှု) ကို လုံးဝ မထည့်သွင်းခြင်းပါပဲ။ အိုင်ဖုန်း (iPhone4s) မှာ စမ်းသုံးခဲ့တဲ့ အသံပိုင်းဆိုင်ရာ အသွင်းအထုတ်ပြုခြင်းကို ဒီနယူးအိုင်ပက်မှာ လုံးဝကို ပါမလာပါ။ အသံနဲ့ အီမေးလ် ပို့ပေးနိုင်ခြင်း အပါအ၀င် ရှာဖွေရေးအင်ဂျင်မှာ လိုရာကို အသံနဲ့ ရှာနိုင်တဲ့ ဆီရီစနစ် မပါဝင်တာကိုက ဒီနယူးအိုင်ပက် ပြောင်းလဲခြင်းဟာ အဓိပ္ပါယ်မဲ့နေသလိုပါပဲလား။

အရင်တုန်း ထွက်ခဲ့တဲ့ အိုင်ဖုန်း (iPhone4/iPhone4s)၊ အိုင်ပွတ် (iPod) တွေကို အသုံးပြုဖူးရင် ဒီအသစ်ထွက်လာတဲ့ အိုင်ပက်ကိုလည်း သုံးဖို့ လွယ်လွယ်လေးရယ်။ အပ် (Apps) တွေကို သင့်ကွန်ပျူတာထဲမှာ ရှိနေတဲ့ iTune ကနေတစ်ဆင့် သွင်းယူနိုင်ပါတယ်။ [အရင်တုန်းက ထည့်ထားတဲ့ ချက်ရွမ်၊ ဂိမ်း၊ သီချင်း၊ ဗီဒီယို၊ စာအုပ်တွေ မှန်သမျှကို iTune ကနေတစ်ဆင့် ချက်ချင်း ပြန်သွင်းနိုင်တယ်။] ဒါမှမဟုတ် ဖရီးတွေကို အများအပြား ဒေါင်းလုတ်ယူနိုင်ပါတယ်။



အိုင်ပက်သရီးရဲ့ ပုံသဏ္ဌာန်

ပထဦးဆုံး ထွက်ရှိလာတဲ့ အိုင်ပက်ရဲ့ စက်လည်ပတ်မှုစနစ်ဟာ iOS 3. 2 ပါ။ ဒီ iOS 3. 2 ကို ၂၀၁၀ နိုဝင်ဘာလအထိ ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို အကူးအပြောင်း မလုပ်နိုင်သေးပါ။ အခု အသုံးပြုနေတဲ့ iOS ကတော့ 5.1 ရောက်နေပါပြီ။ မက်ဆေ့ခ်ျတွေ၊ စာအုပ်စင်တွေသာမက လူမှုရေးကွန်ရက်ဖြစ်တဲ့ Facebook, Twitter, Messenger, G-talk တို့တောင် အသုံးပြုလို့ ရနေပါပြီ။ အရင်တုန်းက ကွန်ပျူတာမှာသာ သိမ်းထားနိုင်တဲ့ (Restore / Back up) ဒေတာတွေကို အခုတော့ အိုင်ကလောက် (iCloud) နဲ့ အွန်းလိုင်မှာတောင် သိမ်းဆည်းထားနိုင်ပါပြီ။

အီးလက်ထရွန်နစ်-စာအုပ်လို့ ခေါ်တဲ့ e-Book တွေကို ဖတ်ဖို့ ရည်ရွယ်ပြီး ၀ယ်ယူလိုသူတွေ အတွက်ကတော့ ဒီနယူးအိုင်ပက်ဟာ ရှယ်ပါပဲ။ iBook လို့ အမည်တပ်ထားတဲ့ အပ် (App) တစ်ခုကိုသာ ဒေါင်းလုတ်ယူပြီး တင်ထားပါ။ ဖတ်ချင်တဲ့ ၀တ္ထု၊ မဂ္ဂဇင်း၊ လုံးချင်းစာအုပ်တွေကို အမေဇုန်၊ ကဘူး၊ ဂူးဂဲလ်၊ စတင်ဇာတို့ ကနေတစ်ဆင့် ဖြစ်စေ၊ မိမိဘာသာ ကူးယူထားတဲ့ စာအုပ်ဖိုင်တွေကို ဖြစ်စေ ဒီ iBook က မာတိကာစဉ်အလိုက် ဖော်ပြပေးထားမှာပါ။ ရွေးချယ်ပြီး ကောက်ဖွင့် ဖတ်လိုက်ရုံပါ။ စာအုပ်လှန်သလို တစ်ရွက်ချင်း လှန်ချင်သလား အိုကေပါပဲ။ ဒါပေမယ့် စာဖတ်ရုံသတ်သတ်အတွက်ဆို ကင်ဒယ် (Kindle Touch) ကို ၀ယ်သုံးဖို့တော့ မေ့မနေပါနဲ့။ ကင်ဒယ်က အိုင်ပက်ထက် အများကြီးကို ပေါ့ပါးတယ်။ အိုင်ပက်က ၁-ပေါင်ခွဲကျော် လေးနေတဲ့အချိန်မှာ ကင်ဒယ်ကတော့ ၁-ပေါင်ရဲ့ ထက်ဝက်ပဲ ရှိပါတယ်။ (၃-ဆလောက်ကို ပေါ့ပါးနေတယ်။) နောက်ထပ် ရှိသေးတယ်၊ အားမသွင်းပဲ စာတွေကို ဆက်တိုက် ဖတ်ချင်ရင်တော့ နော့က်စင်းပယ်လ် (Nook Simple Touch) ကိုလည်း လှမ်းပြီး စုံစမ်းကြည့်ပါအုံး။ ၂-လကြာတဲ့အထိ ဘက္ထရီကို အားမသွင်းပဲ စာဖတ်နိုင်တယ် ဆိုလေရဲ့။ အိုင်ပက်ရဲ့ ဘက္ထရီက ၁၀-နာရီကြာလောက်ပဲ ခံတာနော်။

နောက်ဆုံး ကောက်ချချက်ရမှာကတော့ - နယူးအိုင်ပက်မှာ ဘယ်လိုပဲ အားနည်းချက် ရှိနေပါစေ၊ မာလ်တီမီဒီယာ အသုံးပြုတဲ့ ကဏ္ဍမှာတော့ သူ့ကို မီနိုင်တဲ့ သူ့ကို ပြိုင်နိုင်တဲ့ ဘယ် သင်ပုန်း (Tablet) ကမှ မရှိသေးဘူး၊ မထွက်သေးဖူး ဆိုတာကိုတော့ ၀န်ခံရမှာပါ။
 

(အပိုင်း ၂ ကို ဆက်ရန်)


0 comments:

Post a Comment